အခန်း ၂၀၆၆
Vol. 149 Ch. 2066
အပိုင်း ၂၀၆၆ အကောင်းအတိုင်းပါလား
ဟယ်နုန်ယင်း၊ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများ ယန်ကိုးပါးမြို့သို့ ပြန်ရောက်လာကြသည်။ မိစ္ဆာဧကရာဇ်သုံးပါး ပေါ်လာခြင်းက စစ်သည်များနှင့် မိသားစုများ၏ စိတ်ဓာတ်ကို ချက်ချင်း တက်ကြွသွားစေသည်။ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်သုံးဦး တိုးလာခြင်း မဟုတ်ပါလော။ မိစ္ဆာမျိုးနွယ် ဖြစ်နေသော်လည်း လူသားမျိုးနွယ်စုနှင့် တစ်လှေတည်းစီးနေသောကြောင့် စိတ်ဓာတ်များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
မှန်ပါသည်။ တချို့သော မိသားစုများကတော့ တိတ်တဆိတ် သံသယဝင်နေကြဆဲ ဖြစ်၏။ အကြောင်းအရင်းကား ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ၏ဘက်တော်သား ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထွက်ပေါ်ခဲ့သော ကောလာဟလများနှင့်လည်း ကိုက်ညီနေသည်။ ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့က ကျန်းရီအား ခေါင်းဆောင်အဖြစ် သတ်မှတ်ကာ ကောင်းကင်ဧကရာဇ်အသစ်အဖြစ် တင်မြှောက်ရန် ပြင်ဆင်နေကြသည်ဆိုသည့် ကောလာဟလပင် ဖြစ်သည်။
သို့သော်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီး ကမ္ဘာဦးကောင်းကင်ဘုံကို ချက်ချင်း တိုက်ခိုက်ခဲ့ခြင်းက ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုအားလုံးအား ထိတ်လန့်တုန်လှုပ်သွားစေ၏။ တမလွန်မျိုးနွယ်စုက စစ်တပ်များ စေလွှတ်ခဲ့ပြီး ဖြစ်သော်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာမူ ကမ္ဘာဦးကောင်းကင်ဘုံ၏ နောက်ဆုံးခံတပ်ကို ချိုးဖျက်ရန် ကြိုးစားနေသည်။ သူက အပြစ်ကင်းသည်ဟု မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ယန်ကိုးပါးမြို့သို့ ရောက်သည်နှင့် ချက်ချင်း အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။ မီးမြေခွေးဧကရာဇ်အား ကောင်းကင်မိစ္ဆာဘုံသို့ ပြန်သွား၍ မိစ္ဆာစစ်တပ်တစ်ခုလုံးကို ခေါ်လာစေခဲ့သည်။
မီးမြေခွေးဧကရာဇ်မှာ တုံ့ဆိုင်းနေမိသည်။ မိစ္ဆာစစ်တပ်ကြီးကို ခေါ်လာပါက စစ်တပ်တစ်ခုလုံး ပျက်စီးသွားနိုင်ချေ ရှိသည်။ သို့သော် ခေါ်မလာဘဲ ကမ္ဘာဦးကောင်းကင်ဘုံ ပျက်စီးသွားပါက ကောင်းကင်မိစ္ဆာဘုံလည်း အနှေးနှင့်အမြန် ရှာတွေ့ခံရပေလိမ့်မည်။
မိစ္ဆာဧကရာဇ်သုံးပါးက တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ထျန်းဖုန့်ဧကရာဇ်က မီးမြေခွေးဧကရာဇ်အား စစ်တပ်ကို ဆင့်ခေါ်လာရန် အမိန့်ပေးလိုက်၏။ ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီနှင့် အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် ကျန်းရီအပေါ် ရှင်းပြမရနိုင်သော ယုံကြည်မှုမျိုး ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ သမိုင်းတလျှောက် အင်အားအကြီးဆုံး ဧကရာဇ်တစ်ပါး ဖြစ်၏။ ဤတစ်ကြိမ်တွင် တမလွန်ဘုံမျိုးနွယ်ကို အနိုင်မယူနိုင်ပါက မိစ္ဆာမျိုးနွယ်အနေဖြင့်လည်း တမလွန်ဘုံမျိုးနွယ်ကို ခုခံနိုင်မည်မဟုတ်ချေ။
