အခန်း ၇၂
Vol. 7 Ch. 72
အပိုင်း (၇၂) သိုင်းလောက၏ အန္တရာယ်များ
သို့ပေမည့် ကျင်းအန်းက ခေါင်းခါလိုက်ပြန်သည်။
တာအိုဆရာအိုကြီးသည် မကျေမနပ် ဖြစ်သွားခဲ့သည်။ သူ အဆက်မပြတ် မှန်းဆချက်များ လွဲချော်သွား သောကြောင့် ပါးစပ်ထဲမှ သိုးသားပြုတ်က ရုတ်တရက် အရသာမရှိတော့ဟု ခံစားလိုက်ရ၏။
တာအိုဆရာအိုကြီးက ညည်းညူလိုက်သည်။ “ဘယ်လိုလုပ်ပြီး ကျုပ်က ထပ်မှားရပြန်တာလဲ။”
သူက မေးလိုက်၏။ “အဲဒါဆိုရင် ညီလေးပြောတဲ့ အချိန်ကြာလာတော့ သံယောဇဉ်ဖြစ်သွားတာ မဟုတ်ဘူးဆိုရင် သိတဲ့သူဆိုရင် လက်မရဲဘူး၊ မသိတဲ့သူဆိုရင် နှုတ်မဟရဲဘူး၊ ကောင်းမှုလုပ်ပြီး နာမည် မခံဘူး ဆိုတာမျိုးလား။”
ထိုအချိန်တွင် ဦးလေးချီသည်လည်း ကျင်းအန်း၏ ဇာတ်လမ်းကို စိတ်ဝင်စားသွားခဲ့၏။ သူသည် အစာစားခြင်းကို ရပ်တန့်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ “သခင်လေးကျင်းအန်းရဲ့ ဇာတ်လမ်းက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ။ အဲဒီနောက် ဘာဆက်ဖြစ်လဲ။”
ဦးလေးချီသည် စကားပြောပြီးနောက် သူ၏ ဘေးနားရှိ သခင်လေးကို ခိုးကြည့်လိုက်သေး၏။
ရလဒ်အနေဖြင့် ထိုသို့ကြည့်လိုက်ချိန်မှာတော့ သူ လန့်ဖြန့်သွားခဲ့သည်။
တာအိုဆရာအိုကြီး၏ အကြိမ်ကြိမ် စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကြောင့် ဘေးပတ်ဝန်းကျင် စားပွဲများမှ စားသုံးသူများသည်လည်း ကျင်းအန်း၏ ဇာတ်လမ်းကို စိတ်ဝင်စားလာကြ၏။
ထိုအချိန်တွင် မျက်လုံးအစုံပေါင်း များစွာသည် သူတို့စားပွဲဆီသို့ တပြိုင်နက်တည်း ကြည့်ရှုနေကြ၏။ ထိုအထဲတွင် ဘေးစားပွဲမှ သိုင်းလောက လူငယ်နှစ်ဦးလည်း ပါဝင်သည်။
အဖော်ဖြစ်သူက အစ်ကိုဇီရွှမ်ဟု ခေါ်ဆိုခြင်းခံရသော အမျိုးသမီးငယ်လေးသည် အောက်နှုတ်ခမ်းကို ကိုက်ထားကာ မျက်လုံးပြူးလျက် မယုံနိုင်သော မျက်နှာထားဖြင့် ရှိနေ၏။
ဦးလေးချီသည် အနည်းငယ် လေးစားအားကျနေသည့် အရိပ်အယောင်များကိုပင် မြင်လိုက်ရသေး၏။ တစ်ဖက်လူသည် မယုံနိုင်သော မျက်နှာထားဖြင့် အနည်းငယ် လေးစားအားကျစွာ ကျင်းအန်းကို ကြည့်နေခဲ့သည်။
ထိုအပြုအမူမှာ ကျင်းအန်း၏ ဇာတ်လမ်းထဲတွင် လုံးလုံးလျားလျား နစ်မြောသွားခြင်းပင် ဖြစ်၏။
