အခန်း ၂၀၆၄
Vol. 149 Ch. 2064
အပိုင်း ၂၀၆၄ မျှော်လင့်ချက်
ဘုန်း... ဘုန်း... ဘုန်း…
ကောင်းကင်တွင်းနက်ကြီး၏ အောက်ဖက်
ဟွင့်သွမ်ရေကန်ဘေး၌ ထျန်းဖုန့်ဧကရာဇ်တို့သည် တိုက်ကွက်များကို အစွမ်းကုန် ထုတ်လွှတ်ကာ တိုးဝင်လာသော ဟွင့်သွမ်ပိုးကောင်များကို တစ်ကောင်ပြီးတစ်ကောင် ရိုက်ထုတ်နေကြ၏။
ဤတစ်ကြိမ်တွင် ဧကရာဇ်အဆင့် မိစ္ဆာဧကရာဇ်သုံးပါး ပါလာသဖြင့် တစ်လှည့်စီ တိုက်ခိုက်နိုင်ကြလေသည်။ ဟွင့်သွမ်ပိုးကောင်များကို မသတ်ဖြတ်နိုင်သော်လည်း လွင့်ထွက်သွားအောင်တော့ လုပ်နိုင်ကြ၏။
ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများက ဟယ်နုန်ယင်းကို ဝန်းရံထားကြသည်။ သူမ၏ အကြည့်များက ဟွင့်သွမ်ရေကန်တလျှောက် ရှာဖွေနေသော်လည်း ကျန်းရီ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။ ထိုမျှသာမက ထျန်းဖုန့်ဧကရာဇ်ပြောသည့် ရေကန်ထဲမှ ကြောက်မက်ဖွယ် သားရဲကြီးကိုလည်း မတွေ့ရပေ။
"ရေကန်ကို ပတ်ရှာကြမယ်"
ဟယ်နုန်ယင်းက ရေကန်ကို တစ်ချက်ကြည့်၍ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်တို့ သုံးဦးကလည်း တိုက်ခိုက်ရင်း ရေကန်ပတ်ပတ်လည်သို့ လျှောက်သွားကြ၏။
ရွှီး... ရွှီး…
ရုတ်တရက် ဟွင့်သွမ်ရေကန်အတွင်းမှ ဟွင့်သွမ်စွမ်းအင်များ လှုပ်ခတ်လာကြသည်။ အလွန်တရာ စွမ်အားကြီးသည့် အရှိန်အဝါတစ်ခုက ရေကန်ထဲမှ ထွက်ပေါ်လာ၏။ ထျန်းဖုန့်ဧကရာဇ်တို့မှာ ချက်ချင်း မျက်နှာပျက်ယွင်းသွားကြပြီး ဟယ်နုန်ယင်းကိုခေါ်ကာ ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။ ဟယ်နုန်ယင်း၏ မျက်နှာအမူအရာမှာလည်း ချက်ချင်း သွေးဆုတ်ဖြူလျော့သွားသည်။ သားရဲကြီး၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သူမအတွက် လှုပ်ရှားရန်ပင် ခက်ခဲနေ၏။
"ဘာလို့ ပြေးနေကြတာလဲ"
သားရဲကြီးထံမှ အသံတစ်သံ ပျံလွင့်လာသည့်အခါ ထျန်းဖုန့်ဧကရာဇ်တို့ အံ့အားသင့်သွားကြသည်။ သို့သော် ဆက်လက် နောက်ဆုတ်သွားကြ၏။ ဟယ်နုန်ယင်းက ရေကန်ထဲသို့ လှမ်းကြည့်လိုက်ရာ မည်းနက်နေသော ဦးခေါင်းတစ်ခုနှင့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်၌ သူမက အားကုန်သုံး၍ အော်ဟစ်လိုက်လေသည်။
"ရပ်လိုက်"
"ရပ်ရမယ်... ရူးနေလား"
ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်ကတော့ ချက်ချင်း ရပ်တန့်လိုက်၏။ ဟယ်နုန်ယင်းက သူတို့သုံးဦးထံသို့ အသံပို့လွှတ်လိုက်သည်။ "ဒီသားရဲကြီးဆီမှာ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ မရှိဘူး... မဟုတ်ရင် ကျွန်မတို့ သေတာကြာပြီ"
"အင်း”
ထျန်းဖုန့်ဧကရာဇ်တို့လည်း သတိထားမိသွားကြသည်။ သားရဲကြီးသာ အမှန်တကယ် တိုက်ခိုက်လိုပါက သူတို့ ထွက်မပြေးနိုင်ဘဲ သေဆုံးနေပေလိမ့်မည်။