အနှေးနှင့်အမြန် သေဆုံးကြရမည်သာ ဖြစ်သောကြောင့် အသေခံတိုက်ခိုက်လိုက်ခြင်းက ပို၍ကောင်းမွန်လိမ့်မည်။ ယခုအချိန်တွင် အင်အားအလုံးစုံ စုစည်းပြီးဖြစ်သဖြင့် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ရောင်ခြည် ရှိနေသေး၏။
ယန်ကိုးပါးကောင်းကင်ဧကရာဇ် ထွက်ပေါ်လာချိန်၌ ကောင်းကင်ဘုရင်ဝေနှင့် ချီလင်းအရှင်မတို့မှာ အားကိုးရာ ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံးကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံ လွှဲအပ်လိုက်ပြီး သူ၏အမိန့်အတိုင်းသာ လိုက်နာဆောင်ရွက်ကြ၏။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အခြေအနေကို အကြမ်းဖျင်း နားလည်သွားသော်လည်း လှုပ်ရှားမှု ကြီးကြီးမားမား ဆောင်ရွက်မလာချေ။ တပ်ဖွဲ့ငယ်လေးများ ဆက်လက်စေလွှတ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ စစ်တပ် ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်နေခြင်းအား နှောင့်ယှက်ရန်နှင့် ကောလာဟလများ ဆက်လက်ဖြန့်ရန်သာ ချီလင်းအရှင်မအား အမိန့်ပေးခဲ့သည်။
နှစ်ရက်ကြာပြီးနောက်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အလွန်တရာ အန္တရာယ်များလှသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ကမ္ဘာဦးကောင်းကင်ဘုံအပြင်သို့ ကိုယ်တိုင်ထွက်၍ အခြေအနေကို စုံစမ်းထောက်လှမ်းပေမည်။
ယင်းက ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ အားကိုးရာကို ယခုမှ ရှာတွေ့ထားခြင်း ဖြစ်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သာ အပြင်ထွက်သွားပြီး တမလွန်ဘုံဧကရာဇ်နှင့် ထိပ်တိုက်တွေ့သွားပါက မည်သို့လုပ်ရမည်နည်း။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်တွင် ယခင်ကဲ့သို့ အတိုက်အခိုက်စွမ်းရည်များ မရှိတော့ချေ။ သူကား လက်ရှိတွင် ဝိညာဉ်အကြွင်းအကျန်တစ်ခုသာ ဖြစ်၏။ ဝိညာဉ်ပျက်စီးသွားပါက လူသားမျိုးနွယ်အနေဖြင့် မည်သူ့ကို အားကိုးရတော့မည်နည်း။
ကျန်းရီလည်း လတ်တလောအတွင်း ထွက်လာနိုင်မည် မဟုတ်ပေ။ ထို ‘လတ်တလော’ ဆိုသည်က မည်မျှကြာမည်နည်း။ တစ်လ၊ နှစ်လ သို့မဟုတ် နှစ်ဝက်လော။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ကြွေလွင့်ပျောက်ကွယ်သွားပါက မည်သူက လူသားမျိုးနွယ်ကို ကယ်တင်ပေးမည်နည်း။
"ကောင်းကင်ဧကရာဇ်... သေချာစဉ်းစားတော်မူပါဦး"
"ကောင်းကင်ဧကရာဇ်... အရှင် ကိုယ်တိုင် ထွက်ပြီး တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ကိုပါ ခေါ်သွားပေးပါ... သေသေရှင်ရှင် အတူတကွ တိုက်ပွဲဝင်ပါရစေ"
