အခန်း ၆၅
Vol. 7 Ch. 65
အပိုင်း (၆၅) အလွန်မှင်သက်သွားခြင်း
ထိုအချိန်တွင်…
မီးခိုးငွေ့များသည် ပို၍ပို၍ ထူထဲလာသောကြောင့် နှာခေါင်းဝတွင် မွန်းကြပ်လာပြီး အသက်ရှူရ ခက်ခဲလာစေ၏။
အဆုတ်ထဲသို့ ရှူသွင်းလိုက်သော လေသည်လည်း ပို၍ ပူပြင်းလာခဲ့သည်။
အဝတ်ဗီရိုအပြင်ဘက်တွင် မီးတောက်ကြီးများက တဝုန်းဝုန်း တောက်လောင်နေပြီး တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်နေသည်။ အဝတ်ဗီရိုအတွင်းရှိ အပူချိန်သည် အသက်ရှူရန်ပင် ခက်ခဲလာသည်အထိ ပူပြင်းလောင်ကျွမ်းနေခဲ့၏။
ကျင်းအန်း သည် အသက်ရှူခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။
ထို့နောက် ဝိညာဉ်အင်္ဂါငါးပါးနတ်ကျောင်း၏ မရပ်မနား လည်ပတ်နေသော စွမ်းအင်များကို အားပြုကာ အပြင်ဘက် အသက်ရှူခြင်းမှ အတွင်းအသက်ရှူခြင်းသို့ ပြောင်းလဲလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ဤတာအိုကျင့်စဉ်မှ အတွင်းအသက်ရှူနည်းများသည် အဆင့်မြင့် လျှို့ဝှက် ပညာရပ်များ မဟုတ်ချေ။ ၎င်းတို့ကို ဝိညာဉ်အင်္ဂါငါးပါး လျှို့ဝှက်ကျမ်းတွင် သာမန်ကျင့်စဉ်ငယ် တစ်ခုအဖြစ်သာ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။
သိုင်းလောကတွင် လိပ်အသက်ရှူနည်း ရှိသလို တာအိုကျင့်စဉ်တွင် အတွင်းအသက်ရှူနည်း ရှိ၏။ ဤသည်က တာအိုကျင့်စဉ်၏ သီးသန့်ပညာရပ်တစ်ခုဟု မဆိုသာချေ။
အတွင်းအသက်ရှူခြင်းသို့ ပြောင်းလဲလိုက်ပြီးနောက် ထိုမွန်းကြပ်နေသော ခံစားချက်နှင့် အဆုတ်ကို လှော်ကြော်နေသကဲ့သို့ ပူလောင်နေသော ခံစားချက်တို့သည် များစွာ သက်သာသွားခဲ့သည်။
ဤမီးတောက်ကြီးများ မည်မျှကြာအောင် လောင်ကျွမ်းနေခဲ့သည်ကို ကျင်းအန်း ပင် မသိရှိခဲ့ချေ။
ရုတ်တရက်…
အဝတ်ဗီရိုသည် ရွှေ့ပြောင်းခံရသကဲ့သို့ လှုပ်ရှားသွားသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် အဝတ်ဗီရိုသည် မတ်မတ် ပြန်လည်ထောင်သွားခဲ့၏။
ဆက်လက်၍ အပြင်ဘက်မှ ဇနီးမောင်နှံနှစ်ဦး၏ စကားပြောသံကို သူ ကြားလိုက်ရသည်။
ဇနီးသည်က မေးလိုက်၏။ “ကလေးအဖေ... ရှင် ဒီဗီရိုကို ဘယ်ကနေ ဝယ်လာတာလဲ။”
