လေးကြိမ်မြောက်နိုးထခြင်း
Vol. 106 Ch. 1463
“လူသားစမ်းသပ်မှု အမွှေးတိုင်ဟာ လုံးဝ ငြိမ်းသွားပြီ။ ဒါ...ဒါဟာ အရင်တုန်းက ဒီလိုမျိုး လုံးဝ မဖြစ်ဖူးခဲ့ဘူး။ ငါ့စမ်းသပ်မှုနဲ့ လေးဆက်မြောက်မျိုးဆက်တို့ရဲ့ စမ်းသပ်မှုမှာတောင် ဒီအမွှေးတိုင်ဟာ လုံးဝ ငြှိမ်းသေသွားတာ မဖြစ်ခဲ့ဘူး။ ဒီအမွှေးတိုင်ဟာ တကယ့်ကို မီးငြိမ်းသွားတာပဲ…” ဟင်္သာငှက်အဘိုးအို၏စိတ်သည် တုန်ရီနေ၏။ သူသည် မီးငြှိမ်းသွားသော အမွှေးတိုင်ကို ကြည့်လျက် သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုပါ ဖြစ်ပေါ်နေ၏။
“ဒီအမွှေးတိုင် ငြှိမ်းသွားပြီဆိုတော့ သူဟာ ဒီစမ်းသပ်မှုကို ဘယ်လောက်ကြာကြာ တောင့်ခံမှာလဲ။ အသက်ခုနစ်ကြိမ်ရှုစာလား။ ဒါမှမဟုတ် အသင်္ချေလား..”
“တတိယမြောက်အင်ပါယာငယ်ရဲ့ စမ်းသပ်မှုဟာ ဘယ်လိုများ ဖြစ်လို့ ဒီအမွှေးတိုင်ကိုပါ ငြှိမ်းသေသွားစေရတာလဲ…”
“ဒီကိစ္စဟာ ကြောက်စရာကောင်းလွန်းတယ်။ တကယ့်ကို အံ့မခန်းပဲ…”
ကျင့်ကြံသူအားလုံးသည် အံ့အားတကြီး ဖြစ်ကုန်၏။ ပို၍တုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခုသည်ပင် ထပ်ဖြစ်လာသည်။ မြေကြီးစမ်းသပ်မှုကို ကိုယ်စားပြုသော ဒုတိယမြောက်အမွှေးတိုင်မှာ ရုတ်တရက် ထွန်းငြှိကာ လင်းလက်လာခြင်းပင်။
မည်သူကမျှ ၎င်းကို ထိထားခြင်း မရှိပေ။ သို့သော်ငြား ယင်းဒုတိယမြောက်အမွှေးတိုင်ထိပ်မှ အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ဝမ်လင်းသည်လည်း လူသားစမ်းသပ်မှုလောက၏ ကောင်းကင်ကို ချိုးဖျက်ကာ အကန့်အသတ်မဲ့ကုန်းမြေတစ်ခုတွင် ပေါ်လာခဲ့လေပြီ။ ထိုကုန်းမြေမှာ အက်ကြောင်းများ ပြည့်နှက်လျက် လူသားစမ်းသပ်မှုထံသို့ ဦးတည်ထားသော နက်ရှိုင်းလှသည့်တွင်းနက်ကြီးတစ်ခုပါ ရှိလေ၏။
ဝမ်လင်းသည် ထိုတွင်းနက်မှ တဟုန်ထိုး ထွက်ပေါ်လာရင်း သူ၏ခန္ဓာကိုယ်မှ မီးများ ပျံ့နှံ့သည်။ မြေပြင်တစ်ခုလုံးကား ထိုမီးကြောင့် လင်းထင်းသွား၏။
ကုန်းမြေ၏အစွန်းဖျား၌ တောင်ကတုံးတစ်လုံး ရှိသည်။လူတစ်ယောက်သည် ထိုတောင်ထိပ်ပေါ်တွင် ထိုင်နေသည်။ သည်လူမှာ သက်လတ်ပိုင်းအရွယ် ဖြစ်ကာ သူ၏မျက်ခုံးနှစ်ခုကြားတွင် ပုံရိပ်ယောင်ဟင်္သာငှက်အမှတ်အသားတစ်ခု ရှိနေသည်။
