← Chapters

လောင်ကျွမ်းခြင်း

Vol. 106 Ch. 1461

လောင်ကျွမ်းခြင်း

Vol. 106 Ch. 1461

အတိတ်တုန်းတော့ သူမသည် ဝမ်လင်း၏လက်ထဲ၌ စိတ်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ အတိတ်တုန်းက သူသည် သူမကို ဆုပ်ကိုင်ထားရန် ကြိုးစားခဲ့ဖူး၏။ သို့သော် သူက လေကိုသာ ဆုပ်ကိုင်ခဲ့မိကာ လီမူဝမ်သည် သူ့လက်နှစ်ဖက်ကြားကနေ ကောင်းကင်ထက်သို့ စိတ်ဝိညာဉ်တစ်ခုအဖြစ် လွင့်မြောသွားခဲ့သည်။

နှစ်ပေါင်းထောင်ချီကုန်လွန်လာခဲ့ပြီးသည်တောင်မှ ဝမ်လင်းအဖို့ ထိုအဖြစ်အပျက်ကို လုံးဝ မမေ့နိုင်ခဲ့ပေ။

ထိုစဉ်က သူမသည် ညာလက်ဖြင့် ဝမ်လင်းမျက်နှာကို နောက်ဆုံးအကြိမ် ထိရန် ကြိုးစားခဲ့ပုံကိုလည်း ဝမ်လင်းအနေဖြင့် လုံးဝ မမေ့နိုင်ခဲ့ပေ။

ခုချိန်တွင်မူ လီမူဝမ်သည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေသော်လည်း ဝမ်လင်းအတွက်တော့ သူမသည် အစစ်အမှန် ဖြစ်လွန်းနေ၏။ အခု သူ့ထံ၌ ခွန်အားဟူ၍မရှိ၊ သူမကို ဆုပ်ကိုင်ထားနိုင်မည့် ခန္ဓာကိုယ် မရှိသည်ကလွဲ၍ပေါ့။

ဝမ်လင်း၏လက်နှစ်ဖက်မှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေ၏။ အနက်ရောင်မီးသည် လောင်ကျွမ်းလျက် ရှိနေ၏။ သူ၏လက်နှစ်ဖက်သည် လီမူဝမ်၏ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ ကွယ်ပျောက်သွားတော့သည်။

သူ၏မျက်နှာမှာလည်း သက်လတ်ပိုင်းအရွယ်သို့ အလျင်အမြန် ပြောင်းလဲနေ၏။ မြန်ဆန်စွာပင် သူသည် အဘိုးအိုတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဝေဝါးလာတော့သည်။ အတိတ်တုန်းက အဖြစ်သနစ်မျိုး နေရာချင်းလူချင်းလဲ၍ အခု ထပ်ဖြစ်လာသကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားလေတော့၏။ အနက်ရောင်မီးသည် အပြာရောင်မီးကို လွှမ်းမိုးကာ ဝမ်လင်းသည် ဤလောကကနေ ပျောက်ကွယ်သွားလေတော့သည်။

ထိုအနက်ရောင်မီးအောက်ရှိ ဝမ်လင်း၏နူးညံ့သောအကြည့်ကမူ လီမူဝမ်နှင့် ဝေးသထက်ဝေးသွားလေတော့သည်။

လီမူဝမ်က ကောင်းကင်ထက်သို့ မော့ကြည့်နေလျက် သူမ၏စိတ်သည် တုန်ရီနေ၏။

လီမူဝမ်သည် အတင်းရုန်းကန်ကာ အော်ဟစ်လိုက်လေ၏။ “သင် ဘယ်သူလဲ…” သူမ၏ စိတ်နှလုံးအတွင်း၌လည်း ဘာကြောင့်နာကျင်ရမှန်းမသိ ဖြစ်နေသည်။ သူမသည် ထိုနာကျင်မှု မည်သည့်နေရာကနေ ထွက်ပေါ်လာသည်ကိုမသိ၊ သို့သော် ယင်းနာကျင်မှုက ပိုပိုပြင်းထန်လာတော့သည်။

