အခန်း ၁၉၆
Vol. 20 Ch. 196
🍄 Chapter 196
ယန်ကျောက်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်မေ့လန်က ‘သူတို့နဲ့ ထိုက်တန်တာကို ရတာပဲ' ဟုသာ တွေးလိုက်မိသည်။
ဖြတ်လမ်းများကို အချိန်အကြာကြီး အသုံးပြုသောအခါ မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းလိုသည့်ဆန္ဒများ ပျောက်ဆုံးသွားတတ်သည်။ အစပိုင်းတွင် အသေးအဖွဲ ဥပဒေချိုးဖောက်မှုများသာ စမ်းသပ်ကြည့်မည်ဖြစ်၏။
ဥပဒေက သင့်ကို အပြစ်ပေးမည်မဟုတ်ကြောင်း သိရှိလာသောအခါ ရာဇဝတ်မှုများကို စတင်ကျူးလွန်လာကြသည်။ ရာဇဝတ်မှုများကို စတင်ကျူးလွန်သည်နှင့်တစ်ပြိုင်နက် သင့်အား စောင့်ကြိုနေသည်မှာ ထောင်ကျခြင်းပင်ဖြစ်သည်။
…
ချန်မေ့လန် နေ့လယ်ပိုင်းတွင် ထွက်ခွာသွားပြီး ညဆယ်နာရီနီးပါးမှ အိမ်ပြန်ရောက်ခဲ့သည်။
‘ကလေးတွေ ဘယ်လိုများ ချက်ပြုတ် စားသောက်ကြမလဲ’ ဟု သူမ တွေးနေရင်း ခြံတံခါးကို တွန်းဖွင့်ကြည့်ရာ အတွင်းမှ သော့ခတ်ထားသည်ကို မြင်လိုက်ရ၏။
သို့သော် သူမ၏သော့ဖြင့် အပြင်မှ ဖွင့်၍ရလေသည်။
ခြံဝင်းကို သန့်ရှင်းစွာ လှည်းကျင်းထား၏။
မီးဖိုချောင် တံခါးကို ဖွင့်လိုက်သောအခါ ခေါက်ဆွဲခြောက်အနံ့ကို ရလိုက်သည်။
အိမ်တွင် အစားအစာကောင်းများစွာ ရှိနေသော်လည်း ကလေးများကိုယ်တိုင် ချက်ပြုတ်ရသောအခါ ခေါက်ဆွဲခြောက်ကိုသာ အမြဲတမ်းရွေးချယ်တတ်ကြသည်။
မီးဖိုချောင်အမှိုက်ပုံးထဲတွင် ကြက်ဥခွံ အချို့ ရှိနေသဖြင့် ကလေးများက ခေါက်ဆွဲခြောက်ထဲသို့ ကြက်ဥများထည့်စားခဲ့ကြောင်း သူမ သိလိုက်၏။
သို့သော် အိုးများနှင့် ပန်းကန်များကို သန့်ရှင်းစွာဆေးကြောပြီး သပ်သပ်ရပ်ရပ်စီထားလေသည်။
အိပ်ခန်းထဲသို့ ဝင်လိုက်သောအခါ ကလေးသုံးယောက် ခေါင်းချင်းဆိုင်လျက် အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့သည် အပေါ်အင်္ကျီများကိုသာ ချွတ်ထားပြီး ဆွယ်တာများကိုပင် မချွတ်ကြချေ။
ကလေးများကို ပြနိခွဲပေးနေစဉ် ရှောင်ဝမ်က မျက်မှောင်ကြုတ်ကာ အသံငယ်လေးတစ်ချက် ထွက်လာသည်။
ချန်မေ့လန် သေချာကြည့်လိုက်သောအခါ ကလေးငယ်၏လက်ပေါ်တွင် အရည်ကြည်ဖုကြီး နှစ်ခုကို တွေ့လိုက်ရ၏။
ခေါက်ဆွဲခြောက် ပြုတ်ရာမှ အပူလောင်သွားခြင်း ဖြစ်နိုင်သည်။
အိမ်တွင် အိုင်အိုဒင်း ရှိရာ အရည်ကြည်ဖုများကို ဖောက်ထုတ်ပြီး အိုင်အိုဒင်းလိမ်းကာ ပတ်တီးဖြင့် ပတ်ပေးဖို့ ကြံလိုက်၏။ မဟုတ်ပါက မနက်ဖြန်တွင် ကလေးမှာ အလွန်နာကျင်ရပေလိမ့်မည်။
(အိုင်အိုဒင်းက ဆားမဟုတ်ပါ)
ထိုအချိန်တွင် ဖုန်းသံကလည်း ဆက်တိုက်မြည်နေသည်။
ရှောင်ဝမ်က မျက်လုံးဖွင့်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် သူ့လက်ကို ဆန့်တန်းကာ ချန်မေ့လန်အား အရည်ကြည်ဖုများကို ကုသခွင့်ပြုလိုက်သည်။
ချန်မေ့လန်သည် အရည်ကြည်ဖုများကို ဂရုတစိုက်ဖောက်ထုတ်ကာ ပတ်တီးစည်းပေးပြီးနောက် ကလေးငယ်၏ ခေါင်းကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။
