အခန်း ၇၆
Vol. 7 Ch. 76
အပိုင်း (၇၆) မယ်သီတာငှက်ပျောပင်
ဝါ့စစ် သို့မဟုတ် ဝါ့မြို့ဟုလည်း ခေါ်ဆိုကြ၏။
၎င်းသည် ဈေးတန်းတစ်ခုနှင့် ဆင်တူပြီး အတွင်း၌ ဖျော်ဖြေရေးရုံများ တစ်ခုနှင့်တစ်ခု အစီအရီ တည်ရှိ နေသည်။
ဖျော်ဖြေရေးရုံများအကြောင်း ပြောရလျှင် ဆုန့်မင်းဆက်ခေတ်က နာမည်ကြီး ပြည့်တန်ဆာမလေး လီရှီရှီကို အရင်ဆုံး သတိရမိမှာ ဖြစ်၏။
လီရှီရှီသည် ဖျော်ဖြေရေးရုံများတွင် မကြာခဏ ဖျော်ဖြေလေ့ရှိသည်ဟု ဆိုကြသည်။
ကျင်းအန်းသည်လည်း ဤသည်မှာ အမှန်ဟုတ်မဟုတ် မသိချေ။ သူသည်လည်း သူငယ်ချင်းများထံမှ ကြားဖူးခြင်းသာ ဖြစ်၏။
“ဟင်...” သူတို့ ရည်ရွယ်ထားသော ဖျော်ဖြေရေးရုံသို့ မရောက်မီ ဝါ့စစ်အတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပဲ တာအိုဆရာအိုကြီးက တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဘာဖြစ်လို့လဲ။” ကျင်းအန်းက ခြေလှမ်း ရပ်တန့်လိုက်၏။
သို့ပေမည့် တာအိုဆရာအိုကြီးက သူ၏ စကားကို မဖြေဘဲ အပင်အချို့ရှေ့သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
“ညီလေး... ဒါက ဘာလဲဆိုတာ သိလား။” တာအိုဆရာအိုကြီးက အရင်ဆုံး မေးခွန်းပြန်ထုတ်လိုက်၏။
ကျင်းအန်းက ခေါင်းခါလိုက်သည်ကို မြင်ချိန်မှာတော့ တာအိုဆရာအိုကြီးသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ညီလေး မသိတာလည်း မဆန်းပါဘူး။ ဒါကို မယ်သီတာငှက်ပျောပင်လို့ ခေါ်တယ်။ ဒါပေမဲ့ မယ်သီတာငှက်ပျောပင်က အအေးဒဏ်ကို မခံနိုင်ဘူး။ အခုက ပန်းတွေ ညှိုးနွမ်းတဲ့ ရာသီပဲ။ ဒါကြောင့် သာမန်ဆိုရင် ဘယ်သူမှ မမှတ်မိနိုင်ဘူး။
မယ်သီတာငှက်ပျောပင်က နေရာအနည်းငယ်မှာပဲ ပေါက်ရောက်လေ့ရှိတယ်။ ကျုပ်က တောင်မြောက် အနှံ့အပြား သွားလာခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ မယ်သီတာငှက်ပျောပင်ကို အကြိမ်အနည်းငယ်လောက် ကံကောင်းထောက်မစွာ မြင်ဖူးခဲ့တယ်။”
တာအိုဆရာအိုကြီးသည် စကားပြောပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့၏။ “ဒါပေမဲ့ ဒီက မယ်သီတာငှက်ပျောပင်က ပန်းညှိုးနွမ်းတဲ့ ရာသီမှာ ရှိနေသေးပေမယ့် ပန်းငုံတွေ ထွက်လာမယ့် လက္ခဏာတွေ ပြနေပြီ။
ယုတ္တိတန်တန် တွေးကြည့်ရင် ဒီလိုမဖြစ်သင့်ဘူးလေ။ ကျုပ်လည်း မယ်သီတာငှက်ပျောပင်ကို အကြိမ်အနည်းငယ်လောက် မြင်ဖူးပါတယ်။ နွေဦးပေါက်ရင် မယ်သီတာငှက်ပျောပင်ရဲ့ ကြီးထွားရာသီ ဖြစ်ပေမယ့် ဒီလောက် မြန်မြန် ကြီးထွားလာတာမျိုး မဖြစ်သင့်ဘူး။”