ကံမ္မမီးသည် ထွန်းငြှိသွားခဲ့လေပြီး ဤပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ အရာအားလုံးကို ဖျက်စီး၏။ သို့သော် ၎င်းမီးမှာ ဝမ်လင်း၏တာအိုနှလုံးသားနှင့် သူ၏မှတ်ဉာဏ်များကိုမူ မဖျက်စီးလိုက်နိုင်ပေ။

“ဒီကံမ္မမီးဟာ ငါ့စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တာ။ ငါဟာ ငါ့စွဲလမ်းမှုကို အသုံးပြုပြီး ကျင့်ကြံခဲ့တယ်။ ငါဟာ သူမအတွက် ငါ့တစ်ဘဝလုံး ကျင့်ကြံခဲ့တာ…”

“ကောင်းကင်ဘုံဟာ အကြင်နာကင်းမဲ့ပြီး စွဲလမ်းမှုအားလုံးကို ပယ်ဖျောက်ပစ်စေချင်တယ်။ ဒါပေမဲ့ ငါ့စွဲလမ်းမှုဟာ ကံမ္မမီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ကောင်းကင်ဘုံတောင် ဒါကို မယူဆောင်သွားနိုင်တော့ဘူး…”

“ဒီကံမ္မမီးဟာ ငါ့ခန္ဓာကိုယ်ကို လောင်ကျွမ်းချင်ရင်၊ ငါ့ကို ဖျက်စီးချင်ရင် ငါ ဒါကို တားဆီးမှာ မဟုတ်ဘူး။ ဒီမီးဟာ ငါ့ဘဝရဲ့ စွဲလမ်းမှုပဲ။ ဒါဟာ ငါ့တာအိုပဲ…”

“ကောင်းကင်ဘုံရဲ့ နှလုံးသားကင်းမဲ့တဲ့တာအိုကို ဘာလို့ ကျင့်ကြံမလဲ။ ငါဟာ ငါ့စွဲလမ်းမှုနဲ့အတူ ကျင့်ကြံခဲ့တယ်။ ဒီစွဲလမ်းမှုကို အသုံးပြုပြီး ကံမ္မစက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ငါ ကောင်းကင်ဘုံရှိ မသွားနိုင်တော့ရော ဘာဖြစ်သေးသလဲ။ ငါ ငရဲကို သွားရရင်ရော ဘာဖြစ်သေးသလဲ…”

ကံမ္မမီးသည် ဝမ်လင်းကို ဖျက်စီးပစ်တော့မည့်အခိုက်တွင် တုန်လှုပ်ဖွယ်ဟင်္သာငှက်အော်မြည်သံ ထွက်ပေါ်လာလေ၏။

အနက်ရောင်မီးအတွင်း၌ ဟင်္သာငှက်တစ်ကောင် ပေါ်လာလေသည်။ ထိုဟင်္သာငှက်သည် ကြီးမားကာ အပြာရောင်မဟုတ်ဘဲ အနက်ရောင် ဖြစ်နေ၏။ အနက်ရောင်မီးထံမှ ဖီးနစ်အနက်ရောင် မွေးဖွားလာသည့်အလား။

ဟင်္သာငှက်အော်မြည်သံသည် ဒီလောကတစ်ခွင်တွင် ပဲ့တင်ထပ်၏။ ၎င်းသည် လူသားစမ်းသပ်မှုကို ထွင်းဖောက်ကာ လိပ်ခွံပေါ်ရှိ ပထမဆုံးအမွှေးတိုင်ထံကနေ ပျံ့နှံ့လာချေသည်။ ၎င်းသည် မဟာအင်ပါယာဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။