ခင်ပွန်းသည်က ဖြေသည်။ “ဘယ်သူဌေးအိမ်က ဒီလောက်ကောင်းတဲ့ ဗီရိုကို မြစ်ထဲ ပစ်ချလိုက်တာလဲ မသိပါဘူးကွာ။ ငါက မြစ်ကမ်းဘေးမှာ ဒီဗီရိုက ရေစီးကြောင်းအတိုင်း မျှောပါလာတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ လှပပြီး လွှင့်ပစ်ရမှာ နှမြောစရာကောင်းလို့ ရှန်ကျားပေါက်ကို ပြေးပြန်ပြီး လူတချို့ ခေါ်လာကာ အားစိုက်ပြီးမှ ကုန်းပေါ်ကို ဆယ်တင်နိုင်ခဲ့တာပဲ။ ဒီဗီရိုကို ဘာသစ်သားနဲ့ လုပ်ထားလဲ မသိဘူး။ တော်တော်လေး လေးတယ်။”
ဇနီးသည်က ထပ်မေးလိုက်၏။ “ကလေးအဖေ... ဒီဗီရိုရဲ့ တံခါးက ဘာလို့ အရောင်မတူသလို ခံစားနေရတာလဲ။ ဗီရိုရဲ့ မူလတံခါး အစစ်နဲ့ မတူဘူးနော်။”
ခင်ပွန်းသည်က ပြောလိုက်သည်။ “ဒီဗီရိုကို ကျုပ် မြစ်ထဲကနေ ဆယ်တင်လာတုန်းက ပျက်စီးနေပြီး မပြည့်စုံဘူးလေ။ ဗီရိုတံခါးက ပျောက်ဆုံးနေခဲ့တာ။ ဒါကြောင့် လက်သမားဆီမှာ နှစ်ရက်လောက် ထားပြီး တံခါးနှစ်ချပ် အသစ်ပြန်တပ်ခိုင်းပြီးမှ နွားလှည်းနဲ့ အိမ်ကို သယ်လာခဲ့တာ။”
ဇနီးသည်က ပြောလိုက်၏။ “ဒီဗီရိုက တကယ်ပဲ သေသပ်လှပလွန်းတယ်။ ကလေးအဖေ... ဗီရိုထဲမှာ ဘာတွေရှိလဲဆိုတာကို ကျွန်မ ဖွင့်ကြည့်လို့ ရမလား။”
ခင်ပွန်းသည်က သဘောတူလိုက်သည်။ “ရတာပေါ့။”
စကားဆုံးသွားချိန်မှာတော့ ဗီရိုတံခါးအပြင်ဘက်ရှိ လေထုသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။ ဖိနှိပ်မှုများနှင့် မသိမသာ ခြောက်ခြားဖွယ် တိတ်ဆိတ်မှုများကို သယ်ဆောင်လာသလိုပင်။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက်…
ကြောက်မက်ဖွယ် သွေးကြောမျှင်များ ပြည့်နှက်နေသော အမျိုးသမီးတစ်ဦး၏ မျက်လုံးတစ်လုံးသည် ဗီရိုအပြင်ဘက်မှနေ၍ အဟမှတစ်ဆင့် အတွင်းသို့ ကြည့်ရှုနေခဲ့သည်။
ထိုသွေးကြောမျှင်များ ပြည့်နှက်နေသော အမျိုးသမီး၏ မျက်လုံးသည် ခံစားချက်ကင်းမဲ့နေပြီး အေးစက်ကာ ဟာလာဟင်းလင်းဖြစ်နေပြီး အာရုံစိုက်မှု မရှိချေ။
သွေးကြောမျှင်များနှင့် မျက်လုံးသည် နှစ်ချက်ခန့် မျက်တောင်ခတ်လိုက်၏။ ဘယ်ဘက်သို့ လှည့်လိုက်သည်။ ညာဘက်သို့ လှည့်လိုက်သည်။
ဗီရိုတံခါးအဟမှတစ်ဆင့် အတွင်း၌ မည်သည့်အရာများ ရှိနေကြောင်းကို ရှင်းလင်းစွာ ကြည့်ရှုလိုပုံရသည်။
ဇနီးသည်က ပြောလိုက်၏။ “ဒါဆို ကျွန်မ စပြီး ဖွင့်တော့မယ်နော်။ အဆင်သင့်ဖြစ်ပြီလား...”
