အခန်း ၇၀
Vol. 7 Ch. 70
အပိုင်း (၇၀) ဖူးစာရှင်နန်းတော်
ချင်းမင်ပွဲတော်ကျင်းပရန် ငါးရက်ထက်နည်းသော အချိန်သာ ကျန်တော့သည်။
ချင်းမင်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ပြင်ပမှ ခရီးသွားများ တဖွဲဖွဲရောက်ရှိလာပြီး ချန်ခရိုင်မှာ ပိုမိုစည်ကားသိုက်မြိုက်လာ၏။
ရှေးခေတ်က ရာသီဥတုသည် အလွန်အေး၏။ လူတို့၏ အနွေးဓာတ်ထိန်းသိမ်းသည့် နည်းလမ်းများနှင့် အနွေးထည်များမှာလည်း အကန့်အသတ် ရှိသည်။ ထို့အပြင် အပူပေးစက်ကဲ့သို့သောအရာများလည်း မရှိချေ။
ထို့ကြောင့် လူတို့သည် အေးချမ်းသောရာသီဥတုသို့ ရောက်ရှိလာချိန်တိုင်း မီးဖိုဘေးတွင် စုရုံးကာ ထမင်းစားရသည်ကို နှစ်သက်ကြ၏။
ချက်ချင်း ချက်ပြုတ်ပြီး ချက်ချင်း စားသောက်ကြကာ အစားနှေးသွားပါက အေးစက်သွားမည်ကို အမြဲတမ်း စိုးရိမ်တတ်ကြသည်။
သုံးပြည်ထောင်ခေတ်ကတည်းက ဟော့ပေါ့စားသောက်သည့်နည်းလမ်းကို တီထွင်ခဲ့ပြီးဖြစ်ကြောင်း ကျင်းအန်း မှတ်မိနေသည်။ တွက်ကြည့်မည်ဆိုလျှင် နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိနေပြီ ဖြစ်၏။
ဟော့ပေါ့စားသောက်သည့် ယဉ်ကျေးမှုနှင့်ပတ်သက်၍ ကဗျာဆရာ ဆူရှီ ရေးစပ်ခဲ့သော ရှေးဟောင်းကဗျာ တစ်ပုဒ်သည် ယနေ့တိုင်အောင် ကျန်ရစ်ခဲ့သည်။
“မိတ်ဆွေများ စုဝေးကာ
ချင့်ယွင်စားသောက်ဆိုင်တွင်
စားသောက်ပွဲ ကျင်းပကြ၏။
အရသာရှိလှသော
ဟင်းလျာဆယ့်နှစ်မျိုးကို
လန်အရက်နှင့် တွဲဖက်သောက်သုံးကြသည်။
ဖန်ခွက်များကိုယ်စီ မြှောက်ချီကာ
တစ်ခွက်ပြီးတစ်ခွက် ကုန်စင်အောင် သောက်သုံးကြ၏။
ဆိုင်ပေါက်ဝရှိ ကျောက်ခြင်္သေ့ပင်လျှင်
သွားရည်ကျရလောက်ပေသည်။”
ဤကဗျာမှာ လူစုလူဝေးဖြင့် ဟော့ပေါ့စားသောက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
တာအိုဆရာအိုကြီးကို စောင့်ဆိုင်းရသည့်အချိန် အနည်းငယ် ကြာမြင့်သွားသောကြောင့် သူတို့နှစ်ယောက် ဆိုင်သို့ရောက်ရှိချိန်မှာတော့ ညနေ ယိုအချိန် (၅နာရီမှ ၇ နာရီအထိ) ကို တစ်မတ်ခန့် ကျော်လွန်နေပြီ ဖြစ်၏။
သူတို့စားသောက်ရန်အတွက် အချိန်တစ်နာရီခန့်သာ ကျန်ရှိတော့ပြီး ထိုအချိန်ကျော်လွန်ပါက ညမထွက်ရအမိန့် ထုတ်ပြန်တော့မှာဖြစ်သည်။
ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် ဤတစ်ကြိမ်တွင်လည်း ယခင်တစ်ခေါက်က ဆိတ်သား ဟော့ပေါ့ဆိုင်သို့သာ ထပ်မံလာရောက်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤဆိုင်၏ ဟင်းရည်အနှစ်မှာ သူတို့၏အကြိုက်နှင့် အလွန်ကိုက်ညီသောကြောင့်ပင်။
ဤရာစုနှစ်သက်တမ်းရှိ ဆိုင်ဟောင်းသည် ချန်ခရိုင်၌လည်း နာမည်ကြီး၏။ ဆိုင်၏အမည်မှာလည်း ရာစုနှစ်သက်တမ်းရှိ စားသောက်ဆိုင်ဟောင်း ဟုပင် ခေါ်တွင်၏။
ထိုဆိုင်မှာ စာပေနှင့်သိုင်းပညာကျောင်းဆောင်၏ အနီးအနားတွင် တည်ရှိသည်။
မထင်မှတ်ဘဲ ညစာစားချိန်နှင့် ကွက်တိကျနေပြီး စာပေနှင့်သိုင်းပညာကျောင်းဆောင်နှင့် နီးကပ်နေသောကြောင့် သူတို့နှစ်ယောက် ဆိုင်ထဲသို့ ဝင်ဝင်ချင်းပင် နေရာအားလုံး ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။
ဒေသခံ စားသုံးသူများရှိသကဲ့သို့ ချန်ခရိုင်၏ ချင်းမင်ပွဲတော်ကို နာမည်ကြားပြီး လာရောက်ကြသော ပြင်ပမှ ခရီးသွားများလည်း ပါဝင်ကြသည်။
ဤအခြေအနေက တာအိုဆရာအို၏ မျက်လုံးများကို စိုးရိမ်မှုကြောင့် နီရဲသွားစေ၏။
သူသည် ဆိတ်သားဟော့ပေါ့စားရင်း အရက်ပူပူလေးတစ်ခွက် သောက်ရမည့်အချိန်ကို အမြဲတမ်း မျှော်လင့်တောင့်တနေခဲ့သူ ဖြစ်သည်။
ထိုအရသာမှာ နတ်တစ်ပါးဖြစ်ရသည်ထက်ပင် သာလွန်ကောင်းမွန်သေး၏။ ကောင်းကင်ဘုံရှိ နတ်မင်းရာထူးနှင့် လာရောက်လဲလှယ်မည်ဆိုလျှင်တောင် သူ သဘောတူမည် မဟုတ်ချေ။
‘အခု နေရာမရှိတော့ဘူးဟု လာပြောနေပါလား။ ညီလေး စိတ်အခြေအနေကောင်းပြီး သူ့ကို ဆိတ်သားဟော့ပေါ့ တိုက်မည့်နေ့မှာမှ ဒီလိုဖြစ်ရလား။’
ယနေ့ကို ကျော်လွန်သွားပါက နောက်တစ်ကြိမ် ညီလေး စိတ်အခြေအနေကောင်းပြီး သူ့ကို ဟော့ပေါ့ တိုက်မည့် အချိန်သည် မည်သည့်အချိန်မှန်း မည်သူက သိနိုင်မည်နည်း။
လက်မခံချင်သော တာအိုဆရာအိုကြီးသည် စားပွဲထိုးလေး ဧည့်သည်များကို ဧည့်ခံရန် လှည့်ထွက်သွားချိန်မှာတော့ ကျင်းအန်းကို သနားစရာကောင်းသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ညီလေး... ခဏနေရင် ညမထွက်ရအမိန့် ထုတ်တော့မယ်။ ကျုပ်ထင်တာတော့ တခြားဆိုင်ကို ပြောင်းသွားကြရင်ကော ဘယ်လိုနေမလဲ။ အရသာနည်းနည်း ညံ့ရင်လည်း ညံ့ပါစေတော့။”
ကျင်းအန်းသည် စိုးရိမ်လွန်ကာ နှုတ်ခမ်းထောင့်များတွင် အပူဖုများပင် ထွက်လာတော့မည့် တာအိုဆရာအိုကြီးကို ကြည့်လိုက်၏။
