စိတ်ဝိညာဉ်ထဲမှာ ကံမ္မမီးကို မြင့်တက်စေ…
Vol. 106 Ch. 1460
လူသားစမ်းသပ်မှုအတွင်း၌ ဝမ်လင်းကသာ ဝဲကတော့ပျက်စီးသွားသည်ကို မြင်နိုင်သည်။ ကောင်းကင်သည် တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွား၏။
ဝမ်လင်းကလွဲ၍ သည်ဝဲကတော့ကို ဤလူသားစမ်းသပ်မှုအတွင်းရှိ မည်သူကမျှ သတိမပြုမိကြပေ။
ဝမ်လင်းသည် ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တောင်ထိပ်ပေါ်တွင် ထိုင်နေ၏။
“ကံမ္မမီးကို ထွန်းငြှိနိုင်ဖို့၊ အတွေးတစ်ချက်နဲ့ မီးတစ်ခု ဖန်တီးနိုင်ဖို့။ ဒီလောကကို မလောင်ကျွမ်းပစ်ဘဲ ငါ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုပဲ လောင်ကျွမ်းပစ်တာ။ ဒီအန္တရာယ်များတဲ့နည်းလမ်းကို အသုံးပြုပြီး ငါ့စိတ်ဝိညာဉ်ဖျက်စီးခံရတဲ့ အခိုက်အတန့်မှာ ငါဟာ ရှင်သန်နိုင်ဖို့ လမ်းတစ်ခု ရှာပြီး ကံမ္မမီးကို ဖန်တီးရမယ်။ ဒါဟာ ဟင်္သာငှက်ကို လေးခါမြောက်မွေးဖွားလာစေပြီး ဟင်္သာငှက်ကလန်ဝင်တွေအတွက် ဝင်ရောက်နိုင်ဖို့ ခက်ခဲလွန်းတဲ့ သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ဖြတ်သန်းချိုးဖျက် နိုင်မှာ ဖြစ်တယ်..."
သိမ်မွေ့ဆန်းကြယ်မီးသည် လောကရှိ မီးအားလုံး၏ ရင်းမြစ် ဖြစ်လေ၏။ ၎င်းသည် မနာလိုမှု၊ ဒေါသ၊ ရူးသွပ်မှု၊ စသည့်စိတ်ခံစားချက်များ၏ မီးများ ဖြစ်နေပါက သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ ဝင်ရောက်နိုင်သော လူမှာ ယင်းတို့ကို အသုံးချနိုင်မည် ဖြစ်သည်။
သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ တက်လှမ်းနိုင်သော ကျင့်ကြံသူများသည် အလွန်အစွမ်းထက်ကြ၏။ သူတို့သည် တတိယအဆင့် ကျင့်ကြံသူများလောက် အားမကောင်းလျှင်ပင် တတိယအဆင့်ကျင့်ကြံသူများပင် သူတို့ကို ရင်ဆိုင်ရာ၌ သတိထားရမည်သာ။ သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ရောက်နေသော ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သင်သည် မည်သည့်စိတ်ခံစားမှုကိုမှ မပြသနိုင်ချေ။ အကြောင်းမှာ သင်၏စိတ်လှုပ်ရှားမှုလှိုင်းလေးတစ်ခုကိုပင် ထိုအဆင့်ရန်သူက သင့်ကို သတ်ပစ်ရန် အသုံးပြုနိုင်ခြင်းကြောင့်တည်း။
