← Chapters

ငါ ဆန္ဒမရှိဘူး…

Vol. 106 Ch. 1459

ငါ ဆန္ဒမရှိဘူး…

Vol. 106 Ch. 1459

ထိုအမျိုးသမီးငယ်သည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက အတော်လေး ချစ်ဖို့ကောင်း၏။ သူမသည် အလွန်မလှပေ။ သို့သော် နူးညံညင်သာသေအလှမျိုး ပိုင်ဆိုင်ထားသူပင်။ သူမ၏မျက်လုံးထဲတွင် ကလေးဆန်မှု ရှိနေသော်လည်း လူတစ်ယောက်သည် ထိုမျက်ဝန်းအောက်၌ လူကြီးလူကောင်းဆန်သောစိတ်သဘာဝကို မြင်နိုင်ပေလိမ့်မည်။

ထိုအမျိုးသမီးငယ်က တောင်ထံသို့ လျှောက်လာနေရင်း သူမကိုယ်သူမ ဆူအောင့်အောင့် ပြောနေ၏။ “ဆေးပညာဟာ တော့်တော့်ကို ခက်တယ်။ ငါ အမြဲတမ်း စိတ်ဝင်တစား လုပ်နေတာတောင်မှ ဘယ်တော့မှ မအောင်မြင်ဘူး ဖြစ်နေတယ်…”

“အစ်ကိုကြီးရော ဘာလုပ်နေလဲ ငါ သိချင်မိတယ်။ သူ့ပါရမီဟာ ငါ့ထက် အများကြီးကောင်းတော့ ကလန်ရဲ့ အလေးထားတာကိုလည်း ခံရတယ်။ ငါ ကြိုးစားမှ ဖြစ်မယ်။ ဒါမှ သူက ငါ့ကို အပေါ်စီးက မကြည့်နိုင်မှာ…” ထိုအမျိုးသမီးငယ်သည် လမ်းလျှောက်နေရာကနေ ရပ်ကာ လရောင်ပေးစွမ်းနေသော မြက်ပင်အုပ်ထံသို့ ကြည့်လိုက်၏။ သူမသည် ခပ်သွက်သွက်လှမ်းကာ ထိုမြက်များကို ခူးဆွတ်လိုက်လေ၏။ သူမသည် သူ၏နောက်၌ အထီးကျန်ပုံရိပ်တစ်ခု မည်သို့ပေါ်လာမှန်းကိုမူ သိမနေပါ။

ဝမ်လင်းသည် သူ့ရှေ့ရှိ အမျိုးသမီးငယ်ကို စိုက်ကြည့်နေ၏။ သူမသည် အတိတ်တုန်းက သူ သိခဲ့သော သူမနှင့် မတူသော်လည်း အကြည့်တစ်ချက်ဖြင့်ပင် သူ့အနေဖြင့် သူမကို မှတ်မိသိရှိပေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် နူးညံ့မှု တဖြည်းဖြည်း ပေါ်လာ၏။ ဝမ်လင်းသည် နေရာတွင် ရပ်နေရင်းဖြင့်ပင် သူ့စိတ်နှလုံးအတွင်း၌ ခါးသီးမှုတို့ ပြည့်နှက်သည်။

ထိုအမျိုးသမီးငယ်သည် ရေလမြက်အနည်းငယ်ကို ခူးဆွတ်ပြီးနောက် ယင်းတို့ကို သိုလှောင်အိတ်တစ်ခုအတွင်း သေသေချာချာ ထည့်သည်။ သူမ ထွက်ခွာခါနီးမှာ ရုတ်တရက် ရပ်၍ ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လှမ်းသည်။ သူမက ဒူးကွေးထိုင်ချလိုက်ပြီးနောက် မြက်အချို့ကို ဖယ်ရှားလိုက်ရာ သားရဲလေးတစ်ကောင်ကို တွေ့သည်။