သူသည် ဒီနေရာတွင် နှစ်ပေါင်းထောင်သောင်းချီ မလှုပ်မရှား ကျင့်ကြံနေပုံ ရ၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် သူ မျက်လုံးဖွင့်လာပြီး ထူးဆန်းသောအလင်းတစ်ခု တလက်လက် ဖြစ်ပေါ်သည်။
“ကလန်ဝင်တစ်ယောက်ရဲ့ အော်ရာ…”
ဝမ်လင်း သည်မြေကြီးစမ်းသပ်မှုအတွင်း ပေါ်လာသည်နှင့် အဆုံးမဲ့မီးများပါ သူနှင့်အတူ ပေါ်လာ၏။ မဲနယ်ရောင်အလင်းသည် ထိုးထွက်လာကာ မဲနယ်ရောင်မီးပင်လယ်တစ်ခုက ဒီလောကကို ဖုံးလွှမ်းသည်။
ထိုမဲနယ်ရောင်မီးနောက်တွင် အပြာရောင်မီး ကပ်ပါလာ၏။ မီးနှစ်မျိုးသည် ဝမ်လင်းထံ တရကြမ်း ဦးတည်ဝင်လာသည်။
ထိုမီးနှစ်ခုက အတူတကွယ် ရောထွေးနေ၏။ ထို့နောက် ခရမ်းရောင်မီးသည် ကောင်းကင်ကို ဖုံးလွှမ်းသည်။ ကြည့်ရသည်မှာ မိုးကုပ်စက်ဝန်းထံမှ ထိုးထွက်လာသော နတ်ဆိုးမီးတစ်ခုအလား။
မဲနယ်၊အပြာ၊ခရမ်းရောင် မီးများသည် ဝမ်လင်းထံသို့ တပြိုင်နက်တည်း တရကြမ်း ဝင်လာ၏။ ဝမ်လင်း၏မျက်နှာမှာ ရှုံ့တွနေသည်။ သူ၏စိတ်ဝိညာဉ်မှာ ပျက်စီးလုနီးနီးပင်။ မီးလေးမျိုးက သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေကာ သူ့မျက်လုံးများ ဝေဝါးလာတော့သည်။
ချက်ခြင်းပင် သူ့ကိုယ်တွင်းရှိ မီးသည် သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်က အပြင်သို့ ပေါက်ကွဲထွက်သည်။ အနီ၊လိမ္မော်၊အဝါ၊အစိမ်းရောင်မီးများသည် သူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲလေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ဟင်္သာငှက်သည်ပင် သေသည့်အထိ လောင်ကျွမ်းခံလိုက်ရပေပြီ။
ဝမ်လင်း၏စိတ်ဝိညာဉ် ပျက်စီးသွားလေသည်။
တစ်ချိန်တည်းမှာ မဲနယ်၊အပြာ၊ခရမ်းရောင်မီးများသည် ဝမ်လင်း၏ ပျက်စီးသွားသော စိတ်ဝိညာဉ်ထံ နီးကပ်လာ၏။ ရောင်စုံခုနစ်မျိုးမီးတို့က စုဝေးလာသည့်အခါ ကြည့်ရသည်မှာ ကောင်းကင်ထက်၌ သက်တံတစ်ခု လောင်ကျွမ်းနေသည့်ပုံပေါက်သည်။
တောင်ထိပ်မှ သက်လတ်ပိုင်းလူ၏အမူအရာသည် ပြောင်းလဲသွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် ပျံသန်းထွက်လာသည်။ ၎င်းသည် အလွန်မြန်သောနှုန်းဖြင့် သက်တံရောင်မီးထံသို့ ဦးတည်ဝင်လာသည်။
တစ်ချိန်တည်းမှာ မဟာအင်ပါယာဂြိုဟ်ပေါ်ရှိ ဝမ်လင်း၏ခန္ဓာကိုယ်သည် သက်တံရောင်အလင်းဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ပင် အက်ကြောင်းများ ထွက်ပေါ်လာပြီး သွေးများစိမ့်ထွက်သည်။ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းပင်။
