တုန်လှုပ်ဖွယ်ပြောင်းလဲမှု…
Vol. 106 Ch. 1462
လူသားစမ်းသပ်မှုအတွင်း၌ သွေးနီရောင်မီးသည် ပြည့်နှက်လာသည်။ ၎င်းသည် ပြင်းထန်သောအပူလှိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်ကာ ဝမ်လင်းထံ မြင့်တက်လာ၏။ ထိုမီးအတွင်းမှ စွမ်းအားသည် ကောင်းကင်ကိုပါ လောင်ကျွမ်းသွားစေဖို့ လုံလောက်နေ၏။
ဝမ်လင်းသည် ၎င်းမီးအတွင်း၌ ရှိနေလျက် အနက်ရောင်ဟင်္သာငှက်ထိပ်တွင် ရပ်နေ၏။ သူသည် ထိုသွေးနီရောင်မီး၏အပူချိန်ကို ကောင်းစွာ ခံစားရ၏။ ထိုအပူလှိုင်း နီးကပ်လာသည့်အခါ သူသည် လောင်ကျွမ်းခံရခြင်း နာကျင်မှုကို ခံစားရလေ၏။
ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု၏ ပထမဆုံးပြစ်ဒဏ်မှာ အနီရောင်မီး ဖြစ်ချေ၏။ ၎င်းသည် ဝမ်လင်း၏စွဲလမ်းမှုအတွက် သူ သတ်ဖြတ်ခဲ့မှုများကို ကိုယ်စားပြုသည်။ ထိုသတ်ဖြတ်သူ နတ်ဘုရားပြစ်ဒဏ် မြင့်တက်လာကာ အပြင်းအထန် လောင်ကျွမ်းသည်။
ဝမ်လင်းအောက်ရှိ ဟင်္သာငှက်မှာ ထိုအနီရောင်မီးအပူရှိန်ကြောင့် နာကျင်စွာ အော်မြည်သံ ပြု၏။ ဝမ်လင်း၏ခုမှ ပြန်ဖြစ်ပေါ်ကာစ စိတ်ဝိညာဉ်သည်ပင် ပျက်စီးလုနီးနီး ဖြစ်သွားကာ သူသည် ရှင်လျက်လောင်ကျွမ်းခံရလုနီး ဖြစ်ရ၏။
သူသည် ကံမ္မနတ်ဘုရားပြစ်ဒဏ်များ၏ စွမ်းအားကို ကြိုးစားခန့်မှန်းခဲ့သော်လည်း ပထမဆုံးပြစ်ဒဏ်သည်ပင် ခုလောက်တောင့်ခံဖို့ ခက်ခဲလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
ထိုအနီရောင်မီးအတွင်း၌ တဒင်္ဂသည် ထာဝရကဲ့သို့ ခံစားရနိုင်၏။ အနက်ရောင်ဟင်္သာငှက်သည် ၎င်းမီးကို တောင့်မခံနိုင်တော့ဘဲ ၎င်း၏ခန္ဓာကိုယ်မှာ မြန်ဆန်စွာ ကြုံ့လေ၏။ ၎င်း၏ကိုယ်ပေါ်ရှိ အနက်ရောင်မီးမှာ မြန်ဆန်စွာ နီရဲလာချေသည်။
၎င်းသည် လုံးဝ နီရဲသွားခဲ့ပါက ထိုဟင်္သာငှက်သည် ပထမဆုံးနတ်ဘုရားပြစ်ဒဏ်၏ အစိတ်အပိုင်း ဖြစ်လာပေလိမ့်မည်။ ထို့နောက် ၎င်းမီး၏စွမ်းအားကား တိုးပွားလာကာ ဝမ်လင်းကို ဝါးမြိုပေလိမ့်မည်။
ဝမ်လင်းသည် ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်ဟန်အရိပ်အမြွက် ဖြစ်ပေါ်သည်။ ပထမဆုံးနတ်ဘုရားပြစ်ဒဏ်သည် မထင်မှတ်စွာ အစွမ်းထက်လွန်း၏။ သူသည် ၎င်းကို ခုခံနိုင်ဖို့ ခက်ခဲလှသည်ကို တွေ့လိုက်ရသည်။ သို့ပေမည့် ဝမ်လင်းသည် ဘယ်တုန်းကမှ ဒူးထောက်တတ်သူ မဟုတ်ခဲ့ပေ။ သူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ ရှိုက်သွင်းလိုက်ချေ၏။