ဤကား အလွန်ကြောက်မက်ဖွယ်မန္တာန်တစ်ခုတည်း။ သက်ရှိအားလုံး၌ စိတ်ခံစားမှု ရှိသည်ဟု ပြောနိုင်၏။ မည်မျှဖုန်းကွယ်ထားနိုင်သူ ဖြစ်ပါစေ စိတ်ခံစားမှုကတော့ တည်ရှိသည်သာ။
တာအိုသခင်အိပ်မက်ပြာ၏ သူ့သမီးနှင့်ဇနီးအပေါ် တွယ်ငြိမှုသည်ပင် သိမ်မွေ့ဆန်းကြယ်မီးအတွက် လောင်စာ ဖြစ်လာနိုင်ပေ၏။ စိတ်ခံစားမှုများအားလုံးကို ပြည့်စုံစွာ ပိတ်ဆို့နိုင်ခြင်း သို့တည်းမဟုတ် ယင်းတို့ကို လုံးဝ ဖယ်ရှားပစ်နိုင်သောသူများ ဖြစ်နေမှသာ သိမ်မွေ့ဆန်းကြယ်မီးကို ကြောက်စရာ မလိုတော့မည် ဖြစ်၏။
သိမ်မွေ့ဆန်းကြယ်မီး၏ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းမှုကို တစ်ဦးချင်းတိုက်ပွဲများတွင် မြင်နိုင်မည် မဟုတ်၊ အုပ်စုတိုက်ပွဲများတွင် မြင်နိုင်ပေလိမ့်မည်။
သိမ်မွေ့ဆန်းကြယ်မီး ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသည် ကျင့်ကြံသူထောင်ချီကို ရင်ဆိုင်နိုင်ကြ၏။ တတိယအဆင့်ကျင့်ကြံသူများသည် မိုးကြိုးကျင့်ကြံသူတစ်ယောက်အတွက် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်ရန်မှာ အလွန်ခက်ခဲကြောင်းကို သိထားကြ၏။ မိုးကြိုးကား ကောင်းကင်ဘုံမှ ထိန်းချုပ်သောအရာတစ်ခု ဖြစ်နေသည် မဟုတ်လား။ ထို့ကြောင့် မိုးကြိုးနှင့် ကောင်းကင်ဘုံဂိတ်တံခါးကို ချိုးဖျက်ရန် တာဆူခြင်းသည် သာ၍ ခက်ခဲခြင်းပင်။
မီးအနှစ်သာရကမူ ဒြပ်စင်ငါးခုထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ သိမ်မွေ့ဆန်းကြယ်မီး ဖြစ်လာမှသာ ၎င်းသည် ဒြပ်စင်ငါးခုထံမှ ချိုးဖျက်လွတ်လပ်နိုင်မည် ဖြစ်သည်။ ၎င်းသည် မီးတာအိုအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါက လူတစ်ယောက်သည် ၎င်းမီးတာအိုကို အသုံးပြုကာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်ပေလိမ့်မည်။
ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သိမ်မွေ့ဆန်းကြယ်မီးသည် ရရှိပိုင်ဆိုင်ရန် ခက်ခဲလွန်း၏။ အကြောင်းမှာ ဟင်္သာငှက်စတုတ္ထကြိမ်မြောက် နိုးထနိုင်ဖို့အတွက် မီးမျိုးစေ့ လိုအပ်ချက်ကြောင့်ပင်။ သို့ပေမည့် ဝမ်လင်းသည် သည်စိတ်ကူးယဉ်လောကကို လောင်ကျွမ်း မပစ်ချင်ပေ။ ထို့ကြောင့် သူက ပိုခက်ခဲသောလမ်းကို ရွေးချယ်ရပေတော့မည်။
