← Chapters

အခန်း ၇၅

Vol. 7 Ch. 75

အခန်း ၇၅

Vol. 7 Ch. 75

အပိုင်း (၇၅) ဖျော်ဖြေရေးရုံတန်း

ဖျော်ဖြေရေးရုံဆိုသည်မှာ ရှေးလူများ ပြဇာတ်နှင့် ကခုန်သီဆိုမှုများ ပြုလုပ်ရာ ဖျော်ဖြေရေးနေရာတစ်ခု ဖြစ်၏။

ထိုနေရာတွင် ဇာတ်မင်းသားများ၊ သီချင်းဆိုသူများ၊ ကချေသည်များ၊ ဓားအကမယ်များ စသည်ဖြင့် ရှိတတ်ကြ၏။ ပုံပြင်ပြောခြင်း၊ ရုပ်သေးပြဇာတ်၊ အရိပ်ပြဇာတ်၊ မျက်လှည့်စသည်တို့လည်း ရှိသည်။

ရိုးရိုးရှင်းရှင်း ဆိုရလျှင် အလွန်ကြီးမားသော သီဆိုကခုန် ဖျော်ဖြေသည့် နေရာကြီးပင် ဖြစ်၏။

သို့သော်ငြား အနုပညာကိုသာ ရောင်းချပြီး ခန္ဓာကိုယ်ကို လုံးဝ မရောင်းချပေ။ ခန္ဓာကိုယ်ကို လုံးဝ မရောင်းချပေ။ ခန္ဓာကိုယ်ကို လုံးဝ မရောင်းချပေ။

အရေးကြီးသည့်ကိစ္စဖြစ်သောကြောင့် သုံးခါပြောရခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးနှင့် တိုးမိသော အစောင့်၏ အမည်မှာ လီယန်ချူ ဖြစ်၏။

လီယန်ချူ က ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ “တာအိုဆရာအိုကြီး... ကျုပ် ခုနကပြောခဲ့တဲ့ စကားတွေကို တကယ်ပဲ ယုံကြည်ရဲ့လား။”

တာအိုဆရာအိုကြီးက ဖြေလိုက်၏။ “ခင်ဗျား ခြံထဲ ဝင်လာတည်းက ခင်ဗျားရဲ့ မျက်လုံးအဖြူသားမှာ ရှိနေတဲ့ အမည်းရောင်အမှတ်အသားက မနေ့ကထက် ပိုရှည်လာတာကို ကျုပ် သတိထားမိလိုက်တယ်။ ဒါကြောင့် ခင်ဗျား စကားမစခင်တည်းက မကောင်းဆိုးဝါးနဲ့ တိုးမိတဲ့ နောက်ဆက်တွဲ ရလဒ်တွေက စတင်ပေါ်ပေါက်နေပြီဆိုတာကို ကျုပ် သိပြီးသားပဲ။ဒီတော့ ခင်ဗျား ပြောသမျှကို ကျုပ်က သဘာဝကျကျပဲ ယုံကြည်တာပေါ့။”

တာအိုဆရာအိုကြီးသည် လောကီရေးရာများကို ခဝါချထားသော တရားရသူတော်စင်တစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းသည့် အသွင်အပြင် ရှိလို့နေသည်။

သူက စကားပြောပြီးနောက် ခါးကို မတ်လိုက်ကာ တည်တံ့သော အမူအရာဖြင့် မေးလိုက်၏။ “အမှုထမ်းလီ... ဖျော်ဖြေရေးရုံတန်းရဲ့ အသေးစိတ် အခြေအနေတွေကို ကျုပ်ကို သေသေချာချာ ရှင်းပြစမ်းပါ။ ကျုပ်က ခင်ဗျားအတွက် အဲဒီအထဲက အကွေ့အကောက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးမယ်။ ခင်ဗျာက ဘာကြောင့် ဖျော်ဖြေရေးရုံတန်းကို ဒီလောက်မြန်မြန် သံသယဝင်သွားရတာလဲ။”

လီယန်ချူသည် အတွင်းရေးကိစ္စများအားလုံးကို အထစ်ထစ် အငေါ့ငေါ့ဖြင့် စတင်ပြောပြတော့၏။

လွန်ခဲ့သော တစ်လခန့်က အစိုးရရုံးမှ သောက်ဖော်စားဖက် အစောင့်အချို့က လီယန်ချူကို ဆွဲခေါ်ကာ မိန်းမလှလေးများကို ကြည့်ရန် ဖျော်ဖြေရေးရုံတန်းသို့ သွားခဲ့ကြသည်။

