အခန်း ၂၀၇၀
Vol. 149 Ch. 2070
အပိုင်း ၂၀၇၀ သတင်းဆိုး
"ချီလင်းအရှင်မနဲ့ ကောင်းကင်ဧကရာဇ်အတွက် ကလဲ့စားချေကြမယ်"
ယန်ကိုးပါးစစ်တပ်အတွက် ကောင်းကင်ဧကရာဇ်ဆိုသည်မှာ မိုးပြာမဟာဧကရာဇ်ကို ဆိုလိုခြင်း ဟုတ်၊ မဟုတ် မသိကြသော်လည်း ချီလင်းအရှင်မကတော့ တစ်ဦးတည်းသာ ရှိလေသည်။ ဟယ်နုန်ယင်းတစ်ယောက် ဝမ်းနည်းပူဆွေးစွာဖြင့် ကလဲ့စားချေမည်ဟု ကြိမ်းဝါးလာသည်ကို မြင်လျှင် လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ချီလင်းအရှင်မ သေဆုံးသွားပြီတဲ့လော။
ချီလင်းအရှင်မ။
မကြာသေးမီက ပြည်သူပြည်သားများနှင့် မိသားစုများစွာသည် ချီလင်းအရှင်မအပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ချီလင်းအရှင်မက အင်အားသုံး ဖိနှိပ်ကာ လူအများအပြားကို သတ်ဖြတ်ခဲ့သောကြောင့်ပင်။ သို့သော် ချီလင်းအရှင်မအပေါ် ထားရှိသည့် ရိုသေလေးစားမှုကတော့ တစ်ခါမှ မပြောင်းလဲခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လေးစားထိုက်သူတစ်ဦး မဟုတ်ပါလော။
ချီလင်းအရှင်မသည် ယခင်မျိုးဆက် ချီလင်းဧကရာဇ်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ငယ်စဉ်ကတည်းက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ခဲ့၏။ သူမဘဝတွင် တစ်ကြိမ်သာ အမျိုးသားတစ်ဦးကို အလွန်အမင်း ချစ်မြတ်နိုးခဲ့ဖူးသည်။ ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် သူမဘက်ကသာ ချစ်မြတ်နိုးခဲ့ရပြီး တစ်ဖက်လူကတော့ တုံ့ပြန်မှု မရှိခဲ့ချေ။ ချီလင်းအရှင်မသည် နာကျင်ခဲ့ရသော်လည်း နောင်တမရဘဲ စိတ်ရှည်စွာဖြင့် စောင့်နေခဲ့သည်။
ထို့နောက် ထိုအမျိုးသား သေဆုံးသွားခဲ့သည်။ တမလွန်ဘုံဧကရာဇ် ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုနောက်ပိုင်း၌ ချီလင်းအရှင်မသည် ချီလင်းတောင်ထိပ်တွင် သူမကိုယ်သူမ အနှစ်ငါးဆယ်တိတိ ပိတ်လှောင်ထားခဲ့၏။ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ဧကရာဇ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ဓားတစ်လက်ဖြင့် တမလွန်ဘုံသို့ တစ်ယောက်တည်း သွားရောက် သတ်ဖြတ်ခဲ့သည်။ ဆန်းကြယ်နယ်မြေသန်းပေါင်းများစွာနှင့် တမလွန်ဘုံသား သန်းတစ်ရာကျော်ကို ချေမှုန်းသတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် ချီလင်းဧကရာဇ် နတ်ရွာစံသွားသောကြောင့် ကမ္ဘာဦးကောင်းကင်ဘုံသို့ မတတ်သာဘဲ ပြန်လာခဲ့ရလေသည်။
ထိုအမျိုးသားမှာ မိစ္ဆာသတ်ဖြတ်ဧကရာဇ် ဖြစ်ပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။