ထိုလမ်းကြောင်းသည် အသေအရှင်ကြား လျှောက်လှမ်းရသောလမ်းတစ်ခု ဖြစ်၏။ ဝမ်လင်းထံ၌ သည်နေရာကနေ ထွက်ခွာပြီး ဤစမ်းသပ်မှုကို ကျရှုံးခံမည့်လမ်းကိုလည်း ရွေးချယ်နိုင်သေးသည်သာ။
“ဟင်္သာငှက်အဘိုးအိုဟာ ငါ့အပေါ် ကောင်းခဲ့တယ်။ ဒါ့ကြောင့် ငါက ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ လက်လျှော့နိုင်ပါ့မလဲ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်သည်။ သူ့မျက်လုံးထဲတွင်လည်း ပြတ်သားမှုတို့ ပြည့်နှက်လာသည်။
သူသည် ဤလောကကို လောင်ကျွမ်းပစ်ရန် ဆန္ဒမရှိသလို သူ့အကျိုးလိုလားသောသူကိုလည်း အလေးထားမည့်သူ ဖြစ်၏။ ဝမ်လင်းသည် ဟင်္သာငှက်အဘိုးအိုကို စိတ်မပျက်စေလိုပေ။
သူသည် အသက်ခပ်ပြင်းပြင်းရှုသွင်းကာ မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးမှိတ်လိုက်သည်နှင့် သူ့ထံမှ အပြာရောင်မီးတောက်တစ်ခု ပေါက်ကွဲထွက်လာ၏။ ထိုမီးတောက်သည် ပျံ့နှံ့မသွား၊ သို့သော်ငြား သူ၏ခန္ဓာကိုယ်တွင်း၌ လောင်ကျွမ်းခြင်း ဖြစ်၏။
အပြင်လူများသည် ထိုမီးတောက်ကို မြင်နိုင်မည် မဟုတ်ပေ။ သို့သော် သူ့စိတ်ဝိညာဉ်လောင်ကျွမ်းမှုကြောင့် နာကျင်မှုက ဝမ်လင်းကို တုန်ရီသွားစေ၏။ သူ အံတင်းတင်းကြိတ်ထားသည်။ သူ့စိတ်ဝိညာဉ်ကို တောင့်ခံထား၏။ စွဲလွမ်းမှုဖြင့် သူ့ကိုယ်သူ ပျက်စီးသည့်အထိ လောင်ကျွမ်းပေမည်။
“ငါဟာ ဒီစွဲလမ်းမှုနဲ့ တာအိုအတွင်း ဝင်ရောက်မယ်။ နတ်ဘုရားပြစ်ဒဏ်တောင် ငါ့ကို မရပ်တန့်နိုင်စေရဘူး…” ဝမ်လင်းက ရုတ်တရက် ခေါင်းမော့၏။ မျက်လုံးဖွင့်လာ၏။ မီးတောက်သည် သူ့ခန္ဓာကိုယ်ထဲ၌ တောက်ပစွာ လောင်ကျွမ်းသည်။ သို့သော် အပြင်လူများကမူ ထိုအဖြစ်ကို မြင်နိုင်မည် မဟုတ်ပါ။
လူသားစမ်းသပ်မှုအတွင်း၌ အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ လီမူဝမ် တောင်ပေါ်သို့ အလည်အပတ်လာသည်မှာလည်း အကြိမ်ရေ စိတ်လာသည်။ ဝမ်လင်း သူမကို မြင်ရချိန်တိုင်း၌ သူ့စိတ်ဝိညာဉ်လောင်ကျွမ်းမှုမှာ ပိုပြင်းထန်လာခဲ့သည်။ သို့သော် သူသည် ထိုအဖြစ်သနစ်ကို တစွန်းတစမျှ မထွက်ပေါ်စေပေ။ သူ့မျက်လုံးအတွင်းမှ နူးညံ့မှုက ရေကန်တစ်ခုအလား နက်ရှိုင်းလှသည်။