“တာအိုဆရာအိုကြီးနဲ့ သခင်လေးကျင်းအန်းတို့ ကျုပ်ကို သေချာပေါက် ယုံကြည်ပေးပါ။ ကျုပ်က တကယ်ကို ရိုးသားတဲ့လူပါ။ ကျုပ်က အစတည်းက ငြင်းဆန်ချင်ခဲ့တာပါ။ အလုပ်ဆင်းပြီး အိမ်မပြန်ရင် အိမ်က အစ်ကိုနဲ့ မရီးတို့ စိတ်ပူနေမှာကို စိုးရိမ်လို့ ကျုပ်က အစတည်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိတ်ကြားမှုကို တကယ် ငြင်းဆန်ချင်ခဲ့တာပါ။”

လီယန်ချူက ပြောလိုက်၏။ “ဒါပေမဲ့ အရာရှိလောကဆိုတဲ့ ရေပြင်က အရမ်းကို အေးစက်လွန်းတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ကောင်းအောင် မလုပ်ထားဘဲ အသိုင်းအဝိုင်းထဲက လူတွေနဲ့ မပူးပေါင်းရင် အများနဲ့ မတည့်ဘူးဆိုပြီး အပယ်ခံရလိမ့်မယ်။ အဲဒီအခါ အထက်လူကြီးတွေဆီကို ကုန်းချောစကားတွေ ရောက်သွားရင် ဒီအစိုးရထမင်းကို ဆက်စားလို့ ရတော့မှာ မဟုတ်ဘူး။ ရေက အရမ်းအေးလွန်းပါတယ်။”

လီယန်ချူသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် စကားအနည်းငယ် ပြောပြီးနောက် ဆက်လက် ပြောပြလိုက်သည်။

ထိုနေ့က လီယန်ချူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်အချို့ ဖျော်ဖြေရေးရုံတန်းသို့ အတူသွားခဲ့ပြီးနောက် ချိုက်ဟယ်ဟုခေါ်သော မိန်းကလေးတစ်ဦးနှင့် သိကျွမ်းခဲ့၏။

သူသည် ချိုက်ဟယ်ကို မြင်မြင်ချင်း ချစ်ကြိုက်သွားခဲ့ပြီး ချိုက်ဟယ်ကို တွေ့ရန် ဖျော်ဖြေရေးရုံသို့ မကြာခဏ သွားရောက်ခဲ့၏။ သူတို့နှစ်ဦး တဖြည်းဖြည်း ရင်းနှီးလာကာ သံယောဇဉ်ဖြစ်လာကြပြီးနောက် လီယန်ချူသည် ချိုက်ဟယ်ကို ရွေးထုတ်ရန်ပင် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။

ဖျော်ဖြေရေးရုံတန်းရှိ အနုပညာသည်များသည် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးများ သို့မဟုတ် ငယ်စဉ်တည်းက လူကုန်ကူးသူများ၏ ဖမ်းဆီးရောင်းစားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြ၏။

ထိုသူများသည် ဆရာသမားများထံမှ အသက်မွေးဝမ်းကျောင်းပညာကို သင်ယူခဲ့ရသူများ သို့မဟုတ် မတတ်သာ၍ လုပ်ဆောင်နေရသူများ ဖြစ်ကာ အားလုံးမှာ ကြမ်းတမ်းသော ဘဝနောက်ခံကိုယ်စီ ရှိကြသည်။

ချိုက်ဟယ်သည်လည်း ငယ်စဉ်တည်းက လူကုန်ကူးသူများ၏ ဖမ်းဆီးရောင်းစားခြင်းကို ခံခဲ့ရသူ ဖြစ်၏။

ချိုက်ဟယ် အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် နှစ်သစ်ကူးပွဲတော် ကာလတွင် မိဘများနှင့်အတူ လမ်းမပေါ်၌ မီးပုံးများ လိုက်ကြည့်နေစဉ် ကလေးသူခိုးများနှင့် ကြုံတွေ့ခဲ့ရသည်။

တစ်စုံတစ်ဦးက သူမ၏ နောက်စေ့ကို ရိုက်လိုက်ပြီးနောက် သူမသည် သတိလစ်မေ့မြောကာ ကလေးသူခိုးများ နောက်သို့ ပါသွားခဲ့တော့သည်။ သူမ၏ ဝိညာဉ်ကို တစ်စုံတစ်ဦးက ဖမ်းဆုပ်ထားသကဲ့သို့ပင် ဖြစ်သွားခဲ့၏။