မိစ္ဆာသတ်ဖြတ်ဧကရာဇ် သေဆုံးသွားပြီးကတည်းက ချီလင်းအရှင်မ၏ နှလုံးသားမှာ လုံးဝ အေးခဲသွားခဲ့သည်။ မည်သည့်အမျိုးသားကိုမှ စိတ်မဝင်စားခဲ့ဘဲ မိစ္ဆာသတ်ဖြတ်ဧကရာဇ်အပေါ် ထားရှိသည့် ခံစားချက်များဖြင့် တစ်ကိုယ်တည်း အိုမင်းသေဆုံးရန် ပြင်ဆင်ထားခဲ့သည်။ သူမ၏ အချစ်ကြီးမှုက ကြားရသူတိုင်းကို ထိရှနာကျင်စေ၏။ ချီလင်းအရှင်မသည် အာဏာရလာပြီးနောက် သူမလက်အောက်ရှိ မိသားစုများအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ရိုးသားဖြောင့်မတ်ပြီး တရားမျှတကာ အာဏာလုပွဲများတွင် မပါဝင်ခဲ့သလို ကုန်းချောစကားများလည်း မဆိုခဲ့ချေ။ ဧကရာဇ်လေးပါးအနက် ယန်အရှင်နှင့် ရူးသွပ်အရှင်တို့ မဆိုထားနှင့် မိုးပြာမဟာဧကရာဇ်၌ပင် ပြစ်ချက်များစွာ ရှိ၏။ သို့သော် ချီလင်းအရှင်မတွင်တော့ မရှိချေ။ သူမနှင့်ပတ်သက်၍ မည်သည့် ကောလာဟလဆိုးမျှ မရှိခဲ့ပေ။
ကမ္ဘာဦးကောင်းကင်ဘုံရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်နေသည့် ဤကာလ၌ ချီလင်းအရှင်မ တစ်ယောက်တည်းသာ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးကို ထောက်ပံ့ပေးထားခဲ့သည်။ အရာအားလုံးကို တိတ်တဆိတ် စီစဉ်ပေးခဲ့ပြီး ကောင်းကင်ကြီးအား ထမ်းပိုးပေးထားခဲ့သူက ချီလင်းအရှင်မပင် ဖြစ်သည်။
ယခုကဲ့သို့ ရုတ်တရက် သတင်းဆိုးကို ကြားလိုက်ရချိန်တွင် ယန်ကိုးပါးမြို့တော်ရှိ မိသားစုများ၊ မျိုးနွယ်များနှင့် စစ်တပ်များအားလုံး မှင်သက်သွားကြ၏။ ချီလင်းအရှင်မ၏ သေဆုံးမှုက အလွန်တရာ ရုတ်တရက်ဆန်လွန်းသည်။ ရှင်းပြမရနိုင်သလို အားလုံးအနေဖြင့် လက်မခံနိုင်ကြချေ။
ဝှစ်… ဝှစ်… ဝှစ်…
ဟယ်မိသားစု၏ စစ်တပ်နှင့် တပည့်များက ချက်ချင်း ပျံတက်သွားကြပြီး ယန်ကိုးပါးစစ်တပ်ကလည်း အသီးသီး ပျံတက်လာကြ၏။ အဝေးရှိ ယန်ကိုးပါးတောင်ကြားထဲမှ ရေတွက်၍မရနိုင်သော စစ်တပ်ကြီးလည်း ထွက်ပေါ်လာကာ ကောင်းကင်၌ စုဝေးသွားကြသည်။
ချီလင်းအရှင်မ၏ စစ်တပ်ကြီးလည်း လှုပ်ရှားလာခဲ့လေပြီ။ အတော်များများက ဟယ်မိသားစု၏ မျိုးဆက်များ မဟုတ်ကြသော်လည်း သူတို့အားလုံးသည် ချီလင်းအရှင်မ၏ ပြည်သူများ ဖြစ်ကြသည်။ ယခု ချီလင်းအရှင်မ သေဆုံးသွားပြီဖြစ်သဖြင့် မည်သူ သတ်သည်ဖြစ်စေ သူတို့အားလုံး ကလဲ့စားချေကြမည်ဖြစ်သည်။
ဝှစ်
ထျန်းဖုန့်ဧကရာဇ်၊ မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့လည်း ပျံသန်းရောက်ရှိလာကြ၏။ ထျန်းဖုန့်ဧကရာဇ်က ကောင်းကင်ယံ၌ မားမားမတ်မတ် ရပ်နေသော်လည်း အခြားဧကရာဇ်နှစ်ပါးကတော့ တောင်ဘက်ရှိ ကောင်းကင်ကိုးပါးမြို့တော်သို့ သွားရန် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က အတူတကွ တိုက်ခိုက်ရန် မိစ္ဆာစစ်တပ်ကို သွားရောက်ခေါ်ယူမည် ဖြစ်၏။