နဂိုက ပုံမှန် စကားပြောနေသော ဇနီးသည်၏ အသံသည် ရုတ်တရက် တည်ငြိမ်သွားပြီး ခံစားချက်ကင်းမဲ့ သွားခဲ့သည်။
အေးစက်သော တမလွန်အငွေ့အသက် တစ်ခု…
ဗီရိုတံခါးအဟအတိုင်း တဖြည်းဖြည်းနှင့် ဗီရိုအတွင်းသို့ တိုးဝင်လာခဲ့၏။
ပတ်ဝန်းကျင်၏ အပူချိန်သည် စတင်၍ ဆန်းကြယ်လာကာ ခြောက်ခြားဖွယ်၊ ယိုယွင်းမှု၊ အမှောင်ထု၊ ပုပ်သိုးမှု စသည့် ကြောက်မက်ဖွယ်ရာများ ပြည့်နှက်လာခဲ့သည်။
ဗီရိုအပြင်ဘက်မှ ချောင်းကြည့်နေသော အမျိုးသမီး၏ သွေးကြောမျှင်များနှင့် မျက်လုံးသည် ကြီးမားသော ကြောက်မက်ဖွယ်အရာ တစ်ခုဖြစ်နေသကဲ့သို့ပင်။
ဆက်လက်၍ ဗီရိုတံခါးမှ လှုပ်ရှားမှုအသံများ ထွက်ပေါ်လာခဲ့သည်။
ဗီရိုအပြင်ဘက်မှ အမျိုးသမီး၏ သွေးကြောမျှင်များနှင့် မျက်လုံးသည် တဒေါက်ဒေါက်နှင့် ဗီရိုတံခါးကို ဖွင့်ရန် ကြိုးစားနေခဲ့၏။
“ရှပ်... ရှပ်...”
မှောင်မည်းပြီး ကျဉ်းမြောင်းကာ ပိတ်လှောင်နေသော ဗီရိုလေးအတွင်း၌…
လက်ချောင်းငါးချောင်းစလုံး မီးလောင်ထားသောကြောင့် ကွေးကောက်ပုံပျက်နေသော ကလေးငယ်တစ်ဦး၏ လက်တစ်ဖက်သည် ကျင်းအန်း၏ ကျောပြင်မှနေ၍ သူ၏ ပခုံးထက်သို့ တိတ်တဆိတ် တက်လာခဲ့သည်။
ဇနီးသည်က မေးလိုက်၏။ “အဆင်သင့်ဖြစ်ပြီလား။”
ကျင်းအန်းက အော်လိုက်၏။ “သရဲတစ္ဆေလို ဟန်ဆောင်မနေနဲ့။ ထွက်သွားစမ်း။”
“ချွမ်…”
စောစောတည်းက လှုပ်ရှားလာနိုင်ခဲ့ပြီ ဖြစ်သော သူသည် အပြင်ဘက်ရှိ သွေးကြောမျှင်များ ပြည့်နှက်နေသော အမျိုးသမီးမျက်လုံးက ဗီရိုတံခါးကို ဖွင့်မည့်အချိန်ကို လုံးဝ စောင့်ဆိုင်းမနေတော့ချေ။
ညအမှောင်ထုထဲတွင် ဓားအလင်းတန်းသည် ရုတ်တရက် လင်းလက်သွားခဲ့သည်။ မုန်တိုင်းကြီး ဝင်တိုက်သကဲ့သို့ပင်။
အရာခပ်သိမ်းကို ကြိတ်ခြေသတ်ဖြတ်တော့မည့်အလား အနီရောင်အလင်းတန်းများ ပါဝင်နေခဲ့သည်။
ဘုန်း...
