← Chapters

အခန်း ၂၀၆၉

Vol. 149 Ch. 2069

အခန်း ၂၀၆၉

Vol. 149 Ch. 2069

အပိုင်း ၂၀၆၉ သတင်းဆိုး

ကောင်းကင်မိစ္ဆာဘုံသည် ကမ္ဘာဦးကောင်းကင်ဘုံနှင့် သိပ်မဝေးလှပေ။ သို့သော် မီးမြေခွေးဧကရာဇ်အနေဖြင့် တပ်များစုရုံးရန် အချိန်အနည်းငယ် လိုအပ်၏။ ကောင်းကင်မိစ္ဆာဘုံရှိ မျိုးနွယ်စုအသီးသီး၏ စစ်တပ်များမှာ နယ်မြေလေးခုတွင် ပြန့်ကျဲနေသဖြင့် စုရုံးရောက်ရှိလာရန် အချိန်ယူရပေမည်။

တစ်ရက်ကြာပြီးနောက် ထျန်းဖုန့်ဧကရာဇ်နှင့် ချီလင်းအရှင်မတို့က နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်မှတစ်ဆင့် ထွက်ခွာသွားကြသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသဖြင့် ချီလင်းအရှင်မမှာ အတော်လေး စိတ်အေးနေမိ၏။

သူတို့နှစ်ဦးက စစ်တပ်ကြီး တပ်စွဲထားသည့် ဆန်းကြယ်နယ်မြေအပြင်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြပြီး မျက်နှာချင်းဆိုင် ဆွေးနွေးရန် မသေမျိုးတစ်ပိုင်း ရသေ့ကြီးထံ ကင်းထောက်များမှတစ်ဆင့် သတင်းပို့လိုက်သည်။

ချီလင်းအရှင်မ ကိုယ်တိုင် ထွက်လာခြင်းက သူမ၏ စိတ်ရင်းကို ပြသနေသကဲ့သို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် ပြဿနာမရှိကြောင်းကိုလည်း သက်သေပြနေ၏။ ပြဿနာတစ်ခုခုသာ ရှိနေပါက မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ချီလင်းအရှင်မကို သေချာပေါက် ချက်ချင်း သတ်ဖြတ်ပေလိမ့်မည်။

နာရီဝက်ခန့်အကြာ၌ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထွက်လာခဲ့သည်။ သူသည် မည်သည့်စစ်တပ်နှင့် အင်အားကြီး သိုင်းပညာရှင်များကိုမှ ခေါ်ဆောင်မလာဘဲ တစ်ယောက်တည်းသာ ထွက်လာ၍ သူ၏စိတ်ရင်းကို အပြည့်အဝ ပြသခဲ့၏။

ချီလင်းအရှင်မ၊ ထျန်းဖုန့်ဧကရာဇ်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့က မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား နောက်တစ်ကြိမ် ထပ်မံစစ်ဆေးကြည့်ခဲ့ရာ မည်သည့် ပြဿနာမျှ မတွေ့ရချေ။

အထူးသဖြင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်က အလွန်တရာ အားကောင်းလှသည်။ ဤလောကတွင် သူ အကဲခတ်မှားသည့်အရာဟူ၍ မရှိသလောက်ပင်။ တမလွန်ဘုံဧကရာဇ်သည် ယခင်က သူ၏ လက်အောက်ခံဖြစ်ခဲ့ဖူးသဖြင့် တမလွန်ဘုံဧကရာဇ်အကြောင်းကို ကောင်းစွာ သိထား၏။ တမလွန်ဘုံဧကရာဇ်သာ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေပါက သူ သေချာပေါက် သိပေလိမ့်မည်။

ပြဿနာမရှိကြောင်း သေချာသွားသဖြင့် ချီလင်းအရှင်မမှာ သိသိသာသာ စိတ်‌အေးသွားပြီး လေသံမှာလည်း အတော်လေး ပျော့ပျောင်းသွားခဲ့သည်။ ကောလာဟလများကို ယုံကြည်မိပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးအပေါ် အထင်လွဲမှားခဲ့မိကြောင်း သူမက ပြော၏။ အတိတ်က ရန်ငြိုးများကို မေ့ထား၍ ရန်သူကို အတူတကွ တွန်းလှန်ရန် မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ဖိတ်ခေါ်လိုက်သည်။