ဘေးနားရှိ လီယန်ချူသည် တာအိုဆရာအိုကြီး၏ စကားကို ကြားသောအခါ အလျင်အမြန် မေးလိုက်သည်။ “တာအိုဆရာကြီးတန်... ဒီအထဲမှာ ဘာအကြောင်းအရာတွေများ ရှိနေလို့လဲ။”
တာအိုဆရာအိုကြီးသည် ထိုမယ်သီတာငှက်ပျောပင်များကို ထပ်မံကြည့်ရှုပြီး ခေတ္တမျှ စဉ်းစားပြီးနောက်မှ ပြောလိုက်၏။ “နေရာတော်တော်များများက အရပ်ထဲမှာ ပြောကြတာတော့ မယ်သီတာငှက်ပျောပင်က မိန်းမလှလေးအဖြစ် ပြောင်းလဲပြီး လမ်းသွားလမ်းလာ စာပေပညာရှင်တွေ၊ ထင်းခုတ်သမားတွေ၊ မုဆိုးတွေကို ဖြားယောင်းပြီး သူတို့ရဲ့ ယန်ဓာတ်ကို စုပ်ယူပြီး ကျင့်ကြံလေ့ရှိတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ မယ်သီတာငှက်ပျောပင်က ယင်ဓာတ်များလို့ လေလွင့်ဝိညာဉ်တွေ ပုန်းအောင်းဖို့ အလွယ်ကူဆုံးဖြစ်ပြီး အဲဒီ လေလွင့်ဝိညာဉ်တွေက ညဘက်ရောက်တိုင်း လူတွေကို ဒုက္ခပေးဖို့ ထွက်လာကြလို့ပဲ။”
ထိုစကားကို ကြားချိန်မှာတော့ ကျင်းအန်းသည် တာအိုဆရာအိုကြီး၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့သည်။
‘ဒီဖျော်ဖြေရေးရုံတန်းထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပုန်းအောင်းနေတာ ဖြစ်နိုင်မလား။’
ဤနေရာကို ရောက်ရောက်ချင်းမှာပဲ ဤကဲ့သို့ မမျှော်လင့်ထားသော အမြတ်ထွက်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ထို့နောက် ကျင်းအန်းသည် ပြုံးရွှင်သွားခဲ့၏။ လူ့လောက၏ စည်းမျဉ်းများကို နှောင့်ယှက်နေသော ယင်ဓာတ်မကောင်းဆိုးဝါးများ ရှိနေသည်ဆိုလျှင် ထိုအရာက ကုသိုလ်အမှတ် ထပ်ရနိုင်စရာ အကြောင်းတစ်ခု မဟုတ်ပါလား။
အတွင်းသို့ ပိုဝင်လေ မယ်သီတာငှက်ပျောပင် အရေအတွက် ပိုများလာလေလေ ဖြစ်သည်။
သို့ပေမည့် ဝါ့စစ်အတွင်းရှိ မြေသားလမ်းကို လူများ နင်းဖြတ်လွန်းသောကြောင့် မာကျောနေပြီ ဖြစ်ရာ အပင်များသည် ဒီနေရာတစ်စု ထိုနေရာတစ်စုဖြင့် ဖရိုဖရဲ ပေါက်ရောက်နေကြ၏။
လီယန်ချူ မကြာခဏ သီချင်းသွားနားထောင်လေ့ရှိသော ဖျော်ဖြေရေးရုံသည် အတွင်းဘက်အကျဆုံးတွင် ရှိသည်။
သူတို့သုံးဦးသည် ဖျော်ဖြေရေးရုံအချို့ကို ဖြတ်သန်းပြီးနောက် လီယန်ချူ မကြာခဏ သွားလေ့ရှိသော ဖျော်ဖြေရေးရုံသို့ ရောက်ရှိလာခဲ့ကြ၏။
သို့သော်ငြား ချင်းမင်ပွဲတော် နီးကပ်လာသောကြောင့် ချန်ခရိုင်တွင် နယ်ဝေးဧည့်သည်များ ရုတ်တရက် များပြားလာရာ သူတို့ ရောက်ရှိချိန်တွင် ဖျော်ဖြေရေးရုံ၌ နေရာလွတ် မရှိတော့ချေ။
အတွင်းသို့ ပေးဝင်လျှင်တောင် ထိုင်စရာနေရာ မရှိသောကြောင့် ဖျော်ဖြေရေးရုံ အပေါက်ဝတွင် လူအများအပြားကို တားဆီးထားကြသည်။