ဗီရိုတံခါးသည် မုန်တိုင်းကြီး၏ အပြင်းအထန် တိုက်ခတ်မှုကြောင့် အစအနအဖြစ် ကျိုးပဲ့သွားခဲ့သည်။ နဂိုက ရှုပ်ထွေးပြီး မှောင်မည်းနေသော မျက်စိရှေ့ရှိ မြင်ကွင်းသည် နောက်တစ်ကြိမ် ပြန်လည် ရှင်းလင်းလာပြီး အမြင်အာရုံများ ပြန်လည် ရရှိလာခဲ့၏။
ကျင်းအန်းသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် မိမိကိုယ်ကိုယ် ရှန်ကျားပေါက်ရှိ အိမ်ကြီး၏ အခန်းထဲတွင် ရပ်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူသည် လုံးဝ လှုပ်ရှားခြင်း မရှိသေးဘဲ အရှေ့တွင်မူ အကောင်းပကတိအတိုင်း ရှိနေသေးသော ထိုအဝတ်ဗီရို ရှိနေဆဲဖြစ်၏။
ကျင်းအန်း၏ မျက်နှာတွင် အံ့ဩမှုများ ပေါ်လာခဲ့၏။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။
လူတွင် မီးသုံးပွင့် ရှိသည်။ မီးသုံးပွင့် အားကောင်းနေပါက မကောင်းဆိုးဝါးများ ဝင်ရောက်၍ မရနိုင်ချေ။
မီးသုံးပွင့် အားနည်းနေပါက ရောဂါဝေဒနာများ စွဲကပ်တတ်သည်။ မီးသုံးပွင့် ငြိမ်းသွားပါက လူသည် မီးအိမ်ငြိမ်းသွားသကဲ့သို့ သေဆုံးသွားရမှာဖြစ်၏။
သာမန် ခွန်အားပြည့်ဝသော လူငယ်တစ်ဦးသည် သွေးသားခွန်အားများ အားကောင်းနေသောကြောင့် မကောင်းဆိုးဝါးအချို့သည် ထင်ယောင်ထင်မှား မြင်ကွင်းအမျိုးမျိုးကို အသုံးပြုကာ လူကို သတ္တိကြောင် သွားစေရန် ခြောက်လှန့်တတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ယန်မီးသုံးပွင့် အားနည်းသွားပါက စိတ်ဓာတ်များ ဝေဝါးလာပြီး သွေးသား ခွန်အားများ ဆုတ်ယုတ်လာတတ်သည်။ ယန်မီး အားနည်းသွားသောကြောင့် မကောင်းဆိုးဝါးများ လူကို ဒုက္ခပေးရန် အခွင့်အရေး ရရှိသွားခြင်းပင် ဖြစ်၏။
မကောင်းဆိုးဝါးများ လူကို ဒုက္ခပေးရာတွင် အမြဲတမ်း လူကို သတ္တိကြောင်သွားအောင် အရင် ခြောက်လှန့်ကြသည်။ ဤနည်းဖြင့် လူ၏ ယန်မီးသုံးပွင့်ကို ငြိမ်းသတ်ပစ်ကြခြင်းပင်။
ထို့ကြောင့် စောစောက အရာအားလုံးသည် ထင်ယောင်ထင်မှား မြင်ကွင်းများသာ ဖြစ်ပြီး တစ္ဆေ မျက်စိလှည့်ခြင်းပင် ဖြစ်သည်။
သို့သော် မည်သူက သိမည်နည်း။ ကျင်းအန်း သည် ပုံမှန်နည်းလမ်းအတိုင်း လုံးဝ တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သူသည် သရဲတစ္ဆေ၏ ခြောက်လှန့်မှုကြောင့် ယန်မီးသုံးပွင့် လုံးဝ ငြိမ်းသွားခဲ့ခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ခြောက်လှန့်လေလေ ပို၍ ရဲတင်းလေလေ ဖြစ်လာကာ ကြီးမားသော ဖိအားများနှင့် မျှော်လင့်ချက်မဲ့မှုများကို ရင်ဆိုင်ရချိန်တွင် သူသည် ဓားတစ်ချက်တည်းဖြင့် တစ္ဆေမျက်စိလှည့်ခြင်းကို ခုတ်ပိုင်းပစ်လိုက်သည်။