ဦးလေးချီသည် သက်ပြင်းချလိုက်၏။ သူတို့၏ သခင်လေးက ငယ်စဉ်တည်းက ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်း ပြည့်ဝကာ လှည့်စားရန် မလွယ်ကူသည်က ကံကောင်းပေသည်။ ထိုသို့တွေးရင်း ဦးလေးချီသည် ဘေးနားသို့ ကြည့်လိုက်သည်။
သို့သော်ငြား ထိုအချိန်တွင် သခင်လေးယီယွင်သည် သူ့ထက်ပင် ကျင်းအန်း၏ ဇာတ်လမ်းကို ပို၍ အာရုံစိုက် နားထောင်နေသည်ကို မြင်လိုက်ရ၏။
ဆိုးရွားသော ရေစက်ပင်။ ဤသည်က ဆိုးရွားသော ရေစက်ပင်။ မျက်နှာဖြတ်ရိုက်ခံရခြင်းက ဤမျှမြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဦးလေးချီသည် သက်ပြင်းချလိုက်မိ၏။
ကျင်းအန်းသည် တမင်တကာ လူများကို စိတ်လှုပ်ရှားစေရန် မလုပ်ဆောင်ခဲ့ပေ။ သူက ဆက်လက် ပြောပြလိုက်သည်။ “ယုတ္တိတန်တန် တွေးကြည့်မယ်ဆိုရင် ရင်စည်းဝတ်ထားရင်တောင် ခေါင်းမာတဲ့ သစ်တုံးကြီး မဟုတ်ဘူးဆိုရင် ကျောပေါ်မှာ တစ်ညလုံး ပိုးလာတဲ့လူက မိန်းကလေးဆိုတာကို သိသာသင့်တာပေါ့။”
သူက ခေါင်းခါကာ ဆက်ပြောလိုက်၏။ “ဒါပေမဲ့ သူကတော့ လုံးဝ သတိမထားမိဘူးလေ။ နောက်ရက်တွေမှာ ဇာတ်လိုက်မင်းသားက တည်းခိုခန်းမှာ သူ့ရဲ့ သွေးသောက်ညီနောင်ကို သေချာ ဂရုစိုက်ပေးတယ်။ နေ့တိုင်း အခြေအနေကို မေးမြန်းတယ်။ ညလယ်ခေါင်မှာ ဆေးကျိုပေးပြီး နေ့ဘက်မှာ ရေနွေး လာပို့ပေးတယ်။”
ကျင်းအန်း ဤနေရာသို့ ရောက်ချိန်မှာတော့ တာအိုဆရာအိုကြီးက ကြားဖြတ်မေးလိုက်သည်။ “ဘာလို့ ရေနွေးလဲ။ နေ့ဘက်မှာ ဆေးသောက်လို့ မရဘူးလား။”
ကျင်းအန်းက ပြန်ဖြေလိုက်၏။ “အဲဒါကို အနုပညာဖန်တီးမှုလို့ ခေါ်တယ်။”
ကျင်းအန်းသည် တာအိုဆရာအိုကြီး၏ မေးခွန်းပေါင်းများစွာကို ထပ်မစောင့်တော့ဘဲ ဆက်ပြောလိုက်သည်။ “နေ့စဉ် ဆေးထည့်ပြီး ဒဏ်ရာကို ပတ်တီးစည်းပေးတာကအစ သူကိုယ်တိုင် တာဝန်ယူ လုပ်ဆောင် ပေးတယ်။ ဇာတ်လိုက်မင်းသမီးက ယောကျ်ားနဲ့ မိန်းမ အထိအတွေ့ မလုပ်အပ်ဘူးဆိုတာကို တွေးပြီး ဒဏ်ရာကို ကိုယ်တိုင် ပတ်တီးစည်းချင်ခဲ့တယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ သူ့ရဲ့ သွေးသောက်ညီနောင်က အတင်းအကျပ် ငြင်းဆန်ခဲ့တယ်။
အရင်က ကျောပေါ်မှာ တစ်ညလုံး အပိုးခံခဲ့ရတယ်။ အခုတစ်ခါလည်း အရေပြားချင်း ထိတွေ့မှုတွေ ရှိလာပြန်တယ်။ ဒဏ်ရာကို ပတ်တီးစည်းပေးတာကြောင့် ဆိုပေမယ့် ဇာတ်လိုက်မင်းသမီးရဲ့ စိတ်ထဲက သတိထားမှုတွေက မသိမသာ လျော့ကျသွားပြီး သဘောကျစိတ်တွေ စတင်ဖြစ်ပေါ်လာတယ်။