“ပထမဆုံးနတ်ဘုရားပြစ်ဒဏ်…မင်းက ငါ့ကို ရှင်လျက် လောင်ကျွမ်းပစ်နိုင်မလား။ ငါကပဲ မင်းကို အရင်ဆုံး ဝါးမြိုပစ်မလား ကြည့်ရတာပေါ့ကွာ…” ဝမ်လင်း၏မျက်လုံးအတွင်း ရူးသွပ်မှုဟန် ဖြစ်ပေါ်၏။ အန္တရာယ်ပိုများလေလေ ဝမ်လင်းသည် ပို၍ လက်မလျော့လိုလေ စရိုက်ရှိသူ မဟုတ်လား။
ဤအခိုက်တွင် အနီရောင်မီးအားလုံးသည် သူ၏ပါးစပ်အတွင်းသို့ တရကြမ်း တိုးဝင်လာကာ ဝမ်လင်းသည် ၎င်းကို ချက်ခြင်း ဝါးမြိုပစ်လိုက်တော့၏။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လွန်း၏။ အနီရောင်မီးအားလုံးသည် ကောင်းကင်ယံမှ ကွယ်ပျောက်သွားတော့သည်။ သို့ပေမည့် ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲကာ သူသည် သွေးလူသားအသွင် ဖြစ်လာချေသည်။ သွေးအလင်းသည် သူ့ခန္ဓာကိုယ်တလျှောက် ထွင်းဖောက်ကာ သူ၏ခန္ဓာကိုယ်ကို အစိတ်စိတ် ဆုတ်ဖြဲမည့်အလား။
သည်ခန္ဓာကိုယ်မှာ ဝမ်လင်း၏စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာတာ ဖြစ်၏။ သည်အခိုက်တွင် အနီရောင်မီးမှာ သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေလေပြီ။
မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဧရာမလိပ်ကြီးပေါ်ရှိ ပထမဆုံးအမွှေးတိုင်သည် အရူးအမူး ကျွမ်းလောင်နေ၏။ လူတိုင်း၏ရှေ့မှောက်တွင် ထိုအမွှေးတိုင်မှ ထွက်ပေါ်လာသော အနက်ရောင်အခိုးငွေ့များသည် အနီရောင်သို့ ပြောင်းသည်။ ထိုအနီရောင်အခိုးငွေ့မှာ ကြောက်မက်ဖွယ်ကောင်းလှကာ ဂြိုဟ်တစ်ခုလုံးကို လင်းထင်းစေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ပင့်သက်ရှိုက်ကာ နောက်သို့ အလိုလို ဆုတ်မိကုန်သည်။
ထိုအခိုက်အတန့်တွင် ပိုမိုပြင်းထန်သောအနီရောင်အလင်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ထိုအနီရောင်အလင်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ ရွှေ့လျားကာ အဆုံးစွန်မြင့်မားသောအပူရှိန်ကို ဖြစ်စေသည်။
တစ်ချိန်တည်းမှာ ပထမဆုံးအမွှေးတိုင် လောင်ကျွမ်းမှုသည် ရုတ်တရက် ရပ်တန့်သွားတော့၏။
ဟင်္သာငှက်အဘိုးအိုသည် ထိုအမွှေးတိုင်ကို စိုးရိမ်ပူပန်ဟန်ဖြင့် စိုက်ကြည့်လျက် ရှိသည်။