လီမူဝမ်သည် ဝမ်လင်း၏အမူအရာနှင့် တဖြည်းဖြည်း အသားကျလာသည်။ တခါတရံ သူမ တောင်ထိပ်သို့ တက်လာချိန်၌ ဝမ်လင်းကို သတိထား၍ စကားပြောတတ်သည်။
သို့ပေမည့် လီမူဝမ်က သူ တောင်ထိပ်ပေါ်သို့ လာသည့်အကြိမ်တိုင်းတွင် ဒီထူးဆန်းသောစီနီယာမှာ အားနည်းလာဟန်ပေါ်သည်ကိုမူ သတိပြုမိသည်။ သူ၏ရုပ်ပိုင်းအသွင်ပင် အိုစာသွားဟန် ပေါ်သည်။
သူမသည် ဝမ်လင်းသည် ခုလက်ရှိ၌ အတိုင်းမသိနာကျင်မှုကို ခံစားနေရသည်အား မသိပေ။ ဝမ်လင်းသည် သူ၏ကံမ္မမီးကို ထွန်းငြှိလိုက်၏။ သူက သူ့စိတ်နှလုံးအတွင်းရှိ စွဲလမ်းမှုကို လောင်စာအဖြစ် အသုံးပြုသည်။ သူ၏စွဲလမ်းမှုက ပိုအားကောင်းလေလေ မီးသည် ပိုမိုပြင်းထန်လာလေပင်။
သူ လီမူဝမ်ကို မြင်ရတိုင်း သူ၏စွဲလမ်းမှုသည် ပို၍ အားကောင်းလာ၏။ မီးသည်လည်း ပိုပြင်းထန်လာကာ နာကျင်မှုသည် ဆထက်တိုးလာသည်။
အချိန် ကုန်ဆုံးလာသည်။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်း၏စိတ်ဝိညာဉ်အတွင်းရှိ မီးသည် အဆင့်တစ်ခုသို့ ရောက်လာသည်။ သူ့မျက်လုံးသည်ပင် ဝေဝေဝါးဝါး ဖြစ်လာပြီး သူ၏ခန္ဓာကိုယ်ပါ အားနည်းလာသည်။ သူ့မျက်နှာသည် လူငယ်တစ်ယောက်အဖြစ်မှ လူလတ်ပိုင်းတစ်ယောက်အသွင်သို့ ကြီးရင့်သွားခဲ့လေပြီ။
“လက်လျော့လိုက်။ မင်း မင်းရဲ့စိတ်ဝိညာဉ်လောင်ကျွမ်းမှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒီအဘိုးအိုက ဒါကို မကြုံခဲ့ဖူးပေမယ့်လည်း ဘိုးဘေးရှိကနေ ကြားဖူးသလောက်ဆိုရင် သူတောင် ဒီခံစားမှုကို လန့်နေတယ်ဆိုတာ ငါ မင်းကို ပြောနိုင်တယ်…”
ပြိုလဲပျက်စီးသွားခဲ့သော ဝဲကတော့သည် ကောင်းကင်ထက်တွင် ထပ်မံပေါ်လာပြန်၏။ ဟင်္သာငှက်အဘိုးအို ထပ်ရောက်လာခြင်းပင်။ သူက စိုးရိမ်နေသောကြောင့် ဖြစ်၏။ သူ့စကားလုံးများတွင်လည်း စိတ်ပူမှုအပြည့် ပါဝင်နေသည်။
ဝမ်လင်းသည် အံတင်းတင်း ကြိတ်ထား၏။ သူ့စိတ်သည်ပင် မရှင်းမလင်း ဖြစ်နေခဲ့ပေပြီ။ ပြင်းထန်သောနာကျင်မှုက သူ့ကို ဒီရေအလား တိုက်စားနေ၏။ ထိုကဲ့သို့ နာကျင်မှုမှာ ဝမ်လင်း တွေ့ကြုံခဲ့ဖူးသော မည်သည့်နာကျင်မှုထက်မဆို ပိုပြင်းထန်သည်။
