← Chapters

အခန်း ၂၀၆၇

Vol. 149 Ch. 2067

အခန်း ၂၀၆၇

Vol. 149 Ch. 2067

အပိုင်း ၂၀၆၇ မိစ္ဆာကြယ်ကို ချေမှုန်းပစ်မယ်

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ မျိုးနွယ်စုသည် ကောင်းကင်လျှို့ဝှက်ချက်များကို ဟောကိန်းထုတ်၍ တစ်လောကလုံးကို လှည့်စားခဲ့သည့် နာမည်ကျော် လူလိမ်များ ဖြစ်ခဲ့ကြ၏။ လင်ရှန်းမျိုးနွယ်စုမှာမူ မွေးရာပါ ရက်စက်ကြမ်းကြုတ်ပြီး ဘိုးဘေးတို့၏ အလောင်းများကိုပင် သန့်စင်ကြသဖြင့် လူသားမဆန်ကြချေ။ မေ့ရှင်းမျိုးနွယ်စုကလည်း စိတ်ဝိညာဉ်ညှို့ယူခြင်း ပညာရပ်များဖြင့် မိသားစုကြီးများမှ သခင်လေး၊ သခင်မလေးများစွာကို ဒုက္ခပေးခဲ့ဖူးသည်။

ဤမျိုးနွယ်စုသုံးခုသည် ယခင်နှစ်များတုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး မျိုးနွယ်စုပြုန်းတီးလုနီးပါး ဖြစ်ခဲ့ရသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မျိုးနွယ်စုသုံးခုကို အလွန်တရာ ရွံရှာမုန်းတီးသဖြင့် လူသားမျိုးနွယ်စု၏ လောကသို့ ခြေမချရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက အပြီးတိုင် နှိမ်နင်းခံရမည်ဖြစ်၏။

မျိုးနွယ်စုသုံးခုလုံးမှာ ပုန်းအောင်းနေခဲ့ကြပြီး မကြာသေးမီကမှ ထွက်ပေါ်လာခဲ့ကြခြင်းပင်။ သူတို့၏ ပင်ကိုယ်စရိုက်များကတော့ ပြောင်းလဲမသွားခဲ့ချေ။ လင်းဖေးရှန်းနှင့် ရှောင်ရူတိ၏ လုပ်ရပ်များမှတဆင့် ပြဿနာအချို့ကို တွေ့မြင်နိုင်၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း တစ်လောကလုံးကို အယုံသွင်း လှည့်စားနေဆဲဖြစ်သည်။

ထို့ကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၌ ပြဿနာရှိနေကြောင်း သံသယဝင်ခဲ့၏။ မသေမျိုးတစ်ပိုင်းရသေ့ကြီး ကျန်းရီနှင့် မတွေ့ရဲခြင်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ သံသယကို ပို၍ ကြီးမားလာစေခဲ့သည်။ ကောင်းကင်အထီးကျန်ဘုံသို့ ရောက်သည့်အချိန်၌ ဘုရင်အဆင့် အကြီးအကဲသုံးဦးကို သတ်ဖြတ်လိုက်ခြင်းနှင့် လက်ရှိ ကမ္ဘာဦးကောင်းကင်ဘုံအား တိုက်ခိုက်နေခြင်း စသည့် ထူးဆန်းသော လုပ်ရပ်များကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သာမက ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုအားလုံးကပင် သူ့ကို သံသယဝင်နေကြ၏။

သို့သော် ယခု ယန်ကိုးပါးကောင်းကင်ဧကရာဇ် ကိုယ်တိုင် စစ်ဆေးကြည့်သည့်အခါတွင်တော့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာ တမလွန်ဘုံဧကရာဇ် မဟုတ်ကြောင်း အပြည့်အဝ သေချာနေချေပြီ။ သူ့ခန္ဓာကိုယ်၌ တမလွန်စွမ်းအင် တစ်စက်လေးမှ မရှိချေ။ သူ၏ဝိညာဉ်က အကောင်းအတိုင်းရှိနေပြီး ဝိညာဉ်မျိုးစေ့ကို ပေးအပ်၍ သူတစ်ပါး၏ ဝိညာဉ်ကျေးကျွန်ဖြစ်နေသည့်ပုံ လုံးဝမပေါ်ပေ။