လူသားစမ်းသပ်မှုအတွင်း၌မူ ဝမ်လင်းသည် အနီရောင်မီးအားလုံးကို ဝါးမြိုပစ်ခဲ့ပြီးလေပြီ။ သူသည် မိုးကြိုးတန်းထောင်သောင်းချီ သူ၏ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသွားသလို သူ့အား ကွယ်ပျောက်စေတော့မတတ် ခံစားလိုက်ရ၏။
ဝမ်လင်းသည် မာန်သွင်းကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ တဝက်တိတိ နီရဲနေသော ဟင်္သာငှက်သည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာကာ သူတို့သည် ချက်ခြင်း တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သည်။
ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူက သူ့ခန္ဓာကိုယ်အတွင်း မီး လောင်ကျွမ်းနေသည်ကို ခွင့်ပြုထားသည်။ သူသည် ပြင်းထန်သောနာကျင်မှုကို တင်းတင်းတောင့်ခံထားပြီး ထိုအနီရောင်မီးကို ဆက်လက် သန့်စင်ပစ်နေသည်။ သူက ယင်းအနီရောင်မီးကို သူ၏ကိုယ်ပိုင်မီးဖြစ်လာစေရန် ကြိုးစားခြင်းပင်။
ထိုအခိုက်တွင် ကောင်းကင်သည် အရောင်ပြောင်းလဲ၏။ လိမ္မော်ရောင်အလင်း ပေါ်လာသည်။ ထိုအလင်း ပေါ်လာသည်နှင့် ဒုတိယနတ်ဘုရားပြစ်ဒဏ် သက်ဆင်းလာချေသည်။
ထိုလိမ္မော်ရောင်မီး သူ့ကို ဝန်းရံမလာခင် ဝမ်လင်းအဖို့ အနီရောင်မီးကို သန့်စင်ဖို့ အချိန်မရတော့ပေ။
လိမ္မော်ရောင်မီး ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်အဝါရောင် လင်းလက်ကာ အဝါရောင်မီးလှိုင်းကြီးတစ်ခုပါ ကပ်ပါလာသည်။
ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုအဝါရောင်မီးနောက်တွင် အစိမ်းရောင်အလင်းပါ ရှိနေခြင်းတည်း။ တုန်လှုပ်ဖွယ်အစိမ်းရောင်မီးကပါ မြန်ဆန်စွာ ချဉ်းကပ်လာလေပြီ။
မီးအရောင်သုံးမျိုးသည် တစ်ချိန်တည်း ပေါ်လာ၏။ တစ်နည်းအားဖြင့် နတ်ဘုရားပြစ်ဒဏ်သုံးခုသည် အတူတကွ ပေါ်လာခြင်းပင်။
ယင်းကား ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု၏ အစစ်အမှန်ကြောက်ဖို့ကောင်းသည့် အချက်ပင်။ ၎င်းသည် ရိုးရိုးနတ်ဘုရားပြစ်ဒဏ်နှင့် မတူပေ။ ၎င်းကံမ္မနတ်ဘုရားပြစ်ဒဏ်သည် အဖျက်အစီးနတ်ဘုရားပြစ်ဒဏ် ဖြစ်ကာ ပေါ်လာသည်နှင့် သတ်ဖြတ်ပစ်ဖို့သာ တာဆူလေ၏။