ယန်အရှင်မြို့တော်ဘက်တွင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်သုံးဦး ရှိပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ရှားယွီလည်း ရှိနေသည်။ ဤဘက်တွင်တော့ မိစ္ဆာဧကရာဇ်သုံးပါးနှင့်အတူ ချီဟုန်လည်း ရှိ၏။ ကောင်းကင်ဘုရင်ဝေနှင့် ပေါင်းလိုက်ပါက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ပါးနှင့် နှိုင်းယှဉ်၍ ရနိုင်သဖြင့် သိုင်းပညာရှင် အရေအတွက်၌ အားနည်းမနေချေ။ စစ်တပ်အရေအတွက်တွင်တော့ အခြားတစ်ဖက်ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။
မှန်ပါသည်။ အခြားတစ်ဖက်၌ လူအင်အား မည်မျှ များပြားနေပါစေ၊ အင်အားကြီး သိုင်းပညာရှင်များ မည်မျှပင် ရှ်ိနေပါစေ ဤတိုက်ပွဲက ရှောင်လွှဲ၍ မရနိုင်တော့ချေ။
ချီလင်းအရှင်မ သေဆုံးမှုနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန် ပျောက်ကွယ်သွားခြင်းက သိုင်းပညာရှင်အားလုံး၏ ရင်ထဲမှ ဒေါသကို လှုံ့ဆော်ပေးလိုက်သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၌ အမှန်တကယ် ပြဿနာ ရှိနေချေပြီ။ ကြီးမားလှသော ပြဿနာကြီးပင်။
ပြဿနာသာ မရှိလျှင် ချီလင်းအရှင်မ သေဆုံးသွားမည် မဟုတ်ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကရော အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေစဉ် ထိုသာမန်စစ်တပ်များက လှုပ်ရှားရဲမည်တဲ့လော။ ယန်အရှင်နှင့် ရှားယွီကရော လှုပ်ရှားလာမည်လား။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ရွှေအရှင်တို့သာ သတ္တိရှိပြီး ချီလင်းအရှင်မကို သတ်ဖြတ်၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကို ပျောက်ကွယ်သွားစေနိုင်သည့် အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပေလိမ့်မည်။
မကြာမီ ချီလင်းအရှင်မ၏ စစ်တပ်နှင့် ယန်ကိုးပါးစစ်တပ်အားလုံး စုစည်းပြီးဖြစ်သလို မိစ္ဆာသတ်ဖြတ်စစ်တပ်လည်း အပြည့်အဝ ထွက်ပေါ်လာခဲ့၏။ ဟယ်နုန်ယင်း၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့က အခြားစစ်တပ်များကို မစုရုံးခဲ့သော်လည်း အကြောင်းစုံ သိရှိပြီးနောက် ဧကရာဇ်တစ်ပိုင်းအဆင့် စစ်သူကြီးများစွာက တိုက်ပွဲဝင်ရန် အသီးသီး လိုက်ပါလာခဲ့ကြသည်။