လီယန်ချူသာ ဤနေရာမှ ဖောက်သည်ဟောင်း မဟုတ်သလို အစိုးရရုံးမှ လူတစ်ဦး မဟုတ်လျှင် အထဲသို့ ဝင်ခွင့်ရမည် မဟုတ်ချေ။
သူသည် မျက်နှာအနည်းငယ် ရသောကြောင့် တံခါးဝရှိ သန်မာတောင့်တင်းသော လူသန်ကြီးအချို့နှင့် ကောင်းမွန်စွာ စကားပြောဆိုနိုင်ခဲ့၏။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ဧည့်သည်အချို့ ထွက်သွားသောကြောင့် နေရာလွတ် ထွက်လာရာ သူတို့သုံးဦး ဝင်ခွင့်ရသွားခဲ့သည်။
အထဲသို့ဝင်ရာ လမ်းတစ်လျှောက်တွင် လူအများအပြားက တာအိုဆရာအိုကြီးကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း တာအိုဆရာအိုကြီး၏ မျက်နှာပြောင်တိုက်နိုင်မှုကိုတော့ မယှဉ်နိုင်ကြချေ။
……
သူတို့သုံးဦး ဖျော်ဖြေရေးရုံထဲသို့ ဝင်ရောက်လာသည်နှင့် လီယန်ချူသည် ဤဖျော်ဖြေရေးရုံအကြောင်းကို အဆက်မပြတ် စတင်ရှင်းပြတော့၏။ လမ်းတစ်လျှောက်လုံး အကျွမ်းတဝင် ရှိလို့နေသည်။
“တစ်နှစ်တာ စောင်း၊ သုံးနှစ်တာ ပုလွေ၊ ခါးပြတ်မတတ် တယော၊ နှစ်တစ်ထောင် ပီပါ၊ နှစ်တစ်သောင်း စောင်းကောက်လို့ ဆိုရိုးစကားရှိတာကို သခင်လေးကျင်းအန်း ကြားဖူးပါသလား။”
လီယန်ချူက ရှင်းပြလိုက်၏။ “ဒီစကားက ဒီဖျော်ဖြေရေးရုံက တေးဂီတနဲ့ လူတွေကို ပျော်ရွှင်အောင်လုပ်ဖို့ အတော်ဆုံးဆိုတာကို ရည်ညွှန်းတာပါ။ ဒါကြောင့် သာမန်အချိန်တွေမှာလည်း စာပေပညာရှင်တွေနဲ့ သခင်လေးတွေ အမြဲရှိနေတတ်တယ်။ အဲဒီ စာပေပညာရှင်တွေနဲ့ သခင်လေးတွေက ငွေကြေးသုံးစွဲရာမှာ အရက်ရောဆုံးပဲ။ ဒါကြောင့် ဒီဖျော်ဖြေရေးရုံက ဝါ့စစ်ထဲမှာ အကြီးဆုံး ဖျော်ဖြေရေးရုံတွေထဲက တစ်ခုလို့ ဆိုလို့ရပါတယ်။”
လီယန်ချူသည် လမ်းတစ်လျှောက် ဧည့်လမ်းညွှန်တစ်ဦးအဖြစ် တာဝန်ယူကာ ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ကို လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မိတ်ဆက်ပေးနေခဲ့သည်။
ဖျော်ဖြေရေးရုံရှိ ကစားနည်းမျိုးစုံအကြောင်း ပြောပြချိန်တွင် သူသည် အတွေ့အကြုံရှိသော ဝါရင့်တစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားလို့နေ၏။
ကျင်းအန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ဝင်ပြောလိုက်သည်။ “တစ်နှစ်တာ စောင်း၊ သုံးနှစ်တာ ပုလွေ၊ တစ်သက်တာအတွက် နှဲသံပဲ ရှိတယ်။ ပထမအကြိမ် ကြားဖူးချိန်မှာ နှဲသံမှန်း မသိခဲ့ပေမယ့် နောက်တစ်ကြိမ် ပြန်ကြားရချိန်မှာတော့ ခေါင်းတလားထဲက လူဖြစ်နေပြီဆိုတဲ့ စကားရော။”
တာအိုဆရာအိုကြီးမှာမူ အောင့်မထားနိုင်တော့ချေ။ ဖြတ်ခနဲ ရယ်မောလိုက်မိ၏။
“ဟား... ဟား... ဟား...”