သူ ရှေးဟောင်းနတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ချိန်တုန်းကသာ သူ့ခန္ဓာကိုယ် ဆက်တိုက် ပျက်စီးလိုက် ပြန်ဖွဲ့စည်းလိုက် ဖြစ်ခဲ့ချိန်က သူသည် ဤကဲ့သို့နာကျင်မှုမျိုးကို ကြုံခဲ့ဖူးပေသည်။ သို့ပေမည့် ထိုနာကျင်မှုနှစ်ခုကြား ကွာဟချက် ကြီးကြီးမားမား ရှိနေ၏။
“မင်းက မင်းရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေတုန်းလား။ ဒါပေမဲ့ မင်းရဲ့ စွဲလမ်းမှုဟာ ကံမ္မမီးအဖြစ် ပြောင်းလဲမသွားသေးဘူး။ ဒီနာကျင်မှုဟာ အခုမှ အစပဲ ရှိသေးတယ်။ ကံမ္မမီးပေါ်လာတာနဲ့ မင်းဟာ ကံမ္မာနတ်ဘုရားပြစ်ဒဏ်ကိုးခုကို ဖြတ်သန်းရလိမ့်မယ်။ ဘိုးဘေးတောင် ဒါကို ဖြတ်သန်းနိုင်ဖို့ တစ်စုံတစ်ယောက်ရဲ့ ကာကွယ်ပေးမှုကို ယူခဲ့ရတယ်။ မင်း အခု ဒါကို လက်လျော့လိုက်တော့။ မင်းမှာ ဒီစွဲလမ်းမှုကို ကံမ္မမီးအဖြစ် ပြောင်းလဲနိုင်မယ့် အခွင့်အရေး လုံးဝ မရှိဘူး…”
“ကောင်းကင်ဘုံအင်ပါယာရဲ့ ကာကွယ်ပေးမှုကြောင့်သာ မရှိခဲ့ရင် ဘိုးဘေးတောင် ဒါကို အောင်မြင်နိုင်ခဲ့မှာ မဟုတ်ဘူး…” ဟင်္သာငှက်အဘိုးအို၏စကားလုံးများထဲတွင် စိတ်ပူစိုးရိမ်မှု ပြည့်နှက်နေ၏။
“ဒီမိန်းကလေးဟာ မင်းရဲ့ စွဲလမ်းမှုပဲ။ ဒီလူသားစမ်းသပ်မှုအတွင်းမှာ အရာအားလုံးဟာ ပုံရိပ်ယောင်သာ ဖြစ်တယ်။ မင်း ဘာကြောင့် မင်းကိုယ်မင်း ဒီလိုပုံရိပ်ယောင်တစ်ခုအတွက် သေလောက်တဲ့အထိ တွန်းပို့နေရတာလဲ…”
“ဝမ်လင်း…မင်း ဘာကြောင့် ဒီလောက် အစွဲအလမ်းကြီးနေရတာလဲ…” ဟင်္သာငှက်အဘိုးအို၏အသံမှာ ပိုစိတ်ပူစိုးရိမ်မှုတို့ ပါဝင်လာ၏။ သူ့လေသံသည်ပင် မာနေသည်။
ဝမ်လင်းသည် ပြန်မဖြေပေ။ သည်အခိုက်တွင် သူ့စိတ်မှာ ဝေဝါးနေချေပြီ။ နာကျင်မှုသည် သူ့စိတ်ဝိညာဉ်အနှံ့ မှတ်ဉာဏ်များအဖြစ် တဖျပ်ဖျပ် ပြောင်းလဲကုန်သည်။
သူ ပထမဆုံး လီမူဝမ်နှင့် တွေ့ခဲ့သောနေရာ…နတ်ဆိုးပင်လယ်၊ တိမ်ကောင်းကင်ကလန်၊ သူမ၏သေဆုံးခြင်းကနေသည် သူမ ခေါင်းတလားထဲတွင် အိပ်ပျော်နေသောအလောင်းတစ်လောင်း ဖြစ်လာသည့်အထိ။
ထိုမှတ်ဉာဏ်များအားလုံးသည် သူ၏စိတ်ဝိညာဉ်ထဲတွင် လောင်ကျွမ်းလို့နေ၏။
