အခန်း ၂၀၆၅
Vol. 149 Ch. 2065
အပိုင်း ၂၀၆၅ ဖျက်စီး၍ မရနိုင်သော
ဝှစ်…
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့က အလင်းတန်းနှစ်တန်းအဖြစ် ပြောင်းလဲ၍ ထျန်းဖုန့်ဧကရာဇ်တို့ထံ လျင်မြန်စွာ ပျံသန်းသွားကြသည်။ ဟယ်နုန်ယင်းတို့က သားရဲကြီး တိုက်ခိုက်လာသည်အထင်ဖြင့် နောက်ဆုတ်ရန် ပြင်လိုက်ကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကိုယ်ထင်ပြ၍ အေးစက်စွာ ပြောလိုက်၏။ "ငါတို့ပါ”
"ကောင်းကင်ဧကရာဇ်"
ဟယ်နုန်ယင်းတို့ ဝမ်းမြောက်သွားကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့က ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လာ၏။ "အားလုံး အပေါ်တက်ကြတော့... ကျန်းရီက လောလောဆယ် ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး... ငါနဲ့ ချီဟုန် အရင်ထွက်ပြီး အချိန်ဆွဲထားပေးမယ်"
"ကောင်းကင်ဧကရာဇ်... ကျန်းရီက..."
ဟယ်နုန်ယင်းက အခြေအနေကို မေးမြန်းလိုသော်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆီမှ အသံပို့လွှတ်လာသည်။ "နောက်မှ ပြောကြတာပေါ့... အရင်ထွက်သွားကြစို့... နောက်ပြီး ငါနဲ့ ချီဟုန် ထွက်လာတဲ့သတင်းကို အပြင်လူတွေ မသိစေနဲ့... ချီလင်းနဲ့ ယန်ကိုးပါးစစ်တပ်ရဲ့ စစ်သူကြီးနှစ်ယောက်ပဲ သိပါစေ"
"ကောင်းပါပြီ"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အမိန့်ပေးလာသဖြင့် ဟယ်နုန်ယင်းလည်း ဘာမှမတတ်နိုင်ချေ။ ထျန်းဖုန့်ဧကရာဇ်သည်လည်း ဟယ်နုန်ယင်းကို ခေါ်၍ ကောင်းကင်တွင်းနက်ကြီးအပြင်သို့ လျင်မြန်စွာ ထွက်လာခဲ့၏။
ကောင်းကင်တွင်းနက်ကြီး၏ ဝင်ပေါက်သို့ ရောက်သောအခါ ကြိုးများဖြင့် တွယ်တက်နေစရာ မလိုတော့ပေ။ ကျန်းရီက မြေအရင်းအမြစ်များအားလုံးကို စုပ်ယူလိုက်သောကြောင့် မည်သည့်ဆွဲငင်အားမှ မရှိတော့ချေ။ သူတို့က အလွယ်တကူ အပေါ်သို့ ပျံတက်သွားကြသည်။
"ယန်ကိုးပါးမြို့ဆီ သွားကြမယ်... ဒီနေရာကို စောင့်ကြပ်နေစရာ မလိုတော့ဘူး... ကျန်းရီကို ဘယ်သူမှ ဒုက္ခမပေးနိုင်ဘူး… သူက တစ်လောကလုံးရဲ့ အလုံခြုံဆုံးနေရာကို ရောက်နေတာ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အမိန့်ပေးလိုက်သည်။ ကျန်းရီသည် ဟွင့်သွမ်ရေကန်အောက်မှ လုံးဝ ထွက်မလာနိုင်သလို ထိုနေရာ၌ ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သည့် ဧရာမသားရဲကြီးတစ်ကောင်လည်း ရှိနေ၏။ တမလွန်ဘုံဧကရာဇ် ကိုယ်တိုင် လာရောက်တိုက်ခိုက်လျှင်တောင်မှ ကျန်းရီကို သတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်တွင်းနက်ကြီး၏ ဝင်ပေါက်ကို စောင့်ကြပ်နေရန် မလိုအပ်တော့ချေ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားကြောင့် ဟယ်နုန်ယင်းမှာ အနည်းငယ် စိတ်အေးသွားသည်။ အနည်းဆုံးတော့ ကျန်းရီ သေဆုံးမည် မဟုတ်ပေ။ လောလောဆယ် ထွက်မလာနိုင်သော်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ ရှိနေသဖြင့် လူသားမျိုးနွယ်စုအတွက် အချိန်ဆွဲထားနိုင်ပေလိမ့်မည်။
ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများကတော့ တုံ့ဆိုင်းနေကြ၏။ ကျန်းရီသည် ကောင်းကင်တွင်းနက်ကြီးကို စောင့်ကြပ်ရန် သူတို့သုံးဦးအား အမိန့်ပေးခဲ့သည် မဟုတ်ပါလော။ ယခုလို ထွက်ခွာသွားခြင်းက ကျန်းရီ၏ အမိန့်ကို ဖီဆန်ရာကျနေပေသည်။
"ဘာကြောင်ကြည့်နေကြတာလဲ... သွားမယ်"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အေးစက်စွာ အသံပို့လွှတ်လိုက်၏။ "ငါ့သဘောက ကျန်းရီရဲ့ သဘောပဲ... အားလုံး ငါ့စကားနားထောင်ကြဖို့ ကျန်းရီက ပြောလိုက်တယ်... ကမ္ဘာဦးကောင်းကင်ဘုံ ပျက်စီးသွားရင် ကောင်းကင်မိစ္ဆာဘုံရော တောင့်ခံနိုင်ပါ့မလား"
"ကောင်းပါပြီ"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ကျန်းရီကား တစ်သားတည်းဖြစ်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားကို ကျန်းရီ မလွန်ဆန်ရဲပေ။ သူ၏အမိန့်က ကျန်းရီ၏ အမိန့်ပင် ဖြစ်သည်။ မိစ္ဆာဧကရာဇ်သုံးပါးကလည်း ခေါင်းမာကြသူများ မဟုတ်ချေ။ ကမ္ဘာဦးကောင်းကင်ဘုံသာ ပျက်စီးသွားပါက ကောင်းကင်မိစ္ဆာဘုံ အလှည့်ရောက်လာမည်ကလည်း အသေအချာပင် ဖြစ်၏။
"သွားကြစို့"
ဟယ်နုန်ယင်းက မိစ္ဆာဧကရာဇ်သုံးပါးနှင့် ဟယ်မိသားစု အကြီးအကဲနှစ်ဦးကို ဦးဆောင်ကာ အလင်းတန်းအဖြစ် ပြောင်းလဲ၍ အမှောင်နယ်မြေဆီသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။
ကောင်းကင်တွင်းနက်ကြီးအောက်ရှိ ကျန်းရီမှာမူ ဂနာမငြိမ် ဖြစ်နေသည်။ အပြင်ရှိ အခြေအနေများက ဆိုးရွားနေသော်လည်း သူကား ဤနေရာတွင်သာ ပိတ်မိနေ၍ မည်သည့်အရာမှ မလုပ်နိုင်ချေ။ နှစ်လအတွင်း အဆင့်တက်၍ ဟွင့်သွမ်စွမ်းအင်များကို မစုပ်ယူနိုင်ပါက ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးမှာ ငရဲအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့နောက် မြောဘုံ၊ လေဘုံ၊ လျှပ်စီးဘုံ စသည့် အသေးစားကမ္ဘာခုနစ်ခုအပြင် ကောင်းကင်မိစ္ဆာဘုံပါ ဖျက်ဆီးခံရမည်ဖြစ်သည်။
"ငတုံးကောင်"
