အခန်း ၂၀၀
Vol. 20 Ch. 200
🍄 Chapter 200
ယန်ဖေးဟန်သည် စစ်ဦးစီးချုပ်အဆင့်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။
အစ်ကိုကြီးယန်ကျွင်းမှာ နိုင်ငံခြားတွင် ရှိပြီး ချန်မေ့လန်က သူ အခြေချနေထိုင်သွားပြီဟု ခန့်မှန်းထားသော်လည်း သေချာတော့မသိချေ။
ဒုတိယအစ်ကိုယန်ဝေမှာ စစ်တပ်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း မကြာမီ အရပ်ဘက်အလုပ်အကိုင်သို့ ပြောင်းရွှေ့တော့မည်ဟု မျှော်လင့်ရသည်။
မီလန်အမည်ရှိ ယန်ဝေ၏ဇနီးမှာ မြို့တော်တွင် စီးပွားရေးလုပ်ကိုင်နေပြီး အတော်လေးချမ်းသာသည်ဟု ကြားသိရသည်။
ဤအချက်အလက်များ အားလုံးကို ချန်မေ့လန်သည် စုန့်ဟွိုင်ဟွာနှင့် လျိုရှောင်ဟုန်တို့ထံမှ စုဆောင်းရရှိခဲ့ခြင်းဖြစ်၏။
ယန်ဖေးဟန်သည် ဘဝတစ်သက်တာလုံး စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူ့တွင် ငွေကြေးအများအပြား မရှိနိုင်သော်လည်း ဩဇာတိက္ကမကြီးမားသော အဆက်အသွယ်များ သေချာပေါက် ရှိပေလိမ့်မည်။
သို့သော် ယန်ကျောက်နှင့် လက်ထပ်ပြီးကတည်းက ချန်မေ့လန် တွေ့ရှိခဲ့ရသည်မှာ ယန်ကျောက်၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ မတည်ငြိမ်ရုံသာမက အဆင့်တိုင်းတွင် အန္တရာယ်များနှင့် ပြည့်နှက်နေကြောင်းပင်ဖြစ်သည်။
အကယ်၍ ယန်ဖေးဟန် က အထက်လူကြီးများထံတွင် စကားကောင်းလေးပြောပေးနိုင်ပြီး ပြည်နယ်ခေါင်းဆောင်များအား အထက်တွင် အဆက်အသွယ်များရှိကြောင်း သိရှိစေပါက ယန်ကျောက်၏အလုပ်မှာ အနည်းငယ် ပို၍လွယ်ကူသွားနိုင်ပေသည်။
သို့သော် ထင်ရှားသည်မှာ ယန်ဖေးဟန်သည် ပြည်နယ် ခေါင်းဆောင်များကို တစ်ခါမျှ စကားမပြောဖူးချေ။
ယန်ကျောက်သည်လည်း သူ့ဖခင်မှာ မည်သူဖြစ်ကြောင်းပြောဆိုခြင်းကို တမင်သက်သက် အမြဲတမ်းရှောင်ရှားလေ့ရှိသည်။
ခေတ်ကာလများ ပြောင်းလဲသွားပြီဖြစ်၏။
ယန်ကျောက်သည် မတည်ငြိမ်သော အခြေအနေကြားတွင် ရောက်ရှိနေပြီဖြစ်သည်။
အကယ်၍ သူသည် ဖခင်ဖြစ်သူနှင့် ဆက်ဆံရေးကို မတိုးတက်စေဘဲ အထက်တွင် သူ့အား စောင့်ရှောက်ပေးမည့်သူ မရှိပါက သူ့အလုပ်တွင် တင်းကျပ်လွန်းလှသဖြင့် အနှေးနှင့်အမြန် ပြဿနာတစ်ခုခု သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။
ထို့ကြောင့် ချန်မေ့လန်သည် မြို့တော်သို့ အမြန်ဆုံး ဖုန်းဆက်လိုနေခြင်းဖြစ်သည်။
သူမ၏ယောက္ခမအဖိုးကြီးသည် သူမကဲ့သို့ ချွေးမတစ်ဦးကို စိတ်အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ခင်ပွန်းဖြစ်သူ၏လုံခြုံရေးအတွက် ဤချွေးမကပဲ ယောက္ခမအဖိုး၏ အသိအမှတ်ပြုမှုကို ရယူရပေမည်။
သို့သော် ယန်ကျောက်က ပြောလိုက်၏။
“အနှစ် နှစ်ဆယ်ကျော်အတွင်းမှာ နှစ်သစ်ကူးအကြိုနေ့မှာ ဖုန်းခေါ်တာကလွဲရင် ငါတို့ သိပ်အဆက်အသွယ် မရှိကြဘူး၊