ဟင်္သာငှက်အဘိုးအိုသည် နှေးဖင့်မနေဘဲ ချက်ခြင်း လောင်ကျွမ်းနေသော ဒုတိယမြောက်အမွှေးတိုင်နား ရောက်သွား၏။ သူက ထိုအမွှေးတိုင် လောင်ကျွမ်းနေသည့် အချက်ကို လစ်လျူရှုကာ သူ၏ညာလက်ကို ၎င်းပေါ်သို့ တင်လိုက်သည်။ သူ၏နတ်ဘုရားအာရုံသည်လည်း တရကြမ်း တိုးဝင်သွားလေ၏။
တာအိုသခင်အိပ်မက်ပြာသည်လည်း ရှေ့သို့ လှမ်းလာကာ ဒုတိယမြောက်အမွှေးတိုင်နား ရောက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ အပြာရောင်အလင်းဖြင့် ဖုံးလွှမ်းလျက် သူ့လက်ချောင်းသည် ထိုအမွှေးတိုင်ပေါ်သို့ ကျရောက်သွားသည်။
မြေကြီးစမ်းသပ်မှုအတွင်း၌ ခုနစ်ရောင်စုံမီးသည် ကြမ်းတမ်းနေ၏။ ပထမမျိုးဆက်ဟင်္သာငှက်သည်ပင် ကောင်းကင်ဘုံအင်ပါယာ၏ ကာကွယ်ပေးမှု မရှိပါက သည်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထိုသို့ နတ်ဘုရားပြစ်ဒဏ်မှာ ဝမ်လင်း၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေခြင်းပင်။
သူ့စိတ်ဝိညာဉ် လွင့်ပျောက်နေစဉ် အားသုံးခုသည် သူ့အား ကယ်တင်ရန် ရောက်လာကြ၏။ သို့ပေမည့် ထိုအော်ရာသုံးခု နီးကပ်လာစဉ် ထူးဆန်းသောအားတစ်ခုသည် ထိုခုနစ်ရောင်စုံအလင်းအတွင်းမှ ပေါက်ကွဲထွက်လာသည်။
ထိုထူးဆန်းသောအားက ရှေးဟောင်းအော်ရာတစ်ခုကို လှစ်ဟနေ၏။ ၎င်းသည် အရာအားလုံး၏ ဘိုးဘေး ဖြစ်နေသကဲ့သို့။
သက်လတ်ပိုင်းလူထံမှ ဟင်္သာငှက်အမှတ်အသားက ထိုထူးဆန်းသောအားကို ထိမိသည်နှင့် ကီလိုမီတာသောင်းချီ နောက်ပြန်လွင့်သွား၏။
ထိုထူးဆန်းသောအား၏ စွမ်းအားသည် အားနည်းနေသေးလျှင်ပင် ၎င်းထံသို့ မည်သူမျှ ချဉ်းကပ်လာသည်ကို ခွင့်မပြုပုံ ရ၏။ ပို၍ တိတိပပ ဆိုရသော် မည်သူကမျှ ၎င်းနားသို့ ချဉ်းကပ်လာရန် အရည်အချင်း မပြည့်မှီခြင်း မည်၏။
သက်လတ်ပိုင်းလူ၏ မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ ရုတ်တရက် သူ မတ်တပ်ရပ်လာသည်။ သူ့မျက်လုံးတွင်း၌လည်း ကြောက်လန့်မှု မြန်ဆန်စွာ စုဝေးလာသည်။
“ဒါ…ဒါက ဘာကြီးလဲ…”
ဟင်္သာငှက်အဘိုးအို၏ နတ်ဘုရားပြစ်ဒဏ် ရောက်ရှိလာလေ၏။ သို့သော် ၎င်းက ယင်းထူးဆန်းသောအားကို ထိမိသည်နှင့် မြေကြီးစမ်းသပ်မှုအတွင်းမှ ချက်ခြင်း လွင့်ထွက်သွားတော့သည်။