ထိုသားရဲလေးသည် ရှဉ့်လေးနှင့်တူ၏။ ၎င်းက သေအံ့မူးမူး ဖြစ်နေသည့်ပုံပင်။ ၎င်း၏ညာခြေထောက်ပေါ်တွင် သွေးစတို့ ရှိနေ၏။ ၎င်းသည် အကိုက်ခံထားရသည့်ပုံပင်။

အမျိုးသမီးငယ်လေးက အသက်ရှုထုတ်လိုက်မိ၏။ သူမသည် သနားသွားဟန် တူသည်။ သူမက ဆေးပင်အချို့ကို ထုတ်ကာ ချေမွပြီးနောက် ထိုသားရဲလေး၏ဒဏ်ရာပေါ်သို့ ညင်သာစွာ ပွတ်ပေးလိုက်၏။

သို့ရာတွင် ထိုဆေးပင်များသည် ထိုသားရဲလေး အသက်ရှင်ဖို့ရာအတွက် လုံလောက်သည့်ပုံ မပေါ်ပေ။ ၎င်း၏အကြည့်က မှိန်ဖျော့နေဆဲ။ သွေးများစွာ ဆုံးရှုံးထား၍ သေခါနီး ဖြစ်နေချေပြီ။

အမျိုးသမီးငယ်လေးက စိတ်ပူပန်လာ၏။ သူမသည် သားရဲလေးကို ကောက်ယူကာ သူမ၏ဆရာကို ရှာရန် ဆေးဝါးဖော်စပ်သည့်အခန်းသို့ ပြန်လှည့်ရန် ဟန်ပြင်သည်။ သို့ရာတွင် သူမ နောက်လှည့်လိုက်ချိန်တွင် အလန့်တကြားအော်မိကာ နောက်သို့ အမြန်ဆုတ်၏။ သူမ၏မျက်လုံးထဲတွင် ထိတ်လန့်သွားမှုတို့ အထင်းသား။

သူမသည် ရုတ်တရက် နောက်လှည့်လိုက်ချိန်၌ ဝမ်လင်းကို တွေ့မြင်လိုက်ရပြီး မင်သက်သွားမိခြင်းပင်။

ထိုအမျိုးသမီးငယ် ထိတ်လန့်သွားသည်ကို မြင်သည့်အခါ ဝမ်လင်း၏နှလုံးသားသည် တုန်ယင်သွား၏။ သူက နူးညံ့စွာ ပြောလိုက်သည်။ “ငါ့ကို ကြည့်ခွင့်ပြု…” ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခုသည် ထိုအမျိုးသမီးငယ်၏ လက်ထဲထွေးပွေ့ထားသော သားရဲလေးထံ တိုးဝင်သွားသည်။ ထိုသားရဲလေး၏ဒဏ်ရာသည် သူမ၏မျက်စိရှေ့မှာပင် ပြန်ကောင်းမွန်သွား၏။ အသက်ဓာတ် ပြန်ပြည့်ဖြိုးကာ မျက်လုံးအရောင် ပြန်တောက်လာသည်။

ခုမှ ပြန်ကောင်းခါစ သားရဲလေးသည် အမျိုးသမီးငယ်လေး၏လက်မှ ခုန်ထွက်သွား၏။ သစ်ကိုင်းတစ်ခုပေါ်သို့ ရောက်သွားသည့်နောက် ၎င်းက သူမနှင့်ဝမ်လင်းတို့ကို ကြည့်သည်။ ထို့နောက် ပျောက်ကွယ်သွားတော့သည်။

ထိုအမျိုးသမီးငယ်လေးသည် အသက်ဝဝရှုသွင်းလိုက်ကာ ရင်ဘက်ကို ပုတ်သည်။ သူမသည် ဝမ်လင်းကို သတိထားဟန်ဖြင့် ကြည့်ကာ တိုးညင်းစွာ ‌ပြောလိုက်သည်။ “ဂျူနီယာလီမူဝမ်က စီနီယာ့ကို နှုတ်ဆက်ပါတယ်။ ဘယ်တောင်ထွတ်က စီနီယာကများ ငါ့ဆရာကို လာရှာတာပါလဲ…”