သူသည် တာအိုဆရာအို၏ စိတ်ထဲရှိ တွေးတောနေမှုများကို တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားသည်။ သို့ပေမည့် သူက ထုတ်မပြောခဲ့ချေ။
ဤတာအိုဆရာအိုကြီးသည် တစ်ခါတစ်ရံတွင် လူမှုရေးရာများကို အလွန်နားလည်သဘောပေါက်ပြီး ဉာဏ်များတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ ကလေးဆန်သော လူအိုကြီးတစ်ဦးကဲ့သို့ ဖြစ်နေတတ်သည်ဟုသာ သူ တွေးမိလိုက်သည်။
ကျင်းအန်းသည် ဆိုင်ထဲတွင် နေရာလုံးဝမရှိတော့ကြောင်း သေချာသွားသောကြောင့် လှည့်ထွက်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပင် ဆူညံနေသော စားသုံးသူများကြားမှ သူ၏နာမည်ကို ခေါ်လိုက်သည့်အသံတစ်ခု သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
တာအိုဆရာအိုကြီးက ပြောလိုက်၏။ “ညီလေး... ညီလေးကို တစ်ယောက်ယောက်က ခေါ်နေသလိုပဲ။”
အမှန်တော့ တာအိုဆရာအိုကြီး သတိပေးစရာမလိုဘဲ ကျင်းအန်းသည်လည်း ကြားလိုက်ရသည်။
ချန်ခရိုင်တွင် သူနှင့် ရင်းနှီးသူများ သိပ်မရှိလှရာ မည်သူက သူ့ကို လှမ်းခေါ်နေသနည်းဟု သူ အလွန်သိချင်သွားသည်။ အရာရှိဖုန်းများ ဖြစ်နေမလားဟု တွေးလိုက်မိ၏။
ထို့ကြောင့် ကျင်းအန်းသည် အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
လက်ရန်းဘေးရှိ စားပွဲတစ်လုံးကို မြင်လိုက်ရချိန်မှာတော့ ကျင်းအန်းသည် တာအိုဆရာအိုကြီးကို ကြည့်ကာ ပြုံးပြလိုက်၏။ “တာအိုဆရာအိုကြီး... ကြည့်ရတာ ကျုပ်တို့အတွက် နေရာရသွားပြီနဲ့တူတယ်။”
ကျင်းအန်းက နှုတ်ဆက်လိုက်သည်။ “သခင်လေးယီယွင်... ဒီနေ့ ဒီနေရာမှာ သခင်လေးနဲ့ ပြန်ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
သခင်လေးယီယွင်က ပြန်ပြောလိုက်၏။ “သခင်လေးကျင်းအန်း... မတွေ့ရတာ တစ်လနီးပါးလောက် ရှိသွားပြီနော်။ နေကောင်းရဲ့လား။”
ကျင်းအန်းအား နှုတ်ဆက်လိုက်သူမှာ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် မျက်ခုံးမျက်လုံးများမှာ ရဲရင့်သော အသွင်အပြင်ရှိသည့် ဓားကိုင်ဆောင်ထားသော ယဉ်ကျေးသိမ်မွေ့သည့် ပညာတတ်တစ်ဦး ဖြစ်သည်။
ပညာတတ်နှင့် စာပေသမားမှာ မတူညီချေ။ တကယ်တော့ ခွဲခြားရန်မှာ အလွန်လွယ်ကူလှ၏။
အသုံးမကျသူများကို စာပေသမားဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ပညာတတ်များမှာမူ ယဉ်ကျေးမှု၊ ဂီတ၊ လေးပစ်၊ မြင်းစီး၊ စာပေ၊ သင်္ချာ ဟူသော အတတ်ပညာ ခြောက်ရပ်ကို သင်ယူရုံသာမက လောကတစ်ခွင်သို့ လှည့်လည်သွားလာရ၏။
စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ရပြီး ရင်ဘတ်ထဲတွင်လည်း ဖြူစင်မြင့်မြတ်သော ယုံကြည်ချက်များ ရှိရန် လိုအပ်ပေသည်။
ပညာတတ်၏ ဘေးတွင် သက်ကြီးရွယ်အိုတစ်ဦးလည်း ပါဝင်လာ၏။
ထိုသက်ကြီးရွယ်အိုသည် ကျင်းအန်းကို မြင်တွေ့ချိန်မှာတော့ ကျင်းအန်းအား ခင်မင်ရင်းနှီးစွာ ခေါင်းညိတ် ပြလိုက်ရာ ရင်းနှီးသူများဖြစ်ကြောင်း သိသာလို့နေသည်။
သူ၏ မျက်စိရှေ့ရှိ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် သခင်လေးယီယွင်ဆိုသူမှာ ထိုညက တာအိုဘုန်းကြီး ဝူကျန့်က သူ့အား လမ်းညွှန်ပြသပြီးနောက် တောင်အောက်သို့ ဆင်းသက်ချိန်တွင် လောကတစ်ခွင်သို့ လှည့်လည် သွားလာရင်း တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ရသော ပညာတတ်နှင့် ရထားလုံးမောင်းနှင်သည့် သက်ကြီးရွယ်အိုတို့ပင် ဖြစ်၏။
နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် သခင်လေးယီယွင်သည် ကျင်းအန်းအား နေရာကို ညွှန်ပြရင်း ယဉ်ကျေးသိမ်မွေ့စွာ ပြုံးကာ ပြောလိုက်သည်။ “သခင်လေးကျင်းအန်း... တိုက်ဆိုင်လိုက်တာ။ သခင်လေး ကျင်းအန်းကလည်း မိတ်ဆွေနဲ့အတူ ဤရာစုနှစ်သက်တမ်းရှိ ဆိုင်ဟောင်းမှာ စားသောက်ဖို့ လာတာလား။ နေရာမရှိလို့ စိတ်ညစ်နေတာလား။ တကယ်လို့ မရွံဘူးဆို ကျုပ်တို့နဲ့ တစ်ဝိုင်းတည်း အတူတူ ထိုင်စားလို့ရပါတယ်။”
ကျင်းအန်းသည် ကျေးဇူးတင်စကားဆိုကာ ထိုင်ချလိုက်သည်။ ခိုး၍ တံတွေးမျိုချနေကာ တာအိုဆရာအိုကြီး သည်လည်း အလျင်အမြန် ဝင်ထိုင်လိုက်သည်။
ကျင်းအန်းက ပြောလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက်က လမ်းခွဲခဲ့တာ တစ်လနီးပါးလောက် ရှိသွားပြီနော်။ သခင်လေးယီယွင်က ချန်ခရိုင်မှာ ရှိနေသေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလောက်ရက်တွေ ကြာသွားပြီဆိုတော့ သခင်လေးယီယွင် ချန်ခရိုင်ကနေ ထွက်သွားလောက်ပြီလို့ ကျုပ် ထင်နေခဲ့တာ။”