နတ်ဘုရားပြစ်ဒဏ်သုံးခုသည် လူသားစမ်းသပ်မှုလောက၏ ကောင်းကင်ကို ဖုံးလွှမ်းထား၏။ ပထမအမွှေးတိုင်သည် အတွင်းမှ အခြေအနေကို အပြင်ဘက်တွင် ထင်ဟပ်စေသည်။ လိမ္မော်၊အဝါ၊အစိမ်းရောင် အခိုးငွေ့များသည် ထိုအမွှေးတိုင်၏ထိပ်မှ မြင့်တက်လာနေ၏။
“ပထမဆုံးနတ်ဘုရားပြစ်ဒဏ်တောင် ခုထိ မကျော်ဖြတ်ရသေးဘူး။ အခု လိမ္မော်၊အဝါ၊အစိမ်း နတ်ဘုရားပြစ်ဒဏ်တွေပါ တစ်ပြိုင်နက်တည်း ရောက်လာခဲ့ပြီ။ သူ ဒါကို ဘယ်လိုများ ကျော်ဖြတ်ပါ့မလဲ…” ဟင်္သာငှက်အဘိုးအို၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ အခုက သူ့အနေဖြင့် ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူက ယင်းပြစ်ဒဏ်ကိုးခုသည် ထိုမျှကြမ်းလှမည်ဟု မမျှော်လင့်ထားခဲ့မိချေ။
ထိုကိစ္စအပေါ် အပျော်ရွှင်ဆုံးကတော့ အရှင်စစ်မို ဖြစ်လေ၏။ သူက ရက်စက်ဟန်အပြုံး ထုတ်ဖော်ကာ ပထမဆုံးအမွှေးတိုင်ကို စိုက်ကြည့်လျက် စိတ်ထဲကနေ တွေးလိုက်သည်။ “အထဲမှာ ဘာဖြစ်နေလဲ ငါ မသိပေမယ့်လည်း ကြည့်ရတာ ဒီခွေးကောင်လေး သေခြင်းတရားကနေ လွတ်မြောက်ဖို့ ခက်ခဲနေတဲ့ပုံပဲ။ ငါ သူ့ရဲ့ လျှို့ဝှက်ချက်ကို မရှာနိုင်တော့တာတော့ နှမြောစရာပဲ။ ဒါပေမဲ့ သူ သေသွားလည်း ကောင်းတာပါပဲလေ…”
ဆရာသခင်ယွင်လောသည်လည်း အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူမ၏လက်ချောင်းထိပ်မှ ဒဏ်ရာများကိုလည်း ကုသပြီးသွားခဲ့ပေပြီ။ သူမက ပထမဆုံးအမွှေးတိုင်ကို ကြည့်ကာ တွေးလိုက်၏။ “ကြည့်ရတာ ဒီလူဟာ ဘိုးဘေး ကြိုမြင်ခဲ့တဲ့သူ မဟုတ်တဲ့ပုံပဲ…”
“အဖေ…” လီချန်မေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားလျက် သူမ၏အဖေ ဖြစ်သူထံသို့ လှည့်လိုက်၏။ သူမ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှု ရှိလို့နေဆဲ။ ထို့အတူ နာကျင်မှုနှင့် တောင်းဆိုမှုပါ ရောယှက်နေလေ၏။
တာအိုသခင်အိပ်မက်ပြာသည် သက်ပြင်းချလိုက်၏။ သူက နူးညံ့စွာ ပြောလိုက်သည်။ “အဖေ သူ့ကို ကူညီပေးမှာပါ။ စိတ်အေးအေးထားပါ။ ဒါပေမဲ့ သူက ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အဖေ ခံစားမိနေတယ်…”
လူသားစမ်းသပ်မှုအတွင်း၌မူ ဝမ်လင်း၏ခန္ဓာကိုယ်သည် အနီရောင်တောက်ပမှုကို ပေးစွမ်းနေ၏။ သူ၏မျက်လုံးတွင်း၌ ကံကြမ္မာကို ဖိဆန်ရုန်းကန်မှုတို့ ပါဝင်နေချေသည်။