သားရဲကြီးက မျက်တောင်ခတ်လိုက်ပြီး အေးစက်သော အသံကြီးက ပျံ့လွင့်လာ၏။ "ကောင်စုတ်လေးက မင်းတို့ကို မေးခိုင်းလိုက်တယ်... အပြင်မှာ ကိစ္စကြီးတစ်ခုခု ဖြစ်နေလို့လားတဲ့"
"ကောင်စုတ်လေးတဲ့လား"
ဟယ်နုန်ယင်းတို့၏ မျက်လုံးများ တောက်ပသွားကြသည်။ ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသွားသူမှာ ကျန်းရီတစ်ယောက်တည်း ရှိသဖြင့် သားရဲကြီး ပြောသည့် “ကောင်စုတ်လေး”က သေချာပေါက် ကျန်းရီသာ ဖြစ်ပေလိမ့်မည်။
ထျန်းဖုန့်ဧကရာဇ်တို့မှာ အသံတစ်ချက်ပင် မထွက်ရဲဘဲ တိတ်ဆိတ်နေကြ၏။ ဟယ်နုန်ယင်းက ကြောက်မက်ဖွယ် အရှိန်အဝါကို အံကြိတ်ခံ၍ လက်ယှက်ကာ လျှောက်တင်လိုက်သည်။ "အရှင်... အရှင်ပြောတဲ့ ကောာင်စုတ်လေးဆိုတာက ကျန်းရီကို ပြောတာပါလားရှင့်”
"ကျန်းရီလား"
ဧရာမသားရဲကြီးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ဟွင့်သွမ်စွမ်းအင်များအောက် ပျောက်ကွယ်သွား၏။ သူက နေရာလွတ်ထဲ ပြန်ရောက်လာပြီး ကျန်းရီဘက်လှည့်ကာ မေးလိုက်သည်။ "မင်းနာမည်က ကျန်းရီလား"
"ဟုတ်ပါတယ် အရှင်" ကျန်းရီကား ပျော်ရွှင်ဝမ်းမြောက်သွား၏။ ဟယ်နုန်ယင်းတို့ အမှန်တကယ် ရောက်လာကြပုံပင်။
ဧရာမသားရဲကြီးလည်း ခေါင်းညိတ်လိုက်ပြီး ဟွင့်သွမ်စွမ်းအင်များဆီ ထပ်မံ ပျံတက်သွား၏။ သို့သော် ခန္ဓာကိုယ်က ခရမ်းရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသောကြောင့် ဦးခေါင်းတစ်ဝက်သာ ထွက်ပေါ်လာသည်။
သူက အပေါ်ရောက်သည်နှင့် အသံပို့လွှတ်လိုက်သည်။ "သူ့နာမည်က ကျန်းရီ ဟုတ်တယ်တဲ့... အပြင်မှာ ဘာတွေဖြစ်နေတာလဲလို့ မေးနေတယ်"
"ဟူး..."
ဟယ်နုန်ယင်းက သက်ပြင်းချလိုက်သော်လည်း မိစ္ဆာဧကရာဇ်သုံးပါးမှာ အံ့ဩထိတ်လန့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရီသည် ဤသားရဲကြီးနှင့် မည်သို့နည်းဖြင့် သင့်မြတ်နေသနည်း။ အမှန်တကယ်ပင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သည့် သားရဲကြီးက သူ့ကို မသတ်သည့်အပြင် စကားပြန်ပါးပေးနေသေးသည်။ ဤသားရဲကြီးသာ ကူညီပေးနိုင်ပါက ကပ်ဘေးကြီးကို ကျော်လွှားနိုင်မည့် အခွင်အရေးက အတော်လေး ကြီးမား၏။
ဟယ်နုန်ယင်းက အသက်တစ်ရှိုက် ရှူသွင်း၍ လက်ယှက်ကာ ရှင်းပြသည်။ "အရှင်၊ သူ့ကို ပြောပြပေးပါ... မသေမျိုးတစ်ပိုင်းရသေ့ကြီးက စစ်သည်သန်းသုံးဆယ်ကို ဦးဆောင်ပြီး ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်နေပါတယ်… မိုးပြာမဟာဧကရာဇ်ကလည်း တမလွန်ဘုံမှာ ပိတ်မိနေတုန်းပါပဲ... အင်အားသန်းသုံးရာရှိတဲ့ တမလွန်ဘုံစစ်တပ်ကြီးက တစ်လကျော်အတွင်း ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်အထိ ရောက်လာတော့မှာပါ... အဲဒါကြောင့် အမြန်ထွက်လာပြီး ဦးဆောင်ပေးဖို့ ပြောပေးပါ အရှင်"
"သူ့ကို ထွက်လာခိုင်းနေတာလား"