တာအိုသခင်အိပ်မက်ပြာ၏ နတ်ဘုရားအာရုံမှာလည်း လိုက်ပါလာသည်။ သို့သော် သူက ထိုထူးဆန်းသောအားကို ထိမိသည်နှင့် အပြာရောင်အလင်းများ လင်းလက်သွားကာ သူလည်း မြေကြီးစမ်းသပ်မှုအတွင်းမှ ကန်ထွက်သွားရသည်သာ။
မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ဟင်္သာငှက်အဘိုးအို၏ညာလက်သည် လေထဲတွင် မြှောက်လျက် ရှိနေ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်မှု ပြည့်နှက်ကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ…”
တာအိုသခင်အိပ်မက်ပြာလည်း သူ၏လက် ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး နောက်ပြန်ဆုတ်၏။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ တော်တော်များများ သိရှိထား၏။ သူက ထိုထူးဆန်းသောအားက သူ့ကိုပါ ထိတ်လန့်သွားစေသည်ကို သဘောပေါက်သည်။ ယင်းကား ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပင်။ တာအိုသခင်အိပ်မက်ပြာသည် စကားမဆို။ သူက လီချန်မေဘေးတွင် တိတ်ဆိတ်စွာ ပြန်ရပ်နေသည်။
“သူ အဆင်ပြေပါလိမ့်မယ်…”
အရှင်စစ်မိုသည် ထိုအဖြစ်သနစ်များကို တုန်လှုပ်စွာ စောင့်ကြည့်နေ၏။ သူက ထိုနှစ်ယောက်သည် ဝမ်လင်းကို ကယ်တင်ရန် သွားခဲ့သည်ကို သတိပြုမိသည်။ သို့သော် သူက ထိုကဲ့သို့စွမ်းအားထောက်တိုင်နှစ်ယောက်မှာ ပြန်လွင့်စင်ထွက်လာမည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ချေ။
ဆရာသခင်ယွင်လော၏ အမူအရာမှာ ပို၍ သုန်မှုန်လာ၏။ သူမ၏လက်မှာလည်း ပိုမြန်ဆန်လာသည်။ သူမသည် စမ်းသပ်မှုအတွင်းဘက်ရှိ လျှို့ဝှက်ချက်များကို သိရှိတော့မည်ဟု ခပ်ရေးရေး ခံစားမိလာ၏။
တာအိုသခင်မြောင်ယင်လည်း တိမ်စိုင်ပေါ်မှ မတ်တပ်ရပ်လာ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။
“တာအိုပညာရှင်ရေ ပြောခဲ့တာ မှန်နေတာပဲ…”
မြေကြီးစမ်းသပ်မှုအတွင်း၌မူ ဝမ်လင်း၏စိတ်ဝိညာဉ်သည် လောင်ကျွမ်းခံနေရသည့်အခိုက်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေါ်လာခဲ့ပြီ ဖြစ်၏။ ချိပ်ပိတ်နယ်မြေ၌ ၎င်းထွက်သွားသည့်အချိန်မှစ၍ ယင်းပုတီးစေ့သည် ပေါ်မလာခဲ့ခြင်းပင်။ ဝမ်လင်းက ၎င်းကို မည်မျှ ရှာဖွေပါစေ သူ မတွေ့နိုင် ဖြစ်ခဲ့ရ၏။ ၎င်းက လုံးဝ ပျောက်ကွက်သွားသည့်အလား။