တာအိုသခင်မြောင်ယင်က ရက်အတော်အတန်ကြာ စောင့်နေခဲ့ရသော်လည်း သူသည် စိတ်မရှည်မဖြစ်မိပေ။ သူက နောက်ထပ်မက်မွန်သီးတစ်လုံးကို ထုတ်ကာ ကိုက်ရန် ဟန်ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက ပထမဆုံးအမွှေးတိုင်ကို စိုက်ကြည့်လိုက်သည်။

ဟင်္သာငှက်အော်မြည်သံသည် လောကတွင် ပဲ့တင်ထပ်လေ၏။

တာအိုသခင်အိပ်မက်ပြာ၏ မျက်လုံးသည် ထူးဆန်းသောအလင်းဖြင့် တောက်ပသွား၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု အရိပ်အမြွက်တစ်ခုလည်း ရှိနေ၏။

“ဟင်္သာငှက်အော်သံ…။ ဒါဟာ သာမန်ဟင်္သာငှက် မဟုတ်ဘူး။ ဒါဟာ…”

ထိုဟင်္သာငှက်အော်သံသည် တကယ့်ကို သာမန်မဟုတ်ပေ။ ၎င်းထံ၌ ဖိဆန်သောသဘာဝရှိ၏။ ဘယ်တော့မှ အညံ့ခံမည် မဟုတ်ချေ။

“ မဖြစ်နိုင်ဘူး။ ဆရာသခင်ယွင်လောက ဒီခွေးကောင်လေးဟာ ဖြတ်ကျော်ဖို့ ခက်ခဲလွန်းတဲ့ အသေအရှင်စမ်းသပ်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ ကြိုမြင်ထားခဲ့တယ်…”

အရှင်စစ်မို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားလျက် သူက ပထမဆုံးအမွှေးတိုင်ကို စိုက်ကြည့်နေသည်။

အရှင်ယွင်လော၏လှပသောမျက်နှာပေါ်တွင်လည်း တုန်လှုပ်ဟန် ဖြစ်ပေါ်နေ၏။ သူမ၏ အင်္ကျီလက်အိုးထဲရှိ ညာလက်မှာ ပို၍ မြန်ဆန်စွာ လှုပ်ရှားကာ ပုံရိပ်များအထပ်ထပ် ဖြစ်စေသည်။ သို့သော် သူမ၏လက်ချောင်းများသည် တုန်ရီလျက် လက်ထိပ်များ ဆုတ်ပြဲသွားကာ သွေးများ စီးကျလာသည်။ သူမ၏ ရှေ့ဖြစ်ဉာဏ်ကို အားတစ်ခုက ပိတ်ပင်လိုက်သကဲ့သို့ပင်။ သို့မဟုတ် ဝမ်လင်း၏ခုလက်ရှိ အခြေအနေသည် သူမ၏ ရှေ့ဖြစ်ဉာဏ်စွမ်းအား၏ ပြင်ပတွင် ရှိနေသကဲ့သို့။

ဟင်္သာငှက်အဘိုးအိုသည် စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်၏။ သူက ရယ်မောလိုက်သည်။ သူ၏မျက်လုံးတို့မှာ တလက်လက် ဖြစ်လာ၏။ ဒုတိယမျိုးဆက်ဟင်္သာငှက်တစ်ယောက်အနေဖြင့် သူသည် ထိုဟင်္သာငှက်၏အော်မြည်သံကို ကောင်းစွာ သဘောပေါက်ပေသည်။ ထိုအသံကို ကြားလိုက်သည်နှင့် လူသားစမ်းသပ်မှုအတွင်း မည်သို့ဖြစ်ပျက်နေသည်ကို သူ သိလိုက်သည်။

“တော်လိုက်တဲ့ကောင်လေး…သူက ကံမ္မမီးအောက်မှာ သူ့ရဲ့ ဟင်္သာငှက်ကို ပြန်ဖွဲ့စည်းနိုင်စွမ်း ရှိနေတယ်။ အဲ့ဒီနောက် ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု ရောက်လာတော့မယ်။ ဒါကသာ အခက်ခဲဆုံးအပိုင်းပဲ…”