သခင်လေးယီယွင်သည် သူ၏ ယဉ်ကျေးသိမ်မွေ့သော်လည်း ပွင့်လင်းသော စရိုက်ကို မပျောက်ပျက်စေဘဲ အရသာပေါ့ပါးသော ပန်းပေါင်းစုံ အရက်ပူလေးကို တစ်ငုံသောက်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “ချန်ခရိုင်ရဲ့ ချင်းမင်ပွဲတော် နီးလာပြီလို့ ကြားတာနဲ့ ကျုပ်နဲ့ ဦးလေးချီက ချန်ခရိုင်မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ချင်းမင်ပွဲတော်ကြီးကို ကြည့်ရှုပြီးမှပဲ တခြား နာမည်ကြီးတောင်တန်းတွေနဲ့ မြစ်ကြီးတွေဆီကို ဆက်ပြီး လှည့်လည်သွားလာဖို့ စဉ်းစားလိုက်တာပါ။”
ပန်းပေါင်းစုံအရက်ဆိုသည်မှာ ပန်းပေါင်းစုံကို ခူးဆွတ်ကာ ချက်လုပ်ထားသော အရက်ဖြစ်သည်။ အရက်၏ ပြင်းအားမများဘဲ သိမ်မွေ့ပေါ့ပါးသည့်အပြင် ပန်းများ၏ မွှေးပျံ့သော ရနံ့များလည်း ပါဝင်၏။
သောက်သုံးပြီးနောက် လျှာဖျားတွင် အရသာစွဲကျန်ရစ်ကာ ပါးစပ်ထဲတွင် ပန်းပေါင်းစုံ၏ မွှေးရနံ့များ ထွက်ပေါ်လာစေသောကြောင့် ယဉ်ကျေးသိမ်မွေ့သူများနှင့် မင်းမျိုးမင်းနွယ် သခင်မလေးများ၏ နှစ်သက်မှုကို အလွန်အမင်း ရရှိထားသည်။
သခင်လေးယီယွင်က ဆက်ပြောလိုက်၏။ “ဒီတစ်လအတွင်းမှာ သခင်လေးကျင်းအန်းရဲ့ နာမည်က ချန်ခရိုင်ရဲ့ လမ်းမတိုင်း၊ လမ်းသွယ်တိုင်းမှာ ပျံ့နှံ့နေပြီး အလွန်နာမည်ကြီးနေတယ်။ သခင်လေးကျင်းအန်းက တစ်လတောင်မပြည့်သေးဘဲ မိုးကြိုးနတ်မင်း အလောင်းကို ပစ်ခတ်တဲ့ အမှု၊ ရေနစ်သေဆုံးတဲ့ အမှု စတဲ့ ထူးဆန်းတဲ့ အမှုတွေကို ဆက်တိုက်ဖော်ထုတ်နိုင်ခဲ့တယ်။
မကြာသေးခင်ကလည်း အသိုက်လုခံရတဲ့ အဖြူရောင် ခေါင်းတလားတစ်ခုကို သခင်လေးကျင်းအန်းက ထမ်းခဲ့တယ်လို့ ကြားတယ်။ တခြားသူတွေ မထမ်းနိုင်တဲ့ ဆိုးရွားတဲ့ ခေါင်းတလားကို သခင်လေးကျင်းအန်းက ထမ်းနိုင်ခဲ့တယ်လေ။ တွေးကြည့်ရရင် ဒီတာအိုဆရာက အဲနေ့က လင်းမိသားစုအတွက် ခေါင်းတလားရွှေ့ပြောင်းတဲ့ အခမ်းအနားကို ဦးစီးပေးခဲ့တဲ့ အစွမ်းထက် တာအိုဆရာကြီးတန် ဖြစ်ရမယ်ထင်တယ်။”
ထိုအချိန်တွင် စားပွဲထိုးလေးနှင့် ဟင်းလျာများ မှာယူပြီးပြီဖြစ်သော တာအိုဆရာအိုကြီးသည် တစ်ဖက်လူက သူ့အကြောင်း ပြောလာသည်ကို ကြားလိုက်ရသောကြောင့် ချက်ချင်း တက်ကြွသွားသည်။
တာအိုဆရာအိုသည် စိတ်ထဲ၌ တွေးလိုက်၏။ ‘ညီလေး... ခင်ဗျားက ကျုပ်အကြောင်းကို ပြောလာပြီဆိုမှတော့ ကျုပ်ရဲ့ နှစ်ပေါင်းများစွာ နာကျင်နေတဲ့ ခြေထောက်တွေတောင် မနာတော့ဘူးပဲ။’
တာအိုဆရာအိုကြီးသည် ဉာဏ်အလင်းရထားသော တာအိုဆရာကြီးတစ်ပါးကဲ့သို့ ခါးကို မတ်မတ်ထားကာ မုတ်ဆိတ်မွေးများကို သပ်ရင်း ပြုံး၍ ပြောလိုက်သည်။ “သခင်လေးယီယွင်က ညီလေးရဲ့ မိတ်ဆွေကောင်း ဖြစ်နေမှတော့ ကျုပ်က သခင်လေးယီယွင်အတွက် အခမဲ့ ဗေဒင်တစ်ပုဒ် တွက်ပေးပါရစေ။