ဝမ်လင်းသည် ခေါင်းယမ်းလိုက်၏။ သူ၏အကြည့်သည် ပို၍ နူးညံ့လာသည်။ သူက ပြောလိုက်၏။ “ငါက မင်းဆရာကို လာရှာတော မဟုတ်ဘူး။ ဒီမှာ နေတာ…”

“ဒီမှာ နေတာလား…” လီမူဝမ်သည် တအံတဩ ဖြစ်သွားသည်။

ဝမ်လင်းသည် ပြုံး၍ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ လေပြေတစ်ခုသည် လီမူဝမ်၏ ပတ်လည်တွင် ထွေးခြုံသွားသည်။ ချက်ခြင်းပင် သူတို့နှစ်ယောက်သည် ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် သူတို့သည် တိမ်များဝန်းရံနေသော တောင်ထိပ်ပေါ်တွင် ပြန်ပေါ်လာကြသည်။

ထိုနေရာတွင် ဘယ်အချိန်ကတည်းမှန်း မသိရသော လှိုဏ်ဂူတစ်လုံး ရှိလို့နေ၏။

လီမူဝမ်သည် မျက်လုံး အပြူးသား ဖြစ်နေသည်။ သူမက လှိုဏ်ဂူကို ကြည့်နေမိ၏။ ထို့နောက် သူမက ဝမ်လင်းကို ကြည့်သည်။ သူမ၏မျက်လုံးထဲတွင် သိချင်စိတ်တို့ ပြည့်နေလေသည်။

“စီနီယာဟာ ငါ့တို့လောဟဲကလန်ရဲ့ မွန်းစတားအိုတစ်ယောက်ပဲ ဖြစ်ရမယ်။ အား…မွန်းစတားအို မဟုတ်ဘူး။ ဇာတ်မြုပ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်…” သူမ၏မျက်လုံးထဲတွင်လည်း သတိထားဟန် အရိပ်အမြွက် ရှိနေသည်။

သည်နေရာတွင် မည်သူမျှ မရှိနေပေ။ သူမသည် ရုတ်တရက် ဝမ်လင်း ခေါ်ဆောင်ခြင်းခံရကာ သည်နေရာသို့ ရောက်လာခြင်းပင်။ ထို့အတွက် သူမ စိတ်ပူပန်မိသည်မှ သဘာဝ ကျ၏။ ဝမ်လင်းသည် မကောင်းသောလူတစ်ယောက်နှင့် မတူသော်လည်း လီမူဝမ်ကမူ ရင်တုန်နေဆဲသာ။

“ဂျူနီယာ…ဂျူနီယာက ဆရာ့အမိန့်နဲ့ ဆေးပင်အချို့ ခူးဖို့ လာခဲ့တာပါ။ ဂျူနီယာ ထွက်လာခဲ့တာ တော်တော်ကြာနေပြီ။ ဆရာတော့ ငါ့ကို စိတ်ပူပြီး လိုက်ရှာတော့မယ်။ ဂျူနီယာ အခု ထွက်သွားသင့်ပြီ…” လီမူဝမ်သည် နောက်သို့ ဆက်တိုက်ဆုတ်နေ၏။ သူမ၏စကားလုံးများက သူမ၏ဆရာ အချိန်မရွေး ရောက်လာနိုင်သည်ကို ညွှန်းဆိုနေသည်။

ဝမ်လင်းက ပြုံးလိုက်၏။ သူသည် အရင်တုန်းက လီမူဝမ်၏ ခုလိုပုံစံမျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ သူက ခေါင်းညိတ်လိုက်၏။