ထိုအောင့်ထားသော်လည်း အောင့်မရသော ရယ်သံမှာ ဘောင်းဘီကို ဖုံးအုပ်ကာ ခိုး၍ အသံတိတ် လေလည်လိုက်သကဲ့သို့ပင် ဖြစ်သည်။
တာအိုဆရာအိုကြီးက ချီးကျူးလိုက်၏။ “ညီလေး ပြောတာ တကယ်မှန်တယ်။ ခင်ဗျား ပြောတာက ကာရန်ညီတယ်။ ညီလေးက တကယ်ကို ဉာဏ်ကြီးရှင်ပဲ။”
လီယန်ချူ “...”
ကျင်းအန်း၏ စကားကြောင့် မိမိကိုယ်ကိုယ် ဝါရင့်ကြီးဟု ယူဆထားသော လီယန်ချူသည် ခဏတာ စကားဆွံ့အသွားပြီး ကျင်းအန်း၏ စကားကို မည်သို့ ဆက်ပြောရမည်ကို မသိတော့ချေ။
လီယန်ချူသည် ရင်ထဲတွင် စိတ်ပျက်သွားမိ၏။ တောကြီးလာလျှင် ငှက်မျိုးစုံ ရှိတတ်၏။ သူလို ဝါရင့်ကြီးပင် မျက်စိလျှမ်းသွားခဲ့ရသည်။
လီယန်ချူက စကားလွှဲလိုက်၏။ “ဖျော်ဖြေရေးရုံအကြောင်း ပြောရရင် ယေဘုယျအားဖြင့် ကစားနည်း သုံးမျိုး ရှိတယ်။ ပထမတစ်မျိုးက မျိုးစုံသော ဖျော်ဖြေတင်ဆက်မှုတွေပဲ။ ဖျော်ဖြေရေးရုံအချို့က ကိုယ့်အရည်အချင်းနဲ့ကိုယ် ယှဉ်ပြိုင်ကြတယ်။ ဒုတိယတစ်မျိုးက အရည်အချင်းရှိသူ နေရာရခြင်းပဲ။
တတိယတစ်မျိုးက ကြော်ငြာစာရွက်ကပ်ခြင်းပဲ။ ဒီနည်းက လူတွေကို အဆွဲဆောင်နိုင်ဆုံးပဲ။ များသောအားဖြင့် စာပေပညာရှင်တွေနဲ့ သူဌေးသားတွေက သူတို့သဘောကျတဲ့ နာမည်ကြီး ပြည့်တန်ဆာတွေကို စင်ပေါ်တက်ဖို့ ငွေကြေးအပြိုင်အဆိုင် သုံးကြတယ်။”
ကျင်းအန်းသည် ခဏတာ နားထောင်ပြီးနောက် ကြော်ငြာစာရွက်ကပ်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ထိုအရာမှာ ဖျော်ဖြေမည့် အစီအစဉ်များကို ကြိုတင်၍ ကြော်ငြာစာရွက် ကပ်ထားပြီး စာပေပညာရှင်များနှင့် သူဌေးသားများကို အပြိုင်အဆိုင် လုခိုင်းခြင်း ဖြစ်၏။
မည်သူက ငွေပိုပေးနိုင်သနည်း။ ထိုသူက မိမိသဘောကျသော နာမည်ကြီး ပြည့်တန်ဆာကို စင်ပေါ်တက်ရန် ရွေးချယ်နိုင်မှာဖြစ်သည်။
ဤသည်ကို ယောက်ျားတို့၏ ဂုဏ်သိက္ခာဟု ခေါ်ပေသည်။ ထိုအရာမှာ သေးငယ်သော ကိစ္စမဟုတ်ချေ။ ငွေကြေးဆိုသည်မှာ ဒုတိယနေရာတွင်သာ ရှိသည်။ အရေးကြီးဆုံးမှာ ဂုဏ်သိက္ခာရှိရန် ဖြစ်၏။
ဒီည အားလုံးရဲ့ အရက်ဖိုးကို ကျုပ် သခင်လေးကျောက် အကုန်ရှင်းမယ် ဆိုသည့် အကျိုးသက်ရောက်မှုမျိုးနှင့် ဆင်တူပေသည်။ ဘဝင်မြင့်လှသည်။ ယောကျ်ားပီသလှသည်။
