အခန်း ၂၀၆၈
Vol. 149 Ch. 2068
အပိုင်း ၂၀၆၈ မဟာမိတ်
မသေမျိုးတစ်ပိုင်း ရသေ့ကြီးကား အပြောကောင်းသူဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။ အသံအနိမ့်အမြင့်၊ ခံစားချက်၊ အကြောင်းပြချက် ခိုင်လုံမှုတို့အပြင် ရံဖန်ရံခါ စိတ်လှုပ်ရှားဖွယ် အကြောင်းအရာတို့ကိုပါ ထည့်ပြောတတ်သေးသည်။ အားလုံး၏ စိတ်နှလုံးထဲမှ ရန်သူအား မုန်းတီးလာစေရန် လှုံ့ဆော်နိုင်စွမ်းရှိပြီး စစ်သည်အားလုံး၏ ရင်ထဲမှ နာကြည်းချက်နှင့် ဒေါသများကို ပွင့်အန်လာစေနိုင်ခဲ့သည်။
သို့သော် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ထျန်းဖုန့်ဧကရာဇ်တို့မှာမူ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အာချောင်နေခြင်းသာ ဖြစ်ပြီး စကားတစ်ခွန်းမှ အမှန်မဟုတ်ကြောင်း သိထားကြ၏။ ဤအခိုက်အတန့်တွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်နေရသည့် အကြောင်းအရင်းအား သူတို့ နှစ်ဦးလုံး အနည်းငယ်မျှ နားလည်လာခဲ့ကြ၏။
မိုးပြာမဟာဧကရာဇ်သည် အမှန်တကယ်ပင် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာ ကျန်းရီကို ကြောက်ရွံ့နေပြီး ကျန်းရီ သူ့အား လာရောက်ရှင်းလင်းမည်ကို စိုးရိမ်နေသဖြင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုများကို အသေခံရန်ပင် ဝန်မလေးတော့ချေ။
သူ၏ အစစ်အမှန် ရည်ရွယ်ချက်က ကျန်းရီ ထွက်လာပြီး သူနှင့် ဆွေးနွေးရန် ဖိအားပေးလိုခြင်းသာ ဖြစ်သည်။ သူသည် အင်အားသန်းချီသော စစ်တပ်ကြီးနှင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ မရေမတွက်နိုင်သော ပြည်သူများ၏ အသက်ကို အသုံးချ၍ ကျန်းရီ သူတို့မျိုးနွယ်စုသုံးခုအား ပြဿနာမရှာရန် အတင်းအကြပ် ဖိအားပေး တောင်းဆိုလို၏။
တစ်ကိုယ်ကောင်းဆန်ခြင်းက လူသားမျိုးနွယ်၏ ပင်ကိုယ်စရိုက်ပင် ဖြစ်သည်။ မိမိအသက်နှင့် မိမိမျိုးနွယ်ဝင်များ၏ အသက်ကို မကာကွယ်နိုင်ပါက မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် လူသားမျိုးနွယ် မျိုးသုဉ်းသွားလျှင်တောင်မှ ဂရုစိုက်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ သေရမည်ဖြစ်သောကြောင့် လူသားမျိုးနွယ် သေသေရှင်ရှင် အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။ ကျန်းရီမှ လူသိထင်ရှား မဟာမိတ်ဖွဲ့မလာသရွေ့ နှစ်ဖက်လုံး မသေမချင်း ကမ္ဘာဦးကောင်းကင်ဘုံကို တစ်ရက်ပြီးတစ်ရက် ဆက်လက် တိုက်ခိုက်နေမည် ဖြစ်သည်။