လီမူဝမ်က အလျင်အမြန် နောက်ဆုတ်ကာ တောင်အောက်သို့ ဆင်းသွားတော့သည်။ သူမ တောင်ပေါ်မှ ဆင်းလာသော်လည်း စိတ်မအေးသေးဘဲ တောင်ထိပ်ထံသို့ လှည့်လှည့်ကြည့်နေမိ၏။

“စီနီယာအမက မွန်းစတားအိုတွေဟာ တမူထူးခြားတယ်တဲ့ တချို့ဆို ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေနဲ့ ကျင့်ကြံတာကို သဘောကျတယ်လို့လည်း ပြောဖူးတယ်။ သူက ငါ့ကို အတော်လေး လန့်သွားစေတာပဲ။ ဒီမွန်းစတားအိုဟာ တိတ်တိတ်လေး ပေါ်လာပြီး ငါ့ကို တောင်ထိပ် ခေါ်သွားခဲ့တယ်။ ဟက်…ငါသာ အလျင်အမြန် တုန့်ပြန်ပြီး ဆရာ့နာမည်ကိုသာ ထုတ်ဖော်မပြောမိရင် ငါ အန္တရာယ် ကျရောက်နေလောက်ပြီ။ ဒါပေမဲ့လည်း ဒီမွန်းစတားအိုဟာ အလွန်ငယ်တဲ့ပုံပဲ။ လူဆိုးတစ်ယောက်နဲ့လည်း မတူပါဘူး။ ငါများ အတွေးလွန်နေတာ ဖြစ်နေမလား…”

သူမကိုယ်သူမ ခပ်တိုးတိုး ပြောနေပြီးနောက် လီမူဝမ်သည် အလျင်အမြန် ထွက်လာ၏။

ဝမ်လင်းသည် တောင်ထိပ်တွင် ရပ်နေရင်း သူ့အကြည့်က အရာအားလုံးကို ထွင်းဖောက်နေ၏။ သူသည် လီမူဝမ်၏အမူအရာကို မြင်သည်။ သူမ၏ ခပ်တိုးတိုးစကားများကိုလည်း ရှင်းလင်းစွာ ကြားသည်။

လီမူဝမ် မထွက်ခင်ထိ ဝမ်လင်းသည် သူ့အကြည့်ကို ပြန်မရုတ်သိမ်းပေ။ သူ့မျက်လုံးထဲတွင်လည်း ပျော်ရွှင်မှု အရိပ်အယောင် ရှိနေ၏။ သို့သော်ငြားလည်း လွမ်းဆွတ်မှုက ရောစွက်နေသည်။

“ဒီနေရာဟာ ငါ့စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်နေတာလား။ ဒါမှမဟုတ်…ဒီနေရာဟာ ငါ့မှတ်ဉာဏ်ထဲမှ ရှင်းရှင်းလင်းလင်း မတည်ရှိတဲ့ နေရာလား…” ဝမ်လင်းသည် သက်ပြင်းချ၏။ သူသည် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ မျက်လုံးမှိတ်လိုက်လေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာကာ ခပ်တိုးတိုးဆိုသည်။ “ဝငါ နောက်ထပ်တစ်ခေါက်လောက် ကြည့်ပြီး သူမနဲ့ စကားပြောလိုက်ဦးမယ်။ ပြီးမှ ငါ ထွက်သွားတော့မယ်။ အဲ့ကျမှ ငါ ပထမဆုံးအမွှေးတိုင်ကို မီးငြှိတော့မယ်…”

အချိန် ဖြည်းဖြည်းချင်း ကုန်နေ၏။ တစ်ရက်၊ နှစ်ရက်…မျက်စိတစ်မှိတ်အတွင်း လေးရက်တာ ကုန်လွန်သွားခဲ့လေပြီ။

ထိုလေးရက်အတွင်း လီမူဝမ်သည် ထပ်မပေါ်လာတော့ပေ။ ဝမ်လင်းသည် တောင်ထိပ်ပေါ်တွင်သာ နေ၍ စောင့်နေသည်။