လီယန်ချူက ဆက်လက် မိတ်ဆက်ပေးလိုက်၏။ “ဒီဖျော်ဖြေရေးရုံက နေ့ဘက်မှာတော့ ပထမနည်းလမ်းနဲ့ ကစားကြပြီး ညဘက်ရောက်မှ အကြီးမားဆုံးဖြစ်တဲ့ တတိယနည်းလမ်းနဲ့ ကစားကြတာ။”
ကျင်းအန်း၊ တာအိုဆရာအိုကြီးနှင့် လီယန်ချူ သုံးဦးစလုံး၏ မျက်လုံးများထဲတွင် ယောကျ်ားအချင်းချင်းသာ နားလည်နိုင်သော အကြည့်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အကောင်းဆုံးနှင့် အစိတ်လှုပ်ရှားဆုံး အရာများကို သဘာဝကျကျပင် ညဘက်အတွက် ချန်ထားကြပေသည်။ နေ့ဘက်မှာမူ အငွေ့အသက်ကို အရင်ဖန်တီးပေးခြင်းဟု ခေါ်ဆိုနိုင်၏။
ထိုအချိန်တွင် လီယန်ချူသည် နေရာလွတ်တစ်ခုကို ရှာတွေ့သွားပြီး သူတို့သုံးဦး ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် စင်မြင့်ထက်၌ ရှေးဟောင်းစောင်းသံများ ထွက်ပေါ်နေ၏။
တေးဂီတပညာရှင် အချို့က ရှေးဟောင်းစောင်းကို တီးခတ်နေကြ၏။ သို့ပေမည့် စင်အောက်မှ တုံ့ပြန်မှုမှာ အလွန်နည်းပါးလှသည်။
သူဌေးသားများနှင့် စာပေပညာရှင်များအားလုံးသည် ကိုယ်စီ အရက်သောက်ကာ စကားစမြည် ပြောဆို နေကြပြီး စင်ပေါ်မှ ဖျော်ဖြေမှုကို မည်သူကမှ အာရုံမစိုက်ကြချေ။
လူတိုင်းက ညဘက်မှ အကောင်းဆုံး ဖျော်ဖြေမှုကို စောင့်မျှော်နေကြပုံရသည်။
ကျင်းအန်းက ဤခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကို မေးလိုက်၏။ “နေ့ဘက်မှာ ချိုက်ဟယ်ကို တွေ့နိုင်မလား။”
လီယန်ချူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ “ချိုက်ဟယ်က တစ်ခါတလေ နေ့ဘက်မှာ စင်ပေါ်တက်ပြီး ပီပါတစ်ယောက်တည်း တီးခွင့်ရတတ်တယ်။ တစ်ခါတလေတော့ ညဘက်မှာ သီချင်းဆိုတဲ့သူတွေအတွက် နောက်ခံတေးဂီတ တီးပေးရတယ်။”
ထိုအချိန်တွင် လီယန်ချူသည် တိတ်တဆိတ် ထရပ်ကာ ချိုက်ဟယ်ကို ရှာကြည့်မည်ဖြစ်ကြောင်း ပြောပြီး ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ကို စောင့်နေရန် ပြောလိုက်၏။
သို့ပေမည့် ကျင်းအန်းသည် ဖျော်ဖြေရေးရုံထဲတွင် မမျှော်လင့်ထားသော လူတစ်ဦး ပေါ်လာသည်ကို အရင်ဆုံး တွေ့လိုက်ရသည်။
ထိုသူမှာ ခုနစ်ဖြာအတွင်းဒဏ်ရာလက်ဝါးကို ကျင့်ကြံထားသော ဘုန်းကြီး ဖူကျိ ဖြစ်နေ၏။
...............................