ကင်းလိပ်ချောပေါ် ထိုင်နေသော အဘိုးအိုတစ်ယောက်သာ ဘာကိုမှ စိတ်မဝင်စားဟန်ဖြင့် မျက်လုံး မှိတ်ထား၏။

တာအိုသခင်အိပ်မက်ပြာဘေးရှိ အမျိုးသမီးမှာလည်း ပထမဆုံးအမွှေးတိုင်ကို စိုက်ကြည့်နေသည်။ သူသည် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိကာ စိတ်ရှုပ်ထွေးမှုနှင့်အတူ မျက်ရည်များကျလျက် ရှိသည်။

လူသားစမ်းသပ်မှုအတွင်း၌ အနက်ရောင်ဟင်္သာငှက်မှာ ၎င်း၏တောင်ပံကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ ၎င်း၏ခန္ဓာကိုယ်မှာလည်း အနက်ရောင်မီးတောက်များ ပြည့်နှက်လျက် အတိုင်းမသိမြင့်မားသော အပူချိန်ကို ထုတ်လွှတ်နေသည်။ သို့ပေမည့် ထိုအပူချိန်သည် သည်လောကကို မည်သို့မျှ သက်ရောက်မှုမရှိ၊ ထိုဟင်္သာငှက်၏ခန္ဓာကိုယ်ပေါ်သို့သာ သိပ်သည်းလေသည်။

ဟင်္သာငှက်အော်သံသည် ပို၍ ကျယ်လောင်လာ၏။ ဤအသံတွင် လူတစ်ယောက်၏စိတ်ကို လှုပ်ခါစေနိုင်သော တုန်ခါလှိုင်းတစ်ခု ပါဝင်သည်။

အနက်ရောင်ဟင်္သာငှက်သည် ဝမ်လင်း၏စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာခြင်းသာ။

“ကံမ္မမီးထွန်းငြှိပြီးတော့ ကံကြမ္မာစက်ဝန်းကို လောင်ကျွမ်းလိမ့်မယ်။ ငါ့လေးကြိမ်မြောက် ဟင်္သာငှက်နိုးထခြင်းကို အကူအညီဖြစ်စေတယ်…” အနက်ရောင်ဟင်္သာငှက်သည် တစီစီအသံပေးလျက် ကောင်းကင်ထက်သို့ တိုးဝင်သွားသည်။ ၎င်းသည် အမြင့်ဆုံးသို့ ရောက်သည့်အခါ ၎င်း၏ခန္ဓာကိုယ်ထံမှ အနက်ရောင်မီးများ ပေါက်ကွဲထွက်လာသည်။

“ငါ့စွဲလမ်းမှုမီးနဲ့….” ဝမ်လင်း၏အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်၏။ ဝမ်လင်း၏ပတ်လည်ရှိ မီးသည် မီးပင်လယ်တစ်ခုအဖြစ်ပြောင်းကာ ဟင်္သာငှက်ကို ဗဟိုပြုထားကာ ပျံ့နှံ့သည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ခုလုံး အနက်ရောင်မီးများ ဖုံးလွှမ်းသွားသည်။ သို့သော် လူသားစမ်းသပ်မှုအတွင်းရှိ မည်သည့်သက်ရှိကမျှ ဒီမီးကို ခံစားနိုင်စွမ်း မရှိပေ။

မီးပင်လယ်သည် ပိုပိုအားကောင်းလာသည်။

“လူသားအမွှေးတိုင်…ထွန်းငြှိမယ်…” ဝမ်လင်း၏အော်သံကား ဟင်္သာငှက်၏အော်သံ ဖြစ်လာကာ ကောင်းကင်အနှံ့ ပဲ့တင်ထပ်သည်။ မီးပင်လယ်သည် ရုတ်တရက် ဝမ်လင်းထံ ကြုံ့လာကာ မီးတိုင်လုံးတစ်ခုအဖြစ်ပြောင်း၍ ကောင်းကင်သို့ ထိုးတက်သည်။