ဝမ်လင်းသည် သည်လေးရက်အတွင်း မကျင့်ကြံ၊ ကောင်းကင်ထက်သို့သာ ကြည့်၍ စောင့်ဆိုင်းနေလေသည်။

ငါးရက်မြောက် နေ့လယ်ခင်းမတိုင်ခင်တွင် ဝမ်လင်းသည် တောင်ခြေမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ လီမူဝမ်သည် တောင်ပေါ်သို့ မြန်မြန်ဆန်ဆန် တက်လာနေ၏။ သူမ၏ နဖူးထက်မှ ချွေးကို သုတ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင်လည်း သတိထားဟန်၊ကြောက်လန့်နေဟန်တို့ ရှိလို့နေဆဲပင်။ သို့ပေမည့် သူမသည် အံတင်းတင်းကြိတ်ကာ ဝမ်လင်းထံသို့ ဦးတည်လာနေသည်။

ဝမ်လင်းသည် လီမူဝမ်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူ့အသွင်က နူးညံ့ဟန်ပေါ်၏။

သို့ပေမည့် ထိုနူးညံမှုက လီမူဝမ်ကို အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေကာ ပို၍ သတိထားစေသည်။

“စီ…စီနီယာ…သင် ဒါကို ကယ်တင်ပေးနိုင်မလား…” လီမူဝမ်သည် အောက်နှုတ်ခမ်းကို ကိုက်ကာ သူမ၏လက်ဝါးအရွယ် သားရဲလေးတစ်ကောင်ကို ထုတ်ပြလိုက်သည်။

ထိုသားရဲလေးသည် ကြောင်လေးတစ်ကောင်နှင့် တူသည်။ ပေါက်စနအရွယ်သာ ရှိသေး၏။ ၎င်းသည် လီမူဝမ်၏လက်ထဲတွင် တုန်တုန်ရီရီ ဖြစ်နေလျက် မျက်လုံး မဆိုသလောက် ဖွင့်လာ၏။ ၎င်းက မျက်လုံးဖွင့်လိုဟန်ရသော်လည်း ခွန်အားမဲ့နေသည့်ပုံပင်။

ဝမ်လင်းက ရယ်မောကာ ခေါင်းညိတ်လိုက်၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုသားရဲလေးကို ထိလိုက်သည်။ အဖြူရောင်အလင်းတစ်ချက် လင်းလက်ကာ အသက်ဓာတ်သည် ထိုသားရဲလေးထံ တိုးဝင်သွားသည်။ ၎င်း၏မျက်လုံးသည် ဖြည်းဖြည်းချင်း ပွင့်လာပြီး စွမ်းအင်အပြည့် ဖြစ်လာချေသည်။

လီမူဝမ်မှာ အံအားတသင့် ဖြစ်သွား၏။ သူမက ထိုသားရဲလေး၏အမွှေးကို ညင်သာစွာ ပွတ်သပ်လိုက်လေ၏။ သူမသည် ဝမ်လင်းကို ကြည့်သည်။ သူမ သတိထားနေမှုမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်။ သို့သော် သတိတော့ ထားနေသေးသည်သာ။

“ကျေးဇူးတင်ပါတယ်…စီနီယာ…” လီမူဝမ်၏မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် ပြည့်နှက်ကာ သူမသည် ဝမ်လင်းကို ဦးညွတ်လိုက်၏။ ထို့နောက် သူမသည် တောင်အောက်သို့ အလျင်အမြန် ပြန်ဆင်းသွားတော့သည်။ သူမသည် ဒီမွန်းစတားအိုကို သတိထားနေဆဲ ဖြစ်သည်မှာ ထင်ရှားလေ၏။ နောက်ဆုံးအခြေအနေကြောင့်သာ မဟုတ်ခဲ့ပါက သူမသည် ဒီနေရာကို လာလိမ့်မည် မဟုတ်ပေ။