ဤအခြေအနေက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကိုပင် မှင်သက်သွားစေသည်။ သူကိုယ်တိုင် အမှန်တရားကို ဝေခွဲမရ ဖြစ်၍ ဇဝေဇဝါ ဖြစ်လာမိသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် ပြဿနာမရှိပါက အဘယ်ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်ရသနည်း။ အသိုက်ပျက်သွားပါက ဥများ ကျန်ခဲ့မည်မဟုတ်သည်ကို သူ နားမလည်ခြင်းလော။ ကမ္ဘာဦးကောင်းကင်ဘုံ ပျက်စီးသွားပါက သူတို့၏ မျိုးနွယ်စုပါ ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ချေ။

ဝှစ်…

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ယန်အရှင်၊ တောက်နုနှင့် အခြားသူများကို ဦးဆောင်ကာ ပျံသန်းလာသည်။ သူက ထျန်းဖုန့်ဧကရာဇ်ကို ခေါင်းအစ၊ ခြေအဆုံးကြည့်၍ အေးစက်စွာ မေးလိုက်သည်။ "မင်းက ထျန်းဖုန့်ဧကရာဇ်မလား... မိစ္ဆာမျိုးနွယ်ကို ကိုယ်စားပြုပြီး ဆွေးနွေးမယ်ပေါ့... ငါ့မှတ်မိတာ မှန်ရင် မင်းက ကျန်းရီရဲ့ ဝိညာဉ်သားရဲမလား... မင်းမှာ မိစ္ဆာမျိုးနွယ်ကို ကိုယ်စားပြုပိုင်ခွင့် ရှိလို့လား... စစ်ရေးလျှို့ဝှက်ချက်တွေကို လာစုံစမ်းတာ မဟုတ်လား”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် နက်ရှိုင်းစွာ ပုန်းကွယ်နေသောကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ယန်အရှင်တို့မှာ လုံးဝ အာရုံမခံမိကြချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တစ်ခဏ အံ့ဩနေပြီးနောက် သတိပြန်ဝင်လာကာ အသံပို့လွှတ်လိုက်၏။ "ကျန်းရီ ပိတ်မိနေတယ်လို့ ပြောလိုက်... အခု မင်းက လွတ်လပ်သွားပြီလို့ ပြော... မင်းရဲ့ ဝိညာဉ်ကို ငါ့ရဲ့ နတ်ဘုရားစွမ်းအားနဲ့ ဖုံးကွယ်ပေးထားလို့ သူ အာရုံခံနိုင်မှာ မဟုတ်ဘူး"

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားကြောင့် ထျန်းဖုန့်ဧကရာဇ်၏ ယုံကြည်ချက်က အတော်လေး မြင့်တက်သွားသည်။ သူက မာနထောင်လွှားစွာ တုံ့ပြန်လိုက်၏။ "ကျန်းရီက အခု သူ့ဟာသူတောင် အနိုင်နိုင်ဖြစ်နေပြီ... ကျုပ်က သူ့ရဲ့ ဝိညာဉ်သားရဲ မဟုတ်တော့ဘူး... ခင်ဗျား ကျုပ်ဝိညာဉ်ကို စစ်ဆေးကြည့်လို့ရတယ်"

"ကျန်းရီ ဒုက္ခရောက်နေတာလား”

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ယန်အရှင်၊ တောက်နုနှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။ အစွမ်းထက်သော ကောင်းကင်အာရုံ အချို့က ထျန်းဖုန့်ဧကရာဇ်၏ ဝိညာဉ်ကို စစ်ဆေးရန် ရောက်လာကြ၏။ ထျန်းဖုန့်ဧကရာဇ်လည်း မတားဆီးဘဲ စိတ်တိုင်းကျ စစ်ဆေးစေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အကူအညီကြောင့် ထျန်းဖုန့်ဧကရာဇ်၏ ဝိညာဉ်၌ ပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့ချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများမှာ ပို၍ပင် အံ့အားသင့်သွားကြ၏။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အားလုံး၏ ခေါင်းဆောင်ဖြစ်သောကြောင့် ယန်အရှင်နှင့် အခြားသူများက ဝင်မပြောရဲကြချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တစ်ခဏ စဉ်းစားနေပြီးနောက် မျက်လုံးများ အေးစက်စွာ တောက်ပသွားပြီး မေးမြန်းလိုက်သည်။ "ကျန်းရီက သူ့ဟာသူတောင် အနိုင်နိုင်ဖြစ်နေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ... သူ ဘာဖြစ်သွားလို့လဲ... ပြီးတော့ သူ ဒုက္ခရောက်နေတာဆိုရင် မင်းကရော ဘာလို့ ပိတ်မိမနေတာလဲ... မင်းက သူ့ရဲ့ ဝိညာဉ်သားရဲပဲလေ… ဘယ်လိုလုပ် လွတ်မြောက်လာတာလဲ"