“နတ်ဘုရားပြစ်ဒဏ်ကိုးခုမှာ သုံးခုဟာ တစ်ချိန်တည်း ပေါ်လာခဲ့ပြီ။ ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်…။ ဒီနတ်ဘုရားပြစ်ဒဏ်သုံးခုက ငါ့စိတ်ဝိညာဉ်ကို ဖျက်စီးပစ်နိုင်မလား ငါ မြင်ချင်သေးတယ်…” သူသည် နာကျင်မှုကြောင့် လက်လျော့မသွားဘဲ ထိုအစား ရယ်မောလိုက်လေ၏။ သူက သူ့နာကျင်မှုကို ဖိနှိပ်ကာ သူ့လက်ကို ဝေ့ယမ်းလျက် နောက်တစ်ကြိမ် ရှိုက်သွင်းလိုက်ပြန်သည်။
“ဒီမီးလေးမျိုးလုံးကို ငါ့စိတ်ဝိညာဉ်ထဲ ရှိုက်သွင်းပစ်မယ်။ မင်းတို့က ငါ့ကို သေတဲ့အထိ လောင်ကျွမ်းနိုင်ရင် လောင်ကျွမ်းပေါ့။ မဟုတ်ရင် မင်းတို့အားလုံးကို ငါ ဝါးမြိုပစ်မယ်…”
ဝမ်လင်း၏ရယ်မောသံသည် ကံကြမ္မာကို ဖိဆန်သောအသံတစ်ခုအဖြစ် ဖြစ်ပေါ်သည်။
သူသည် ရယ်မောနေရင်း သူ၏မျက်လုံးအတွင်း၌ သူ့နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှုမှာ တလက်လက် ဖြစ်ပေါ်သည်။ သူ၏မှတ်ဉာဏ်များ စိတ်အတွင်း၌ တဖျပ်ဖျပ် ဖြစ်ပေါ်နေရင်း သူ့နှလုံးသားအတွင်းမှာ သူ၏မိဘနှစ်ပါး ပေါ်လာ၏။ ခါးသီးဖွယ် အတိတ်က သူ၏ မွေးရပ်မြေသို့ ပြန်ရောက်ကာ သူ့မိသားစုဝင်များရှေ့တွင် ဒူးထောက်လျက် ရှိ၏။ သူ့မိသားစု သူ့ထံမှ ခွဲခွာသွားခဲ့စဉ်ကလည်း မိုးသည်းသောညတစ်ည ဖြစ်လို့နေပေသည်။ ထိုမြင်ကွင်းအားလုံးမှာ သူ၏စိတ်အတွင်း၌ တဖျပ်ဖျပ် ပြန်ပေါ်နေသည်။
မှတ်ဉာဏ်များ ပြန်ပေါ်နေရင်း လိမ္မော်ရောင်မီးကား ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်လေတော့၏။ ၎င်းက အနီရောင်အလင်းနှင့်အတူ ရောထွေးယှက်တင်သည်။
စိတ်ဝိညာဉ်တစ်ခုသည် ဝမ်းနည်းမှုနှင့် ပြည့်နှက်လာပါက လူတစ်ယောက်သည် သူ၏အိမ်အကြောင်းကို တွေးမိပေလိမ့်မည်။ စိတ်ဝိညာဉ်တစ်ခုသည် သူ၏အိမ်သို့ ပြန်လည် ရောက်ရှိခဲ့လျှင် ဝမ်းနည်းမှု မျက်ရည်သည် အုတ်ဂူရှေ့တွင် ကျဆင်းမိပေမည်။
လိမ္မော်ရောင်မီးနောက်တွင် အဝါရောင်မီကပါ တဟုန်ထိုး တိုးဝင်လာသည်။ ၎င်းသည် လိမ္မော်ရောင်မီး ပတ်လည်တွင် မီးချိပ်ပိတ်မှုတစ်ခုအသွင် ဖြစ်ပေါ်ကာ ဝမ်လင်း၏ခန္ဓာကိုယ်ကို အရူးအမူး လောင်ကျွမ်းသည်။
အချိန်သည် အကြင်နာမဲ့၏။ ရက်စက်၏။ ခွဲခွာသူများအဖို့ ထာဝရနာကျင်မှုကို ဖြစ်စေသည်။
တစ္ဆေအလား အစိမ်းရောင်မီးပါ ရောက်ရှိလာပြီး ကောင်းကင်တစ်ခွင်လုံးကို အစိမ်းရောင် ဖြစ်သွားစေ၏။ အစိမ်းရောင်မီးသည် တစ္ဆေတစ်ကောင်အလား။ ၎င်းသည် ရုတ်တရက် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။