ထို့ကြောင့် တစ္ဆေမျက်စိလှည့်ခြင်းထဲမှ အရင်ဆုံး ပြန်လည် သတိရလာခဲ့ခြင်း ဖြစ်၏။
“မင်းမှာ တစ္ဆေ မျက်စိလှည့်တာ ဘယ်နှစ်ခါ လုပ်နိုင်သေးလဲဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်။ မင်းရဲ့ တစ္ဆေမျက်စိလှည့်တာက စွမ်းလား။ ဒါမှမဟုတ် ကျုပ်လက်ထဲက ဓားက ပိုမြန်သလားဆိုတာ ကြည့်ကြတာပေါ့။”
ကျင်းအန်းက ကြုံးဝါးလိုက်သည်။ “သွေးနီရောင်စွမ်းအား.... ကျုပ်အတွက် ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း။”
ကျင်းအန်း၏ သွေးသားခွန်အားများ ဆူပွက်လာခဲ့သည်။ လက်နှစ်ဖက်ဖြင့် ဓားရှည်၏ အရိုးအသွားကို ဆုပ်ကိုင်ကာ ဥက္ကာပျံကြီး ကျဆင်းလာသကဲ့သို့ ရူးသွပ်စွာဖြင့် အလွန်ကြီးမားသော ခွန်အားများကို ထုတ်ဖော်လိုက်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
သွေးနီရောင်စွမ်းအားများသည် ပေါက်ကွဲအားများနှင့်အတူ ဗီရိုတံခါးပေါ်သို့ တစ်ချက်ပြီးတစ်ချက် အပြင်းအထန် ခုတ်ပိုင်းချလိုက်သည်။
အတွင်းတွင် ပုန်းအောင်းနေသော တမလွန်မကောင်းဆိုးဝါးကို ဖမ်းဆွဲထုတ်ယူလိုခြင်းပင်။
ထူထပ်သော ဓားအလင်းတန်းများသည် မုန်တိုင်းကြီး ဝင်ရောက်ကြိတ်ခြေ သတ်ဖြတ်သကဲ့သို့၊ ဥက္ကာပျံကြီး ကျဆင်းလာသကဲ့သို့ပင်။
တစ်ချက်ပြီးတစ်ချက် ရူးသွပ်စွာ ခုတ်ပိုင်းလိုက်ရာ အခန်းအတွင်း၌ ဟစ်ကြွေးနေသော မုန်တိုင်းများကို ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို လွင့်စင်သွားစေခဲ့သည်။
ထူထပ်သော ဓားအရိပ်များက သယ်ဆောင်လာသည့် အစွမ်းထက်သော လေစီးကြောင်းများသည် သော့ခတ် မထားသော စက္ကူပြတင်းပေါက်များကို လွင့်စင်သွားစေပြီး တဒိုင်းဒိုင်းနှင့် ရိုက်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာစေခဲ့၏။
တမလွန်အငွေ့အသက်များ၊ မကောင်းဆိုးဝါးအငွေ့အသက်များဖြင့် နေ့ရောညပါ ပြုစုပျိုးထောင်ခံထားရသော ဤအဝတ်ဗီရို၏ သဘာဝပစ္စည်းများသည် စောစောတည်းက ပြောင်းလဲသွားခဲ့ပြီး ရွှေသံမဏိကဲ့သို့ မာကျောနေခဲ့ပြီ ဖြစ်သည်။
ဓားအလင်းတန်းများ ခုတ်ပိုင်းလိုက်ချိန်တွင် ထူထပ်သော မီးပွားများ အမြောက်အမြား ပန်းထွက်လာခဲ့၏။
ဓားအလင်းတန်း ရိုက်ခတ်သွားသည့် အကြိမ်တိုင်း ကျင်းအန်း၏ လက်ဝါးအလယ်ကို ထုံကျင်သွားစေခဲ့သည်။
မရပ်မနား လည်ပတ်နေသော သက်စောင့်စွမ်းအင်များကို သယ်ဆောင်ထားသည့် ဝိညာဉ်အင်္ဂါငါးပါး နတ်ကျောင်းသာ မရှိခဲ့ပါက ကျင်းအန်း သည်လည်း ဤမျှ ရူးသွပ်စွာဖြင့် အချက်ပေါင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ခုတ်ပိုင်းရဲမည် မဟုတ်ချေ။
“ခွပ်...”