ချိုက်ဟယ်သည် ပီပါတီးခတ်ရာတွင် အလွန်ကျွမ်းကျင်၏။ သူမ တီးခတ်လိုက်သော ပီပါသံစဉ်တစ်ခုက ဤဘဝ၏ သံယောဇဉ်များကို ကြေကွဲဖွယ်ရာ ဖြစ်စေပြီး နှလုံးသားထဲတွင် အမှတ်အသားများကို စွဲထင်ကျန်ရစ်စေခဲ့သည်။

ဖျော်ဖြေရေးရုံတွင် သူမသည် အနည်းငယ် နာမည်ကြီးသူဖြစ်ရာ ရွေးထုတ်ရန် ဈေးနှုန်းမှာလည်း သဘာဝကျကျပင် မြင့်မား၏။

လီယန်ချူသည် ဤရက်ပိုင်းအတွင်း ဤကိစ္စအတွက် အလွန်စိတ်ဆင်းရဲနေခဲ့၏။ ထို့ကြောင့် စိတ်လေးလံ နေသော သူသည် ဖျော်ဖြေရေးရုံတန်းတွင် အမြဲလိုလို အချိန်ဖြုန်းကာ ချစ်သူ၏ လရောင်အောက်မှ လွမ်းဆွတ်ဖွယ် ရှေးဟောင်းပီပါသံကို နားထောင်ရင်း အရက်ဖြင့် သောကကို ဖြေဖျောက်နေခဲ့သည်။

လီယန်ချူက ဖျော်ဖြေရေးရုံတန်းဘက်ကို သံသယဝင်ရခြင်း၏ အကြောင်းရင်းမှာ ချိုက်ဟယ်က တစ်ကြိမ်တွင် သူနှင့် တိတ်တဆိတ် တွေ့ဆုံစဉ် ထူးဆန်းသောကိစ္စတစ်ခုကို ပြောပြခဲ့ဖူးသောကြောင့် ဖြစ်၏။

မကြာသေးမီက ဖျော်ဖြေရေးရုံအချို့တွင် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။

ချိုက်ဟယ်၏ အဆိုအရ ဖျော်ဖြေရေးရုံရှိ ညီအစ်မများထဲမှ အချို့သည် မနက်လင်း၍ နိုးလာချိန်မှာတော့ မျက်နှာသွေးဆုတ်နေပြီး အလွန်အမင်း ဖြူရော်နေကာ တစ်ညလုံး အိပ်မပျော်ခဲ့ရသူများကဲ့သို့ ဖြစ်နေသည်ဟု ဆို၏။

သို့ပေမည့် မနေ့ညက ဘာဖြစ်ခဲ့သည်ကိုမူ မည်သူမှ ပြန်လည် မမှတ်မိကြချေ။ ညီအစ်မအချို့ အတူအိပ်လျှင်ပင် ဤထူးဆန်းသောကိစ္စက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုညက သူမနှင့် အခြားညီအစ်မအချို့ အတူအိပ်ခဲ့ကြပြီး သူမနှင့် အခြားသူများမှာမူ ပုံမှန်အတိုင်း တစ်ညလုံး ဘာမှမဖြစ်ခဲ့ချေ။

သို့သော်ငြား ညီအစ်မတစ်ဦး၏ မျက်နှာမှာမူ နောက်နေ့မနက် ထလာချိန်တွင် မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ရသကဲ့သို့ ဖြူရော်နေခဲ့၏။

သို့ပေမည့် အခြားညီအစ်မများမှာ ညဘက်တွင် မည်သည့်လှုပ်ရှားမှုသံကိုမျှ မကြားခဲ့ရဘဲ မိုးလင်းသည်အထိ အိပ်မောကျနေခဲ့ကြသည်။

ဤအခြေအနေမျိုးသည် အချိန်အတန်ကြာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့၏။

တာအိုဆရာအိုကြီးက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ဒါက တကယ်ကို ထူးဆန်းတဲ့ကိစ္စပဲ။ ခင်ဗျားက ဖျော်ဖြေရေးရုံတန်းကို ခဏခဏ သွားနေလို့ မကောင်းဆိုးဝါး တစ်ခုခုနဲ့ တိုးမိတာများလား။”

တာအိုဆရာအိုကြီးက လီယန်ချူကို မေးလိုက်သော်လည်း လီယန်ချူမှာမူ မည်သည့်အရာကိုမှ မသိချေ။

တာအိုဆရာအိုကြီးက ထပ်မေးလိုက်၏။ “ခင်ဗျားက ဖျော်ဖြေရေးရုံတန်းမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်နေတာကို သတိထားမိနေပြီပဲ။ ခင်ဗျားက အစောင့်တစ်ယောက်ဖြစ်နေလျက်နဲ့ ဘာလို့ သံသယ မဝင်ရတာလဲ။”