သူ့ရဲ့ သွေးသောက်ညီနောင်က ပိုပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ရိုးသားတဲ့ လူကောင်းတစ်ယောက်လို့ ခံစားလာရတယ်။ ပြီးတော့ အရမ်းကို ဂရုစိုက်တတ်ပြီး နူးညံ့သိမ်မွေ့တယ်။ လူတွေကို ဘယ်လို ပြုစုရမလဲဆိုတာ သိတယ်။ တဖြည်းဖြည်းနဲ့ သဘောကျစိတ်ကနေ တိတ်တဆိတ် ချစ်မြတ်နိုးစိတ်တွေ ဖြစ်လာခဲ့တယ်။
ဇာတ်လိုက်မင်းသမီးရဲ့ ဒဏ်ရာက တော်တော်လေး သက်သာလာပြီး နောက်ဆုံးမှာ ရေချိုးလို့ရတဲ့အထိ စောင့်ခဲ့ရတယ်။ တစ်နေ့ကျတော့ ဇာတ်လိုက်မင်းသမီးက တံခါးပိတ်ပြီး ရေချိုးနေတယ်။ အဲဒီအချိန်မှာ ဇာတ်လိုက်မင်းသားက ဆေးခွက်ကိုင်ပြီး တံခါးဝကို ရောက်လာတယ်။
ရလဒ်အနေနဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ သူက တံခါးဝက မညီညာတဲ့ ကြမ်းပြင်အုတ်ချပ်ကို ခလုတ်တိုက်မိသွားတယ်။ ခြေမခိုင်ဘဲ တံခါးကို ဝင်တိုက်မိပြီး အခန်းထဲကို အမှတ်မထင် ဝင်သွားတယ်။ အဲဒီအခါ ရေချိုးနေတဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို အတိအကျ မြင်သွားတော့တာပဲ။
မိန်းကလေးတွေအတွက် အပျိုစင်ဘဝက အရေးကြီးတယ်။ သူက အရင်ဆုံး ရှက်ဒေါသဖြစ်သွားပြီး ဓားဆွဲကာ ဇာတ်လိုက်မင်းသားကို ထိုးသတ်ချင်သွားတယ်။ ဒါပေမဲ့ ဇာတ်လိုက်မင်းသားက သူ့ရဲ့ အပျိုစင်ခန္ဓာကိုယ်ကို ပထမဆုံး မြင်ဖူးတဲ့ ယောကျ်ားလေ။ သဘာဝကျကျပဲ သူ့ရင်ထဲမှာ ဖျောက်ဖျက်လို့မရတဲ့ အမှတ်ရစရာပုံရိပ်ကို ချန်ရစ်ခဲ့တာပေါ့။
လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ပြန်တွေးကြည့်လိုက်တယ်။ မိုးရွာတဲ့ညမှာ ဘုရားကျောင်းပျက်မှာ မိုးခိုခဲ့တာ၊ ဒဏ်ရာရလို့ တစ်ညလုံး ကျောပိုးပြီး ဆရာဝန်သွားရှာပေးတာ၊ တည်းခိုခန်းမှာ အသေးစိတ် ဂရုစိုက်ပေးတာ၊ နေ့တိုင်း ပင်ပန်းခံပြီး ညဉ့်နက်တဲ့အထိ ဆေးကျိုပေးတာ၊ ဒဏ်ရာကို ပတ်တီးစည်းပြီး ပြုစုပေးတာတွေကို ပြန်တွေးမိတာပေါ့။
လူတွေရဲ့ နှလုံးသားက အသားနဲ့ လုပ်ထားတာလေ။ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးကြည့်ရင်း သူက ဘယ်လိုလုပ်ပြီး သူ့ရှေ့က သူတိတ်တဆိတ် ချစ်မြတ်နိုးနေတဲ့ ယောကျ်ားကို သတ်ရက်မှာလဲ။”
“ဖြန်း...”