သို့သော် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကား သံသယဝင်နေဆဲပင်။ သူက ရွှေအရှင်အား ကမ္ဘာဦးကောင်းကင်ဘုံထဲသို့ ဝင်ရောက်ခွင့်ပြုရန်နှင့် မျိုးနွယ်စုအားလုံးရှေ့၌ လူသိရှင်ကြား သင့်မြတ်ကြောင်း ကြေညာရန် တောင်းဆိုလာ၏။ သိသိသာသာပင် သူကား ကျန်းရီ ယန်ကိုးပါးမြို့တော်၌ ပုန်းအောင်းနေမည်ကို စိုးရိမ်နေချေသည်။ ထို့ကြောင့် ရွှေအရှင်အား လွှတ်၍ စုံစမ်းစေခြင်းပင်။

ချီလင်းအရှင်မကလည်း အလွယ်တကူ သဘောတူလိုက်သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ရွှေအရှင်အား ဆင့်ခေါ်လိုက်ပြီးနောက် ချီလင်းအရှင်မတို့နှင့်အတူ ကမ္ဘာဦးကောင်းကင်ဘုံထဲသို့ ဝင်ရောက်လာခဲ့သည်။

အရာအားလုံးက အလွန်တရာ ချောမွေ့နေသည်။

ကောင်းကင်မိစ္ဆာဘုံမှ မီးမြေခွေးဧကရာဇ်သည်လည်း အင်အားသန်းတစ်ရာရှိသည့် မိစ္ဆာစစ်တပ်ကြီးကို ဦးဆောင်ကာ ထွက်လာခဲ့လေပြီ။ သူတို့က ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ခမ်းနားကြီးကျယ်စွာ ချီတက်လာကြသည်။ ဤတစ်ကြိမ်တွင် မည်သည့် အနှောင့်အယှက်မှ မရှိပါက လူသားများနှင့် မိစ္ဆာမျိုးနွယ် မဟာမိတ်တပ်ကြီးသည် ကျန်းရီ ထွက်မလာမချင်း လအနည်းငယ်ကြာသည်အထိ တမလွန်ဘုံစစ်တပ်ကြီးကို ခုခံထားနိုင်ပေလိမ့်မည်။

ချီလင်းအရှင်မသည် ရွှေအရှင်ကို ခေါ်ဆောင်လာပြီးနောက် မျိုးနွယ်စုအားလုံးကို ချက်ချင်း ဆင့်ခေါ်ခဲ့၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် နားလည်မှုလွဲမှားခဲ့သည်တို့ ပြေလည်သွားပြီဖြစ်ကြောင်း၊ ယခု လူသားမျိုးနွယ် တစ်ရပ်လုံး ပူးပေါင်း၍ တမလွန်ဘုံကို အတူတကွ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း မျိုးနွယ်စုအားလုံးရှေ့တွင် သူမက ကြေညာလိုက်သည်။

ထိုသတင်းကြောင့် မျိုးနွယ်စုခေါင်းဆောင်အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။

လူသားမျိုးနွယ်အတွက် အချင်းချင်း သင့်မြတ်သွားခြင်းက အမြဲ ကောင်းမွန်သောအရာတစ်ခု ဖြစ်ချေသည်။ မျိုးနွယ်စုငယ်လေးများ၏ ခေါင်းဆောင်များကတော့ အထက်ပိုင်းခေါင်းဆောင်များကြားရှိ ရန်ငြိုးနှင့် အာဏာလုပွဲများသာ ဖြစ်ပြီး နှစ်ဖက်လုံးက အချင်းချင်း တမင် အပုတ်ချနေကြသည်ဟု ထင်နေကြ၏။ ယခု တမလွန်ဘုံစစ်တပ်ကြီး ချီတက်လာချိန်တွင် မဟာမိတ်ဖွဲ့နိုင်ခြင်းက မျိုးနွယ်စုအားလုံး၏ ယုံကြည်မှုကို ပိုမို တိုးပွားစေခဲ့သည်။

ရွှေအရှင်လည်း အလွန်တရာ ကျေနပ်သွားသည်။ သူသည် ယန်ကိုးပါးမြို့တော်၌ လိုက်လံစုံစမ်းခဲ့ပြီး သူလျှိုအချို့နှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ကာ ကျန်းရီ တစ်ကြိမ်မှ ထွက်ပေါ်မလာကြောင်း သိခဲ့ရ၏။ ယန်မိသားစုနှင့် ရွှေမိသားစုကဲ့သို့ မိသားစုများက ကင်းထောက်များနှင့် သူလျှိုများစွာ စေလွှတ်၍ စုံစမ်းခဲ့သော်လည်း ကျန်းရီကို တစ်ကြိမ်မှ မတွေ့ခဲ့ရချေ။ ထျန်းဖုန့်ဧကရာဇ်နှင့် ဟယ်နုန်ယင်းတို့ ကောင်းကင်တွင်းနက်ကြီးဆီသို့ သွားခဲ့သည်ကတော့ အမှန်တကယ် ဖြစ်ပွားခဲ့သည်။