မှန်ပါသည်။ ဤအရာအားလုံးမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ ခန့်မှန်းချက်များသာ ဖြစ်၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး မည်သို့တွေးနေသည်လဲ အပြည့်အဝ မသိကြချေ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တစ်ခဏ စဉ်းစားနေပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို ပြောခိုင်းလိုက်သည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ သူတို့ကို ဆုတ်ခွာခိုင်းလိုက်ပါ... ကျုပ် ခင်ဗျားနဲ့ သီးသန့် စကားပြောချင်တယ်"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တစ်ခဏ တွန့်ဆုတ်နေပြီးနောက် ပြတ်သားစွာ လက်ဝှေ့ယမ်းလိုက်သည်။ စစ်တပ်ကြီးက ချက်ချင်း လူစုခွဲသွားကြပြီး ယန်အရှင်နှင့် အခြားသူများကလည်း မိုင်တစ်သောင်းအကွာသို့ ဆုတ်ခွာသွားကြ၏။ လေးစားမှုပြသသည့်အနေဖြင့် ကောင်းကင်အာရုံကိုပင် ရုတ်သိမ်းသွားသည်။
အားလုံး ဆုတ်ခွာသွားပြီးနောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက စကားစသည်။ "ထျန်းဖုန့်ဧကရာဇ်... အခု အပြင်လူတွေ မရှိတော့ဘူး... ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီ"
ထျန်းဖုန့်ဧကရာဇ်သည် တကယ်တမ်းတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားများကို တစ်ဆင့် ပြန်ပြောနေခြင်းသာ ဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်က ပြောလိုက်၏။ "ကျန်းရီက အခု ပိတ်မိနေပြီ... တစ်သက်လုံး ထွက်လာနိုင်တော့မှာ မဟုတ်ဘူး... ဒါကြောင့် ကျန်းရီကို သတ်တာက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး... ခင်ဗျားနဲ့ ကျန်းရီရဲ့ ရန်ငြိုးတွေကိုလည်း ကျုပ်တို့ ဝင်မစွက်ဖက်ဘူး... လူသားမျိုးနွယ်က သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီဆိုတော့ အချင်းချင်း ပြန်သတ်နေဖို့ မလိုဘူးလေ... ခင်ဗျားတို့ကို ဝင်ခွင့်ပေးဖို့ ကျုပ် ချီလင်းအရှင်မကို တောင်းဆိုပေးမယ်... အားလုံး လက်တွဲပြီး အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ကြတာပေါ့… ဘယ်လိုလဲ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် ပြဿနာမရှိဘဲ လူသားမျိုးနွယ်၏ စစ်တပ်ကြီးတွင်လည်း ပြဿနာမရှိပါက အချင်းချင်း သတ်ဖြတ်နေခြင်းမှာ အမှန်တကယ် အဓိပ္ပါယ်မရှိချေ။
ရန်သူကို တွန်းလှန်ရန် အတူတကွ ပူးပေါင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ မျိုးနွယ်စုသုံးခု၏ ကိစ္စကို ယန်ကိုးပါးကောင်းကင်ဧကရာဇ် ခွင့်လွှတ်မေ့ဖျောက်ပေးနိုင်၏။ လူသားမျိုးနွယ်စုအပေါ် သစ္စာရှိပြီး တမလွန်ဘုံ၏ ထိန်းချုပ်မှုကို မခံရသရွေ့ ကျန်အရာအားလုံးကို ညှိနှိုင်းဆွေးနွေးနိုင်သည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မယုံကြည်စွာဖြင့် မေးလာသည်။ "ကျန်းရီက တကယ်ပဲ ပိတ်မိသွားတာလား... တစ်သက်လုံး ပြန်ထွက်မလာနိုင်တော့ဘူးလား"