ကျိုးရွှယ်ချင်းက ငါ့အဖေဆီကနေ ယွမ်ငါးထောင်လောက် ချေးခဲ့တယ်၊ သူတို့ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲတော့ ငါမသိဘူး၊
ဒါပေမယ့် အဲဒီနောက်ပိုင်း ငါ့အဖေက ငါနဲ့ ငါ့အမေအပေါ် ပိုပြီးစိမ်းကားသွားတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးက အတိတ်က ဇာတ်လမ်းတွေပါ၊
မပြောကြတာ ပိုကောင်းမယ်၊ နောက်နှစ် နှစ်သစ်ကူးအကြိုနေ့ကျမှ ငါတို့ ထပ်ပြီးဖုန်းဆက်ကြတာပေါ့”
‘နောက်နှစ် နှစ်သစ်ကူး အကြိုနေ့လား၊
ဒီမိသားစုရဲ့ အဆက်အသွယ်က နှစ်တွေနဲ့ ချီပြီး တိုင်းတာရတာလား'
ယန်ဖေးဟန်နှင့် ဆုဝမ်တို့ အစောပိုင်းက သဘောထားကွဲလွဲခဲ့ရခြင်းမှာ သူတို့၏ ကွယ်လွန်သွားသောသမီးဖြစ်သူ ယန်ရှင်းကြောင့်ဖြစ်ကြောင်း ချန်မေ့လန် သိရှိထား၏။
ဤအထဲတွင် နောင်တစ်ချိန်တွင် နိုင်ငံပြင်ပသို့ တိတ်တဆိတ် ထွက်ပြေးသွားခဲ့သော “အမည်းရောင်သတ်မှတ်ချက် ငါးမျိုး” ဝင်သူ တစ်ဦးလည်း ပါဝင်ပတ်သက်နေသည်။
ကျိုးရွှယ်ချင်း ဘာလုပ်ခဲ့သလဲဆိုသည်ကို သူမ မသိချေ။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ယောက္ခမများကြား ပဋိပက္ခများ ရှိလာသောအခါ ချွေးမဖြစ်သူက ဝင်ရောက်ဖြန်ဖြေပေးရန် ကြိုးစားသင့်သည်။
သို့သော် မြို့တော်သို့ သွားရောက်ပြီးနောက် သူမသည် မည်သို့မည်ပုံဖြင့် ယန်ဖေးဟန်နှင့် ဆက်ဆံရေးအား ပြန်လည်ပြုပြင်၍ မရနိုင်လောက်အောင် ဆိုးရွားသွားစေခဲ့မှန်း မသိပေ။
သူ့ထံမှ ငွေအများအပြားကိုပင် ချေးယူနိုင်ခဲ့လေသည်။
သာယာသောမိသားစုသည် ကြီးပွားတိုးတက်မှုအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဆုဝမ်သည် ယောက္ခမကောင်းတစ်ဦး ဖြစ်သည်။
ချန်မေ့လန် သူမကို အရင်က တွေ့ဖူး၏။
သူမသည် ကြင်နာတတ်ပြီး လှပသော်လည်း အသက်ကြီးလာသောအခါ သူမ၏ စိတ်များ ရှုပ်ထွေးလာပြီး သတိမေ့တတ်လာခဲ့သည်။
သူမ ကွယ်လွန်ချိန်တွင် သူမဘေးနား၌ မိသားစုဝင် တစ်ဦးတစ်ယောက်မျှမရှိခဲ့ချေ။
သို့တိုင်အောင် သူမသည် ယန်ဖေးဟန်အား အိမ်တစ်လုံး သေချာပေါက်ချန်ထားပေးခဲ့ပြီး သူ ပြန်လာနေထိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ယန်ဖေးဟန်နှင့် ဆုဝမ်တို့ကြားရှိ ပဋိပက္ခကို သေဆုံးသည်အထိ အချင်းချင်းမတွေ့ဆုံလိုတော့သည့် အခြေအနေသို့ ရောက်ရှိသွားစေရန် ကျိုးရွှယ်ချင်း အတိအကျဆိုလျှင် ဘာတွေပြောခဲ့၊ ဘာတွေလုပ်ခဲ့သနည်း။
ထိုအကြောင်းကို ခဏဘေးဖယ်ထားရပေဦးမည်။ ယန်ရှင်း သေဆုံးရခြင်း၏ တကယ့်အကြောင်းရင်းကို ချန်မေ့လန် သိရှိထားသည်။
ထို့ကြောင့်ပင် သူမ အထူးတလည် ဒေါသထွက်နေရခြင်းဖြစ်သည်။
ယောက္ခမဖြစ်သူတွင် အပြစ်မရှိကြောင်းနှင့် ယန်ဖေးဟန်သည်သာ ပို၍ဆိုးရွားသော လူယုတ်မာတစ်ဦးဖြစ်ကြောင်း သူမ ခံစားရ၏။