ထျန်းဖုန့်ဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသံပို့လွှတ်မှုအတိုင်း နှာမှုတ်ကာ ဖြေလိုက်၏။ "ကျန်းရီက သူ့ကိုယ်သူ အထင်ကြီးပြီးတော့ ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းပြီး သေလမ်းရှာခဲ့တယ်လေ... တွင်းနက်ကြီးအောက်က ဧရာမသားရဲကြီးက ဖမ်းဆီးထားလို့ တစ်သက်လုံး ထွက်လာနိုင်တော့မှာ မဟုတ်ဘူး... အဲဒီ သားရဲကြီးက ကျုပ်တို့ မိစ္ဆာမျိုးနွယ်မလို့ ကျုပ်ရဲ့ ဝိညာဉ်မျိုးစေ့ကို ပြန်ပေးခဲ့တာ... ကျန်းရီလို အမှိုက်ကောင်မျိုးက သေတာတောင် နည်းသေးတယ်... ကျုပ်ကို ဒုက္ခပေးခဲ့သမျှ အခုတော့ ဝဋ်လည်ပြီပေါ့"

"ကောင်းကင်တွင်းနက်ကြီး အောက်က ဧရာမသားရဲတဲ့လား"

မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများအားလုံး ထိုကိစ္စကို သိရှိထားကြပြီး ထိုသားရဲကြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားကြသည်။ ထျန်းဖုန့်ဧကရာဇ်၏ စကားများမှာ ယုတ္တိရှိသော်လည်း သိပ်မယုံကြည်ကြသေးချေ။

ထျန်းဖုန့်ဧကရာဇ်သည် ယခင်က ကျန်းရီ၏ လက်ပါးစေ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ ကျန်းရီကဲ့သို့ လူမျိုးက ထိုမျှအလွယ်တကူ ပိတ်မိသွားလိမ့်မည် မဟုတ်ဟု ခံစားနေကြရ၏။ ထိုလူသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ကာ နည်းလမ်းပေါင်းစုံ ရှိသည့်အပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့၏ ဝိညာဉ်အကြွင်းအကျန်များကလည်း ကူညီပေးနေကြသည်။ သူတို့ အကြိမ်ကြိမ် လုပ်ကြံခဲ့သော်လည်း သူ့ကို မသတ်နိုင်ခဲ့ပေ။ ယခင်တစ်ကြိမ် ကောင်းကင်တွင်းနက်ကြီးထဲ ဆင်းသွားစဉ်က သားရဲကြီး လှုပ်ရှားလာခဲ့သော်လည်း နောက်ဆုံးတွင် ကျန်းရီကို မသတ်နိုင်ခဲ့‌ချေ။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တိတ်ဆိတ်သွား၏။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက် သူက စမေးသည်။ "ထျန်းဖုန့်ဧကရာဇ်... ဘာကို ဆွေးနွေးချင်တာလဲ... ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တာလား"

"မဟာမိတ်ဖွဲ့ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး"