လီမူဝမ်သည် တောင်ပေါ်မှ ဆင်းလာပြီးနောက် နောက်သို့ ပြန်ကြည့်ကာ သူမကိုယ်သူမ ခပ်တိုးတိုး ဆိုသည်။ “ဒီမွန်းစတားအိုက လူဆိုးတစ်ယောက် မဟုတ်တဲ့ပုံပဲ…”

ဤကား ဒုတိယကြိမ်မြောက် ဝမ်လင်း လီမူဝမ်နှင့် ထပ်တွေ့ခြင်းပင်။ သို့သော် သူ့မျက်လုံးထဲရှိ တွယ်ငြိမှုကတော့ ပိုအားကောင်းလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခွင်လုံး စတင် တုန်ဟည်းလာကာ အရောင်များ ပြောင်းလဲသည်။ တိမ်စိုင်များ တုန်ဟည်းလျက် ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာလေ၏။

ထိုဝဲကတော့သည် မြန်ဆန်စွာ လှည့်လည်လျက် အံ့မခန်းထည်ဝါမှုကို ပေးစွမ်းသည်။

ထိုဖိအားသည် အလွန်တုန်လှုပ်ဖွယ် ကောင်းသည်။ ၎င်း ပျံ့နှံ့လာသည်နှင့် လူသားစမ်းသပ်မှုတစ်ခုလုံးကို ဖုံးလွှမ်းသည်။ ထူးဆန်းစွာဖြင့် သည်စိတ်ကူးကမ္ဘာထဲမှ မည်သည်ကမျှ ဤဝဲကတော့ကို သတိမူမိခြင်း မရှိခြင်းပေ။ ထိုဝဲကတော့က ဝမ်လင်းအတွက်သာ သီးသည့် ပေါ်လာသည့်အလား။

“ဝမ်လင်း…လူသားအမွှေးတိုင်ကို မြန်မြန် ထွန်းငြှိလေ။ မင်း ဘာစောင့်နေတာလဲ…”

ထိုစကားလုံးများသည် မုန်တိုင်းအသွင်ဆောင်ကာ သည်လောကအနှံ့ ပဲ့တင်ထပ်လေ၏။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဟင်္သာငှက်အဘိုးအိုသည် စမ်းသပ်မှုအတွင်း၌ ပိတ်မိနေသော ဝမ်လင်း၏စိတ်ဝိညာဉ်အတွက် စိတ်ပူနေခဲ့၏။ သူက စမ်းသပ်မှု စည်းမျဉ်းကို ဖောက်ဖျက်ကာ သူ့လက်ဖြင့် ထိုပထမဆုံးအမွှေးတိုင်ပေါ်သို့ ဖိချလိုက်သည်။ သူ့စိတ်ဝိညာဉ်မှာ ဝမ်လင်း၏စိတ်ဝိဉာဉ်ထံ တရကြမ်း ဝင်ရောက်ကာ အော်ဟစ်လိုက်ခြင်း ဖြစ်၏။

“လူသားအမွှေးတိုင်ကို ထွန်းငြှိဖို့က မခက်ခဲပါဘူး။ ငါ့ စိတ်ဝိညာဉ်ထဲက မီးကို ထွန်းငြှိလိုက်တာနဲ့ ဒီပုံရိပ်ယောင်ကမ္ဘာဟာ ဘာမှမကျွင်းမကျန်တော့တဲ့အထိ လောင်ကျွမ်းသွားလိမ့်မယ်။ ပြီးရင် လူသားအမွှေးတိုင်ဟာလည်း ထွန်းငြှိပြီး ဖြစ်မယ်…”

“ဒါပေမဲ့လည်း….ငါ အဲ့လိုလုပ်ချင်စိတ် မရှိဘူး…”