အင်အားသန်းငါးဆယ်ရှိသည့် စစ်တပ်ကြီးက နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ထဲသို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်သွားပြီး ယန်အရှင်မြို့တော်အနီးရှိ နယ်မြေသခင်မြို့တော်လေးခုဆီသို့ နေရာရွှေ့ပြောင်းသွားကြ၏။ ကောင်းကင်ကိုးပါးမြို့တော်မှ မိစ္ဆာစစ်တပ်ကြီးကလည်း တစ်ချိန်တည်းမှာပင် စတင်ရွှေ့ပြောင်းလာကြသည်။ မိစ္ဆာစစ်တပ်ကြီးက အင်အားသန်းငါးဆယ်တိတိ စုစည်းထားပြီး အင်အားကြီး သိုင်းပညာရှင်များအားလုံး ထွက်လာကြ၏။ ယန်အရှင်မြို့တော်ဘေးရှိ နယ်မြေလေးခုဆီသို့ အသီးသီး ရွှေ့ပြောင်း၍ ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်လိုက်ကြသည်။
ဆယ်နာရီကြာပြီးနောက် စစ်တပ်ကြီးတစ်ခုလုံး နေရာရွှေ့ပြောင်းခြင်း ပြီးစီးသွားခဲ့၏။ သတင်းပို့အတည်ပြုပြီးနောက် ထျန်းဖုန့်ဧကရာဇ်က စစ်တပ်အားလုံး တစ်ပြိုင်နက်တည်း ချီတက်၍ ယန်အရှင်မြို့တော်အား ဝိုင်းရံရန် အမိန့်ပေးလိုက်သည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် တမလွန်ဘုံဧကရာဇ် မဟုတ်ကြောင်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အတည်ပြုထားပြီးဖြစ်သဖြင့် ထျန်းဖုန့်ဧကရာဇ်ကား ကြောက်ရွံ့မနေချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီအတွက် အလွန်တရာ အရေးပါ၏။ ဤရန်ငြိုးကိုသာ ကလဲ့စားမချေပါက ကျန်းရီ ထွက်လာချိန်၌ သူ့ကို သေချာပေါက် ဆုတ်ဖြဲပစ်လိမ့်မည်။
ရေတွက်၍မရနိုင်သော ကင်းထောက်များကို ဖြန့်ကျက်စေလွှတ်၍ ယန်အရှင်မြို့တော် အနီးတစ်ဝိုက်ရှိ အခြေအနေများကို စတင် စုံစမ်းစေ၏။ ယန်အရှင်မြို့တော် အပြင်ဘက်တွင် မူလက ကင်းထောက်များစွာ ရှိခဲ့သော်လည်း ဤအခိုက်အတန့်တွင် အားလုံး ပျောက်ကွယ်နေချေပြီ။ ယန်အရှင်မြို့တော်အနီးရှိ မြို့တော်များတွင် မူလက စစ်တပ်များ တပ်စွဲထားသော်လည်း ယခု တစ်ဦးတစ်ယောက်မှ မရှိကြောင်း ကင်းထောက်တို့က ပြန်လည်သတင်းပို့လာကြသည်။ သို့သော် ယန်အရှင်မြို့တော်အပြင်ဘက်၌ ဧရာမစစ်တပ်ကြီး စုဝေးနေပြီး စစ်အုပ်ချုပ်ရေး ကြေညာထားသဖြင့် ကင်းထောက်များ လုံးဝ ချဉ်းကပ်၍ မရနိုင်ချေ။
ယန်အရှင်မြို့တော်အတွင်း၌ ယန်ကိုးပါးစစ်တပ်မှ ကောင်းကင်ဘုရင်နှစ်ပါးနှင့် ကင်းထောက်အချို့ ရှိခဲ့သော်လည်း သူတို့ကို ဆက်သွယ်၍ မရနိုင်တော့ပေ။ ကင်းထောက်များက အသတ်ခံရခြင်း ဖြစ်နိုင်ပြီး ကောင်းကင်ဘုရင်နှစ်ပါးမှာလည်း ဖမ်းဆီးခံလိုက်ရပုံပင်။ သို့သော် သူတို့၏ ဝိညာဉ်ကျောက်စိမ်းပြားများ မကွဲကြေသေးသဖြင့် အသက်ရှင်နေကြသေး၏။