သူမသည် ယန်ကျောက်အား သူ့ထံ ဖုန်းဆက်စေလိုသည်။ အနည်းဆုံးတော့ ယန်ရှင်း၏သေဆုံးမှုနှင့် ပတ်သက်၍ ယန်ဖေးဟန်အား ချန်မေ့လန်က သူမ၏ရင်တွင်းစကားများကို ပြောပြလိုသည်။
ယန်ကျောက်သည် စာအုပ်တစ်အုပ်ထဲမှ ဓာတ်ပုံတစ်ပုံအား ရုတ်တရက် ဆွဲထုတ်ကာ ချန်မေ့လန်အား ကမ်းပေးလိုက်၏။
“ကြည့်ပါဦး၊ ဒါ ယန်ရှင်းပဲ”
၎င်းမှာ အသက် ၄၊ ၅ နှစ် အရွယ် ကောင်မလေးတစ်ဦး၏ဓာတ်ပုံ ဖြစ်သည်။
ချန်မေ့လန်သည် ဓာတ်ပုံကို ယူကြည့်လိုက်ပြီး အာမေဍိတ်သံ ထွက်သွားလေသည်။
“ဒါ ယန်ရှင်းလား”
၎င်းမှာ ယွမ်ယွမ်နှင့် အနည်းဆုံး ၉၀ ရာခိုင်နှုန်းခန့်တူညီသော ကောင်မလေးတစ်ဦး ဖြစ်၏။
အဖြူအမည်း ဓာတ်ပုံထဲတွင် ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားသော ကောင်မလေး၏မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေလေသည်။
သူမ၏ အပြုံးက ဓာတ်ပုံထဲမှနေ၍ ဖြာထွက်နေသကဲ့သို့ ချန်မေ့လန်၏နှလုံးသားကို ထိရှသွားစေသည်။
ယန်ကျောက် ယွမ်ယွမ်အား ပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ်က အဘယ်ကြောင့် ပြုံးပြခဲ့သလဲဆိုသည်ကို ဤအချိန်ရောက်မှသာ ချန်မေ့လန် နားလည်သဘောပေါက်သွားတော့သည်။
သူ့တွင် ငွေများများစားစား မရှိသော်လည်း ယွမ်ယွမ်အတွက် သားရေဖိနပ်လေးများနှင့် ဂါဝန်များကို ဝယ်ပေးခဲ့သည်။
တကယ်တမ်းတွင် ယန်ကျောက်သည် သူမအပေါ် အထူးခံစားချက် ရှိနေခြင်းကြောင့် မဟုတ်ဘဲ ယွမ်ယွမ်သည် သူ၏ ကွယ်လွန်သွားသောညီမလေးနှင့် တစ်ပုံစံတည်း တူနေသောကြောင့်သာ ဖြစ်သည်။
“ဖန်ရှန်ရဲ့ အမှုကို အရင် ပြီးအောင် လုပ်လိုက်ပါရစေ၊ အဲဒီကျရင် ဖုန်းဆက်ပါ့မယ်”
ယန်ကျောက်က ပြောလိုက်သည်။
တကယ်တမ်းတွင် ဤဖုန်းခေါ်ဆိုမှုမှာ အထူးတလည် ခက်ခဲမည်ဖြစ်သော်လည်း ချန်မေ့လန်မှာမူ ၎င်းကိုမသိရှိခဲ့ချေ။
…
“ဖေဖေ၊ စန္ဒရားကို ကြည့်ပါဦး၊ သမီးဆီမှာ စန္ဒရားရှိနေပြီ၊ သမီးဖေဖေက သမီးအတွက် ဝယ်ပေးတာ”
ပြတင်းပေါက် အပြင်ဘက်မှ ယွမ်ယွမ်၏ အော်ဟစ်သံ ထွက်ပေါ်လာပြီး ယန်ရှီရှန်းက ပြုံးလျက် အခန်းထဲသို့ ဝင်လာလေသည်။
ရှောင်ဝမ်နှင့် ရှောင်လန်တို့သည် ကျေနပ်နေသောမျက်နှာထားဖြင့် ဖိတ်ခေါ်မထားသော ဤဧည့်သည်အား တရားမျှတသော ဒေါသများဖြင့် ရင်ဆိုင်လိုက်ကြသည်။
“သားတို့ ဖေဖေက ဝယ်ပေးတာ၊း”
‘ဒါဆို ယွမ်ယွမ်မှာ စန္ဒရား တစ်လုံး ရှိနေပြီပေါ့'
ဤနေရာသည် ယခုအခါ ယန်ကျောက်၏အိမ်ဖြစ်ပြီး ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ဖိတ်ကြားခြင်း မရှိဘဲ ယန်ရှီရှန်း အထဲသို့ မဝင်သင့်ချေ။
သို့သော် သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် ယွမ်ယွမ် စန္ဒရားတီးနေသည့်အသံကို ကြားလိုက်ရလေသည်။
သူမသည် “ကျားနှစ်ကောင်” သီချင်းကို ပျော်ရွှင်စွာနှင့် သာယာနာပျော်ဖွယ်ကောင်းစွာ တီးခတ်နေလေသည်။
သို့သော် တစ်ခုခုတော့ မှားယွင်းနေသည်။
‘ယန်ကျောက် ဘယ်ကနေ ငွေရလာတာလဲ’