လီယန်ချူ က ခါးသီးစွာ ပြုံးလျက် ဖြေလိုက်သည်။ “ပထမအချက်က လူသေမှု မဖြစ်ဘူး။ ဒုတိယအချက်က အစိုးရရုံးကို လာတိုင်တဲ့သူ မရှိဘူး။ ပြီးတော့ ဒီကိစ္စက တိတ်တဆိတ် သတင်းလွင့်နေတာပဲ ရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားမှ မရှိတာ။”

ထိုအချိန်တွင် အသံတိတ်နေသော ကျင်းအန်းက ဝင်ပြောလိုက်၏။ “တာအိုဆရာအိုကြီး... ဒီကိစ္စအတွက် လီယန်ချူနဲ့အတူ ကျုပ် သွားလိုက်မယ်။ ခင်ဗျားက ဒီမှာပဲ နေပြီး ဗီရိုကို ဆက်ပြီး ကောင်းရာမွန်ရာ ပို့ပေးနေလိုက်ပါ။”

တာအိုဆရာအိုကြီးသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း မျက်လုံးပြူးသွားကာ မေးလိုက်သည်။ “ညီလေး... ခင်ဗျားက တစ်ယောက်တည်း ကောင်းစားချင်တာလား။”

ကျင်းအန်း၏ နဖူးပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းအချို့ ကျဆင်းလာခဲ့၏။ (မျက်နှာမဲ့သွားခြင်းကို ဆိုလိုသည်။)

‘ဘာကို တစ်ယောက်တည်း ကောင်းစားချင်တာလဲ။ ဒီစကားလုံးတွေက ထူးဆန်းတဲ့ အဓိပ္ပာယ်တစ်မျိုး ပါနေသလို ခံစားနေရတယ်။’

ကျင်းအန်းက ပြောလိုက်၏။ “တာအိုဆရာတစ်ပါးက ဖျော်ဖြေရေးရုံမှာ သီချင်းသွားနားထောင်မယ်ဆိုရင် တကယ်လို့ ပြဿနာတစ်ခုခု ရှိနေခဲ့ရင်တောင် ခင်ဗျားကြောင့် မြွေမသေဘဲ တုတ်ကျိုးသလို ဖြစ်သွားမှာပေါ့။”

“ညီလေး... ခင်ဗျားက တစ်ယောက်တည်း ကောင်းစားချင်နေတာပဲ။”

တာအိုဆရာအိုကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “တာအိုဆရာတွေက ဖျော်ဖြေရေးရုံမှာ သီချင်း သွားမနားထောင်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ တာအိုဆရာတွေကလည်း မိဘတွေ မွေးလာတာပဲ မဟုတ်ဘူးလား။ အားလုံးက မျက်လုံးနှစ်လုံး၊ နားနှစ်ဖက်၊ နှာခေါင်းတစ်ခု၊ ပါးစပ်တစ်ခုတည်း ရှိတာပဲလေ။ ဘာဖြစ်လို့ တာအိုဆရာတွေက ဆင်းရဲဒုက္ခကို ကြိတ်မှိတ်သည်းခံပြီး လူ့လောကရဲ့ ဒုက္ခမျိုးစုံကို မခံစားရမှာလဲ။”

တာအိုဆရာအိုကြီး၏ စကားများက တဖြည်းဖြည်း လမ်းကြောင်းလွဲလာခဲ့သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။ “ပြီးတော့ လီယန်ချူ မကောင်းဆိုးဝါးနဲ့ တိုးတာကို ကျုပ်က အရင်ဆုံး တွေ့ခဲ့တာလေ။ ရှေးစကားရှိတယ် မဟုတ်လား။ ခေါင်းလောင်းဖြုတ်ချင်ရင် ခေါင်းလောင်းချည်တဲ့သူပဲ ဖြုတ်ရမယ်တဲ့။ ကျုပ်က ကြိုးကို ချည်ခဲ့တာဆိုတော့ သွားကျိုးသွားရင်တောင် လီယန်ချူကို ကမ်းစပ်ရောက်အောင် ဆွဲတင်ပေးရမှာပေါ့။

ကျုပ်က သူတစ်ပါးအတွက် ကိုယ်ကျိုးစွန့်တာ။ သူတစ်ပါးကို မကယ်တင်ခင် ကိုယ့်ကိုယ်ကိုယ် အရင် စွန့်လွှတ်ရမယ်။ ကျုပ်လည်း ဖျော်ဖြေရေးရုံမှာ သီချင်းသွားနားထောင်မယ်။”