ဧရာမသားရဲကြီး၏ မျက်လုံးများတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ "သူ ထွက်လာလို့ မရတော့ဘူး... တစ်သက်လုံး ဒီထဲမှာ ပိတ်မိနေလိမ့်မယ်"
ဝုန်း
ဟယ်နုန်ယင်းနှင့် မိစ္ဆာဧကရာဇ်သုံးပါးတို့၏ ခန္ဓာကိုယ်များမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်ရီသွားကြသည်။ ကျန်းရီသာ အမှန်တကယ် ထွက်မလာနိုင်ပါက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်အတွက် မျှော်လင့်ချက် မရှိတော့ချေ။ တမလွန်မျိုးနွယ်စုက မျိုးသုဥ်းသတ်ဖြတ်ပေလိမ့်မည်။
ဧရာမသားရဲကြီးက ထိုသို့ပြောပြီးသည်နှင့် ဟွင့်သွမ်ရေကန်ထဲ ပြန်လည်ဝင်ရောက်၍ ဟယ်နုန်ယင်း၏ စကားများကို ကျန်းရီအား ပြန်လည်ပြောပြလိုက်၏။ ၎င်းကို ကြားလိုက်ရသည့်အချိန်၌ ကျန်းရီ၏ နှလုံးသားမှာ အဆုံးအစွန်အထိ လေးလံသွားတော့သည်။
အဆိုးရွားဆုံး အခြေအနေက အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။ မသေမျိုးတစ်ပိုင်းရသေ့ကြီးကား တမလွန်ဘုံဧကရာဇ် ဖြစ်နိုင်ချေ များလှ၏။ ယန်အရှင်၊ ရွှေအရှင်နှင့် မီးတောက်အရှင်တို့အားလုံး ချေမှုန်းခံရပေလိမ့်မည်။ တမလွန်ဘုံစစ်သည် သန်းရာပေါင်းများစွာကလည်း ချီတက်လာနေရာ ကမ္ဘာဦးကောင်းကင်ဘုံအနေဖြင့် မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။
မဟာမန္တန်အစီအရင်သည် စွမ်းအင်များစွာ စုပ်ယူထားသော်လည်း စစ်သည်သန်းပေါင်းများစွာက နေ့ရောညပါ မနားတမ်း တိုက်ခိုက်နေရာ အလွန်ဆုံးအနေဖြင့် တစ်လသာ ခံနိုင်ပေလိမ့်မည်။ ထို့နောက် ပျက်စီးသွားမည်ဖြစ်၏။ တစ်လအတွင်း ကျန်းရီ ထွက်သွားနိုင်မည်လား။ ထွက်သွားနိုင်လျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။
"မဖြစ်ဘူး”
ကျန်းရီက တစ်ခဏ စဉ်းစားပြီးနောက် အံကြိတ်လျက် ဧရာမသားရဲကြီးရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။ "အရှင်၊ လူသားမျိုးနွယ်စုက မျိုးသုဥ်းပါတော့မယ်... ကမ္ဘာဦးကောင်းကင်ဘုံလည်း ပြာကျတော့မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ထွက်သွားခွင့်ပေးပါ... တမလွန်ဘုံမျိုးနွယ်စု ဆုတ်ခွာသွားစေဖို့ နည်းလမ်းရှာပြီးတာနဲ့ ဟွင့်သွမ်စွမ်းအင်တွေ စုပ်ယူပေးဖို့ ကျွန်တော် ချက်ချင်း ပြန်ဆင်းလာခဲ့ပါ့မယ်"
သူ အပြင်ထွက်သွားပါကလည်း တမလွန်ဘုံဧကရာဇ်၏ ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ချေ။ သို့သော် ကြိုးစားကြည့်ရမည်သာ။ ကမ္ဘာဦးကောင်းကင်ဘုံ ပျက်စီး၍ ချီလင်မိဖုရား၊ ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့ အသတ်ခံရသည့်အပြင် သန်းပေါင်းများစွာသော လူသားများ အလောင်းကောင်များ ဖြစ်လာမည့် အခြေအနေကို သူ ရပ်ကြည့်မနေနိုင်ချေ။
"အိပ်မက်မက်နေလိုက်"