ထျန်းဖုန့်ဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသံပို့လွှတ်မှုကို လက်ခံရရှိထားသဖြင့် ချက်ချင်း ပြောလိုက်၏။ "ဒါပေမဲ့ မဟာမိတ် မဖွဲ့ခင်မှာ ကျုပ် အခြေအနေတချို့ကို ရှင်းရှင်းလင်းလင်း သိချင်တယ်... ဥပမာ ခင်ဗျားတို့ ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်နေရတဲ့ အကြောင်းအရင်းမျိုးပေါ့... ဒါက လူသားမျိုးနွယ်စုရဲ့ နောက်ဆုံး ခံတပ်လေ... တမလွန်ဘုံစစ်တပ်က မကြာခင် ရောက်လာတော့မှာ… ခင်ဗျားတို့က ဒီခံတပ်ကို ဖျက်ဆီးလိုက်တာက တမလွန်ဘုံကို ကူညီပေးနေတာနဲ့ မတူဘူးလား... ခင်ဗျားတို့က တမလွန်ဘုံနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာကို ကျုပ် ဘယ်လိုသိနိုင်မလဲ"

ထျန်းဖုန့်ဧကရာဇ်၏ မေးခွန်းက အလွန်တရာ ပြတ်သားလှသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ သိချင်နေသော အရာလည်း ဖြစ်၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် တမလွန်ဘုံဧကရာဇ်၏ ထိန်းချုပ်မှုမခံထားရလေရာ သူ၏အပြုအမူများက အလွန်အမင်း ထူးဆန်းနေသည်။

ဤမေးခွန်းကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ နှစ်ဦးတည်းသာ သိချင်နေခြင်း မဟုတ်ပေ။ ဤနေရာရှိ စစ်သည်များစွာ၏ မျက်လုံးများတွင်လည်း ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။ သူတို့အားလုံးလည်း နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေကြကြောင်း ထင်ရှားလှသည်။

"ဟားဟားဟားဟား"

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စစ်သည်တော်အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်၏။ သူက အလွန်တရာ ပြတ်သားလှသော လေသံဖြင့် ပြောလိုက်သည်။ "ငါတို့က တမလွန်ဘုံနဲ့ တစ်ဖွဲ့တည်းတဲ့လား... ငါတို့က တမလွန်ဘုံနဲ့ တစ်ဖွဲ့တည်း ဟုတ်၊ မဟုတ် ဒီမှာရှိတဲ့ စစ်သည်တွေ အားလုံးကို မေးကြည့်လိုက်... ငါတို့ တမလွန်ဘုံမှာ အသေအလဲ တိုက်ခိုက်နေချိန်တုန်းက ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနဲ့ ကျန်းရီတို့က ဘာတွေ လုပ်နေခဲ့ကြတာလဲ... ငါတို့ကို တမလွန်ဘုံ လိုက်သတ်နေတုန်းကရော ချီလင်းအရှင်မတို့ ဘာလုပ်ခဲ့ကြသလဲ"

"သူတို့က ငါတို့ နောက်ဆုတ်မယ့်လမ်းကို ဖြတ်တောက်ပြီး လူသားတွေနဲ့ စစ်တပ်တွေ အားလုံးကို ပြန်ဆုတ်ခိုင်းခဲ့တယ်... နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေ အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြတယ်... အဲဒါကြောင့် ငါတို့ ကောင်းကင်အထီးကျန်ဘုံကနေ ကောင်းကင်ထူးခြားဘုံကို ပျံသန်းသွားခဲ့ရပြီး စစ်သည်‌တွေကို တမလွန်ဘုံရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တယ်... ငါတို့ ကောင်းကင်ကြယ်စုဘုံဆီ ပြန်ရောက်လာပြီး ချီလင်းအရှင်မနဲ့ ဆွေးနွေးဖို့ တောင်းဆိုခဲ့တော့ရော သူတို့ ဘယ်လို တုံ့ပြန်ခဲ့ကြလဲ... ငါတို့ကို မျှားခေါ်ပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်လေ"