ရွှေအရှင်က ပြန်မသွားတော့ဘဲ ယန်ကိုးပါးမြို့တော်၌သာ နေခဲ့သည်။ သူက အရာအားလုံး ဘေးကင်းကြောင်းနှင့် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်မှတစ်ဆင့် ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း အပြင်ရှိ မသေမျိုးတစ်ပိုင်း ရသေ့ကြီးဆီ သတင်းပို့လိုက်၏။

မိစ္ဆာစစ်တပ်ကြီးသည် လမ်းတစ်ဝက်သို့ ရောက်နေချေပြီ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်အချို့ကို အသက်သွင်း၍ အပြင်ရှိ စစ်တပ်များအား အဆက်မပြတ် ဝင်ရောက်ခွင့်ပြုရန် အမိန့်ပေးလိုက်သည်။ သို့သော် ထိုစစ်တပ်များကို ယန်ကိုးပါးမြို့တော်ဆီသို့ မရွှေ့ပြောင်းစေဘဲ ယန်အရှင်မြို့တော်ဆီသို့သာ ရွှေ့ပြောင်းစေခဲ့၏။

၎င်းက ဘေးကင်းလုံခြုံစေရန် ဖြစ်သည်။ ထိုစစ်တပ်များ၌ ပြဿနာရှိနေလျှင်‌တောင်မှ ချက်ချင်း အန္တရာယ် မဖြစ်နိုင်ချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း သတိထားသည့်အနေဖြင့် ချက်ချင်း ဝင်ရောက်မလာဘဲ ရှားယွီအား စစ်တပ်ကြီးနှင့်အတူ ဦးစွာ ဝင်ရောက်စေကာ ယန်အရှင်မြို့တော်ကို ထိန်းချုပ်ထားစေ၏။ ထို့နောက် ကျန်းရီ ချုံခိုတိုက်ခိုက်မလာ‌စေရန် ကင်းထောက်များ စေလွှတ်၍ စုံစမ်းခဲ့သည်။

စစ်တပ်ကြီးတစ်ခုလုံး နေရာရွှေ့ပြောင်းရန် အချိန်တစ်ခု လိုအပ်၏။ ချီလင်းအရှင်မက စောင့်ကြည့်ရန် စစ်တပ်ကြီး မစေလွှတ်ခဲ့ချေ။ သူမက ကင်းထောက်အချို့ကိုသာ စေလွှတ်၍ သတင်းစုံစမ်းစေခဲ့ပြီး ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲမှ နှစ်ဦးကို စေလွှတ်ကာ သွားရောက်ကြိုဆို၍ ရိက္ခာတို့အား စီစဉ်ပေးခဲ့သည်။

စစ်တပ်များ အဆက်မပြတ် ဝင်ရောက်လာကြပြီး ရှားယွီ ရှိနေသောကြောင့် ဆူပူအုံကြွခြင်း မရှိဘဲ စနစ်တကျ နေရာယူနိုင်ခဲ့ကြသည်။ ရှားယွီသည် ယန်အရှင်မြို့တော်၏ မိုင်တစ်သန်းပတ်လည်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး အနီးအနားရှိ မြို့တော်များတွင်လည်း စစ်တပ်များ ချထားလိုက်၏။

အရာအားလုံးက ပုံမှန်ဖြစ်နေပုံရပြီး ကင်းထောက်တို့ကလည်း ပြဿနာ တစ်စုံတစ်ရာ ပေးပို့မလာခဲ့ချေ။ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုတို့က ထက်ဝက်ခန့် လျော့ကျသွားခဲ့၏။ တစ်ရက်အကြာတွင် မိစ္ဆာစစ်တပ်ကြီးလည်း နေရာရွှေ့ပြောင်း ဝင်ရောက်လာကြပြီး ယန်ကိုးပါးမြို့တော်အနီးရှိ ကောင်းကင်ကိုးပါးမြို့တော်တွင် တပ်စွဲလိုက်ကြသည်။