အဝတ်ဗီရိုသည် မည်မျှပင် မာကျောနေပါစေ၊ မျက်နှာပြင်ပေါ်ရှိ တမလွန်အငွေ့အသက်များနှင့် မကောင်းဆိုးဝါး အငွေ့အသက်များသည် အဝတ်ဗီရိုကို မည်သို့ပင် ကာကွယ်ထားပါစေ သွေးနီရောင် စွမ်းအား၏ ပြင်းထန်မှုနှင့် ပေါက်ကွဲအားကို ရင်ဆိုင်ရချိန်တွင် နောက်ဆုံး၌ တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
“ဂျစ်... ဂျစ်...”
အဝတ်ဗီရို မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။
အက်ကြောင်းများသည် ပို၍ပို၍ ကြီးမားလာ၏။ ပို၍ပို၍ များပြားလာခဲ့သည်။
နောက်ဆုံးတွင် လုံးဝ တောင့်ခံထားနိုင်ခြင်း မရှိတော့ချေ။
“ဘုန်း...”
အဝတ်ဗီရိုတံခါးသည် အပိုင်းပိုင်းအစစ ကွဲထွက်သွားခဲ့သည်။
မည်းနက်ကျွမ်းလောင်နေသော အလောင်း အရိပ်တစ်ခုသည် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်များကို အခွင့်ကောင်းယူကာ အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် အနီရောင် ဓားအလင်းတန်းတစ်ခုသည် ကြီးမားသော ဥက္ကာပျံကြီးတစ်ခုကဲ့သို့ ကျဆင်းလာခဲ့၏။
“ဘုန်း...”
မည်းနက်ကျွမ်းလောင်နေသော အလောင်းအရိပ်သည် ဓားပေါ်ရှိ လေးလံသော ဓားအရှိန်ဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။
“အား....”
လေထဲတွင် သနားစရာကောင်းအောင် အော်ဟစ်လိုက်ပြီး အဝတ်ဗီရိုအတွင်းသို့ နောက်တစ်ကြိမ် အပြင်းအထန် လွင့်စင်သွားခဲ့၏။
“ဒုန်း...”
ကြီးမားသော အရှိန်ကြောင့် မည်းနက်ကျွမ်းလောင်နေသော အလောင်းသည် အဝတ်ဗီရိုနှင့်အတူ နောက်ဘက်ရှိ နံရံပေါ်သို့ ပြင်းပြင်းထန်ထန် ဝင်တိုက်သွားခဲ့သည်။
ကြီးမားသော ရိုက်ခတ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အိမ်တစ်ခုလုံးပင် အပြင်းအထန် တုန်ခါသွားသကဲ့သို့ ဖြစ်သွားခဲ့၏။
မည်းနက်ကျွမ်းလောင်နေသော အလောင်းအရိပ်သည် ထွက်ပြေးရန် ကြိုးစားနေဆဲဖြစ်သည်။
ပူပြင်းသော သွေးနီရောင်စွမ်းအား အမြောက်အမြားသည် ဓားအတွင်းသို့ စီးဝင်သွားခဲ့၏။
ကျင်းအန်း သည် ၎င်း၏ မျက်နှာကို ချိန်ရွယ်ကာ ဓားအလင်းတန်းကို ရိုင်းစိုင်းကြမ်းတမ်းသော ကြီးမားသည့် ပုဆိန်ကြီးတစ်လက်ကဲ့သို့ ပြုလုပ်ပြီး မည်းနက်ကျွမ်းလောင်နေသော အလောင်းအရိပ်၏ ဦးခေါင်းခွံကို အပြင်းအထန် ခုတ်ချလိုက်သည်။
“ဖူး....”