“အချိန်ကြာလွန်းခဲ့ပြီ။ မင်းသာ ဒီလိုဆက်လုပ်နေရင် မင်းအသက်အန္တရာယ်ပါ ရှိလာတော့မယ်။ မင်းက မင်းကိုယ်မင်း ဒီလောကနဲ့ မဖြက်တောက်ချင်မှတော့ မင်း ဒီအဘိုးအိုကို မုန်းတီးသွားမယ်ဆိုရင်တောင် ငါ မင်းအတွက် ဒီလောကကို ဖျက်စီးပစ်တော့မယ်…” ဟင်္သာငှက်အဘိုးအို၏စကားများ ပဲ့တင်ထပ်လာ၏။ ဝဲကတော့အတွင်းမှ မီးပင်လယ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုမီးသည် အဘက်ဘက်သို့ ပျံ့နှံ့သည်။ မျက်စိတစ်မှိတ်အတွင်း ဤလောကကို ဝန်းရံသွားသည်။ ၎င်းသည် ဆင်းသက်လာကာ အရာအားလုံးကို ဖျက်စီးပစ်တော့မည့်အလား။
ထိုအခိုက်တွင် လီမူဝမ်သည် တောင်ထိပ်ပေါ်တွင် ပေါ်လာ၏။ သူမသည် အသက်ကို ဟောဟိုက်စွာ ရှုနေပြီး တောင်ထိပ်ဖျားထံသို့ ရောက်လာခါစပင်။ သူမသည် မီးကို မမြင်နိုင်ပေ။ သို့သော် ဝမ်လင်း၏ ဝေဝေဝါးဝါးအမြင်၌ သူသည် မီးက လီမူဝမ်ကို ဝါးမြိုတော့မည်ကို မြင်နေရသည်။
ချက်ခြင်းပင် ဝမ်လင်း၏မျက်လုံးသည် ကြည်လင်လာကာ သူ့မျက်လုံးထဲ၌ မွန်းစတားဆန်သာမီး ပေါ်လာ၏။ မီးသည် လီမူဝမ်ကို ထိခါနီးအချိန်၌ ဝမ်လင်းက မီးပင်လယ်ကို တားဆီးနိုင်ရန် သူမကို ထွေးပွေ့ကာ သူ့နောက်ကျောဘက်သို့ ပို့လိုက်၏။
လီမူဝမ်သည် မင်သက်သွား၏။ ဝမ်လင်း သူမကို ထွေးပွေ့လိုက်ရင်း သူက လှည့်၍ ကောင်းကင်ထက်သို့ လှမ်းအော်ဟစ်သည်။
“ငါ ဒါကို လုပ်နိုင်တယ်…”
“မင်း…” ဟင်္သာငှက်အဘိုးအိုသည် အတော်လေး ဒေါသထွက်သွားပေပြီ။ သူ ပို့လွှတ်ခဲ့သော ကောင်းကင်ထက်မှမီးလည်း ရပ်တန့်သွားလေသည်။
“ဘိုးဘေး…ငါဟာ သူမအတွက် ငါ့တစ်ဘဝလုံး ကျင့်ကြံခဲ့တယ်။ ဒါက ပုံရိပ်ယောင်တစ်ခုဆိုရင်တောင် ဒီဂျူနီယာဟာ သူမကို မနာကျင်စေချင်ဘူး။ သူမကို ဖျက်စီးပစ်ဖို့ဆို ဝေးစွပဲ…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်၏။ သူ့မျက်လုံးထဲမှ မျက်ရည်များလည်း စီးကျလာကာ သူ့ရင်ဘက်ပေါ်မှ တစ်ဆင့် သူ့လက်ထဲရှိ လီမူဝမ်ပေါ်သို့ ကျရောက်သည်။ ထိုမျက်ရည်ပူများသည် သူမ၏စိတ်နှလုံးအတွင်းထိ ဝင်ရောက်သွားဟန်တူကာ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာသည်။