"မှားစရာ အကြောင်းမရှိပါဘူး"
ထျန်းဖုန့်ဧကရာဇ်က စိုက်ကြည့်ကာ ပြောသည်။ "ကျုပ်က သူ့ကြောင့် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး သူ့ဝိညာဉ်သားရဲ ဖြစ်ခဲ့တာကို ခင်ဗျားလည်း သိသားပဲ... အခု ကျုပ်တောင် လွတ်မြောက်လာပြီလေ... ဒါက ဟန်ဆောင်တာ ဖြစ်နိုင်သေးလို့လား... ပြီးတော့... ကျန်းရီသာ ရှိနေသေးရင် ခင်ဗျားနဲ့ ညှိနှိုင်းဖို့ ကျုပ်အလှည့် ရောက်ပါ့မလား... သူ့အကျင့်စရိုက်နဲ့ဆို စောစောစီးစီး ထွက်လာပြီး သတ်နေလောက်ပြီ မဟုတ်လား"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း တွန့်ဆုတ်သွားပြီး အချိန်အတော်ကြာမှ ပြန်မေး၏။ "ငါတို့ ဝင်သွားရင်ရော ချီလင်းအရှင်မက ငါတို့ကို သတ်ဖို့ မကြံဘူးလို့ ယုံလို့ရပါ့မလား"
"ခင်ဗျားတို့ကို သတ်လို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ"
ထျန်းဖုန့်ဧကရာဇ်က အေးစက်စွာ တုံ့ပြန်သည်။ "လူသားမျိုးနွယ်က ဒီအခြေအနေတောင် ရောက်နေပြီလေ... ခင်ဗျားတို့ကို သတ်မယ်ဆိုရင်လည်း အကုန်လုံး အတူတူသေကြရမှာပဲ... ခင်ဗျားတို့ လူသားတွေက အဲဒီလိုပဲ... အချင်းချင်းပဲ ပြန်တိုက်နေကြတာ... ခင်ဗျားတို့ လူသားတွေသာ မစည်းလုံးရင် ကျုပ်တို့ မိစ္ဆာမျိုးနွယ်စစ်တပ်ကလည်း ထွက်လာစရာ အကြောင်းမရှိဘူး... ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာရင်လည်း သေမှာပဲလေ... ခင်ဗျားတို့ ပျက်စီးသွားတာကို စောင့်လိုက်ရင် ကျုပ်တို့က နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်နိုင်သေးတယ်..."
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တစ်ခဏ နှုတ်ဆိတ်နေပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ "ဒီကိစ္စကို အားလုံးနဲ့ တိုင်ပင်ဖို့ လိုတယ်... ပြီးတော့ ချီလင်းအရှင်မရဲ့ စိတ်ရင်းကိုလည်း မြင်ချင်တယ်... ဒါ့အပြင် လူသားမဟာမိတ်တပ်တစ်ခုလုံး ငါ့အမိန့်ကိုပဲ နာခံရမယ်... မဟုတ်ရင်တော့ အားလုံးနဲ့အတူ အသေခံလိုက်မယ်"
"ကောင်းပြီ... ကျုပ် အခုပဲ ပြန်သွားပြီး ပြောပြလိုက်မယ်... ခင်ဗျားတို့ အရင်ဆုံး ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်နေတာ ရပ်လိုက်တော့"
ထျန်းဖုန့်ဧကရာဇ်သည် ခေါင်းညိတ်ကာ လာရာလမ်းအတိုင်း ပြန်လှည့်သွား၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း မလှုပ်ရှားခဲ့ပေ။ ထျန်းဖုန့်ဧကရာဇ်က မူလနေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်မှတစ်ဆင့် ယန်ကိုးပါးမြို့တော်သို့ အလွယ်တကူ ပြန်ရောက်သွားခဲ့သည်။
"ကောင်းကင်ဧကရာဇ်ရော"
