အခန်း ၂၀၇၁
Vol. 149 Ch. 2071
အပိုင်း ၂၀၇၁ တကယ်လား ဟန်ဆောင်နေတာလား
ဝုန်း... ဝုန်း... ဝုန်း…
ကောင်းကင်ဖြိုခွင်းစစ်တပ်က မျိုးနွယ်စုသုံးစု၏ စစ်တပ်များကို အုပ်စုလိုက် အသေအကြေ တိုက်ခိုက်နေကြသဖြင့် လုံးဝ တားဆီး၍မရနိုင်ချေ။ ကောင်းကင်ဖြိုခွင်းစစ်တပ်တွင် အင်အားသန်းနှစ်ဆယ်ကျော် ရှိပြီး တစ်ဖက်စစ်တပ်ကတော့ ခုနစ်သန်း၊ ရှစ်သန်းခန့်သာ ရှိ၏။ ထို့အပြင် အင်အားကြီး သိုင်းပညာရှင် အရေအတွက်၌လည်း ကောင်းကင်ဖြိုခွင်းစစ်တပ်က အပြတ်အသတ် သာလွန်နေသည်။
အရေးအကြီးဆုံးက မသေမျိုးတစ်ပိုင်း ရသေ့ကြီး မြို့ထဲတွင် မရှိခြင်းပင်။ ရွှေအရှင်သည်လည်း ဖိနှိပ်တိုက်ခိုက်ခံနေရပြီး အပြင်းအထန် ဒဏ်ရာရကာ သေသလား၊ ရှင်သလား မသိရချေ။ မျိုးနွယ်စုသုံးစု၏ စစ်တပ်များမှာ ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားကြ၏။ အစပိုင်းတွင် အစွမ်းကုန် ရုန်းကန်တိုက်ခိုက်ခဲ့ကြသော်လည်း ယခုတွင်တော့ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြလေပြီ။
ပြဿနာကား အရပ်ရှစ်မျက်နှာလုံးတွင် မိစ္ဆာမျိုးနွယ်စစ်တပ်၊ ချီလင်းအရှင်မ၏ စစ်တပ်၊ ယန်ကိုးပါးစစ်တပ်နှင့် မိစ္ဆာသတ်ဖြတ်စစ်တပ်တို့က အထပ်ထပ် ဝိုင်းရံထားကြသည်။ မျိုးနွယ်စုသုံးစု၏ စစ်တပ်များက မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။
"အနားကပ်ရဲတဲ့သူ မှန်သမျှ အသေသတ်ပစ်လိုက်"
ထျန်းဖုန့်ဧကရာဇ်က အမိန့်ပေးလိုက်သည်။ အရပ်မျက်နှာအသီးသီးမှ စစ်တပ်အားလုံးက စတင်တိုက်ခိုက်ကြ၏။ ချဉ်းကပ်ရဲသည့် မျိုးနွယ်စုသုံးစု၏ စစ်တပ်များကို ချက်ချင်း သတ်ဖြတ်ပစ်ကြသည်။ ထွက်ပြေးလာသော စစ်သည်တစ်စု အသတ်ခံရပြီးနောက် ကျန်လူများမှာ မတတ်သာဘဲ နောက်သို့ ပြန်ဆုတ်သွားကြ၏။
ဝှစ်…
တောက်နူက အောက်သို့ ဆင်းသက်၍ သွေးသံရဲရဲဖြစ်နေသော ရွှေအရှင်ကို မ,ကာ လေထဲသို့ မြှောက်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီး အသတ်ခံလိုက်ရပြီ... ရွှေအရှင်ကိုလည်း ဖမ်းမိပြီ... မင်းတို့ကောင်တွေ လက်နက်ချလိုက်ကြတော့"
"လက်နက်ချရင် အသက်ချမ်းသာပေးမယ်"
ယန်အရှင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏အသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေပြီး အသက်ရှင်ကျန်ရစ်သည့် မျိုးနွယ်စုသုံးစုမှ စစ်သည်သန်းပေါင်းများစွာ၏ နားစည်များကို နာကျင်သွားစေသည်။ မြို့ပြင်တွင် ကောင်းကင်ဖြိုခွင်းစစ်တပ်များ ရှိနေပြီး အဝေးတွင်လည်း ထျန်းဖုန့်ဧကရာဇ်တို့၏ စစ်တပ်များက ဝိုင်းရံထားကြ၏။ ရွှေအရှင် ဖမ်းဆီးခံလိုက်ရပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီး အသတ်ခံလိုက်ရပြီဟု ကြားလိုက်ရချိန်တွင် မျိုးနွယ်စုသုံးစု၏ စစ်တပ်အားလုံး ထိတ်လန့်သွားကြ၏။ မည်သူက အရင်ဆုံး လက်နက်ချလိုက်မှန်း မသိသော်လည်း စစ်သည်များက လက်နက်များချ၍ မြေပြင်ပေါ်၌ မှောက်လိုက်ကြသည်။