ဝမ်လင်း၏မျက်လုံးသည် လင်းလက်ကာ သူ့ဦးခေါင်းအတွင်းမှ စီးဆင်းနေသော မှတ်ဉာဏ်များသည် ရပ်တန့်သွားသည်။ မီးလေးမျိုးကား အရူးအမူး လောင်ကျွမ်းကာ အဖျက်အစီးအားတစ်ခု ပေါ်လာခဲ့ပြီ။ ဝမ်လင်း၏ သန့်စင်နှုန်းမှာ ထိုမီးလေးမျိုးနှင့် လုံးဝ မယှဉ်နိုင်ပေ။ ကြည့်ရသည်မှာ ၎င်းမီးများက သူ့ကို ရှင်လျက် လောင်ကျွမ်းနေသည့်အလား။ ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်ကာ ဝေ့ယမ်း၍ သူ၏သိုလှောင်နေရာလွတ်ကို ပွင့်ဟစေလိုက်သည်။
ဝမ်လင်း၏လက်အတွင်း၌ နဂါးသွေးနှင့်အိုးတစ်လုံး ပေါ်လာသည်။
ထိုနဂါးသွေးကို တစ်ကြိုက်သောက်ရုံဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းမှ မီး၏စွမ်းအားကို ကြီးစွာ မြင့်တက်ပေးနိုင်သည်။ ဤအခိုက်တွင် သူသည် တွေဝေမနေဘဲ ထိုနဂါးသွေးအိုးကို မော့သောက်လိုက်သည်။
သူက အိုးတစ်ခုလုံးကို တစ်ကျိုက်တည်း တစ်စက်မျှ မကျန်အောင် သောက်ပစ်လိုက်ခြင်းပင်။
သူက သူ့ညာလက်ကို ဝေ့ယမ်းပြီး ထိုအိုးကို လွှတ်ပစ်လိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးသည် မြင့်တက်လာသည်။ ပူပြင်းသောနဂါးသွေးမှာ မီးပင်လယ်တစ်ခုအဖြစ် ပြောင်းကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးလေးမျိုးနှင့် တိုက်ပွဲစတင်သည်။
သူ ခုခံနေရင်း ဝဲကတော့တစ်ခုသည် ဝမ်လင်း၏စိတ်ဝိညာဉ်အတွင်းနက်ပိုင်း၌ ဖြည်းဖြည်းချင်း ပေါ်လာ၏။ ထိုဝဲကတော့သည် ဖြည်းဖြည်းချင်းနိုးထလာသော ကောင်းကင်ဘုံဖိဆန်ခြင်းပုတီးစေ့မှ ထွက်ပေါ်လာတာ ဖြစ်သည်။
“ငါက ဒီနတ်ဘုရားပြစ်ဒဏ်လေးမျိုးလုံးကို ငါ့စိတ်ဝိညာဉ်ထဲ ဝါးမြိုခဲ့ပြီးပြီး။ ဒါ့ကြောင့် ဘာမှဆက်မလောင်ကျွမ်းနိုင်တော့ဘူး။ ငါးခုမြောက်နတ်ဘုရားပြစ်ဒဏ် ဘာကြောင့် မဆင်းသက်လာသေးတာလဲ…”
သူ၏ခန္ဓာကိုယ်အတွင်းမှ မီးသည် အကန့်အသတ်တစ်ခု ရောက်လာ၏။ သူက မာန်သွင်းကာ ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွား၏။ ကောင်းကင်သည် အရံအတားတစ်ခုအလား၊ သူက အဆုံးသပ်သို့ မြန်ဆန်စွာ ရောက်ရှိလာ၏။ ကောင်းကင်သည် ပြိုလဲပျက်စီးကာ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။