ဝမ်လင်း ထိုစကားလုံးများကို ပြောလိုက်သည့်အခိုက်၌ သူ့စိတ်ဝိညာဉ်အတွင်းမှ မီးသည် ပေါက်ကွဲထွက်လာကာ အရင်ထက် အဆများစွာ ပိုအားကောင်းသွား၏။
ထိုမီးအတွင်း၌ အနက်ရောင်အမျှင်တန်းတစ်ခု ရှိနေသည်။ ထိုအနက်ရောင်မီးသည် လောကကိုပါ အရောင်ပြောင်းလဲသွားစေပြီး ဝမ်လင်း၏စိတ်ဝိညာဉ်အတွင်းရှိ အပြာရောင်မီးကိုပါ လုံးဝ ဖိနှိပ်ပစ်သည်။
“ကံမ္မမီး…” ဟင်္သာငှက်အဘိုးအိုသည် ပင့်သက်ရှိုက်ကာ သက်ပြင်းချမိသည်။
“အခု မင်းရဲ့ စွဲလမ်းမှုကနေ ကံမ္မမီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ပထမဆုံးဘိုးဘေးကလွဲလို့ ဘယ်သူကမှ မင်းကို မတားနိုင်တော့ဘူး။ ရှိပါစေတော့လေ…. မင်းက ဒီလမ်းကို ရွေးချယ်မှတော့ ရှိပါစေတော့…” ဟင်္သာငှက်အဘိုးအို၏အသံသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ မီးပင်လယ်လည်း ပျောက်ကွယ်သွားပြီး ဝဲကတော့ပါ ပျက်စီးသွားလေသည်။
အနက်ရောင်မီးသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ချက်ခြင်း ပြည့်နှက်လာကာ အပြာရောင်မီးကို အစားထိုးပစ်သည်။ ချက်ခြင်းပင် အပြာရောင်မီးရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပြင်းထန်လွန်းသောနာကျင်မှုသည် သူ့စိတ်ဝိညာဉ်ထံမှ ထွက်ပေါ်လာသဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ရီနေလေသည်။ ထိုနာကျင်မှုသည် အစောပိုင်းကထက် အဆတစ်ထောင်လောက် ပိုပြင်းထန်သည်။ သူ၏စိတ်ဝိညာဉ်သည် အလျင်အမြန် ဖျက်စီးခံရတော့သည်။
သူ့ခန္ဓာကိုယ်မှာ လွင့်ပါးပျောက်ကွယ်နေ၏။ သို့သော် သူ့လက်နှစ်ဖက်ကမူ လီမူဝမ်ကို ဆုပ်ကိုင်ထားဆဲပင်။ သူသည် သူ့နာကျင်မှုကို ဖုံးကွယ်ထားနိုင်ရန် အကောင်းဆုံး လုပ်ဆောင်၏။ သူသည် လီမူဝမ်ကို ညင်သာစွာသာ ကြည့်နေသည်။
ဝမ်လင်းသည် လီမူဝမ်ကို ကြည့်ကာ နူးညံ့စွာ ပြော၏။ “ဒီရက်တွေမှာ ငါနဲ့ အဖော်ပြုပေးခဲ့တဲ့အတွက် ငါ အလွန်ပျော်ခဲ့ရတယ်။ နင်ဟာ ပုံရိပ်ယောင်တစ်ခု ဆိုရင်တောင် ငါ့အနေနဲ့ နင့်ကို နာကျင်အောင် လုပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး…”
သူ့အသံထဲတွင် လီမူဝမ်၏စိတ်ကို တုန်လှုပ်စေသောအားတစ်ခု ပါဝင်နေချေသည်။
“သင်…သင်က ဘယ်သူလဲ…” လီမူဝမ်က ဝမ်လင်းကို စိုက်ကြည့်လေ၏။
***