ကောင်းကင်ဘုရင်ဝေ၊ ချီလင်းအရှင်မနှင့် အခြားသူအားလုံးက ဒူးထောက်၍ ကောင်းကင်ဧကရာဇ်အား သတိထားရန် တောင်းဆိုနေကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထွက်ပေါ်လာပြီး အေးစက်စွာ ပြော၏။ "မင်းတို့က ငါ့ကို အထင်သေးနေတာပဲ... ငါက ဝိညာဉ်အကြွင်းအကျန် ဖြစ်နေရင်တောင်မှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိပါသေးတယ်... တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် ထွက်လာရင်တောင် ငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး... ငါက အပြင်ဘက်ကို အခြေအနေ သွားကြည့်ချင်ရုံပဲ"
"ဒါက"
ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့မှာ ပြန်မချေပတတ်ကြတော့ချေ။ ဆက်တုံ့ပြန်ပါက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အရည်အချင်းကို မယုံကြည်ရာကျမည် မဟုတ်ပါလော။
"မစိုးရိန်ပါနဲ့... ငါ မကြာခင် ပြန်လာမှာပါ… ထျန်းဖုန့် သွားကြစို့"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ထျန်းဖုန့်ဧကရာဇ်၏ ကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထျန်းဖုန့်ဧကရာဇ်က ရဲတိုက်ထဲမှ ထွက်ခွာ၍ အနောက်ရှိ ရဲတိုက်ငယ်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ လျှို့ဝှက် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ဖြင့် အပြင်ရှိ ဆန်းကြယ်နယ်မြေတစ်ခုဆီသို့ နေရာရွှေ့ပြောင်းသွား၏။
ထျန်းဖုန့်ဧကရာဇ်က ဆန်းကြယ်နယ်မြေ တစ်ခုဆီသို့ ရောက်ရှိလာသည်။ ဆန်းကြယ်နယ်မြေက အလွန်တရာ သေးငယ်ပြီး နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကိုလည်း အသေအချာ ဖွက်ထားသဖြင့် မည်သည့်တားမြစ်ချက်မှ မရှိသလို ပုံပျက်သွားခြင်းလည်း မရှိပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးပြီးနောက် အသံပို့လွှတ်လာ၏။ "ဘေးကင်းတယ်... သွားကြစို့"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်အာရုံက အလွန်တရာ အားကောင်းလှသည်။ ထျန်းဖုန့်ဧကရာဇ်က သူ့ကို အပြည့်အဝ ယုံကြည်၍ အနောက်ဘက်သို့ တုံ့ဆိုင်းမှုမရှိဘဲ ပျံသန်းသွား၏။ လမ်းတစ်လျှောက်လုံး ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ရှုနေချေသည်။ ထျန်းဖုန့်ဧကရာဇ်ကတော့ သူ့အမိန့်အတိုင်းသာ လိုက်နာသည်။
ဤဆန်းကြယ်နယ်မြေက ကမ္ဘာဦးကောင်းကင်ဘုံ၏ အနောက်တောင်ဘက်၌ တည်ရှိပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ စစ်တပ်နှင့် မဝေးလှချေ။ လမ်းတစ်လျှောက်တွင် ချီလင်းအရှင်မ စေလွှတ်ထားသော တပ်ဖွဲ့များနှင့် မကြာခဏ ဆုံတွေ့ရသော်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကြိုတင်အာရုံခံမိပြီး ရှောင်ရှားနိုင်ခဲ့သည်။