မိစ္ဆာစစ်တပ်၏ ပထမအသုတ်ဖြစ်သည့် နဂါးကြမ်းဘုရင်နှင့် အခြားသိုင်းပညာရှင်များ ဝင်ရောက်လာပြီးနောက် ချီလင်းအရှင်မတို့ လုံးဝ စိတ်အေးသွားကြ၏။ မိစ္ဆာသိုင်းပညာရှင်များစွာ ရှိနေသဖြင့် လူသားမျိုးနွယ်သည် ယုံကြည်မှု များစွာ တိုးပွားလာခဲ့ချေပြီ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့ ပုန်ကန်လာလျှင်တောင်မှ အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။ ထို့အပြင် သူတို့ဘက်၌ ယန်ကိုးပါးကောင်းကင်ဧကရာဇ်လည်း ရှိနေသေးသည် မဟုတ်ပါလော။

ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ထွက်ပေါ်လာပါက စစ်တပ်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်ပြီး မည်သည့်သိုင်းပညာရှင်ကမှ ရမ်းကားဝံ့မည် မဟုတ်ချေ။ သူသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဖြစ်သည်မဟုတ်ပါလော။

သုံးရက်အကြာတွင် သန်းတစ်ရာရှိသည့် မိစ္ဆာစစ်တပ်ကြီးတစ်ခုလုံး အပြည့်အဝ ဝင်ရောက်လာခဲ့ပြီး ကောင်းကင်မိစ္ဆာဘုံမှ သိုင်းပညာရှင်များအားလုံး စုရုံးရောက်ရှိလာကြ၏။

သို့သော် ရီဖျောင်ဖျောင်နှင့် အခြားသူများကတော့ ထွက်မလာခဲ့ကြချေ။ သူမတို့ ထွက်မလာချင်၍ မဟုတ်ဘဲ ထွက်လာခွင့်မပေးရန် ဟယ်နုန်ယင်းက မီးမြေခွေးဧကရာဇ်အား တားမြစ်ခဲ့သောကြောင့် ဖြစ်သည်။ ကျန်းရီသည် ရီဖျောင်ဖျောင်နှင့် အခြားသူများကို ဂရုအစိုက်ဆုံးဖြစ်ကြောင်း ဟယ်နုန်ယင်း သိထားသဖြင့် အန္တရာယ်အဖြစ်ခံမည် မဟုတ်ပေ။

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ စစ်တပ်အားလုံး ရောက်လာပြီးနောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကိုယ်တိုင်လည်း ဝင်ရောက်လာခဲ့၏။ သို့သော် သူက မည်သည့် လှုပ်ရှားမှုမှ မလုပ်ဘဲ စစ်တပ်ကို အနားယူစေပြီး ကမ္ဘာဦးကောင်းကင်ဘုံ၏ သတင်းအချက်အလက်များကိုသာ စုံစမ်းနေခဲ့သည်။

နောက်ထပ် တစ်ရက်ကြာပြီးနောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီး စတင်လှုပ်ရှားလာခဲ့သည်။ သူက ချီလင်းအရှင်မအား ယန်အရှင်မြို့တော်သို့ လာရောက်၍ တမလွန်ဘုံကို နှိမ်နင်းမည့် ကိစ္စများအား တိုင်ပင်ဆွေးနွေးရန် ဆင့်ခေါ်လိုက်သည်။

ဤအမိန့်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

တိုင်ပင်ဆွေးနွေးမည်ဆိုပါက ခေါင်းဆောင်အားလုံးကို ခေါ်ယူသင့်သည် မဟုတ်ပါလော။ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့၊ ထျန်းဖုန့်ဧကရာဇ်တို့ကို အဘယ်ကြောင့် မခေါ်ရသနည်း။ ချီလင်းအရှင်မ တစ်ယောက်တည်းကိုသာ မည်သည့်အတွက် ခေါ်ရသနည်း။

သို့သော် ချီလင်းအရှင်မသည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အမိန့်များကို နာခံမည်ဟု ကတိပေးထားပြီးဖြစ်သဖြင့် ပထမဆုံး ဆင့်ခေါ်မှုကို ငြင်းဆန်ရန် မဖြစ်နိုင်ပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက စိတ်မချသေးသည်လည်း ဖြစ်နိုင်၏။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံ တင်ပြလိုက်ရာ ကောင်းကင်ဧကရာဇ်က ချီလင်းအရှင်မ၏ ဝိညာဉ်ထဲမှ ပုန်းအောင်းလိုက်ပါရန် ဆုံးဖြတ်လိုက်သည်။ မထင်မှတ်ထားသော အခြေအနေများ ပေါ်ပေါက်လာပါက သူ ကိုယ်တိုင် ထွက်၍ နှိမ်နင်းနိုင်လိမ့်မည်။