ဝမ်လင်း၏စိတ်ဝိညာဉ်မှာ မီးအတွင်းရှိ အနက်ရောင်ဟင်္သာငှက်၏ထိပ်တွင် ပြန်ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ပေပြီ။ သူသည် ကောင်းကင်ထက်သို့ ကြည့်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...။

ကောင်းကင်အနှံ့တွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကောင်းကင်ကို ဆုတ်ဖြဲလိုသော အားတစ်ခုအဖြစ်သို့ ပြောင်းသည်။

ထိုအခိုက်အတန့်တွင် ဧရာမလိပ်ကြီး ကျောပေါ်ရှိ ပထမဆုံးအမွှေးတိုင်ထံမှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်လာသည်။

“ထွန်းငြှိသွားပြီ…”

“ပထမဆုံးအမွှေးတိုင် မီးထွန်းငြှိသွားခဲ့ပြီ…”

“သူ ဒီအမွှေးတိုင် ဘယ်လောက်ကြာကြာ ခံအောင် လုပ်နိုင်မလဲ ကြည့်ရတာပေါ့…” ထိုကျင့်ကြံသူများသည် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေရသဖြင့် စိတ်မရှည် ဖြစ်နေကြပေပြီ။ သူတို့က ပထမဆုံးအင်ပါယာငယ်ကို ကြောက်လန့်သည့်အတွက်ကြောင့်သာ မဟုတ်ပါက ထွက်ခွာနေလောက်ပေပြီ။ သို့ပေမည့် သည်အခိုက်အတိုက့်တွင်မူ သူတို့အားလုံးသည် မြင့်တက်လာသော အနက်ရောင်အခိုးငွေ့များထံ အကြည့်ရောက်နေသည်။

အပူချိန်မှာ တဖြည်းဖြည်း ပျံ့နှံ့လာပြီး လူသားစမ်းသပ်မှုအမွှေးတိုင်သည် တောက်ပစွာ လောင်ကျွမ်းလေပြီ။

လောင်ကျွမ်းမှုက အလွန်ပြင်းထန်၏။ အဝေးမှကြည့်ပါက မီးတောက်များမှာ ကြောက်မက်ဖွယ်ရာကောင်းသည်။ အမွှေးတိုင်သည် အလွန်လျင်မြန်စွာ လောင်ကျွမ်းနေသည်။ ၎င်း၏အမြန်နှုန်းမှာ အံ့မခန်းပင်။ ချက်ခြင်းပင် အမွှေးတိုင်တစ်ဝက်ကျော်သည် ပြာဖြစ်သွားပေပြီ။

ကျင့်ကြံသူတစ်သောင်းက ထိုအမွှေးတိုင်သည် လုံးဝ လောင်ကျွမ်းသွားတော့မည်ဟု ထင်နေကြစဉ် ဖျပ်ခနဲ မီးက ရုတ်တရက် ရပ်တန့်သွားသည်။

ထိုရပ်တန့်မှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်များနှင့် ပေါင်းစပ်သွားဟန်ရကာ သူတို့၏စိတ်ကို တုန်လှုပ်သွားစေသည်။

အရှင်စစ်မိုသည်လည်း လူသားအမွှေးတိုင်ကို စိုက်ကြည့်နေ၏။

ဆရာသခင်ယွင်လော၏ မျက်နှာမှာ အနည်းငယ် ဖြူရောနေသလို သူမ၏မျက်လုံးထဲတွင်လည်း သုန်မှုန်ဟန်အရိပ်အမြွက် ဖြစ်ပေါ်လျက် ရှိသည်။