ဝမ်လင်းသည် ခေါင်းမော့လိုက်၏။ သူက ကောင်းကင်ထက်ရှိ ဝဲကတော့ထံသို့ ကြည့်သည်။

“ဒီနေရာထဲ စိတ်ဝိညာဉ်အဖြစ် ဝင်လာတာဟာ သေမျိုးတစ်ယောက် ပြန်ဖြစ်နိုင်တဲ့ နောက်ဆုံးအရိပ်အယောင်ကို ဖယ်ရှားပစ်ဖို့ပဲ။ ဒါကို လောင်ကျွမ်းအားအဖြစ် ပြောင်းလဲပြီး စိတ်ဝိညာဉ်တစ်ခု မွေးဖွားဖို့ ဖြစ်တယ်။ ဒါဟာ စိတ်ဝိညာဉ်ကို မျိုးစေ့တစ်ခု ဖြစ်လာစေပြီး အဲ့မျိုးစေ့ဟာ လေးကြိမ်မြောက်ဟင်္သာငှက်ကို နိုးထလာစေနိုင်မှာ ဖြစ်တယ်…”

“ဒါပေမဲ့လည်း သေမျိုးတစ်ယောက်ဖြစ်တဲ့ ငါ့ခံစားချက်တွေဟာ တန်ဖိုးအဖြစ် ပေးရမှာ ဖြစ်တဲ့အတွက် ဒါကို ငါ မလုပ်နိုင်ဘူး…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်၏။

ဤနေရာသည် သူ၏စိတ်ဝိညာဉ်ကုန်းမြေဟု ဆိုနိုင်၏။ ဟင်္သာငှက်အဘိုးအိုသည် အစွမ်းထက်သော်လည်း သည်စမ်းသပ်မှုကွင်းမှာ ထူးဆန်းသောရတနာတစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် သူသည် ဤနေရာတွင် ကြာကြာနေနိုင်မည် မဟုတ်ပေ။

“မင်း…ဒါက ပုံရိပ်ယောင်တစ်ခုပဲ။ အစစ်အမှန် မဟုတ်ဘူး။ ဒီအဘိုးအိုလည်း ဒီနေရာကို အရင်က လာခဲ့ဖူးတယ်။ မင်းက ဒါကို ဖျက်စီးပြီး အမွှေးတိုင်ကို ထွန်းငြှိ ဒီနေရာကနေ ထွက်သွားရုံပဲ။ မင်း ဘာကြောင့် ဒီလောက်အစွဲအလမ်းကြီးနေရတာလဲ…” ဟင်္သာငှက်အဘိုးအို၏အသံမှာ စိုးရိမ်ပူပန်မှု ပါဝင်နေ၏။ ကောင်းကင်ထက်ရှိ ဝဲကတော့သည် ပျက်စီးလာရင်း သူ၏အသံမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားလေ၏။

ထိုအသံ ကွယ်ပျောက်သွားသည့်အခိုက်တွင် ဝမ်လင်း၏အသံသည် ဝဲကတော့အတွင်းသို့ ဝင်လာသည်။

“ငါ့ တစ်ဘဝလုံးမှ ငါဟာ ငါ့နှလုံးသားက တွယ်ငြိတဲ့ခံစားချက်တွေကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ အာဏာတက်ခြင်းအဆင့် ရောက်တုန်းကလည်း ငါဟာ ဒါကို လက်မလွှတ်ဘဲ နတ်ဘုရားပြစ်ဒဏ်ကို စွဲဆောင်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ ဒီလောကကို ဖျက်စီးလောင်ကျွမ်းတာဟာ ငါ့စိတ်ဝိညာဉ်မှာ အင်မောတယ်မီးမျိုးစေ့ကို ဖန်တီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါဘူး…”