မည်းနက်ကျွမ်းလောင်နေသော အလောင်းအရိပ် ခန္ဓာကိုယ်ပေါ်ရှိ တမလွန်အငွေ့အသက်များသည် ကျင်းအန်း၏ အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်သော သွေးနီရောင်စွမ်းအားနှင့် ဓားသွားပေါ်ရှိ ပူပြင်းသော စွမ်းအားများကို တောင့်ခံနိုင်ခြင်း မရှိတော့ချေ။
အလယ်တည့်တည့်မှ အလျားလိုက် ခုတ်ပိုင်းခံလိုက်ရပြီး အပိုင်းပိုင်းအစစ ကွဲထွက်သွားခဲ့သည်။ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
မခံစားရသည်မှာ ကြာပြီဖြစ်သော တာအိုစွမ်းအင် ခံစားချက်သည် ခန္ဓာကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ရင်းနှီးကျွမ်းဝင်စွာ လွှမ်းခြုံလာခဲ့သည်။
သို့သော်ငြား ဤတစ်ကြိမ်၏ တာအိုစွမ်းအင် ခံစားချက်သည် အနည်းငယ် ကွာခြားနေခဲ့သည်။ မည်သည့်နေရာတွင် မှားယွင်းနေကြောင်းကို ကျင်းအန်း လည်း မပြောပြတတ်ချေ။
ထို့အပြင် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ရ၍ ခွန်အားများ အလွန်ကုန်ခမ်းကာ အသက်ရှူသံ ပြင်းထန်လို့ နေလေသည်။
ထို့ကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးနီရောင်စွမ်းအားများ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေသော ကျင်းအန်း သည် ရရှိခဲသော အနားယူချိန်လေးကို အခွင့်ကောင်းယူကာ မိမိကိုယ်ရှိ စွမ်းအင်များကို ကြည့်ရှုလိုက်သည်။
[ကုသိုလ်ကံစွမ်းအင် - တစ်ထောင့်နှစ်ရာငါးဆယ့်ရှစ်။]
ကုသိုလ်ကံစွမ်းအင် တစ်ထောင်တိတိ တိုးလာခဲ့ခြင်း ဖြစ်၏။
ကျင်းအန်း သည် တစ်ညတွင်းချင်း သူဌေးဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လူပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ဤအချိန်တွင် ကြီးမားသော လှုပ်ရှားမှုအသံကို ကြားလိုက်ရပြီး ကျင်းအန်း၏ လုံခြုံရေးကို စိုးရိမ်နေသော တာအိုဆရာအိုကြီးသည် သတိကြီးစွာဖြင့် စမ်းသပ်ကာ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက စိတ်ပူပန်စွာ မေးလိုက်၏။ “ညီလေး... ညီလေး ဘာမှမဖြစ်ဘူးမလား။ စောစောက ဘာဖြစ်တာလဲ။ ဘာလို့ ဒီလောက် အသံကျယ်ကြီး ထွက်လာတာလဲ။”
ကျင်းအန်းက အလွန်လေးနက်စွာ ဖြေလိုက်၏။ “တာအိုဆရာအိုကြီး... ကျုပ် စောစောက ဓနဥစ္စာတွေ ရလိုက်ပြီ။”
တာအိုဆရာအိုကြီးသည် နားထောင်ပြီးနောက် ရယ်မောလိုက်သည်။ “ညီလေး... ယောင်ယမ်းပြီး အရူးစကားတွေ လျှောက်မပြောပါနဲ့ကွာ။ ဒီနေရာမှာ ဘာဓနဥစ္စာ ရနိုင်မှာလဲ။ ဒီနေရာမှာ သေလူတွေကလွဲပြီး သေလူတွေပဲ ရှိတာ။ ခင်ဗျားက သေလူဆီက ဓနဥစ္စာတွေ ရလာလို့လား။”
ကျင်းအန်း “...”
‘ကြည့်စမ်း။ ဒီခေတ်မှာ အမှန်တိုင်း ပြောတာတောင်မှ ယုံကြည်မယ့်သူ မရှိဘူးပဲ။’