သို့ပေမည့် သည်အခိုက်အတန့်တွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှာ ပြန်ပေါ်လာခဲ့လေပြီ။
၎င်းပေါ်လာသည်နှင့် ခုနစ်ရောင်စုံမီးသည် တုန်ယင်ကာ စတင်လှည့်ပတ်၏။ ထူးဆန်းသောအားက ၎င်းမီးကို ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းသို့ စုပ်ယူပြီး ထာဝရမီးမျိုးစေ့ခုနစ်ခုအသွင် ဖြစ်ပေါ်စေသည်။
ကလေးလက်သီးစုပ်ခန့်အရွယ် ပုတီးစေ့တစ်လုံးသည် ဤနေရာတွင် လွင့်မြော၏။ မီးမျိုးစေ့ခုနစ်ခုမှာ ၎င်းကို လှည့်ပတ်ကာ မြောလွင့်လျက် ရှိသည်။ ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ဖွဲ့စည်းလာကာ ဤလောကတွင် ပေါ်လာသည်။
ထိုထာဝရမီးမျိုးစေ့ခုနစ်ခုက ထိုပုံရိပ်ယောင်ခန္ဓာကိုယ်အနှံ့တွင် နေရာယူလေ၏။
သူ မျက်လုံးဖွင့်လာသည့်အခါ ခုနစ်ရောင်စုံမီးသည် ပေါက်ကွဲထွက်လာပြီး သည်လောကတစ်ခွင် မြင့်တက်သည်။ ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ကောင်းကင်ကို ကြည့်လျက် သူ၏အမူအရာမှာ တည်ငြိမ်နေတော့သည်။
သည်လောကတစ်ခုလုံးမှာ ဝမ်လင်းပတ်လည်ရှိ ခုနစ်ရောင်စုံမှလွဲ၍ တခြားအလင်းအားလုံးကို ဆုံးရှုံးသွားသည့်အလား။ အရာအားလုံးသည် အဖြူနှင့်အနက်အဖြစ်သို့ ပြောင်းလဲသွားသည် လွဲ၍ပေါ့။
၎င်းမှာ ပန်းချီကားတစ်ခုနှယ်။ အဖြူနှင့်အနက်သည် အဆုံးမဲ့ထီးတည်းဖြစ်မှု ခံစားချက်ကို ပေးစွမ်းသည်။
ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခု၏ နောက်ဆုံးနတ်ဘုရားပြစ်ဒဏ် သက်ဆင်းလာလေပြီ။
အဖြူသည် ကောင်းကင်၊ အနက်သည် မြေပြင်။ ယင်းတို့သည် အဆုံးစွန်မီးနှစ်ခုကို ဖွဲ့တည်ကာ ဝမ်လင်းထံ နီးကပ်လာ၏။ ကောင်းကင်နှင့်မြေကြီးသည် ခုနစ်ရောင်စုံမီးမုန်တိုင်းနှင့် ယင်းမုန်တိုင်းအတွင်းရှိ ဝမ်လင်းကို ဖျက်စီးပစ်တော့မည့်ကဲ့သို့။
၎င်းမှာ မြန်လွန်းပြီး ချက်ခြင်းနီးကပ်လာသည်။ အဖြူရောင်မီးသည် ပူပြင်း၏။ ခုနစ်ရောင်စုံမုန်တိုင်းကို စတင်လောင်ကျွမ်းသည်။ အဖြူရောင်မီးက သည်ခုနစ်ရောင်စုံမီးမုန်တိုင်းအတွင်း သမူဟဖြစ်ကာ ပေါင်းစပ်၍ နောက်ထပ်အရောင်တစ်ခုကို ထပ်ပေါင်းသည်။
ရှစ်ရောင်စုံမီးက သူ့ပတ်လည်တွင် ဝန်းရံနေစဉ် ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေဆဲသာ။ သူက နီးကပ်လာသော အနက်ရောင်မီးကိုလည်း စောင့်ကြည့်နေသည်။
ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခုသည် အနက်ရောင်မီးနှင့် အစပြုကာ အနက်ရောင်မီးဖြင့် ပြန်အဆုံးသပ်သော စက်ဝန်းတစ်ခု ဖြစ်ပေါ်ခြင်းပင်။
ထိုအနက်ရောင်မီး နီးကပ်လာသည့်အခါ ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံး မှိတ်လိုက်၏။ အနက်ရောင်မီးသည် တရကြမ်း တိုးဝင်လာသည်။ ယင်းက ရှစ်ရောင်စုံမီးကို အကန့်အသတ်ထိ ရောက်စေကာ ကိုးရောင်စုံမီး ဖြစ်သွားစေသည်။
ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခုလုံး ပေါ်လာခဲ့ကာ မြေကမ္ဘာတစစီဖြစ်စေနိုင်သော မုန်တိုင်းကို ဖွဲ့စည်းသည်။ ဝမ်လင်းမှာ ထိုမုန်တိုင်း၏ ဗဟိုချက်တွင် ရှိသူပင်။ သူ၏ ဆံပင်များက လေမတိုက်ပါဘဲ လွင့်ဝဲတေ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ မတူကွဲပြားသော အရောင်ခုနစ်မျိုးမီးအပြင် အဖြူနှင့်အနက်မီးတို့သည် မြန်ဆန်စွာ သိပ်သည်းကြလေ၏။
အဖြူရောင်မီးက သူ၏ဒန်တျန်အတွင်း၌ ဖြစ်သည်။ အနက်ရောင်မီးမှာ သူ၏မျက်ခုံးနှစ်ခုကြားတွင် ဖြစ်ပေါ်သည်။
ထိုမီးနှစ်ခု လုံးဝ ဖြစ်ပေါ်လာသည့်အခါ ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာ၏။
လောကသည် တုန်ဟည်း၏။
“ငါ့ကံမ္မမီးစက်ဝန်းကို ထွန်းငြှိမယ်…” ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာရင်း သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ကိုးရောင်စုံမီးက သူ၏မျက်ခုံးနှစ်ခုကြားသို့ သိပ်သည်းလာကာ အတွင်းဘက်၌ ပေါင်းစပ်သည်။
၎င်းသည် ကိုးရောင်စုံမီးကြာပန်းတစ်ခုအဖြစ်သို့ ပြောင်း၏။
ထိုမီးကြာပန်းသည် မတူညီသော အရောင်ကိုးခုရှိသည့် ပွင့်ချပ်ကိုးခုကို ပိုင်ဆိုင်သည်။
ကိုးရောင်စုံ ဟင်္သာငှက်သည် ထိုကြာပန်းအတွင်းမှ မွေးဖွားလာသည့်နှယ်။ ၎င်းသည် ကောင်းကင်ထက် ပျံတက်ကာ ဟင်္သာငှက်အော်မြည်သံကို ထုတ်ဖော်လေ၏။
လေးကြိမ်မြောက်နိုးထခြင်း၏ ဟင်္သာငှက်အော်မြည်သံ။
မဟာအင်ပါယာဂြိုဟ်ပေါ်တွင်လည်း ထိုအော်မြည်သံ ပဲ့တင်ထပ်သည်။ မြေကြီးစမ်းသပ်မှုအမွှေးတိုင်မှာ တဝက်တိတိ လောင်ကျွမ်းပြီးရာကနေ ရုတ်တရက် ရပ်တန့်သွားပြီး ကိုးရောင်စုံအလင်းကို ပေးစွမ်းကာ သည်ဂြိုဟ်တစ်ခုလုံးအား လင်းထင်းစေသည်။
ဟင်္သာငှက်အဘိုးအိုသည် မင်သက်သွားပြီးနောက် သူသည် အားပါးတရ ရယ်မောလိုက်တော့၏။ သူ၏မျက်လုံးတွင်း၌လည်း စိတ်လှုပ်ရှားမှု ပြည့်နှက်လာလေသည်။