"ဒါက ထောင်ချောက်များလား"
ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများက သံသယဝင်နေကြ၏။ ဟန်ဆောင်နေခြင်းဆိုပါက ဤမျှ သဘာဝကျကျ ဟန်ဆောင်နိုင်မည် မဟုတ်ပေ။ ဟန်ဆောင်နေခြင်း မဟုတ်ပါကလည်း အဘယ်ကြောင့် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသနည်း။ မည်သည့်အကြောင်းပြချက်ကြောင့် တိုက်ခိုက်နေပါသနည်း။
အရေးအကြီးဆုံးက ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန် လွင့်စင်ပျောက်ကွယ်သွားသည်မှာ မကြာသေးသလို ချီလင်းအရှင်မ သေဆုံးသွားသည်မှာလည်း မကြာသေးချေ။ ဤအချိန်တွင် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြခြင်းက တိုက်ဆိုင်လွန်းနေသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် ပြဿနာရှိနေသဖြင့် ထျန်းဖုန့်ဧကရာဇ်တို့ စိတ်ထဲ၌ ယန်အရှင်၊ ရှားယွီနှင့် အခြားသူများအားလုံးတွင်လည်း ပြဿနာရှိနေသည်ဟု ထင်မြင်နေကြ၏။ လက်ရှိ အခြေအနေက ရှုပ်ထွေးလွန်းသဖြင့် အားလုံးမှာ နားမလည်နိုင် ဖြစ်နေကြသည်။
"ထောင်ချောက်ဟုတ်၊ မဟုတ် ကြည့်ရသေးတာပေါ့”
ဟယ်နုန်ယင်းက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် အေးစက်စွာ ပြောလိုက်၏။ "မျိုးနွယ်စုသုံးစုရဲ့ စစ်တပ်က လက်နက်ချလိုက်ပြီ မဟုတ်လား… သူတို့ကို ကျွန်မတို့ဆီ လွှဲပြောင်းခိုင်းလိုက်… လက်ခံရတာနဲ့ အကုန်သတ်ပစ်မယ်… နောက်ပြီး သူတို့ဘယ်လို ရှင်းပြမလဲ ကြည့်ကြတာပေါ့… ကျွန်မတို့ မလှုပ်ရှားဘဲ အခြေအနေကို စောင့်ကြည့်ကြမယ်"
ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြပြီး စစ်တပ်အားလုံးကို အသင့်စောင့်ဆိုင်းနေရန် အမိန့်ပေးလိုက်သည်။ အခြားမည်သည့် လှုပ်ရှားမှုမျှ မဆောင်ရွက်ကြချေ။ စစ်တပ်အားလုံးတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေကြပြီး ချီလင်းအရှင်မစစ်တပ်နှင့် ယန်ကိုးပါးစစ်တပ်၏ လက်မောင်းများတွင် အနက်ရောင် ပိတ်စများ ပတ်ထားကြ၏။ စစ်သည်များ၏ မျက်နှာပေါ်၌ ဝမ်းနည်းပူဆွေးမှုနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့က ဖုံးလွှမ်းနေချေသည်။
"အားလုံးကို ဖမ်းလိုက်"