လီယန်ချူသည် တာအိုဆရာအိုကြီး၏ စိတ်အားထက်သန်သော စကားများကြောင့် အလွန်တရာ ကြည်နူးသွားခဲ့၏။ သူက ဝင်ပြောလိုက်သည်။ “ဖျော်ဖြေရေးရုံမှာ သီချင်းနားထောင်တာက တာအိုဆရာတွေနဲ့ ဘုန်းကြီးတွေ သွားခွင့်မရှိဘူးလို့တော့ ကန့်သတ်မထားပါဘူး။

သခင်လေးကျင်းအန်း... ပြီးခဲ့တဲ့ ရှန်ကျားပေါက် ခရီးစဉ်တုန်းက အရာရှိဖုန်းနဲ့အတူ ပြန်လာတဲ့ ဘုန်းကြီး ဖူကျိကို မှတ်မိသေးလား။ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် ဖျော်ဖြေရေးရုံကို သွားတုန်းက ဘုန်းကြီး ဖူကျိကို အဲဒီမှာ တွေ့ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က သာမန် အစောင့်ငယ်လေးဆိုတော့ ဘုန်းကြီး ဖူကျိက ကျုပ်ကို မမြင်ခဲ့ဘူး။ ဒါပေမဲ့ ဘုန်းကြီး ဖူကျိက ကျုပ်ကို မြင်ရင်တောင် ကျုပ်လို အစောင့်ငယ်လေးကို သိမှာမဟုတ်ပါဘူး။”

လီယန်ချူ ယူဆောင်လာသော သတင်းက ကျင်းအန်းကို တကယ်ပင် အံ့အားသင့်သွားစေခဲ့၏။

‘ဒီဘုန်းကြီး ဖူကျိရဲ့ လမ်းကြောင်းတွေက ဒီလောက်တောင် ကြမ်းတမ်းနေမယ်လို့ ထင်မထားခဲ့ဘူး။ ဒဏ်ရာကုသဖို့ကို ဖျော်ဖြေရေးရုံတန်းဆီ သွားပြီး ကုသတယ်ပေါ့လေ။’

မည်သို့ပင်ဖြစ်စေ အရက်သောက် အသားစားသော ထိပ်ပြောင်ဘုန်းကြီးတစ်ပါး ပိုလာသည်သာ ဖြစ်၏။ တာအိုဆရာတစ်ပါး ထပ်တိုးလာလည်း ကိစ္စမရှိတော့ချေ။

‘ကဲ... အခုတော့ တာအိုရော ဗုဒ္ဓဘာသာပါ စုံသွားပြီပေါ့။’

တာအိုဆရာအိုကြီးကို ခေါ်သွားရန် ဆုံးဖြတ်လိုက်ပြီးနောက် သူတို့သုံးဦး တိုင်ပင်ကာ လီယန်ချူ အလုပ်ဆင်းပြီးနောက် သူငယ်ချင်းအဖြစ်ဖြင့် ဖျော်ဖြေရေးရုံတန်းသို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။

နေ့ဘက်တွင် လမ်းကြောင်းကို အရင် သွားရောက် စုံစမ်းကြည့်မှာဖြစ်၏။

အစိုးရရုံး အလုပ်ဆင်းချိန်မှာ ယိုနာရီ (ညနေ ၅ နာရီမှ ၇နာရီ) ဖြစ်သည်။

သူတို့သုံးဦး ဖျော်ဖြေရေးရုံတန်းသို့ ရောက်ချိန်တွင် ယိုနာရီ နှစ်မောင်းခန့် ရှိနေပြီ ဖြစ်၏။

ထိုအချိန်သည် စာသင်ကျောင်းများ ကျောင်းဆင်းချိန်နှင့် အခြားသော အလုပ်အကိုင် အသီးသီးမှ အလုပ်ဆင်းချိန်လည်း ဖြစ်သည်။

ထို့အပြင် ချင်းမင်ပွဲတော် နီးကပ်လာသောကြောင့် နေရာအနှံ့မှ စာပေပညာရှင်များနှင့် နယ်ဝေး ဧည့်သည်များသည်လည်း နာမည်ကြီးသော ဖျော်ဖြေရေးရုံတန်းသို့ လာရောက်ကြ၏။

ထို့ကြောင့် ကျင်းအန်းတို့ ရောက်ရှိချိန်တွင် ထိုနေရာ၌ စီးပွားရေး အလွန်ကောင်းမွန်ကာ လူပြည့်ကျပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

All Chapters