“သူက တကယ့်ကိုပဲ ကံမ္မနတ်ဘုရားပြစ်ဒဏ်ကိုးခုကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူ့ရဲ့ ကံမ္မစက်ဝန်းမီးကို ထွန်းငြှိစေခဲ့တယ်။ ဒါ့ကြောင့် သူ့ရဲ့ ဟင်္သာငှက်ဟာ လေးကြိမ်မြောက်နိုးထခြင်းကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ လေးကြိမ်မြောက်နိုးထဖို့အတွက် မီးပမာဏအများကြီး လိုအပ်တယ်။ သူ ဒီလေးကြိမ်မြောက်ကို အပြည့်အဝနိုးထနိုင်ဖိုနဲ့ သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ရောက်ဖို့ကတော့ ဒီအပေါ်မူတည်ပြီ။ သူ့ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါဟာ သူ့ကို လက်တစ်ဖက်တော့ ကမ်းပေးရမှာပေါ့…”
ဟင်္သာငှက်အဘိုးအိုသည် လေထဲသို့ ခုန်တက်ကာ လူတိုင်းရှေ့တွင် ပျောက်ကွယ်သွားတော့၏။
ထိုအခိုက်တွင် အကွာအဝေးတစ်ခုမှ နဂါးဟိန်းသံ ပဲ့တင်ထပ်လာသည်။ ထိုဟိန်းသံသည် ဒေါသနှင့်နာကြည်းမှု ပြည့်နှက်နေ၏။ လူတစ်ယောက်သည် ဟင်္သာငှက်အဘိုးအို ခေါ်ဆောင်လာသော ပေတစ်သိန်းရှည်လျားသည့် နဂါးတစ်ကောင်ကို မြင်နေရသည်။
ဟင်္သာငှက်အဘိုးအိုသည် ထိုရုန်းကန်နေသော နဂါးကို မြေကြီးစမ်းသပ်မှုအမွှေးတိုင်၏ အထက်သို့ ခေါ်ဆောင်လာသည့်အခါ လူတိုင်းသည် ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ နဂါး၏ဦးခေါင်းခွံပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်လာ၏။ ထိုအခါ နဂါးသွေးများသည် ထိုအမွှေးတိုင်ပေါ်သို့ စီးကျလေတော့သည်။
ပြင်းထန်သောနာကျင်မှုကြောင့် ထိုနဂါးသည် မျက်ရည်ပါဝဲလုလု ဖြစ်သွားရသည်။ ၎င်းသည် မကျေမချမ်းဖြစ်လွန်းသဖြင့် အပြင်းအထန် စတင်ရုန်းကန်တော့သည်။
ဘန်းခနဲအသံနှင့်အတူ ဟင်္သာငှက်အဘိုးအိုသည် နဂါးပေါ်သို့ ခြေချလိုက်၏။ နဂါး၏ခန္ဓာကိုယ်အတွင်းသို့ မီးများ တိုးဝင်ကာ သွေးများပိုစီးကျစေသည်။
“နေစမ်း…မင်းလိုနဂါးလေးကများ အဆင်အခြင်မဲ့ မလှုပ်ရှားနဲ့။ ဒီကောင်လေးရဲ့ နိုးထမှုအောင်မြင်သွားတာနဲ့ ဒီအဘိုးအိုက မင်းကို လွတ်လပ်မှု ပေးမယ်…”
နဂါးသည် ထိုစကားကို ကြားသည့်အခါ တွေဝေဟန် ဖြစ်ပေါ်သွား၏။ သို့သော် သိပ်မကြာခင်တွင် ၎င်းက အံတင်းတင်းကြိတ်လိုက်ပြီးနောက် သွေးများပိုမိုညှစ်ထုတ်နိုင်ရန် အကောင်းဆုံး လုပ်ဆောင်လေသည်။
***