မျိုးနွယ်စုသုံးစု၏ စစ်တပ်အားလုံးနီးပါး လက်နက်ချပြီးနောက် ယန်အရှင်က ကောင်းကင်ဖြိုခွင်းစစ်တပ်ကို အမိန့်ပေးလိုက်၏။ မျိုးနွယ်စုသုံးစု၏ စစ်သည်များကို ဖမ်းဆီးစေပြီး လက်နက်မချသည့် စစ်သည်များနှင့် သိုင်းပညာရှင်များကိုတော့ သတ်ဖြတ်ပစ်လိုက်သည်။
မျိုးနွယ်စုသုံးစု၏ စစ်တပ်တွင် အင်အား ခုနစ်သန်း၊ ရှစ်သန်းခန့် ရှိသော်လည်း အချိန်တိုအတွင်း၌ နှစ်သန်းကျော် အသတ်ခံလိုက်ရ၏။ ကျန်ရှိနေသည့် ငါးသန်းကျော်ကို အသုတ်လိုက် ခွဲ၍ ဖမ်းဆီးလိုက်ကြသည်။
နာရီဝက် ကြာပြီးနောက် စစ်တပ်အားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ ယန်အရှင်သည် ရှားယွီ၊ တောက်နူတို့နှင့်အတူ ရွှေအရှင်ကို သယ်၍ ထျန်းဖုန့်ဧကရာဇ်တို့ထံ ပျံသန်းလာ၏။ သူတို့က စစ်တပ်များ ခေါ်ဆောင်မလာဘဲ အင်အားကြီး သိုင်းပညာရှင် ခုနစ်ဦး၊ ရှစ်ဦးခန့်သာ ခေါ်လာသည်။ ထျန်းဖုန့်ဧကရာဇ်တို့ဘက်မှ အင်အားကြီး သိုင်းပညာရှင်များကလည်း ချက်ချင်းပင် အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်၍ ကောင်းကင်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်များကို လှည့်ပတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
ယန်အရှင်တို့က တစ်မိုင်ခန့်အကွာတွင် ရပ်တန့်၍ ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့အား ကြည့်လိုက်ကြသည်။ ထို့နောက် ယန်အရှင်က ဝမ်းနည်းပူဆွေးနေသည့် လေသံဖြင့် စပြော၏။ "ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ ကျုပ်သိပါတယ်... ချီလင်းအရှင်မရဲ့ သေဆုံးသွားရတဲ့အတွက် ကျုပ်တို့ သိပ်ကို စိတ်မကောင်းဖြစ်ရပါတယ်… ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အကြွင်းအကျန် ပျောက်ကွယ်သွားရတဲ့အတွက်လည်း ဝမ်းနည်းကြေကွဲရပါတယ်… ဒါကြောင့် တောင်းပန်တဲ့အနေနဲ့ ရွှေအရှင်နဲ့ မျိုးနွယ်စုသုံးစုရဲ့ စစ်တပ်ကို ကိုယ်တိုင် ဖမ်းဆီးခဲ့တာပါ… ကျုပ်တို့လည်း လှည့်စားခံလိုက်ရတာပါ... တကယ်ကို တောင်းပန်ပါတယ်"
ယန်အရှင်တို့က ခေါင်းငုံ့၍ အလွန်တရာ ရှက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့် ရပ်နေကြသည်။ သူတို့၏ ပုံပန်းသွင်ပြင်က စိတ်ရင်းဖြင့် ခံစားနေကြရပုံပေါ်၏။ ဟယ်နုန်ယင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ဆိတ်နေကြသည်။ ထျန်းဖုန့်ဧကရာဇ်က အော်ဟစ်မေးမြန်းလိုက်၏။ "ဘာတွေ ဖြစ်သွားခဲ့တာလဲ... ရှင်းရှင်းလင်းလင်း ပြောပြပါ"