ဧရာမသားရဲကြီးက အေးစက်စွာ ပြန်ဖြေ၏။ “ငါ မင်းကို အရင်တည်းက ပြောခဲ့ပြီးသားပဲ... မင်း ရွှေအရင်းအမြစ်ကို စုပ်ယူချင်လို့ ဝင်လာတာကို ငါ ခွင့်ပြုခဲ့တယ်... ဒါပေမဲ့ ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ့်နည်းလမ်း မရှာနိုင်ဘဲနဲ့တော့ ထွက်သွားဖို့ မစဉ်းစားနဲ့... ငါက အမြဲ စကားတည်တယ်... အပြင်က လူသားတွေ မျိုးသုဉ်းသွားတာ ငါနဲ့ ဘာဆိုင်လို့လဲ... မျိုးသုဉ်းသွားရင်လည်း သံသရာလည်တာပဲလေ… ပုံမှန်ပဲဟာ... ဘာကြောင့် ဒီလောက် ဂရုစိုက်နေရတာလဲ"
ဒိန်း
ဧရာမသားရဲကြီး၏ အေးစက်နေသော မျက်လုံးများကို ကြည့်ရင်း ကျန်းရီ၏ နှလုံးသားကား ဒိန်းခနဲ ခုန်သွားသည်။ ဤဧရာမသားရဲကြီးက လူသားမဟုတ်သလို ကပ်လောကမှ မျိုးနွယ်လည်း မဟုတ်ပေ။ ထို့ကြောင့် ဤလောကကြီး မည်မျှပင် ပျက်စီးသွားပါစေ ဂရုစိုက်မည်မဟုတ်ချေ။ ပုရွက်ဆိတ်တစ်အုပ်က အခြားပုရွက်ဆိတ်တစ်အုပ်အား မျိုးသုဉ်းသတ်ဖြတ်နေခြင်းကို လူသားများ ဂရုမစိုက်သကဲ့သို့ပင်။
သူ ဘာပြောပြော နားဝင်မည်မဟုတ်။
ကျန်းရီမှာ အေးစက်၍ စာနာမှုကင်းမဲ့နေသော ထိုမျက်လုံးများကို ကြည့်ရင်း သဘောပေါက်သွား၏။ သူကိုယ့်သူ သတ်သေမည်ဟု ခြိမ်းခြောက်လျှင်တောင်မှ သားရဲကြီးက ဂရုစိုက်မည်မဟုတ်ချေ။ မည်သည့်နည်းလမ်းသုံးသည်ဖြစ်စေ ဧရာမသားရဲကြီးက သူ့ကို လွှတ်ပေးမည်မဟုတ်ကြောင်း ကျန်းရီ နားလည်လိုက်သည်။
"တစ်လလား"
တစ်လတာအတွင်း သူ ဘာလုပ်နိုင်မည်နည်း။ လျှပ်စီးဆန်းကြယ်မှုအား ပြီးပြည့်စုံသည်အထိ နားလည်သဘောပေါက်နိုင်မည်လော။ ဤဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်မည်လား။ ကျန်းရီ၌ ယုံကြည်ချက် တစ်စက်လေးမှ မရှိတော့ချေ။ သူ့မှာ မြေပေါ် ဖင်ထိုင်ရက် ကျသွားပြီး ငေးငိုင်နေမိသည်။
"ငါနဲ့ ချီဟုန် အရင်ထွက်သွားလိုက်မယ်"
ထိုအချိန်၌ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ရုတ်တရက် အသံပို့လွှတ်လာသည်။ "ငါတို့အနေနဲ့ အများကြီး မလုပ်ပေးနိုင်သလို တမလွန်ဘုံဧကရာဇ်ကိုလည်း မသတ်နိုင်ပေမဲ့ အနည်းဆုံးတော့ မင်းအတွက် အချိန်ဆွဲထားပေးလို့ ရနိုင်တယ်... နှစ်လ… ငါတို့ မင်းအတွက် နှစ်လ အချိန်ဆွဲထားပေးမယ်... အဲဒီနှစ်လအတွင်း မင်း အဆင့်တက်ပြီး ဟွင့်သွမ်စွမ်းအင်တွေကို အောင်မြင်စွာ ဖောက်ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်"
"ဟင်"
ကျန်းရီ၏ နှလုံးသား လှုပ်ခတ်သွားမိသည်။ သူ ထွက်မသွားနိုင်သဖြင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ ထွက်သွားခြင်းကို သားရဲကြီးက ဂရုစိုက်မည်မဟုတ်ချေ။ သူက တစ်ခဏ စဉ်းစားလိုက်ပြီး အံကြိတ်၍ ခေါင်းညိတ်လိုက်သည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့၏ လက်ကျန်ဝိညာဉ်များ ထွက်ပေါ်လာ၏။ ကျန်းရီက ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်သည်။