"တမလွန်ဘုံနဲ့ ပူးပေါင်းကြံစည်တဲ့သူတွေက ငါတို့ မဟုတ်ဘူး... ဒီစစ်သည်သန်းပေါင်းများစွာလည်း မဟုတ်ဘူး... ချီလင်းအရှင်မနဲ့ ကျန်းရီတို့ပဲ... ကောင်းကင်ဧကရာဇ် နန်းတက်ပြီးတာတောင်မှ ကျန်းရီက လောဘတက်နေတုန်းပဲ... တမလွန်ဘုံဧကရာဇ်နဲ့ လောကကို တစ်ဝက်စီ ခွဲယူဖို့ သဘောတူခဲ့တယ်လေ... မဟုတ်ရင် သူတစ်ယောက်တည်း ကောင်းကင်ညီတူဘုံနဲ့ ကောင်းကင်မသေမျိုးဘုံကို ဘယ်လိုလုပ် ချေမှုန်းနိုင်မှာလဲ... ဒါ့အပြင် ကောင်းကင်ဧကရာဇ်ကိုယ်တိုင်က ကျန်းရီကို သတိထားဖို့ ပြောခဲ့တာ... ဒီစကားကို ယန်အရှင်၊ ရွှေအရှင်နဲ့ စစ်သူကြီး ရှားယွီတို့ အားလုံး ကြားခဲ့ကြတယ်... အဲ့ဒါကိုရော ဘယ်လို ရှင်းပြမလဲ"

"ငါတို့ အင်အားသန်းချီတဲ့ စစ်သည်တွေက ကောင်းကင်ဧကရာဇ်နဲ့ လူသားမျိုးနွယ်အတွက် ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့အချိန် ချီလင်းအရှင်မနဲ့ ကျန်းရီက ဘာလုပ်ခဲ့ကြလဲ... ငါတို့က တမလွန်ဘုံစစ်တပ်ကြီးကို ခက်ခက်ခဲခဲ ဖောက်ထွက်ပြီး ပြန်လာခဲ့ရတာ... အခုတော့ အိမ်ကိုတောင် ပြန်လို့ မရတော့ဘူး... ငါတို့ကို ဘယ်လို ဆက်လုပ်စေချင်တာလဲ"

"တမလွန်ဘုံစစ်တပ်ကြီးက မကြာခင် ရောက်လာတော့မယ်... တမလွန်ဘုံဧကရာဇ် ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လာတာမလို့ လူသားမျိုးနွယ်က ချက်ချင်း မျိုးသုဉ်းမှာပဲ... အခု မိစ္ဆာကြယ်ကျန်းရီနဲ့ ချီလင်းအရှင်မတို့က တမလွန်ဘုံနဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ကို အပြီးတိုင် ဖျက်ဆီးဖို့ ကြံစည်နေကြတယ်... ငါတို့ ဘာလုပ်ရမှာလဲ... ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်ပြီး မိစ္ဆာကြယ်နဲ့ ချီလင်းအရှင်မကို သုတ်သင်ဖို့ပဲ ရွေးချယ်စရာရှိတယ်... ပြီးမှ လူသားမျိုးနွယ်ရဲ့ စစ်သည်အားလုံးကို ပူးပေါင်းပြီး တမလွန်ဘုံကို အသေအလဲ တိုက်ခိုက်ရမယ်... ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်တာကလည်း တရားမျှတတဲ့ လူသားတွေရဲ့ စိတ်နှလုံး နိုးထလာစေဖို့ပဲ... ဒါကလွဲပြီး ငါတို့ ဘာများလုပ်နိုင်ဦးမှာလဲ... မင်း ပြောကြည့်စမ်း"

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အသံက အလွန်တရာ ဆွဲဆောင်မှု ရှိပြီး စကားလုံးများကလည်း ညှို့ယူနိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေ၏။ သူ့စကားကြောင့် ယန်အရှင်၊ တောက်နုနှင့် အခြားသူများအားလုံး၏ မျက်နှာများတွင် ဝမ်းနည်းမှုနှင့် နာကြည်းမှုတို့ ပြည့်နှက်သွားကြသည်။ ယန်အရှင်က မခံစားနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။ "မိစ္ဆာကြယ်ကို သုတ်သင်ပြီး တမလွန်ဘုံကို အသေအလဲ တိုက်ခိုက်မယ်"

"မိစ္ဆာကြယ်ကို သုတ်သင်ပြီး တမလွန်ဘုံကို အသေအလဲ တိုက်ခိုက်မယ်"

သိန်းပေါင်းများစွာသော စစ်တပ်ကြီးတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ သူတို့က ဝမ်းနည်းဒေါသထွက်စွာဖြင့် ဟိန်းဟောက်လိုက်ကြသည်။ ဟိန်း‌ဟောက်သံက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့၏။

All Chapters