ထျန်းဖုန့်ဧကရာဇ် ရဲတိုက်ထဲသို့ ပြန်ရောက်သည်နှင့် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူအားလုံး ချက်ချင်း ဝင်လာကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ထွက်ပေါ်လာချိန်တွင်တော့ အားလုံးက သက်ပြင်းချလိုက်ကြ၏။ ထျန်းဖုန့်ဧကရာဇ်က စုံစမ်းသိရှိခဲ့ရသော သတင်းများကို ပြန်လည်တင်ပြလိုက်ရာ အားလုံး မှင်သက်သွားကြသည်။
မည်သူကမှ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို သံသယဝင်မည် မဟုတ်ပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၌ ပြဿနာမရှိသကဲ့သို့ အင်အားသန်းချီသော စစ်တပ်ကြီးတွင်လည်း ပြဿနာမရှိချေ။
ပြဿနာမရှိလျှင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အဘယ်ကြောင့် ဘုရင်အဆင့် အကြီးအကဲသုံးဦးကို သတ်ဖြတ်ခဲ့ရသနည်း။ သူ၏ ထူးဆန်းသော လုပ်ရပ်များကိုရော မည်သို့ ရှင်းပြမည်နည်း။
ထျန်းဖုန့်ဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ကျန်းရီ ကလဲ့စားချေမည်အား ကြောက်ရွံ့နေခြင်း ဖြစ်ပေလိမ့်မည်။ ဤရှင်းပြချက်က အနည်းငယ်မျှ အဓိပ္ပာယ်ရှိသော်လည်း ပြဿနာအားလုံးကိုတော့ အလုံးစုံ မရှင်းပြနိုင်သေးပေ။
သို့သော် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ယန်အရှင်နှင့် စစ်တပ်ကြီးတို့ တမလွန်ဘုံ၏ ထိန်းချုပ်မှု မခံရကြောင်း သေချာသရွေ့ အရာအားလုံးက ပြဿနာ မရှိတော့ချေ။ ကျန်သည့် ပြဿနာများက အသေးစားများသာ ဖြစ်၏။ လူသားများ ဖြစ်နေသဖြင့် အားလုံးကို ဆွေးနွေးတိုင်ပင်ကာ အလျှော့ပေးနိုင်သည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကျန်းရီကို ကြောက်ရွံ့နေသော်လည်း ဤဘက်တွင်တော့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို တမလွန်ဘုံမှ ထိန်းချုပ်ထားမည် သို့မဟုတ် တမလွန်ဘုံဧကရာဇ်၏ လူဝင်စားဖြစ်နေမည်ကို စိုးရိမ်နေခဲ့မိ၏။
ယခု ကျန်းရီမှာ ပိတ်မိနေသောကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း စိုးရိမ်စရာ မလိုတော့ချေ။ ဤဘက်တွင်လည်း ပြဿနာမရှိတော့သဖြင့် တမလွန်ဘုံအား တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့သင့်ပေသည်။
"သတင်းပို့ပါတယ်..."
အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုရင်ဝေက အပြင်သို့ ခဏ ထွက်သွားပြီးနောက် ပြန်ဝင်လာ၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်က စစ်တပ်တွေက တိုက်ခိုက်တာ ရပ်တန့်လိုက်ပါပြီ... ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ စစ်တပ်ကြီးတစ်ခုလုံးက ဆန်းကြယ်နယ်မြေတစ်ခုဆီ ဆုတ်ခွာသွားပြီး အနားယူနေကြပါတယ်တဲ့"
"ကောင်းကင်ဧကရာဇ်… ဒါဆို..."