စစ်တပ်ကြီးက အရှိန်အပြည့်ဖြင့် ချီတက်လာပြီး ကင်းထောက်များက ဆက်လက်စုံစမ်းနေကြသည်။ ယန်အရှင်မြို့တော်အတွင်း၌ အလွန်တရာ တိတ်ဆိတ်နေပြီး တိုက်ပွဲဖြစ်ပွားနေသည့် အရိပ်အယောင်ကိုလည်း မတွေ့ရချေ။ သို့သော် ချီလင်းအရှင်မ သေဆုံးသွားပြီး ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်လည်း ပျက်စီးသွားပြီဖြစ်ရာ တိုက်ပွဲဖြစ်ခဲ့လျှင်တောင်မှ ပြီးဆုံးနေပေလောက်မည်။
မိုင်တစ်သိန်း... မိုင်ငါးသောင်း... မိုင်တစ်သောင်း…
အရပ်မျက်နှာ အသီးသီးမှ စစ်တပ်ကြီးများက ချိတ်ဆက်သွား၍ မြို့တော်တစ်ခုလုံးကို အထပ်ထပ် ဝိုင်းရံထားလိုက်ကြသည်။ ထျန်းဖုန့်ဧကရာဇ်က အင်အားကြီး သိုင်းပညာရှင်အားလုံးကို ဦးဆောင်ကာ အရှေ့အရပ်မှ အလျင်အမြန် ချီတက်လာခဲ့၏။
"သတင်းပို့ပါတယ်"
ရုတ်တရက် အဝေးမှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်မှ ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သည့် အရှေ့နယ်မြေမှ ထျန်းဖန်ဘုရင်က အလျင်အမြန် ပျံသန်းလာပြီး ထျန်းဖုန့်ဧကရာဇ်တို့ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဧကရာဇ်သုံးပါးနဲ့ အရှင်တို့ကို သတင်းပို့ပါတယ်... ယန်အရှင်မြို့တော်ဘက်မှာ တိုက်ပွဲစနေပါပြီ"
"တိုက်ပွဲစနေပြီလား"
ထျန်းဖုန့်ဧကရာဇ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် သူတို့၏ ရင်ထဲ၌ အတွေးတစ်ခု ပေါ်လာ၏။ ရန်သူက လှည့်စားနေချေပြီ။ ထျန်းဖုန့်ဧကရာဇ်က လှောင်ပြောင်လိုက်သည်။ "ဘယ်လိုဖြစ်နေပြီလဲ... ဘယ်သူနဲ့ ဘယ်သူ တိုက်နေကြတာလဲ"
ထျန်းဖန်ဘုရင်သည် မြန်ဆန်ပြီး ခွန်အားကြီးမားသဖြင့် ထျန်းဖုန့်ဧကရာဇ်က ကင်းထောက်တပ်မှူးအဖြစ် ခန့်အပ်ထားခဲ့၏။ သူက ပြန်လည် လျှောက်တင်သည်။ "ဧကရာဇ်အဆင့် သိုင်းပညာရှင်နှစ်ယောက် တိုက်ခိုက်နေပြီး မိန်းမလှတစ်ယောက်ကလည်း ဝင်ကူနေပါတယ်…. မြို့ပြင်က စစ်တပ်ကြီးကလည်း စတင်တိုက်ခိုက်နေကြပါပြီ… အခြေအနေအရ အတုအယောင်မဟုတ်ဘဲ တကယ် တိုက်နေကြတာပါ... လူအတော်များများလည်း သေကုန်ကြပါပြီ"
ဝှစ်
ချီလင်းအရှင်မစစ်တပ်မှ ကင်းထောက်တပ်မှူးက ပျံသန်းလာပြီး သတင်းပို့လိုက်၏။ "သခင်မလေး၊ အရှင်တို့၊ ယန်အရှင်နဲ့ ရှားယွီက ရွှေအရှင်ကို လိုက်သတ်နေကြပါတယ်… စစ်သည်တွေကလည်း ပန့်ကွမျိုးနွယ်၊ လင်းရှန်းမျိုးနွယ်နဲ့ မေ့ရှင်းမျိုးနွယ်တွေရဲ့ စစ်တပ်တွေကို လိုက်လံ သတ်ဖြတ်နေကြပါတယ်.. အခုဆို မျိုးနွယ်စုသုံးခုရဲ့ စစ်တပ်က လူတစ်သိန်းကျော် သေဆုံးဒဏ်ရာရသွားကြပါပြီ"
"ဘာတွေဖြစ်နေတာလဲ"
ဟယ်နုန်ယင်းနှင့် အခြားသူတို့ အံ့သြမှင်သက်မှုသွားကြသည်။ ကောင်းကင်ဘုရင်ဝေက အော်ဟစ်မေးမြန်းလိုက်၏။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီးကရော... သူ့ကို တွေ့မိသေးလား"