နှစ်ရက်ခန့် ခေါင်းမလျှော်ထားသဖြင့် အနံ့အနည်းငယ်ထွက်နေလေသည်။
သူက ရှက်ရွံ့စွာ နှုတ်ခမ်းကို ကိုက်ပြီး ရှောင်လန်၏ရင်ဘတ်ထဲသို့ မျက်နှာအပ်လိုက်သည်ကို မြင်သောအခါ သူမက ဖုန်းကိုင်ရန် ဘေးအခန်းသို့ သွားလိုက်သည်။
ဖုန်းခေါ်သူမှာ ယန်ရှီရှန်းဖြစ်နေပြီး သူက ချက်ချင်းပင် ဒေါသတကြီးဖြင့် စတင် ဆဲဆိုတော့သည်။
“သောက်ကျိုးနည်း၊ ရှောင်မေအတွက် ငါ ယွမ် ၁၅,၀၀၀ တောင် စုထားပြီးပြီ၊
သောက်ကျိုးနည်း၊ သူက ဆရာဟွမ်ရဲ့ ကလေးကို သွားခိုးဖို့ ကြိုးစားတယ်တဲ့၊ သောက်ကျိုးနည်း၊
မေ့လန်၊ ငါ့ကို ပြောစမ်းပါ၊ ဟူရှောင်မေမှာ နှလုံးသားရှိရဲ့လား၊ သူ့မှာ လိပ်ပြာလုံစိတ်ကော ရှိရဲ့လား”
ချန်မေ့လန်မှာ တိတ်ဆိတ်နေပြီး အေးစက်စက် ပြုံးလိုက်သည်။
ဖန်ရှန်က နတ်ဆိုးတစ်ပါး ဖြစ်မည်ဆိုလျှင် ချီတုန်မိန်နှင့် ဟူရှောင်မေတို့ သားအမိနှစ်ယောက်မှာမူ နတ်ဆိုးထံသို့ မိမိတို့ကိုယ်ကို လိုလိုလားလား ရောင်းစားခဲ့သူများပင်ဖြစ်သည်။
သူတို့ နောင်တရလိမ့်မည်ဟု ယန်ရှီရှန်းထင်နေလျှင် သူ အိပ်မက်မက်နေခြင်းသာဖြစ်သည်။
“ဒါပေမယ့် မေ့လန်၊ နင် ရူးနေပြီလား၊ ဖန်ရှန်က အဲဒီလူကို ကားနဲ့ တိုက်သတ်ဖို့ အမိန့်ပေးခဲ့တဲ့အကြောင်း ယန်ကျောက်ကို နင် ပြောလိုက်တာလား”
ချန်မေ့လန်က အတည်ပြုသည့်အနေဖြင့် ‘အွမ်း’ ဟု အသံပြုလိုက်သောအခါ ယန်ရှီရှန်း၏ အော်ဟစ်သံက ဖုန်းထဲမှ ပေါက်ထွက်မတတ် ဖြစ်သွားလေသည်။
“ယန်ကျောက် ကားနဲ့ အတိုက်ခံရပြီး သေသွားလိမ့်မယ်၊ ဒါမှမဟုတ်ရင် နင်နဲ့ ယွမ်ယွမ် ဖြစ်လိမ့်မယ်၊
မေ့လန်၊ အကယ်၍သာ ယန်ကျောက်က ဖန်ရှန်ကို ဘာအကျိုးဆက်မှမရှိဘဲ ရှင်းရှင်းလင်းလင်း ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင် ငါ ချေးစားမယ်၊ ရှစ်ပေါင်တောင် စားပြမယ်”
ချန်မေ့လန်လည်း ယန်ကျောက်အတွက် စိုးရိမ်နေမိသည်။
‘သူ တကယ်ပဲ ရာဇဝတ် အင်အားစုတွေကို ဖြုတ်ချနိုင်ပါ့မလား၊ ငါနဲ့ ကလေးတွေ ထိခိုက်မှုရှိလာမလား'
သို့သော် အဘယ်ကြောင့်မှန်းမသိ သူမသည် ယန်ကျောက်ကို ယုံကြည်ချင်နေမိ၏။
“အများပြည်သူသုံးအိမ်သာမှာ အဖုံးမရှိဘူး၊ ပြီးတော့ ပြည့်နေတယ်၊ ရှင့်ဘာသာရှင် ပန်းကန်လုံးတစ်လုံးနဲ့ သွားခပ်စားလိုက်”
ချန်မေ့လန်က ပြောပြီးနောက် ကလစ်ဟူသော အသံနှင့်အတူ ဖုန်းချသွားလေသည်။
ရာဇဝတ်ဂိုဏ်းများ ဆက်လက်ရှင်သန် ကြီးထွားနေရခြင်း၏အကြောင်းရင်းမှာ အထက်မှ အကာအကွယ်ရရှိနေခြင်းအပြင် ယန်ရှီရှန်းကဲ့သို့သော နောက်လိုက်များ၊
သူတို့ ခိုင်းသမျှကို လိုလိုလားလား လုပ်ဆောင်ပေးသော ယဉ်ပါးနေသည့် နောက်လိုက်များ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
နောင်တစ်ချိန်တွင် ဤအပြုအမူကို “စတော့ဟုမ်း ရောဂါလက္ခဏာ (Stockholm Syndrome - ဓားစာခံက ပြန်ပေးဆွဲသူအပေါ် သံယောဇဉ်ဖြစ်ခြင်း)” ဟု ခေါ်ဆိုလာကြပေလိမ့်မည်။
……………….