ကျုပ်က သံပါးစပ်နဲ့ ကြေးသွားတွေရှိတဲ့ နတ်ဗေဒင်ဆရာပါ။ အထက်မှာ နက္ခတ္တဗေဒကို သိပြီး အောက်မှာ ပထဝီဝင်ကို နားလည်တယ်။ အလယ်မှာတော့ အကြောင်းအရာတွေကို နားလည်သဘောပေါက်ပြီး လူ့သဘာဝကို သိရှိတယ်။ မမှန်ရင် ပိုက်ဆံမယူပါဘူး။”
ကျင်းအန်းသည် စကားမပြောနိုင်တော့ချေ။
သခင်လေးယီယွင်သည်လည်း ဆွံ့အသွား၏။
ဤတာအိုဆရာအိုသည် သူ့ကို မျက်နှာပျက်စေသည်ဟု ကျင်းအန်း ခံစားလိုက်ရသည်။
ဤစကားလုံးများကို ကြားလိုက်ရုံဖြင့် သိုင်းလောကမှ လိမ်လည်လှည့်ဖြားတတ်သော ဗေဒင်ဆရာအိုကြီး တစ်ဦး၏ အနံ့အသက်များ အပြည့်အဝ ထွက်ပေါ်နေ၏။
သခင်လေးယီယွင်မှာမူ မျက်နှာပေါ်တွင် မည်သည့် ထူးဆန်းသော အမူအရာကိုမှ မပြသခဲ့ဘဲ ယဉ်ကျေးစွာဖြင့် ငြင်းဆန်လိုက်သည်။ “ဗေဒင်တွက်တာတော့ ထားလိုက်ပါတော့။ ကျုပ်က ကံကြမ္မာကို မယုံကြည်လို့ပါ။”
သူက ဆက်ပြောလိုက်၏။ “တာအိုဆရာကြီးတန်က ကျုပ်ရဲ့ မျက်နှာဟောစာတမ်းကို ကြည့်ပေးရင် ပိုကောင်းပါလိမ့်မယ်။”
တာအိုဆရာအိုကြီးသည် ထိုစကားကို ကြားချိန်မှာတော့ တစ်ဖက်လူ၏ မျက်နှာဟောစာတမ်းကို အမှန်တကယ်ပင် သေချာစွာ ကြည့်ရှုပေးလိုက်သည်။
တာအိုဆရာအိုကြီးက ပြောလိုက်၏။ “သခင်လေးယီယွင်ရဲ့ နဖူးပြင်က ရွှေဝါရောင် သန်းနေတယ်။ သခင်လေးယီယွင် ဝတ်ဆင်ထားတဲ့ ပညာတတ်ဝတ်စုံကို ကြည့်ရတာ သခင်လေးယီယွင်က တကယ့် အရည်အချင်း ရှိတဲ့သူဆိုတာကို ပြသနေတယ်။ အရည်အချင်းကလည်း တော်တော်လေး ခိုင်မာတယ်။ အပေါ်ယံ ဟန်ဆောင်ထားတဲ့ အသုံးမကျတဲ့ စာပေသမားတွေ လျှောက်ဝတ်ထားတာမျိုး မဟုတ်ဘူး။”
သူက ဆက်ပြောလိုက်သည်။ “သခင်လေးယီယွင်ရဲ့ မေးစေ့က ပြည့်ဖြိုးနေပြီး ဥစ္စာဓနနန်းတော်ကလည်း အလွန်ကြီးမားတယ်။ မိသားစုက ချမ်းသာကြွယ်ဝပြီး မြေယာ၊ အိမ်၊ ရွှေ၊ ငွေ မလိုလောက်ဘူးဆိုတာကို ပြသနေတယ်။ ငယ်ငယ်တည်းက စားဝတ်နေရေး ပူပင်စရာမလိုဘဲ မိသားစုက အစိုးရလစာ စားတဲ့သူတွေ ဖြစ်တယ်။”
သူက ဆက်ရှင်းပြလိုက်၏။ “သခင်လေးယီယွင်... ခင်ဗျားရဲ့ ဖူးစာရှင်နန်းတော်မှာ မက်မွန်ပွင့်တစ်ပွင့် ပေါ်လာတယ်။ မကြာခင်မှာ အချစ်ရေးကံကြမ္မာ ပွင့်လန်းလာတော့မယ်။ ကိုယ့်ဘဝမှာ အနှစ်သက်ဆုံး၊ သဘောအကျဆုံးလူနဲ့ ဆုံတွေ့ရလိမ့်မယ်။