ချီလင်းအရှင်မက မည်သူ့ကိုမှ မခေါ်ဆောင်ဘဲ ယန်အရှင်မြို့တော်သို့ တစ်ယောက်တည်း နေရာရွှေ့ပြောင်းသွားခဲ့၏။ ကျန်သူအားလုံးက ရဲတိုက်ထဲတွင် စိုးရိမ်တကြီးဖြင့် စောင့်နေခဲ့ကြသည်။

ဟယ်နုန်ယင်း၏ မျက်နှာက မှိုင်းညှို့နေပြီး သူမ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။ သို့သော် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်ရှိနေကြောင်း တွေးမိသောအခါ၌ အနည်းငယ် စိတ်အေးသွားသည်။

ဝုန်း…

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့၏။ ငါးနာရီ ကြာပြီးနောက် ရဲတိုက်တံခါးကြီးက ဝုန်းခနဲ ပွင့်ဟလာသည်။ ဟယ်နုန်ယင်း၏ ဖခင်ဖြစ်သူက ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့် ပြေးဝင်လာပြီး အော်ဟစ်လိုက်၏။ "ချီလင်းအရှင်မ... ချီလင်းအရှင်မ... ကွယ်လွန်သွားပါပြီ... သူ့ရဲ့ ဝိညာဉ်ကျောက်စိမ်းပြား ကွဲကြေသွားပြီ”

ဟယ်နုန်ယင်း၊ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ရှန်ကွေ့တို့၏ ခန္ဓာကိုယ်များမှာ မိုးကြိုးပစ်ခံရသည့်လား တုန်ယင်သွားကြသည်။ ဟယ်နုန်ယင်းမှာ မြေပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

ထျန်းဖုန့်ဧကရာဇ်၊ မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့လည်း တုန်လှုပ်သွားကြ၏။ ချီလင်းအရှင်မ သေဆုံးသွားပြီတဲ့လော။

လွန်ခဲ့သည့် နာရီအနည်းငယ်ကပင် အသက်ရှင်လျက် ရှိနေခဲ့သူက ယန်အရှင်မြို့တော်သို့ သွားပြီး အဘယ်ကြောင့် ရုတ်တရက် သေဆုံးသွားရသနည်း။ သူမကို မည်သူ သတ်ခဲ့ပါသနည်း။

"အားးးး"

ရုတ်တရက် ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ မီးတောက်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသည့် ချီဟုန် ထွက်ပေါ်လာ၏။

သူက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်ပြီး ငေးငိုင်စွာ ပြောလိုက်သည်။ "ဝူမင်... ဝူမင်ရဲ့ ဝိညာဉ်အကြွင်းအကျန်လည်း ပျောက်ကွယ်သွားပြီ..."

"ဝူမင်"

အားလုံးက မျက်တောင်တဖျပ်ဖျပ် ခတ်ကာ အစပိုင်းတွင် နားမလည်ကြချေ။ သို့သော် ချက်ချင်းပင် အားလုံး၏ မျက်နှာများ၌ တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ နာမည်မှာ ဝူမင် မဟုတ်ပါလော။ ဝိညာဥ်အကြွင်းအကျန် ပျောက်ကွယ်သွားခြင်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ် ပျက်စီးသွားသည့် အဓိပ္ပာယ်ပင်။

"ကောင်းကင်ဧကရာဇ်”

ကောင်းကင်ဘုရင်ဝေက နာကျင်စွာ တမ်းတ၍ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေသော အသံဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။ "ယန်ကိုးပါးစစ်တပ်တစ်ခုလုံး နားထောင်ကြ... အခုချက်ချင်း တပ်စုပြီး ကောင်းကင်ဧကရာဇ်အတွက် ကလဲ့စားချေဖို့ ယန်အရှင်မြို့တော်ဆီ ချီတက်ကြမယ်"

ဟယ်နုန်ယင်းလည်း သတိဝင်လာပြီး ချက်ချင်း ပျံသန်းကာ အော်ဟစ်လိုက်သည်။ "ဟယ်မိသားစုရဲ့ စစ်တပ်အားလုံး စုဝေးကြ... ချီလင်းအရှင်မနဲ့ ကောင်းကင်ဧကရာဇ်အတွက် ကလဲ့စားချေဖို့ ယန်အရှင်မြို့တော်ဆီ ချီတက်မယ်"

ယန်ကိုးပါးမြို့တော်တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။

All Chapters