ထိုကြေမွသွားသော ကောင်းကင်၏နောက်တွင် နောက်ထပ်ကုန်းမြေတစ်ခု ရှိလေသည်။ ယင်းနေရာတွင် အဆုံးမဲ့စိတ်ဝိညာဉ်များနှင့် ပြည့်နှက်နေကာ မြေအောက်လောကတစ်ခုအလား။
ကျင့်ကြံသူတစ်သောင်းက လုံးဝရပ်တန့်နေသော ပထမဆုံးအမွှေးတိုင်ကို စိုက်ကြည့်နေကြ၏။ လူသားစမ်းသပ်မှုအပြင်ဘက်တွင် ၎င်းအမွှေးတိုင်သည် ဝမ်လင်းနှင့်အထက် ပေတစ်ရာအကွာတွင် မလှုပ်မယှက် ရှိနေသည်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ အသက်တစ်ခါရှုချိန်။ နှစ်ခါ…ကနေသည် အသက်ငါးခါရှုချိန် ကျော်သည့်အထိ ကုန်လွန်သွားခဲ့သည်။
လေးယောက်မြောက်မျိုးဆက်ဟင်္သာငှက်သည် အသက်ရှုချိန်ငါးကြိမ်သာ ဤအမွှေးတိုင်ကို လုံးဝ မငြှိမ်းသေသည့်အထိ တောင့်ခံထားနိုင်ခဲ့၏။ သို့သော် ခုချိန်တွင်မူ ဝမ်လင်းသည်လည်း မထင်မှတ်စွာဖြင့် အသက်ရှုချိန်ငါးခါ တောင့်ခံခဲ့ပြီးပင်။
ခြောက်ကြိမ်။
ခုနစ်ကြိမ်။
တာအိုသခင်မြောင်ယင်၏ မျက်လုံးသည် ကျဉ်းမြောင်းသွားကာ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သည်။
ထိုအမွှေးတိုင်သည် အသက်ရှုချိန်ခုနစ်ကြိမ်စာထိ လုံးဝ မငြှိမ်းသေးသေးရုံရှိသေး အံ့အားတသင့်အသံလှိုင်းတစ်ခုသည် ပဲ့တင်ထပ်သွားလေ၏။ ဤအသံမှာ လူတစ်ယောက်တည်းကြောင့် ထွက်ပေါ်လာတာ မဟုတ်ပေ။ လူထောင်ချီကြောင့် ထွက်ပေါ်လာတာ ဖြစ်၏။ သိပ်မကြာခင်တွင် ယင်းအသံသည် ကောင်းကင်တုန်လှုပ်ဖွယ် ဖြစ်လာတော့သည်။
သူတို့ကို အံ့အားတသင့် ဖြစ်သွားသည်မှာ အမွှေးတိုင်အသက်ရှုချိန်ခုနစ်ခါစာထိ တောင့်ခံနိုင်၍ မဟုတ်၊ သို့သော် မထင်မှတ်စွာဖြင့် ထိုအမွှေးတိုင်ပေါ်ရှိ မီးစကပါ ငြှိမ်းသေသွားခြင်း ဖြစ်နေ၏။
ထိုမြင်ကွင်းကာ အံဩတကြီးအော်မိစေသော မြင်ကွင်းမျိုးပင်။ ဟင်္သာငှက်အဘိုးအို၏မျက်လုံးပါ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုနှင့် ပြည့်နှက်သည်။
“ဒါ…ဒါက…”
အရှင်စစ်မိုသည်လည်း တဒင်္ဂမင်သက်နေ၏။ သူ၏မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ပြည့်နှက်နေသည်။
ဆရာသခင်ယွင်လော၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူမသည်လည်း သူမ၏လက်ချောင်းများထိပ်ရှိ ဒဏ်ရာများကို လစ်လျူရှုကာ နောက်တစ်ကြိမ် ကြိုတင်ကြည့်မြင်နိုင်ရန် ကြိုးစားတော့သည်။
***