တာအိုဆရာအိုကြီးက ဝမ်းသာအားရဖြင့် ပေါင်ကို ရိုက်လိုက်၏။
သူက ရယ်မောကာ ပြောလိုက်သည်။ “အဲဒါကို ရေစက်လို့ ခေါ်တာပေါ့။ နောက်ဆုံးကျတော့ ချစ်သူနှစ်ဦး ပေါင်းဖက်သွားကြမှာ အသေအချာပဲ။ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းလေးတစ်ခုပေါ့။”
ကျင်းအန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
သူသည် ခေါင်းခါလျက် တာအိုဆရာအိုကြီးကို ကြည့်ကာ မေးလိုက်သည်။ “ဘာလို့ ချစ်သူနှစ်ဦး ပေါင်းဖက်ရမှာလဲ။ ဒီလောကမှာ အဲဒီလောက်များတဲ့ ရေစက်တွေ ဘယ်ကနေ ရောက်လာမှာလဲ။ ဘာလို့ တမင်တကာ လုပ်တာ မဖြစ်နိုင်ရမှာလဲ။”
သူက ဆက်မေးလိုက်၏။ “ဘာလို့ တစ်ညလုံး ခရီးနှင်ရတာလဲ။ သိုင်းလောကမှာ လှည့်လည် သွားလာနေတဲ့သူတွေ အားလုံး သိကြတယ်။ ညဘက် လမ်းလျှောက်တာ အန္တရာယ်အများဆုံးပဲ။ ညဘက် လမ်းလျှောက်တာကို ရှောင်နိုင်ရင် အတတ်နိုင်ဆုံး ရှောင်ကြတယ်။
ဘာလို့ တစ်ညလုံး ခရီးနှင်ပြီး အဲဒီည မိုးရွာမယ်ဆိုတာကို အတိအကျ တွက်ချက်ထားနိုင်ရတာလဲ။ မိုးစိုပြီးတဲ့နောက် မီးဖိုမှာ အတူတူ ထိုင်နေတဲ့အချိန် နှစ်ယောက်စလုံး ခန္ဓာကိုယ်တွေ စိုရွှဲနေတာတောင် သူက သူ့ရဲ့ သွေးသောက်ညီနောင် မိန်းကလေးဆိုတာကို တကယ်ပဲ မသိနိုင်ဘူးလား။
လူဆိုးတွေကို နှိမ်နင်းတဲ့အခါ ဘာလို့ ဒဏ်ရာရတာလဲ။ သူက တမင်တကာ ရန်စလိုက်တဲ့ သိုင်းပညာရှင်တွေများ ဖြစ်နေမလား။ မြို့ကို ပြန်ပြီး အကူအညီတောင်းဖို့ ကျောပိုးလာတဲ့အခါ ဘာလို့ တစ်ညလုံး လမ်းမှားသွားရတာလဲ။ လာတုန်းက လမ်းမမှားဘဲ ပြန်သွားတဲ့အချိန်မှ ဘာလို့ လမ်းမှားသွားရတာလဲ။
ဘာလို့ သိုင်းကျင့်ထားတဲ့သူက တံခါးဝက အုတ်ချပ်ကို ခလုတ်တိုက်မိရတာလဲ။ အဲဒီနေ့ကမှ ကွက်တိ မိန်းကလေး ရေချိုးနေတဲ့ အချိန်ဖြစ်နေရတာလဲ။ ရေစည်တစ်ခုစာ ရေနွေးနဲ့ ရေအေးကို ခပ်ဖို့ဆိုတာ မလွယ်ဘူး။ စိတ်ဝင်စားတဲ့သူသာဆိုရင် အခန်းတွင်းက လှုပ်ရှားမှုတွေကို သတိထားကြည့်တာ ဒါမှမဟုတ် တည်းခိုခန်းက စားပွဲထိုးကို မေးကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်တယ်။
တာအိုဆရာအိုကြီး... ခုနက ပြောတဲ့ ချစ်သူနှစ်ဦး ပေါင်းဖက်သွားတဲ့ ဇာတ်သိမ်းအပြင် တခြား ဇာတ်သိမ်းတစ်ခု ဖြစ်နိုင်ခြေ မရှိဘူးလား။”
သူက အတည်ပေါက် ပြောလိုက်၏။ “မိန်းကလေးက ယောကျ်ားလေးလို ရုပ်ဖျက်ပြီး သိုင်းလောကထဲကို ဝင်လာတဲ့အခါ အစောကြီးတည်းက သူ့ရဲ့ သရုပ်မှန်ကို တစ်ဖက်လူက သိနေပြီးသား ဖြစ်လိမ့်မယ်။ အဲဒီနောက်မှာမှ တမင်တကာ တိုက်ဆိုင်မှုတွေနဲ့ တွက်ချက်မှုတွေ ရှိလာတာ။
ယောကျ်ားနဲ့ မိန်းမ ကွာခြားတာပဲ။ တစ်ချက်ကြည့်ရုံနဲ့ တစ်ဖက်လူက ယောကျ်ားလား မိန်းမလားဆိုတာ သိနိုင်တယ်။ မျက်ကန်းမဟုတ်ရင် ဒါမှမဟုတ် ငွေနဲ့ ရုပ်အဆင်းကို လိုချင်လို့ တမင် မျက်ကန်းဟန်ဆောင်ပြီး ချဉ်းကပ်တာမျိုးမှ လွဲလို့ပေါ့။
သိုင်းလောကက အန္တရာယ်များတယ်။ လူတွေရဲ့ စိတ်က ပိုပြီး ဆိုးယုတ်ကြတယ်။ ယောကျ်ားလေးလို ရုပ်ဖျက်တဲ့အခါ ပိုပြီး သတိထားပါ။ ဘာလို့လဲဆိုတော့ အဲဒါက လုံးဝ အသုံးမဝင်လို့ပဲ။”
“ရှူး...”