ယန်အရှင်က ရုတ်တရက် နတ်ဘုရားစွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သဖြင့် အားလုံး ထိတ်လန့်သွားကြပြီး စတင်တိုက်ခိုက်ပြီဟု ထင်မှတ်သွားကြသည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်က လက်ဝှေ့ရမ်း၍ ငြိမ်သက်စေလိုက်၏။ ယန်အရှင်သည် အကာအကွယ်အလွှာတစ်ခုကို ထုတ်လိုက်ခြင်းဖြစ်ပြီး အင်အားကြီး ပုဂ္ဂိုလ်များအားလုံးကို ထိုအလွှာဖြင့် လွှမ်းခြုံထားလိုက်သည်။ ဤအကာအကွယ်အလွှာမှာ ဖောက်ထွင်းမြင်ရနိုင်ပြီး အသံလုံရန်သာ အသုံးပြုခြင်းဖြစ်၏။ မည်သည့် အတိုက်အခိုက်စွမ်းအားမှ မရှိချေ။
ယန်အရှင်က အလွန်တရာ နာကျင်ဝမ်းနည်းနေသည့် မျက်နှာဖြင့် ရှင်းပြလာသည်။ "ကိစ္စက ဒီလိုပါ... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ချီလင်းအရှင်မကို တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်... အဲဒီအချိန်မှာ ကျုပ်တို့အားလုံးလည်း ရှိနေခဲ့ကြတယ်... ဒါပေမဲ့ ချီလင်းအရှင်မ ရဲတိုက်ထဲ ဝင်သွားတာနဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ရုတ်တရက် မန္တန်အစီအရင်တစ်ခုကို ဖွင့်လှစ်ပြီး ရဲတိုက်ကို ချိတ်ပိတ်လိုက်တော့တာပဲ… ပြီးတော့ ချီလင်းအရှင်မက တမလွန်ဘုံသားတွေနဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲပြီး ချီလင်းအရှင်မကို သတ်ဖို့ ချက်ချင်းပဲ တိုက်ခိုက်ပါတော့တယ်"
ယန်အရှင်က ခေတ္တရပ်၍ သက်ပြင်းချကာ ဆက်ပြော၏။ "ကျုပ်တို့အားလုံး မသေမျိုးတစ်ပိုင်း ရသေ့ကြီး လှည့်စားတာကို ခံလိုက်ရတာပါ... အဲဒီအချိန်တုန်းက ဘာလုပ်ရမှန်းမသိဖြစ်ပြီး ငေးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး... မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ရွှေအရှင်တို့ကိုယ်တိုင် ချီလင်းအရှင်မကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ကြတယ်… အဲဒီအချိန်မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အကြွင်းအကျန် ထွက်ပေါ်လာပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ်ရဲ့ ကိုယ်ပွား ထိန်းချုပ်တာ ခံနေရတယ်လို့ ဖွင့်ပြောလာပါတယ်... သူက အင်အားကြီးတဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ နတ်ဘုရားစွမ်းရည်ထဲမှာ ပုန်းအောင်းနေတဲ့ တမလွန်ဘုံဧကရာဇ်ကိုယ်ပွားကို ထုတ်ဖော်ပြီး ဖျက်ဆီးပစ်လိုက်တယ်… မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်… ဒါပေမဲ့… ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အကြွင်းအကျန်လည်း လုံး၀ ပျောက်ကွယ်သွားခဲ့ရတယ်… ချီလင်းအရှင်မလည်း ရွှေအရှင်ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် အသတ်ခံလိုက်ရတာပါပဲ"