ယန်ရှီရှန်းသည် ရဲစခန်းအပြင်ဘက်ရှိ အများပြည်သူသုံး ဖုန်းရုံလေးတစ်ခုမှနေ၍ ချန်မေ့လန်ထံသို့ ဖုန်းခေါ်ဆိုနေသည်။
အချိန်ကား ညသန်းခေါင်ယံသို့ ချဉ်းကပ်နေပြီဖြစ်သော်လည်း ရဲအရာရှိများမှာ ယန်ရှီရှန်း၏ထွက်ဆိုချက်ကို စောင့်ဆိုင်းရင်း အချိန်ပို လုပ်ဆောင်နေကြဆဲဖြစ်သည်။
ဟူရှောင်မေနှင့် ချီတုန်မိန်တို့၏ ကလေးခိုးယူမှုသည် စိတ်လိုက်မာပါ ကျူးလွန်ခြင်းလား သို့မဟုတ် ကြိုတင်ကြံစည်ထားခြင်းလား ဆိုသည်ကို သူတို့ အဆုံးအဖြတ်ပေးရန် လိုအပ်သည်။
စိတ်လိုက်မာပါကျူးလွန်ခြင်း ဖြစ်မည်ဆိုပါက ပြစ်ဒဏ်မှာ ၃ လမှ ၁ နှစ်အထိ ထောင်ဒဏ် ဖြစ်မည်ဖြစ်သည်။
အကယ်၍ ကြိုတင်ကြံစည်ထားခြင်း ဖြစ်မည်ဆိုပါက ၃ နှစ်မှ ၅ နှစ်အထိ ထောင်ဒဏ် ကျခံရမည်ဖြစ်သည်။
ယန်ရှီရှန်း၏ ထွက်ဆိုချက်မှာ အလွန် အရေးပါပြီး ချီတုန်မိန် သားအမိကို ၃ နှစ် ထောင်ဒဏ်မှ ကယ်တင်ပေးနိုင်စွမ်း ရှိသည်။
ယန်ရှီရှန်း ဖုန်းချလိုက်ပြီးနောက် စီးကရက်တစ်လိပ် သောက်ကာ မျက်လုံးများကို အတန်ကြာ ပွတ်သပ်နေမိသည်။
ထို့နောက် ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောဆိုလိုက်၏။
“ဟူရှောင်မေနဲ့ ချီတုန်မိန်တို့က ကြိုတင်ကြံစည်ထားတာပါ၊ သူတို့က တမင်သက်သက် ကလေးကို ခိုးယူဖို့ ရည်ရွယ်ခဲ့တာပါ”
သူ ဒုက္ခရောက်နေချိန်က ကူညီခဲ့ဖူးသော ချီတုန်မိန်၏ ကျေးဇူးတရားများ၊ သူ၏ရုပ်ရည်မှလွဲ၍ ဘာမျှမရှိခဲ့ချိန်က ငါးနှစ်တိုင်တိုင် တိတ်တဆိတ် စောင့်ရှောက်ခဲ့သော ဟူရှောင်မေ၏ မေတ္တာတရားများ။
ထိုငါးနှစ်တာ ကာလအတွင်း သူတို့သည် ဖန်ရှန်နှင့် သူ့ကို မိတ်ဆက်ပေးခဲ့ပြီး သူဌေးသစ်တစ်ဦး ဖြစ်လာစေရန် ငွေအမြောက်အမြား ရှာဖွေနိုင်ဖို့ ကူညီပေးခဲ့ကြသည်။
သို့သော် သူတို့က ဆရာဟွမ်၏သားကို တမင်သက်သက် လျှို့ဝှက်စွာ ခိုးယူလိုက်သည့် အခိုက်အတန့်တွင် ထိုကျေးဇူးတရားများ အားလုံးမှာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားခဲ့လေပြီ။
ယန်ရှီရှန်းသည် ချန်မေ့လန်ထံ ဖုန်းဆက်ချိန်က သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ငိုကြွေးခဲ့ရသည်။
သူသည် သူ့ကိုယ်သူ ယုတ်မာကောက်ကျစ်သော လူဆိုးတစ်ယောက်ဟု ထင်မှတ်ထားခဲ့သော်လည်း ဟူရှောင်မေသည် သူ့ထက် အဆပေါင်းတစ်သောင်းမျှ ပို၍ ဆိုးရွားနိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ခဲ့မိချေ။