"အရှင်... ကျွန်တော် နေခဲ့ပါ့မယ်... ကျွန်တော့်မိတ်ဆွေနှစ်ယောက်ရဲ့ ဝိညာဉ်တွေကိုတော့ အချိန်ဆွဲဖို့ အရင်ထွက်သွားခွင့် ပြုပါ... ကျွန်တော် ဟွင့်သွမ်စွမ်းအင်တွေကို ဖောက်ထွက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်... ဒီလောက် အခြေအနေလေးကိုမှ ခွင့်မပြုနိုင်ဘူးဆိုရင်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေရုံပဲ ရှိပါတော့တယ်"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့၏ လက်ကျန်ဝိညာဉ်များ ထွက်ပေါ်လာခြင်းကို ဧရာမသားရဲကြီးက အံ့ဩပုံမရဘဲ အစောကတည်းက သိနေခဲ့ပုံပင်။ သူက တစ်ခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကောင်းပြီလေ... ငါ ခွင့်ပြုတယ်"
ဧရာမသားရဲကြီးက ၎င်း၏အမြီးကြီးကို လှုပ်ခါလိုက်ရာ ဟွင့်သွမ်စွမ်းအင်များ လှုပ်ခတ်သွားပြီး အပေါက်လေးတစ်ပေါက် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့၏ လက်ကျန်ဝိညာဉ်တို့က ကျန်းရီအား လေးနက်စွာ ကြည့်ပြီးနောက် အလင်းတန်းနှစ်တန်းအဖြစ် ပြောင်းလဲကာ ဝင်ပေါက်လေးထံ ပျံသန်းသွားကြသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ နောက်ဆုံးစကားသံက ကျန်းရီ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ “ကောင်လေး... မင်းရဲ့ နဝမမြောက်ကြယ်စက်လုံးက သိပ်ကို အရေးကြီးတယ်... မင်းသာ အဲ့ဒီကြယ်စက်လုံးကို ပြောင်းလဲနိုင်မယ်ဆိုရင် အတိုက်အခိုက်စွမ်းရည်က အံ့မခန်းလိလိ တိုးတက်လာလိမ့်မယ်လို့ ငါ ခံစားမိတယ်... တစ်လောကလုံးရဲ့ မျိုးနွယ်စုအားလုံးက အခုကစပြီး မင်းကိုပဲ အားကိုးရတော့မှာ... မသေမျိုးဘုံကို ဝင်နိုင်ခဲ့တဲ့ တစ်နေ့ကျ ငါ့အတွက် နံ့သာတိုင်တစ်တိုင်လောက် ထွန်းပြီး ပူဇော်ပေးပါ ... အဲ့ဒီအချိန်ကျ ဒီအဘိုးကြီး အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ"
"ကောင်းကင်ဧကရာဇ်”
ကျန်းရီ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်မိသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ နောက်ဆုံးစကားတို့က နှုတ်ဆက်စကားများ ဖြစ်နေချေသည်။ သူတို့နှစ်ဦးကြားရှိ နောက်ဆုံးစကားများ ဖြစ်နိုင်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တစ်ကြိမ်မျှသာ တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။ ယခုအကြိမ် အပြင်ထွက်၍ တိုက်ခိုက်လိုက်ပါက သူ၏ ကျန်ရစ်သော ဝိညာဉ်မှာ ပျောက်ကွယ်သွားပေလိမ့်မည်။
ဝှစ်
ကျန်းရီက ကောင်းကင်ဧကရာဇ်ကို နောက်ဆုံးအကြိမ် တွေ့မြင်လိုသဖြင့် အပေါ်သို့ ပျံတက်သွား၏။ သို့သော် ဧရာမအမြီးကြီးက သူ့ခန္ဓာကိုယ်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကျန်းရီမှာ အောက်သို့ ပြုတ်ကျလာပြီး ဝင်ပေါက်လေးကလည်း လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ကမ္ဘာလောကနှစ်ခုကို ဆက်သွယ်ထားသည့် လမ်းကြောင်း ပိတ်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားချေသည်။