ယန်အရှင်၏ စကားများက ရိုးသားပုံပေါ်ပြီး ရှားယွီ၊ တောက်နူနှင့် အခြားသူများ၏ မျက်နှာများတွင်လည်း ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်နေသည်။ သူတို့ကား ဟန်ဆောင်နေပုံ မရချေ။ သူတို့၏ ရှင်းပြချက်ကလည်း ယုတ္တိရှိလှ၏။
မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ခန္ဓာကိုယ်ထဲတွင် တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပွားတစ်ခုက ပုန်းအောင်းနေပြီး ကမ္ဘာဦးကောင်းကင်ဘုံရှိ လူသားမျိုးနွယ်များ စုစည်းသွားစေရန် ချီလင်းအရှင်အား အကွက်ချစီစဉ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ တမလွန်ဘုံစစ်တပ်ကြီး ရောက်လာပါက လူသားမျိုးနွယ်သည် တိုက်ခိုက်စရာ မလိုဘဲ ရှုံးနိမ့်သွားပေလိမ့်မည်။
စီစဉ်ထားသည့် အကွက်က အလွန်ကောင်းမွန်ပြီး အရာအားလုံးက ပြည့်စုံသည်။ ဝမ်းနည်းစရာကောင်းစွာဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ချီလင်းအရှင်မ၏ ဝိညာဉ်ထဲ၌ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန် ပုန်းအောင်းနေမည်ဟု မျှော်လင့်မထားခဲ့ချေ။ တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပွားကို အတင်းအကြပ် ဖော်ထုတ်လိုက်ချိန်၌ ယန်အရှင်တို့လည်း ချက်ချင်း သတိဝင်လာခဲ့ကြ၏။ ထို့ကြောင့် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရွှေအရှင်မှာ အပြင်းအထန် ဒဏ်ရာရ၍ သေလုမြောပါး ဖြစ်နေပြီး မျိုးနွယ်စုသုံးစု၏ စစ်တပ်အားလုံးကိုလည်း ဖမ်းဆီးထားနိုင်ခြင်းပင်။
အရာအားလုံးက ဟာကွက်မရှိ ပြည့်စုံနေသော်လည်း ဟယ်နုန်ယင်းနှင့် အခြားသူများကတော့ မယုံကြည်နိုင်ကြသေးချေ။ ထို့အပြင် သံသယဖြစ်စရာ အချက်အချို့လည်း ရှိနေသေးသည်။
ဟယ်နုန်ယင်းက တစ်ခဏ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဘယ်မှာလဲ… ရှင်တို့ သူ့ကို သတ်လိုက်ပြီလို့ ပြောခဲ့တယ်မလား… အလောင်းကရော... နောက်ပြီး ကိစ္စတွေဖြစ်သွားတာက ဆယ်နာရီကျော်နေပြီကို ဘာလို့ အခုမှ ရွှေအရှင်ကို သတ်ဖို့နဲ့ မျိုးနွယ်စုသုံးစုရဲ့ စစ်တပ်ကို ဖမ်းဖို့ လှုပ်ရှားရတာလဲ"
ယန်အရှင်ကား စစ်တပ်အားလုံး၏ ရှေ့တွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး အသတ်ခံလိုက်ရပြီဟု ပြောခဲ့သည်။ အလောင်းကို မတွေ့ရပါက မည်သူမျှ ယုံကြည်မည်မဟုတ်ချေ။ အယုံသွင်းရန် ဖန်တီးထားသည့် အကွက်ဆိုလျှင်ရော။
ထို့အပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၌ ပြဿနာမရှိကြောင်း ပြောခဲ့ဖူး၏။ တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပွားက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို လှည့်စားနိုင်ခဲ့သည်တဲ့လော။ သို့သော် အချက်အလက်များအရ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကား အမှန်တကယ် သံသယဝင်စရာကောင်းကြောင်း သက်သေပြနေသည်။ ထိုသို့မဟုတ်ပါက ချီလင်းအရှင်မ မည်သို့ သေဆုံးလိမ့်မည်နည်း။