ဧရာမသားရဲကြီးက ငေးငိုင်စွာ ထိုင်နေသော ကျန်းရီကို ကြည့်၍ အေးစက်စွာ ပြော၏။ "မင်း ဒီလို ထိုင်ငေးနေလို့ လူတွေကို ကယ်နိုင်မှာတဲ့လား… မင်းလူတွေကို ကယ်ချင်ရင် ဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ့်နည်းလမ်း ရှာရုံကလွဲလို့ တခြားနည်းလမ်း မရှိဘူး... မင်းရဲ့ရန်သူတွေကို နှိမ်နင်းဖို့ ငါကိုယ်တိုင် မကူညီပေးနိုင်ပေမယ့် ဟွင့်သွမ်စွမ်းအင်တွေကို ဖောက်ထွက်နိုင်မယ်ဆိုရင် မင်းရဲ့ အတိုက်အခိုက်စွမ်းရည် တဟုန်ထိုး တိုးတက်လာစေမယ့် နတ်ဘုရားစွမ်းရည်တစ်ခု ငါ သင်ပေးနိုင်တယ်"
"နတ်ဘုရားစွမ်းရည်လား”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ မသေမျိုးဘုံမှ ကောင်းကင်သားရဲကြီး သင်ပေးမည့် နတ်ဘုရားစွမ်းရည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။ အထက်ဘုံရှိ နတ်ဘုရားစွမ်းရည်တစ်ခုကို ကောင်းကင်ကြယ်စုဘုံရှိ သာမန်လူတစ်ဦးအား သင်ပေးလိုက်ပါက ထိုလူ၏ အတိုက်အခိုက်စွမ်းရည်မှာ တဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။
"ဟုတ်ပြီဗျာ"
ကျန်းရီလည်း မျက်နှာကို ပွတ်သပ်၍ အပြင်ဘက်မှ ကိစ္စများကို မေ့ဖျောက်ရန် ကိုယ့်ကိုယ်ကို အတင်းအကျပ် ဖိအားပေးလိုက်သည်။ သူက တစ်ခဏ စဉ်းစားပြီးနောက် မေးလိုက်၏။ "ဒါနဲ့ အရှင်၊ စောစောက ကျွန်တော် မေးခွန်းတစ်ခုပဲ မေးရသေးတယ်နော်... ဆက်မေးလို့ရသေးလား"
ဧရာမသားရဲကြီးက ခေါင်းညိတ်ပြသည်။ ကျန်းရီက အချိန်အတော်ကြာ စဉ်းစားပြီးမှ မေးသည်။ "မသေမျိုးဘုံက ကျွန်တော်တို့လောကရဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက်နေလား"
ဤမေးခွန်း၌ အခြားသော မေးခွန်းများစွာလည်း ပါဝင်နေသည်။ သို့သော် ဧရာမသားရဲကြီးက ခေါင်းရမ်း၍ ပြော၏။ "ဒီမေးခွန်းကိုတော့ ဖြေလို့မရဘူး... တခြားမေးခွန်းတစ်ခု ပြောင်းမေး"
အချို့ကိစ္စများကို ပြောပြမရနိုင်သဖြင့် ဖြေရန် ငြင်းဆန်မည်ဟု ဧရာမသားရဲကြီးက ပြောထားပြီးဖြစ်သဖြင့် ကျန်းရီလည်း ဘာမှမတတ်နိုင်ချေ။ ထို့ကြောင့် မေးခွန်းတစ်ခု ပြောင်းမေးလိုက်သည်။ "ဒဏ္ဍာရီတွေထဲမှာ ပြောကြသလို မသေမျိုးဘုံမှာ အင်မော်တယ်ဂိုဏ်း ခုနစ်ဆယ့်နှစ်ခုနဲ့ အစစ်အမှန် အင်မော်တယ် တစ်သောင်းရှစ်ရာ ရှိတယ်ဆိုတာ တကယ်ပဲလား"
"ဒီမေးခွန်းကိုလည်း ဖြေလို့ မရဘူး... မသေမျိုးဘုံအကြောင်း မင်း မစုံစမ်းတာပဲ ကောင်းလိမ့်မယ်... စုံစမ်းရင်လည်း မင်းကို ပြောပြမှာ မဟုတ်ဘူး"
"..."
မသေမျိုးဘုံ၏ ကိစ္စများကို မေးမြန်း၍ မရပါက ကျန်းရီအနေဖြင့် မည်သည်ကို မေးမြန်းရတော့မည်နည်း။ ကပ်လောကနှင့် ပက်သက်သည့် ကိစ္စများကို သူ အကုန်သိပြီးဖြစ်သောကြောင့် မသေမျိုးဘုံအကြောင်းကိုသာ သိချင်နေမိ၏။