နေ့တစ်ဝက်အကြာ၌ ထျန်းဖုန့်ဧကရာဇ်သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ စစ်တပ် တပ်စွဲထားသည့် ဆန်းကြယ်နယ်မြေအနီးသို့ ရောက်လာ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် စစ်တပ်အား အနီးအနားရှိ ဆန်းကြယ်နယ်မြေသုံးခု၌ တပ်စွဲ၍ ကမ္ဘာဦးကောင်းကင်ဘုံအား အလှည့်ကျ ဝင်ရောက်တိုက်ခိုက်နေစေ၏။
"ကောင်းကင်ဧကရာဇ်... ရှေ့တက်တိုးရဦးမလား"
ထျန်းဖုန့်ဧကရာဇ်မှာ ရင်တုန်စိတ်လှုပ်ရှားနေမိသည်။ ထိုနေရာ၌ တမလွန်ဘုံဧကရာဇ် ရှိနေနိုင်သည် မဟုတ်ပါလော။ သို့သော် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြတ်ပြတ်သားသား ပြောလာ၏။ "သူတို့ရဲ့ စစ်တပ်အနီးအထိ တန်းတန်းမတ်မတ် သွားလိုက်”
"ဗျာ"
ထျန်းဖုန့်ဧကရာဇ်မှာ အံ့ဩမှင်သက်သွားသော်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် တုန်တုန်ယင်ယင်ဖြင့် ပျံသန်းသွားသည်။
မကြာမီ ထျန်းဖုန့်ဧကရာဇ်သည် တစ်ဖက်စစ်တပ်၏ ကင်းထောက်များကိုပင် အာရုံခံမိလာ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကတော့ ရပ်တန့်ရန် အရိပ်အယောင်မပြချေ။
"ရန်သူ လာနေပြီဟေ့"
ကင်းထောက်များက အချက်ပေးခေါင်းလောင်းကို တီးခတ်လိုက်ရာ အဝေးမှ စစ်တပ်ကြီးက သူတို့အား လျင်မြန်စွာ ဝိုင်းရံလာကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသံကလည်း ထွက်ပေါ်လာ၏။ "ရပ်လိုက်... မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ထွက်လာခဲ့ဖို့ အော်ခေါ်လိုက်... မင်းက မိစ္ဆာမျိုးနွယ်ကို ကိုယ်စားပြုပြီး သူတို့နဲ့ ဆွေးနွေးဖို့ လာတာလို့ ပြောလိုက်"
"အော်ခေါ်ရမှာလား"
ထျန်းဖုန့်ဧကရာဇ်မှာ ပို၍ပင် စိုးရိမ်ထိတ်လန့်သွားပြီး အံကြိတ်၍ အော်ဟစ်လိုက်သည်။ "ကျုပ်က ထျန့်ဖုန်းဧကရာဇ်ပဲ... မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထွက်လာခဲ့... ကျုပ်က မိစ္ဆာမျိုးနွယ်ကို ကိုယ်စားပြုပြီး ဆွေးနွေးဖို့ လာခဲ့တာ"
ထောင်သောင်းချီသော စစ်တပ်ကြီးက လေကိုခွင်းလျက် အဝေးမှ ရောက်ရှိလာပြီး ထျန်းဖုန့်ဧကရာဇ်အား ဝိုင်းရံလိုက်ကြ၏။ ဘုရင်အဆင့် ပုဂ္ဂိုလ်များစွာလည်း ပါဝင်ချေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်အာရုံဖြင့် စစ်ဆေးကြည့်ရှုပြီးနောက် အနည်းငယ် အံ့ဩသွား၏။ "ဒီတပ်ဖွဲ့တွေက အကောင်းအတိုင်းပါလား…. မိစ္ဆာအသွင်မပြောင်းသလို ထိန်းချုပ်ခံထားရတာမျိုးလည်း မရှိဘူး"
"ဗျာ"
ထျန်းဖုန့်ဧကရာဇ်မှာလည်း အလွန်အမင်း အံ့အားသင့်သွားသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အမှန်တကယ် အပြစ်ကင်းနေသည့် အဓိပ္ပာယ်လော။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အေးစက်စက် ရယ်မောသံက ထွက်ပေါ်လာ၏။ "သူ အပြစ်ကင်း၊ မကင်းဆိုတာက သူ ထွက်လာရဲ၊ မထွက်လာရဲအပေါ် မူတည်တယ်"
ဝှစ်... ဝှစ်…