ပြီးတော့ ဒီမက်မွန်ပွင့်က အခု ဒုတိယအကြိမ် ပြန်ပွင့်နေတာဆိုတော့ သခင်လေးယီယွင်က အရင်တည်းက ကိုယ့်ရဲ့ ဖူးစာရှင်နဲ့ ဆုံတွေ့ခဲ့ပြီး ရေစက်ဆုံခဲ့တယ်ဆိုတာကို ပြသနေတယ်။ မကြာခင်အချိန်အတွင်းမှာ ထပ်ပြီး ပြန်ဆုံရလိမ့်မယ်။”
တာအိုဆရာအိုသည် အလေးအနက်ထား၍ ပြောလိုက်၏။ “သခင်လေးယီယွင်ရဲ့ ဖူးစာရှင်နန်းတော်ပေါ်က အချစ်ရေးကံကြမ္မာက တဖြည်းဖြည်း ပိုပိုပြီး ပွင့်လန်းလာတာကို ကျုပ် မြင်နေရတယ်။ အဲဒါက အနီးအနားမှာရှိတဲ့ ကံကြမ္မာနန်းတော်၊ အသက်ရှည်ခြင်းနန်းတော်နဲ့ ရွှေ့ပြောင်းခြင်းနန်းတော်တွေကိုပါ သက်ရောက်လာတယ်။
တစ်ဖက်လူက သခင်လေးယီယွင် နှစ်သက်တဲ့သူ ဖြစ်ရုံသာမက ကံကြမ္မာအရ အထောက်အပံ့ပေးမယ့် ကယ်တင်ရှင်လည်း ဖြစ်တယ်ဆိုတာကို ပြသနေတယ်။
သခင်လေးယီယွင်အနေနဲ့ အခက်အခဲတွေ၊ ဘေးအန္တရာယ်တချို့နဲ့ ကြုံတွေ့ရနိုင်ပေမယ့် ကယ်တင်ရှင်ရဲ့ အကူအညီနဲ့ဆိုရင် ဘေးအန္တရာယ်တွေကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ အဆင့်ဆင့် တိုးတက်လာပြီး စိတ်ကူးထားတဲ့အတိုင်း ဖြစ်လာကာ ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေကို ရရှိလိမ့်မယ်။”
တာအိုဆရာအို၏ စကားများသည် တစ်လျှောက်လုံး လူကို ချီးမွမ်းနေသော စကားကောင်းများသာ ဖြစ်သည်။
စကားကောင်းဆိုသည်မှာ နားထောင်လို့ ကောင်းသည်ဆိုသည့် စကားအတိုင်းပင် ဖြစ်၏။
ဤသည်မှာ လူတို့၏ စိတ်ပညာနှင့် အလွန်ကိုက်ညီသည်။
သခင်လေးယီယွင်ဖြစ်စေ၊ ကျင်းအန်းဖြစ်စေ နှစ်ဦးစလုံးသည် တာအိုဆရာအို၏ စကားများကို နားထောင်ပြီး ပြုံးရယ်နေကြသော်လည်း မည်သူကမှ အတည်မယူခဲ့ကြချေ။
ထိုအချိန်မှာပင် တာအိုဆရာအို မှာထားသော ဆိတ်သားဟော့ပေါ့ ပန်းကန်များကို စားပွဲထိုးလေးက လာချပေးလိုက်ရာ သူတို့အားလုံး အလျင်အမြန် ဆိတ်သားဟော့ပေါ့ကို စတင်စားသောက်ကြလေတော့၏။
မူလက နောက်ဆက်တွဲစကားများကို မပြောရသေးဘဲ တွေဝေနေသည့် မျက်နှာထားရှိသော တာအိုဆရာအိုကြီးသည် ကျင်းအန်းက တစ်ယောက်တည်း ဆိတ်သားပန်းကန်တစ်ဝက်ကို ယူသွားသည်ကို မြင်လိုက်ရသည်။
သူ၏ လက်လှုပ်ရှားမှု နှေးသွားပါက ဆိတ်သားများ ကုန်သွားမည်ကို စိုးရိမ်သွားသောကြောင့် ပြောသင့်၊ မပြောသင့် တွေဝေနေသော စကားများ ပြတ်တောက်သွားသည်။ သူသည် တာအိုဝတ်ရုံ၏ လက်ပြတ်များကို မတင်ကာ ကျင်းအန်းနှင့်အပြိုင် ဆိတ်သားများကို လုယက်စားသောက်လိုက်တော့၏။