"မတွေ့ပါဘူး"
နှစ်ဖက်စလုံးမှ ကင်းထောက်များ သူ့ကို မတွေ့ရှိခဲ့ကြချေ။ ကောင်းကင်ဘုရင်ဝေက အေးစက်စွာ နှာမှုတ်လိုက်၏။ "စစ်ချီတာကို အရှိန်မြှင့်လိုက်... ဒါပေမဲ့ မတိုက်ခိုက်နဲ့ဦး… ဟန်ဆောင်နေတာလား၊ တကယ်တိုက်နေတာလား ဆိုတာ စောင့်ကြည့်ကြမယ်… မျိုးနွယ်စုသုံးခုရဲ့ အင်အား ခုနစ်သန်း၊ ရှစ်သန်းလောက်ရှိတဲ့ စစ်တပ်ကို အကုန်သတ်ပြီး ရွှေအရှင်ကိုပါ သတ်နိုင်မယ်ဆိုရင်တော့ အဲဒါ တကယ်တိုက်နေတာပဲ"
ဟယ်နုန်ယင်းတို့လည်း ခေါင်းညိတ်လိုက်ကြ၏။ ထောင်ချောက် ဟုတ်၊ မဟုတ် သိလိုပါက ယန်အရှင်နှင့် ရှားယွီတို့က ရွှေအရှင်ကို တကယ်သတ်ရဲ၊ မသတ်ရဲနှင့် ကောင်းကင်ဖြိုခွင်းစစ်တပ်က ခုနစ်သန်း၊ ရှစ်သန်းခန့်ရှိသော မျိုးနွယ်စုသုံးစု၏ စစ်တပ်များကို အကုန်အစင် သတ်ဖြတ်ပစ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်လိုက်ပါက ရှင်းလင်းသွားပေလိမ့်မည်။
စစ်တပ်ကြီးက အလျင်အမြန် ချီတက်လာပြီး ထျန်းဖုန့်ဧကရာဇ်တို့လည်း အရှိန်မြှင့်လိုက်ကြ၏။ အမွှေးတိုင်အနည်းငယ်စာ အချိန်အတွင်း၌ အားလုံးက မြို့တော်အနီး မိုင်တစ်ရာအကွာအဝေးသို့ ရောက်လာကြသည်။ အင်အားကြီး သိုင်းပညာရှင်အားလုံးက ကောင်းကင်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း သူတို့အားလုံး နားမလည်နိုင်ကြချေ။
အဘယ်ကြောင့်ဆိုသော် ယန်အရှင်မြို့တော်အပြင်နှင့် အတွင်းရှိ အခြေအနေက ဟန်ဆောင်နေပုံမရဘဲ တကယ် တိုက်ပွဲဖြစ်နေပုံပင်။
မြို့တွင်း၊ မြို့ပြင်၌ သေဆုံးဒဏ်ရာရနေသော စစ်တပ်သည် နှစ်သန်းကျော်နေပြီး သွေးများက ယန်အရှင်မြို့တော်တစ်မြို့လုံးကို ရဲရဲနီနေစေ၏။ ရွှေအရှင်မှာ ယန်အရှင်၊ ရှားယွီနှင့် တောက်နူတို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများရွှဲနစ်၍ ပြင်းထန်စွာ ဒဏ်ရာရထားသည်။ အချိန်မရွေး သေဆုံးပေတော့မည်။
"သေစမ်း"
ထိုအခိုက်အတန့်၌ ယန်အရှင်၊ ရှားယွီနှင့် တောက်နူတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ယန်အရှင်က သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြီး ရှားယွီက မသေမျိုးဝိညာဉ်စွမ်းအင်၊ တောက်နူက ကောင်းကင်ဖြိုခွဲဓားကို အသုံးပြုလိုက်၏။
သူတို့သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဟယ်နုန်ယင်း၊ ထျန်းဖုန့်ဧကရာဇ်တို့ ကောင်းကင်အာရုံဖြင့် စုံစမ်းနေစဉ်မှာပင် ရွှေအရှင်၏ ခြေထောက်နှစ်ဖက်က မသေမျိုးဝိညာဥ်စွမ်းအင်ကြောင့် ပြတ်တောက်သွားခဲ့၏။ ရွှေအရှင်မှာ အဝေးသို့ လွင့်ထွက်၍ သတိလစ်သွားကာ သေသလား၊ ရှင်သလား မသိရတော့ချေ။