ကျန်းရီက တစ်ခဏ စဉ်းစားပြီးနောက် မေးခွန်းတစ်ခု မေးလိုက်သည်။ "မသေမျိုးဘုံမှာ ဟွင့်သွမ်စွမ်းအင်တွေ ရှိလား"
ဤတစ်ကြိမ်တွင်မူ ဧရာမသားရဲကြီးက ခေါင်းညိတ်ပြသော်လည်း များများစားစား ပြောမပြချေ။ ကျန်းရီက ထပ်မံမေးမြန်းလိုက်၏။ "ဒါဆို ဘာလို့ အရှင့်ကို မသေမျိုးဘုံက ဟွင့်သွမ်စွမ်းအင်တွေထဲမှာ ဖမ်းမထားဘဲ ကျွန်တော်တို့ဆီမှာ လာချုပ်နှောင်ထားရတာလဲ"
"ငါက ခေါင်းညိတ်၊ ခေါင်းခါပြရုံပဲလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
ဧရာမသားရဲကြီးက ကျန်းရီကို တစ်ချက်စိုက်ကြည့်နေပြီးနောက် ဆိုလာသည်။ "ဒါပေမဲ့ ဒီမေးခွန်းကိုတော့ ဖြေလို့ရတယ်... ငါက ကောင်းကင်စည်းမျဉ်းကို ချိုးဖောက်မိလို့ မသေမျိုးဘုံမှာ နေခွင့်မရှိတော့ဘဲ သေမျိုးဘုံဆီ ပို့ခံရပြီး ဒီဟွင့်သွမ်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရတာပဲ... ဒီနေရာမှာ နှစ်တစ်သန်း နေချင်နေ၊ မနေချင်ရင်တော့ ကိုယ့်ဘာသာ ထွက်ပေါက်ရှာရလိမ့်မယ်… မသေမျိုးဘုံတံခါး ဖွင့်ပြီးတော့ မသေမျိုးဘုံဆီ ပြန်သွားရမယ်"
"ဪ”
ကျန်းရီမှာ ရုတ်တရက် သဘောပေါက်သွား၏။ ဧရာမသားရဲကြီးသည် အပြစ်ကျူးလွန်မိသဖြင့် မသေမျိုးဘုံမှ ခေါင်းဆောင်ကြီးများက သေမျိုးဘုံသို့ နှင်ထုတ်၍ ပြန်လာနိုင်မည့် နည်းလမ်းရှာခိုင်းခဲ့ခြင်း ဖြစ်ပေမည်။ ဧရာမသားရဲကြီးအနေဖြင့် ဟွင့်သွမ်အကျဉ်းထောင်ကို ဖောက်ထွက်နိုင်လျှင်တောင်မှ မသေမျိုးတံခါးကို ဖွင့်နိုင်မည်မဟုတ်ကြောင်း ထင်ရှားလှ၏။ သူ့ကို မသေမျိုးဘုံသို့ ခေါ်သွားပေးရန် တောင်းဆိုခြင်းက အံ့ဩစရာ မရှိချေ။
မသေမျိုးဘုံအကြောင်း မေးမြန်းမရသဖြင့် ကျန်းရီလည်း ဆက်မမေးတော့ချေ။ နောက်ပိုင်း အချိန်ရမှ ဖြည်းဖြည်းချင်း မေးပေရမည်။ လောလောဆယ်တွင်တော့ ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်ရန် နည်းလမ်းရှာရမည် ဖြစ်၏။
ဤဟွင့်သွမ်စွမ်းအင်များအတွင်း၌ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေဟူသော မိုးမြေအရင်းအမြစ်ငါးမျိုး ပါဝင်နေသည်။ ဟွင့်သွမ်စွမ်းအင်သည် မိုးမြေအရင်းအမြစ်များနှင့် ဆက်စပ်နေနိုင်၏။ ဧရာမသားရဲကြီးက ဟွင့်သွမ်စွမ်းအင်များ စုပ်ယူရန် သူ့ကို ဝင်ခွင့်ပြုခဲ့ခြင်းမှာလည်း မိုးမြေအရင်းအမြစ်များကို စုပ်ယူနိုင်စွမ်းကြောင့် ဖြစ်ပေလိမ့်မည်။
"ဟွင့်သွမ်စွမ်းအင်တွေနဲ့ မိုးမြေအရင်းအမြစ်တွေက ဘယ်လိုဆက်စပ်နေတာလဲ"