“ကောင်းကင်ဘုံက ဒီလိုလုပ်ဖို့၊ ဒီလောကကို လောင်ကျွမ်းပစ်စေချင်တယ်ဆိုရင်တောင် ငါဟာ ဒီကောင်းကင်ဘုံကို ဖိဆန်မယ်။ ငါဟာ ကိုယ့်လမ်းကိုယ် ဖောက်မယ်။ ဒီလောကကို လောင်ကျွမ်းပစ်မယ့်အစား ငါဟာ ငါ့စိတ်ဝိညာဉ်ကို အသုံးပြုပြီး ကံမ္မာမီး တစ်ခုကို ဖန်တီးယူမယ်…”

မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဟင်္သာငှက်အဘိုးအိုသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။ သူသည် ဝမ်လင်းကို ကြည့်ကာ သက်ပြင်းသာ ချမိတော့သည်။

အရှင်စစ်မိုသည် လူသားစမ်းသပ်မှုအတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို မသိသော်လည်း သူသည် တချို့အရာများကိုမူ သတိပြုမိသည်။ သူသည် နှာခေါင်းမရှုံ့မိဘဲ မနေနိုင် ဖြစ်ရ၏။ “စီနီယာ…ဒါက အတော်ကြာနေပြီ။ ကြည့်ရတာ တတိယမြောက်အင်ပါယာငယ်ဟာ ဒီစမ်းသပ်မှုထဲမှာ မတော်တဆ ကြုံနေရတာ…”

သူ့စကားမဆုံးသေးခင်မှာပင် ဟင်္သာငှက်အဘိုးအိုသည် ရုတ်တရက်လှည့်ကာ လက်ဝေ့ယမ်းလိုက်၏။ သူသည် အရှင်စစ်မိုထံ နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်သည်။

အရှင်စစ်မိုသည် သွေးအန်လိုက်ရပြီး နောက်သို့ ပေတစ်သိန်းလောက်ထိ လွင့်ထွက်သွားသည်။

“ဘာ မတော်တဆလဲ။ ဒီအဘိုးအိုရဲ့ ဂျူနီယာဟာ ဒီအမွှေးတိုင်ကို လောင်ကျွမ်းပစ်ဖို့အတွက် သူ့ကံမ္မကို အသုံးပြုဖို့ ပြင်နေတာ။ ဒါက မင်းလို အသုံးမကျတဲ့သူတွေ နားလည်နိုင်တဲ့အရာ မဟုတ်ဘူး…”

သူ့ရိုက်ချက် ထုတ်ဖော်ပြီးနောက် ဟင်္သာငှက်အဘိုးအိုသည် ဒေါသ လျော့ပါးသွား၏။ သူက တွေးလိုက်သည်။ “ကံမ္မ၊ ကံမ္မ…ကောင်းတယ်။ ဒီကောင်လေးဟာ ကံမ္မမီးကို ထွန်းငြိဖို့အတွက် သတ္တိရှိနေတာပဲ။ ပထမဘိုးဘေး တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ သိမ်မွေ့ဆန်းကြယ်မီးကိုရောက်ဖို့ အင်မောတယ်စိတ်ဝိညာဉ်မီးကို အသုံးပြုတဲ့နည်းဟာ သိပ်ကောင်းလှတဲ့နည်း မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ကံမ္မမီးကို ထွန်းငြှိနိုင်ဖို့ဟာ အလွန်တရာ ခက်ခဲလွန်းတယ်။ ဘိုးဘေးတုန်းက ကောင်းကင်ဘုံအင်ပါယာရဲ့ အကူအညီကြောင့် အောင်မြင်နိုင်ခဲ့တာ။ ဒါ့ကြောင့်လည်း သူက လူတိုင်းကို ရွေးချယ်ခွင့် မပေးခဲ့တာပဲ။ ဒီကောင်လေးသာ အောင်မြင်သွားခဲ့ရင်တော့ သူဟာ ဘိုးဘေးပြီးရင် ဒီလိုကံမ္မမီးထွန်းငြှိနိုင်တဲ့ ပထမဆုံးလူ ဖြစ်လာမှာပဲ…

***

All Chapters