ပတ်ဝန်းကျင်ရှိ စားပွဲများမှ ဧည့်သည်များသည် အံ့အားသင့်သွားကြပြီး လေကို ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။
ဤသို့ ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှုက အလွန်ကို ထူးခြားဆန်းကြယ်လှသည်။ အိပ်မက် မက်နေသူတစ်ဦးကို ရုတ်တရက် နှိုးလိုက်သကဲ့သို့ပင် ဖြစ်လို့နေ၏။
……
ဤသိုးသားဟော့ပေါ့ စားသောက်ပွဲသည် ဧည့်သည်များအတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့သော်လည်း အိမ်ရှင်အတွက်မူ မျက်နှာပျက်စရာ ဖြစ်ခဲ့ရ၏။ သခင်လေးယီယွင်က အိမ်ရှင်ဖြစ်ပြီး ကျင်းအန်းက ဧည့်သည် ဖြစ်သည်။
ကျင်းအန်းက ကိုယ်တိုင် ငွေရှင်းပြီး ထွက်ခွာလာချိန်တွင် သခင်လေးယီယွင်၏ မျက်နှာက မည်းမှောင်နေခဲ့၏။
ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ အပြန်လမ်းတွင် လျှောက်လာစဉ် ကျင်းအန်းသည် မေးစေ့ကို ပွတ်သပ်ကာ တွေးတောနေခဲ့သည်။
သခင်လေးယီယွင်၏ သဘောထားက သိပ်မကြီးလှပေ။ သူက စေတနာနှင့် သတိပေးခဲ့ခြင်း ဖြစ်သည်။ စေတနာနှင့် ဖားခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်အနေဖြင့် ဓားသွားကို သွားလျက်မိသကဲ့သို့ ဖြစ်သွားခဲ့၏။
ကျင်းအန်းက မေးလိုက်သည်။ “တာအိုဆရာအိုကြီး... ခုနက သခင်လေးယီယွင်ကို မျက်နှာကြည့်ပေးတုန်းက သခင်လေးယီယွင်က မိန်းကလေးဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိလိုက်လို့ အဲဒီစကားတွေကို ပြောခဲ့တာလား။”
တာအိုဆရာအိုကြီးသည် မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်၏။ “ဘာစကားလဲ။”
ကျင်းအန်းက ပြောလိုက်သည်။ “တာအိုဆရာအိုကြီး ခင်ဗျား ကျွန်တော့်ကို လာမလှည့်စားနဲ့။ ယောကျ်ား မိန်းမ မျက်နှာကြည့်ပေးတဲ့အခါ ခင်ဗျား တစ်ချက်ကြည့်ရုံနဲ့ ယောကျ်ားလား မိန်းမလား မသိဘူးဆိုတာ ကျုပ် မယုံဘူး။ နောက်ဆိုရင် လျှောက်မပြောနဲ့။ သခင်လေးယီယွင်က ခင်ဗျားပြောတာကြောင့် မျက်နှာမည်း သွားတာ မတွေ့ဘူးလား။ နောက်ကြရင် ခင်ဗျားရဲ့ ဆိုင်းဘုတ် အဖြုတ်ခံရဖို့သာ သတိထားတော့။”
တာအိုဆရာအိုကြီးသည် ကြောင်အမ်းအမ်းဖြစ်သွားကာ မေးလိုက်၏။ “သခင်လေးယီယွင် ဒေါသထွက်တာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။”
တာအိုဆရာအိုကြီးသည် ကြောင်တောင်တောင် ဖြစ်သွားပြီး လက်မြှောက်ကာ မတရားခံရသကဲ့သို့ အော်ဟစ်လိုက်သည်။
ကျင်းအန်းသည် စကားလွှဲလိုက်၏။ “တာအိုဆရာအိုကြီး... ခုနက သခင်လေးယီယွင်ကို မျက်နှာကြည့်ပေးတုန်းက ပြောဖို့ကျန်နေတဲ့ နောက်ထပ်စကားတစ်ဝက် ရှိသေးတယ်မလား။”
ကျင်းအန်းသည် ကိုယ့်လိပ်ပြာကိုယ် မလုံသောကြောင့် စကားလွှဲလိုက်ခြင်း ဖြစ်သည်။