ဟယ်နုန်ယင်း၏ မေးခွန်းကို ရှားယွီက ရှင်းပြ၏။ သူမက သက်ပြင်းတစ်ချက်ချကာ ဖြေသည်။ "စောစောက ကျွန်မတို့ မျိုးနွယ်စုသုံးစုကို ခြောက်လှန့်လိုက်ရုံပါပဲ… မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အပြင်းအထန် ဒဏ်ရာရသွားရုံပါပဲ… မသေသေးပါဘူး... သူနဲ့ ရွှေအရှင်က သီးခြားစီ ထွက်ပြေးသွားခဲ့ကြတယ်… မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လိုက်သတ်နေလို့ အချိန်ကြန့်ကြာသွားတာပါ… မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အခုအချိန် နှင်းချောက်ကမ်းပါးအောက်မှာ ရှိနေလောက်ပါတယ်… တောက်နုက နှင်းချောက်ကမ်းပါးမှာ စောင့်နေခဲ့တာပါ... ရွှေအရှင် ယန်အရှင်မြို့တော်ဆီ ပြန်ခိုးဝင်လာပြီး စစ်တပ်ကို ထိန်းချုပ်မှာစိုးလို့ သတင်းရရချင်း ချက်ချင်း ပြန်လာခဲ့ရပါတယ်… ကံကောင်းထောက်မလို့ အချိန်မီ ရောက်လာနိုင်ခဲ့တာပါ"
တောက်နူ၊ ယန်အရှင်၊ ကုန်းယန်မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြပြီး ရှားယွီ၏ စကားများမှာ အလိမ်အညာမဟုတ်ကြောင်း ထောက်ခံလိုက်ကြသည်။ ဟယ်နုန်ယင်းက တိတ်ဆိတ်သွား၏။ အရာအားလုံးက အဆင်ပြေနေပြီး သံသယဖြစ်ဖွယ် အချက်အားလုံးကိုလည်း ရှင်းပြနိုင်ခဲ့သည်။ မျိုးနွယ်စုသုံးစု၏ အလောင်းများက ယန်အရှင်မြို့တော် အပြင်ဘက်တွင် ရှိနေဆဲဖြစ်ပြီး ဤကိစ္စကို လိမ်လည်၍ မရချေ။
ဟယ်နုန်ယင်း၊ ထျန်းဖုန့်ဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောင်းကင်ဘုရင်ဝေက ပြော၏။ "ဒါဆို ရွှေအရှင်နဲ့ မျိုးနွယ်စုသုံးစုရဲ့ စစ်တပ်ကို ကျုပ်တို့ဆီ လွှဲပေးပါ… ကျုပ်တို့ အရင် စစ်ဆေးမေးမြန်းကြည့်မယ်… အဖြစ်အပျက်တွေက အမှန်ပဲဆိုရင် ဒီကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်တော့ဘူး"
ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။ ထောင်ချောက်ဟုတ်၊ မဟုတ်ဆိုသည်က တစ်ဖက်လူမှ လူလွှဲပေးခြင်း ရှိ၊ မရှိ အပေါ် မူတည်နေ၏။ လူလွှဲပေးမည်ဆိုပါက ပြဿနာ မရှိနိုင်တော့ချေ။
ဝှစ်
ယန်အရှင်က ခေါင်းညိတ်လိုက်ပြီး တောက်နူက ရွှေအရှင်ကို ချက်ချင်း ပစ်ပေးလာသည်။ မီးမြေခွေးဧကရာဇ်က ကိုယ်တိုင်လှုပ်ရှား၍ ရွှေအရှင်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲကာ နတ်ဘုရားအမြုတေနှင့် ဝိညာဉ်အား ချက်ချင်း ချိတ်ပိတ်လိုက်တော့၏။