ကျန်းရီက နတ်ဘုရားသစ်ရွက်ကို ကိုင်၍ မိုးမြေနှင့် တစ်သားတည်းဖြစ်သွားပြီး မိုးမြေအရင်းအမြစ်များကို အာရုံခံလိုက်သည်။ နာရီအတော်ကြာ အာရုံခံပြီးနောက် မိုးမြေအရင်းအမြစ် အမျိုးမျိုးကို ထုတ်လွှတ်ကာ ဟွင့်သွမ်စွမ်းအင်များနှင့် ထိတွေ့ချိန်၌ ထွက်ပေါ်လာသည့် တုံ့ပြန်မှုကို စောင့်ကြည့်လိုက်၏။
မည်သည့်အရာမှ ဖြစ်မလာခဲ့ချေ။
ကျန်းရီမှာ မိုးမြေအရင်းအမြစ်အားလုံးကို ဟွင့်သွမ်စွမ်းအင်များနှင့် ထိတွေ့ရန် ထပ်ခါတလဲလဲ ကြိုးစားကြည့်သော်လည်း မည်သည့်ထူးခြားမှုမှ ဖြစ်မလာပေ။ မီးအရင်းအမြစ်ဖြင့် ဟွင့်သွမ်စွမ်းအင်များကို လောင်ကျွမ်းစေခြင်း၊ လေအရင်းအမြစ်ဖြင့် တိုက်ခိုက်ခြင်းတို့က မည်သည့်ထိခိုက်မှုမှ မဖြစ်စေချေ။ ဤဟွင့်သွမ်စွမ်းအင်က တစ်လောကလုံး၌ အင်အားအကြီးဆုံး အရာဝတ္ထုတစ်ခုအလား ဖျက်ဆီး၍မရနိုင်သလို ဖြိုခွဲ၍လည်း မရနိုင်ပေ။
"ဖျက်ဆီးလို့မရ... ဖြိုခွဲလို့မရဘူး"
ကျန်းရီ၏ စိတ်ထဲ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏။ မိုးမြေအရင်းအမြစ်များသည် ဤလောကတွင် အားအကောင်းဆုံး စွမ်းအင်များ ဖြစ်ကြသည်။ ယခုတွင် မီးအရင်းအမြစ်၊ ရေခဲအရင်းအမြစ်နှင့် လေအရင်းအမြစ်တို့ပင်လျှင် ဟွင့်သွမ်စွမ်းအင်များအား လျော့ကျမသွားစေနိုင်ချေ။ ဟွင့်သွမ်စွမ်းအင်သည် မိုးမြေအရင်းအမြစ်များထက် ပိုမိုအားကောင်းနေသည့် အဓိပ္ပာယ် မဟုတ်ပါလော။
"ဟွင့်သွမ်စွမ်းအင်ထဲမှာ မိုးမြေအရင်းအမြစ်ငါးမျိုး ရှိနေတယ်... ဒီအရင်းအမြစ်ငါးမျိုးလုံးက ဟွင့်သွမ်စွမ်းအင်ကနေ ပေါက်ဖွားလာတာများလား... တခြားတစ်နည်းနဲ့ ပြောရရင် လျှပ်စီးကနေ ရွှေ၊ မြေကြီး၊ မီး၊ သစ်သား၊ ရေ ဖြစ်တည်လာတဲ့ ဆန်းကြယ်မှုငါးမျိုးကို ပေါင်းစည်းနိုင်ခဲ့ရင် ဒီဟွင့်သွမ်စွမ်းအင်တွေကို စုပ်ယူနိုင်လောက်မလား"
ကျန်းရီသည် လျှပ်စီးမှ ရေဖြစ်တည်ခြင်းနှင့် လျှပ်စီးမှ မြေဖြစ်တည်ခြင်း ဆန်းကြယ်မှုများကို ပေါင်းစည်းခဲ့ရာ လျှပ်စီးမှ လေဖြစ်တည်ခြင်း ဆန်းကြယ်မှုအား ထွက်ပေါ်လာခဲ့၏။ ထို့နောက် လျှပ်စီးမှ သစ်သားဖြစ်တည်ခြင်းနှင့် လျှပ်စီးမှ မီးဖြစ်တည်ခြင်း ဆန်းကြယ်မှုများကို ပေါင်းစည်းလိုက်သည့်အခါတွင်တော့ လျှပ်စီးမှ အဆိပ်ဖြစ်တည်ခြင်း ဆန်းကြယ်မှု ထွက်ပေါ်လာခဲ့ပြန်သည်။
"အယူအဆအရတော့ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ဆန်းကြယ်မှုငါးမျိုးလုံးကို ပေါင်းစည်းလို့ရ၊ မရ အရင် စမ်းကြည့်ရမယ်"
နောက်ဆုံး၌ လမ်းစတစ်ခု ရှာတွေ့သွားခဲ့သဖြင့် ကျန်းရီလည်း အခြားအရာများကို ဂရုမစိုက်ဘဲ အပြည့်အ၀ အာရုံနှစ်မြုပ်ထားလိုက်သည်။ ဆန်းကြယ်မှုငါးမျိုးကို ပေါင်းစည်းနိုင်ခြင်း ရှိ၊ မရှိ အရင် စမ်းသပ်ကြည့်ရပေမည်။ ပေါင်းစည်းနိုင်ခဲ့ပါကလည်း အရှုံးမရှိချေ။