စစ်တပ်ကြီးက ဆက်တိုက်ပျံသန်းလာနေသည်။ မကြာမီ အဝေးမှ အင်အားကြီး အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထျန်းဖုန့်ဧကရာဇ်၏ အကြည့်များ ချက်ချင်း အေးစက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ "ယန်အရှင် ရောက်လာပြီ... ကောင်းကင်ဧကရာဇ်၊ ယန်အရှင်ကရော အကောင်းအတိုင်းပဲလား"
"ဟင်"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံမှ အာမေဋိတ်သံ ထွက်ပေါ်လာ၏။ သူ၏အာရုံခံမှုမှ သိလိုက်ရသည့် ရလဒ်က ထျန်းဖုန့်ဧကရာဇ်အား ဇဝေဇဝါ ဖြစ်သွားစေသည်။ "ယန်အရှင်ကလည်း အကောင်းအတိုင်းပဲ... ထိန်းချုပ်ခံထားရတာ မဟုတ်ဘူး.. သူ့ဝိညာဉ်ကလည်း အကောင်းပကတိအတိုင်းပဲ... ဝိညာဉ်ကျေးကျွန် ဖြစ်နေတဲ့သူနဲ့ မတူဘူး"
"ဒါဆို ကျွန်တော်တို့ရဲ့ ယူဆချက်က မှားနေတာများလား... မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့အားလုံးမှာ ပြဿနာမရှိဘူးလို့ ပြောချင်တာလား"
ထျန်းဖုန့်ဧကရာဇ် တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် အင်အားကြီး အရှိန်အဝါတစ်ခုက ပို၍ ဝေးကွာသော နေရာမှ ထွက်ပေါ်လာ၏။ ထျန်းဖုန့်ဧကရာဇ်က ကောင်းကင်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ချက်ချင်း အော်ပြောလိုက်သည်။ "လာနေပြီ... မသေမျိုးတစ်ပိုင်း ရသေ့ကြီး ရောက်လာပြီ... ကောင်းကင်ဧကရာဇ်... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တကယ်ကြီး ထွက်လာပြီ"
ဝှစ်…
ဖြူဖွေးနေသော မုတ်ဆိတ်များနှင့် တည်ငြိမ်အေးချမ်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် အဘိုးအိုတစ်ဦးသည် လူတစ်စုကို ဦးဆောင်၍ လျင်မြန်စွာ ပျံသန်းလာ၏။ ယန်အရှင်က အရှိန်အနည်းငယ် လျှော့ကာ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏နောက်မှ လိုက်ပါလာသည်။ သူ၏ကောင်းကင်အာရုံက ထျန်းဖုန့်ဧကရာဇ်ကိုသာ စောင့်ကြည့်နေပြီး မျက်နှာကား ခက်ထန်ကြမ်းကြုတ်နေလေသည်။
ရွှေဧကရာဇ်နှင့် ရှားယွီတို့ကတော့ ရောက်မလာကြချေ။ ကမ္ဘာဦးကောင်းကင်ဘုံအား တိုက်ခိုက်ရန် စစ်တပ်စုစည်းနေကြခြင်း ဖြစ်လိမ့်မည်။ ဤနေရာရှိ စစ်တပ်မှာ သိပ်မများလှဘဲ လက်ရှိတွင် လူသုံးသိန်းကျော်သာ စုဝေးနေ၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် တစ်ဒါဇင်ကျော်ရှိကာ တောက်နု၊ တောက်လန်နှင့် ကုန်းယန်မျိုးနွယ်စုခေါင်းဆောင်တို့ ပါဝင်ကြသည်။
"ဟမ်"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံမှ တအံ့ဩ ရေရွတ်သံ ထပ်မံထွက်ပေါ်လာသဖြင့် ထျန်းဖုန့်ဧကရာဇ်မှာ ဆွံ့အနေမိ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သံသယအပြည့်ဖြင့် အသံပို့လွှတ်လာသည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာလည်း ပြဿနာ ရှိမနေဘူး... သူက တမလွန်ဘုံဧကရာဇ် မဟုတ်သလို တမလွန်စွမ်းအင်လည်း တစ်စက်မှ မရှိဘူး... ဒါဆို ငါနဲ့ ကျန်းရီ မှားသွားပြီလား"