ချီလင်းအရှင်မက အံကြိတ်၍ ဆုံးဖြတ်ချက်ချကာ လက်ယှက်အရိုအသေပေးလိုက်သည်။ "နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကို ဖွင့်ပြီး သူတို့ကို ဝင်လာခွင့်ပေးလိုက်ရမလား... စစ်သေနာပတိရာထူးကိုရော ပေးလိုက်ရမလား... အရှင်က တိတ်တဆိတ် စောင့်ကြည့်နေပေးလို့ ရတာပဲ... လူသားမျိုးနွယ်အတွက် အကျိုးရှိသရွေ့ ကိစ္စမရှိပါဘူး... သူ တကယ်ပဲ သစ္စာဖောက်ဖို့ ကြံစည်နေတာဆိုရင် အရှင်ကိုယ်တိုင် ကိုယ်ထင်ပြပြီး ကျွန်မတို့အားလုံး သူ့ကို သတ်ပစ်လို့ ရတယ်မဟုတ်လား"
"မလောပါနဲ့ဦး"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခေါင်းခါသည်။ "မိစ္ဆာမျိုးနွယ်စစ်တပ် ရောက်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့... ငါတို့ အကြွင်းမဲ့ထိန်းချုပ်ထားနိုင်မှ ဖြစ်မယ်... ငါ ရှိနေတဲ့ကိစ္စကိုလည်း လျှို့ဝှက်ထားရမယ်... ငါ တိတ်တဆိတ် စောင့်ကြည့်နေသရွေ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး... အဲ့အချိန်ကျမှ သူတို့ကို ဝင်ခွင့်ပေးလိုက်တာလည်း ရတာပဲလေ"
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေကြောင်းကို သိမထားချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ကိုယ်ထင်ပြလာပါက ယန်အရှင်နှင့် စစ်တပ်ကြီးတစ်ခုလုံးကား ပြဿနာရှာရဲမည် မဟုတ်ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဩဇာတိက္ကမက အလွန် ကြီးမားလှ၏။ စစ်တပ်ကြီးအနေဖြင့် တမလွန်ဘုံ၏ ထိန်းချုပ်မှုကို မခံရသရွေ့ ပြဿနာကြီးကြီးမားမား ပေါ်ပေါက်လာမည် မဟုတ်ချေ။
"တစ်ရက်လောက် စောင့်ကြည့်တာပေါ့"
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တစ်ခဏ စဉ်းစားပြီးနောက် စိတ်မချသေးသဖြင့် ဆက်ပြော၏။ "တစ်ရက်ကြာရင် ထျန့်ဖုန်း၊ ချီလင်း မင်းတို့ အတူတူ ထွက်သွားကြ... ငါလည်း အပြင်ထပ်ထွက်ပြီး သေချာ စစ်ဆေးကြည့်ဦးမယ်... ဒီမသေမျိုးတစ်ပိုင်း ရသေ့ကြီးက အခုကြည့်တာတော့ ပြဿနာမရှိသလို ထင်ရတာပဲ… ဒါပေမဲ့ သတိထားတာကတော့ ပိုကောင်းတယ်"
"အမိန့်အတိုင်းပါ"
ချီလင်းအရှင်မက ခေါင်းညိတ်လိုက်သည်။ သူမ ကိုယ်တိုင် ထွက်သွားမည် ဖြစ်ရာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် ပြဿနာရှိနေပါက သူမကို သေချာပေါက် သတ်ဖြတ်ရန် ကြိုးစားလာလိမ့်မည်။ ယခုအချိန်၌ သူမသည် ဤနေရာ၏ စစ်သေနာပတိချုပ် မဟုတ်ပါလော။
"အရာရာ အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်ကြတာပေါ့”
ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ရှန်ကွေ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အခြေအနေများက အလွန်ကောင်းမွန်နေပုံပေါ်သော်လည်း သူတို့ သုံးဦး၏ ရင်ထဲ၌ လေးလံနေချေသည်။ သို့သော် ပြဿနာရှိနေသည့် နေရာကိုတော့ အတိအကျ မပြောနိုင်ကြချေ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ပုံစံက အလွန်တရာ ရက်စက်ကြမ်းကြုတ်နေခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ယခုအကြိမ် ဖြစ်ရပ်များက အလွန်တရာ ချောမွေ့လွန်းနေသောကြောင့်လည်း ဖြစ်နိုင်သည်။ အားလုံးက အစစ်အမှန် မဟုတ်သည့်အလား ခံစားနေရ၏။
အရေးကြီးဆုံးအချက်က တမလွန်ဘုံဧကရာဇ် ကိုယ်တိုင် မထွက်ပေါ်လာသေးခြင်းပင်။ တမလွန်ဘုံဧကရာဇ်သည် နောက်ကွယ်မှနေ၍ အရာအားလုံးကို ခြယ်လှယ်ထိန်းချုပ်ထားသည်ဟု လူတိုင်း ခံစားနေရချေသည်။