လူသားစမ်းသပ်မှုအတွင်း၌ ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်သည်။ သူသည် အနက်ရောင်ဟင်္သာငှက်၏အပေါ်တွင် မားမားရပ်နေ၏။ သူ့ထံမှ အဆုံးမဲ့အနက်ရောင်မီးတောက်များ ပေးစွမ်းနေသည်။ သူက အသက်ဝဝရှုသွင်းလိုက်၏။ သူက တောင်ထိပ်ပေါ်ရှိ မြေပြင်ထက်မှာ ရှိနေသော နူးညံ့သောပုံရိပ်လေးကို ငုံ့ကြည့်က ခပ်တိုးတိုး ပြောလိုက်သည်။

“ငါက ဝမ်လင်းပါ…” လီမူဝမ်ထံသို့ ထိုသို့ လှမ်းပြောလိုက်ပြီးနောက် သူသည် ရုတ်တရက် ခေါင်းမော့လိုက်၏။

“ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု…ရောက်လာပြီ…”

ကံမ္မာနတ်ဘုရားပြစ်ဒဏ်ကိုးခုမှာ ကံမ္မမီး၏နတ်ဘုရားပြစ်ဒဏ် ဖြစ်လေ၏။ ပထမဆုံးမျိုးဆက်ဟင်္သာငှက်သည် ထိုနတ်ဘုရားပြစ်ဒဏ်ကြောင့် သူ၏အသက် ဆုံးရှုံးလုနီး ဖြစ်ခဲ့ရသည်။ ကောင်းကင်ဘုံအင်ပါယာ၏ ကာကွယ်ပေးမှုသာ မရှိခဲ့ပါက သူသည် သေနေလောက်ပေပြီ။

ခုချိန်တွင် ဝမ်လင်းသည် ခြောက်ဆက်မြောက်မျိုးဆက်ဟင်္သာငှက်အဖြစ် ထိုကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခုကို မည်သူ၏အကာအကွယ်မှ မပါဘဲ ဖြတ်ကျော်တော့ပေမည်။

အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊မဲနယ်၊ခရမ်းရောင်မီးတို့သည် လောကတွင် ပေါ်လာ၏။ ယင်းတို့၏အထက်တွင် အဖြူနှင့်အနက်ရောင် မီးတို့သည် တစ်ပါးတည်း ပါလာသည်။ ထိုအရောင်ကိုးခုမှာ နတ်ဘုရားပြစ်ဒဏ်ကိုးခု မည်၏။ ၎င်းသည် အနက်ရောင်မီးနှင့် အစပြုကာ အနက်ရောင်မီးနှင့် စက်ဝန်းတစ်ခုအသွင် အဆုံးသပ်ပေမည်။

သူသာ ထိုနတ်ဘုရားပြစ်ဒဏ်ကိုးခုလုံးကို ဖြတ်ကျော်နိုင်ခဲ့ပါက သူသည် လေးကြိမ်မြောက်ဟင်္သာငှက်ကို နိုးထစေနိုင်မည်ပင်။ သူ၏ အထည်ဒြပ်မီးသည်လည်း သိမ်မွေ့ဆန်းကြယ်နယ်ပယ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ကံမ္မာနတ်ဘုရားပြစ်ဒဏ်ကိုးခု ဆင်းသက်လာချေပြီ။

ဝမ်လင်းပတ်လည်ရှိ အနက်ရောင်မီးသည် လေပြင်းတစ်ခု မွှေနှောက်ခံရသည့်အလား ရုတ်တရက် သွေးနီရောင်သို့ ပြောင်းလဲသွား၏။

မိုးကြိုးတုန်ဟည်းသံများသည် ပဲ့တင်ထပ်ကုန်၏။ အဆုံးမဲ့မီးများ ဝမ်လင်းပတ်လည်တွင် ဝန်းရံကာ သူ့ထံသို့ အဘက်ဘက်ကနေ တိုးဝင်လာသည်။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ပထမဆုံးအမွှေးတိုင်သည် ရပ်တန့်ပြီးနောက် စတင်လောင်ကျွမ်းလာတော့သည်။

***

All Chapters