အခန်း ၂၀၇၂
Vol. 149 Ch. 2072
အပိုင်း ၂၀၇၂ အကုန်သတ်ပစ်
"စစ်တပ်အားလုံးကို ဒီ ခေါ်လာခဲ့"
ရှားယွီက အမိန့်ပေးလိုက်သည်။ ကောင်းကင်ဖြိုခွင်းစစ်တပ်သည် မျိုးနွယ်စုသုံးစု၏ စစ်သည်သန်းပေါင်းများစွာကို ဖမ်းဆီးခေါ်ဆောင်လာ၏။ ထိုအထဲတွင် ရှောင်ရူတိလည်း ပါဝင်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ဦးက သူ့ကို ဆွဲခေါ်လာသည်။ သူ၏ မျက်လုံးထဲတွင် အမုန်းတရားတို့ ပြည့်နှက်နေလေသည်။
ရှောင်ရူတိ၏ မျက်လုံးများကို မြင်လိုက်ရချိန်၌ ဟယ်နုန်ယင်းသည် ခန္ဓာကိုယ်ထဲမှ အသတ်အဖြတ်စိတ်ဆန္ဒများကို ဆက်လက်ဖုံးကွယ်မထားနိုင်တော့ဘဲ ငွေရောင်လေးကို ထုတ်ယူ၍ မြှားတစ်စင်း ပစ်လွှတ်လိုက်၏။
"ဟင်"
ရှောင်ရူတိကို ခေါ်လာသည့် ဧကရာဇ်တစ်ပိုင်းအဆင့်က ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း ယန်အရှင်က နောက်ဆုတ်ရန် အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့ကြောင့် သူက ရှောင်ရူတိကို လွှတ်ချလိုက်၏။ ဟယ်နုန်ယင်း၏ မြှားက ရှောင်ရူတိကို ထိမှန်သွားသည်။ ရှောင်ရူတိမှာ နတ်ဘုရားအမြုတေ ချိတ်ပိတ်ခံထားရပြီး ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာကိုလည်း ချွတ်ထားရ၏။ ပျံသန်းလာသော ငွေရောင်မြှားကို ငေးကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ချေ။
"မလုပ်ပါနဲ့"
ရှောင်ရူတိက အော်ဟစ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီး ပြာကျကာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
မျိုးနွယ်စုသုံးစု၏ စစ်သည်များနှင့် အင်အားကြီး သိုင်းပညာရှင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသော်လည်း အားလုံး ချိတ်ပိတ်ခံထားရပြီး လည်ပင်းတွင် ဓားများ တေ့ထားသဖြင့် မည်သူမျှ မလှုပ်ရှားရဲကြချေ။
"အားလုံးကို ဖမ်းလိုက်"
ကောင်းကင်ဘုရင်ဝေက လက်ဝှေ့ရမ်းလိုက်ရာ ဘုရင်တချို့သည် သုံ့ပန်းများကို ကိုယ်တိုင် ဦးဆောင်လျက် ခေါ်ဆောင်သွားကြ၏။ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများကတော့ အခြေအနေကို စောင့်ကြည့်နေကြပြီး ယန်အရှင်၊ ရှားယွီနှင့် အခြားသူများ လှုပ်ရှားလာပါက ချက်ချင်း ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် အသင့်ပြင်ထားကြသည်။
အရာအားလုံးက အလွန်တရာ ငြိမ်သက်နေသည်။
သုံ့ပန်းများကို တစ်ယောက်ပြီးတစ်ယောက် လက်ခံယူနေသော်လည်း ယန်အရှင်၊ ရှားယွီနှင့် အခြားသူများထံမှ မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရချေ။ စစ်သည်သန်းပေါင်းများစွာကို လျင်မြန်စွာ ဖမ်းဆီးထိန်းချုပ်လိုက်ပြီး အင်အားကြီးသူများကို ချိပ်ပိတ်၍ စစ်သည်များ၏ လည်ပင်းတွင်လည်း ဓားများ တေ့ထားလိုက်သည်။
"အရာအားလုံးက အမှန်ပဲလား"
ဟယ်နုန်ယင်းနှင့် အခြားသူများ၏ သံသယများက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ အနည်းဆုံးတော့ မျိုးနွယ်စုသုံးစု၏ စစ်တပ်များ ဖမ်းဆီးခံရခြင်းက အတုအယောင် မဟုတ်ပေ။ မျိုးနွယ်စုသုံးစု၏ အင်အားကြီး သိုင်းပညာရှင် အများအပြားကို သူတို့အားလုံး မှတ်မိကြသည်။ ယခု ထိုအင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်အားလုံး ဖမ်းဆီးခံလိုက်ရပြီး ရွှေအရှင်၏ အသက်ကလည်း သူတို့၏ လက်ထဲတွင် ရှိနေ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် အကြံအစည်ရှိလျှင်တောင်မှ မျိုးနွယ်စုသုံးစု၏ စစ်တပ်နှင့် အင်အားကြီးပုဂ္ဂိုလ်များကို လျစ်လျူရှုထားမည် မဟုတ်ပေ။
"မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တကယ် မြို့ထဲမှာ မရှိဘူး"
ချီဟုန်က ထျန်းဖုန့်ဧကရာဇ်ကို အသံလွှင့်၍ ပြောလာသည်။ ၎င်း၏ ဝိညာဉ်က အလွန် အစွမ်းထက်လှသဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီး မြို့ထဲတွင် ပုန်းအောင်းနေပါက မသိစရာ အကြောင်းမရှိချေ။
နာရီဝက်ကြာပြီးနောက် မျိုးနွယ်စုသုံးစု၏ စစ်တပ်အားလုံး ဖမ်းဆီးခံလိုက်ရပြီး အားလုံး စိတ်အေးသွားကြ၏။ ထျန်းဖုန့်ဧကရာဇ်က လက်ဆန့်၍ သတိလစ်နေသော ရွှေအရှင်ကို ဆွဲယူလိုက်ပြီး လူအားလုံး၏ ရှေ့တွင် ဝိညာဉ်ရှာဖွေလိုက်သည်။
မိစ္ဆာမျိုးနွယ်များ၏ ဝိညာဉ်ရှာဖွေခြင်းအတတ်က ဝိညာဉ်ကို အတင်းအကြပ် ဖောက်ထွင်း၍ မှတ်ဉာဏ်များကို စစ်ဆေးနိုင်သော်လည်း ရှာဖွေခံရသူက ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ထျန်းဖုန့်ဧကရာဇ်သည် ကျန်းယီ၏ ဝိညာဉ်သားရဲ ဖြစ်သဖြင့် သစ္စာဖောက်မည်ကို စိုးရိမ်စရာ မလိုချေ။ ဝိညာဉ်ရှာဖွေလိုက်ရုံဖြင့် အဖြစ်အပျက်အားလုံးကို ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်၏။
မီးမြေခွေးဧကရာဇ်၊ ပူနီဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေ၊ ဟယ်နုန်ယင်းနှင့် အခြားအင်အားကြီး ပုဂ္ဂိုလ်းအားလုံးက ယန်အရှင်၊ ရှားယွီနှင့် အခြားသူများကို သတိထား၍ စောင့်ကြည့်နေကြသည်။
ဝိညာဉ်ရှာဖွေပြီးနောက် အမှန်တရားအားလုံး ပေါ်လာမည်ဖြစ်ပြီး တစ်ဖက်လူတွင် အကြံအစည်ရှိပါက ဤအခိုက်အတန့်၌ သေချာပေါက် လှုပ်ရှားလာပေလိမ့်မည်။
ယန်အရှင်၊ ရှားယွီနှင့် အခြားသူများကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိချေ။ ချီဟုန်၏ ကောင်းကင်အာရုံကလည်း ပတ်ဝန်းကျင် အရပ်လေးမျက်နှာကို အဆက်မပြတ် စောင့်ကြည့်နေပြီး ထူးခြားမှုရှိပါက ချက်ချင်း သတိပေးမည်ဖြစ်သည်။
"အား..."
ရွှေအရှင်မှာ အတင်းအကြပ် ဝိညာဉ်ရှာဖွေခံလိုက်ရသဖြင့် အော်ဟစ်မြည်တမ်းလျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ မျက်လုံးများ ပြူးကျယ်လာ၏။ ထို့နောက် ဝိညာဉ်ပျက်စီးကာ လုံးဝ သေဆုံးသွားလေသည်။ ယန်အရှင်၊ ရှားယွီ၊ တောက်နူနှင့် အခြားသူများ ထံမှ မည်သည့်လှုပ်ရှားမှုမျှ မရှိကြောင်း အတည်ပြုပြီးနောက် အားလုံး၏ အကြည့်များက ထျန်းဖုန့်ဧကရာဇ်ထံ ရောက်လာကြသည်။ ထျန်းဖုန့်ဧကရာဇ်က မျက်လုံးများကို မှိတ်၍ ရှာဖွေရရှိလာသော အချက်အလက်များကို ခေတ္တမျှ စုပ်ယူလိုက်သည်။ ထို့နောက် မျက်လုံးများ ပြန်ဖွင့်ကာ ခေါင်းညိတ်၍ ပြော၏။ "သူတို့ပြောသလိုပါပဲ… မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ရွှေအရှင်တို့က တကယ်ပဲ တိုက်ခိုက်ခဲ့တာပါ… ကြည့်လိုက်ပါဦး"
ထျန်းဖုန့်ဧကရာဇ်က ရွှေအရှင်၏ အလောင်းကို ပစ်ချလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်၍ ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုပုံရိပ်ကား ရွှေအရှင်၏ ဝိညာဉ်ထဲမှ ရှာဖွေတွေ့ရှိခဲ့သော မြင်ကွင်းဖြစ်၏။
ပုံရိပ်ထဲရှိ ရဲတိုက်တစ်ခုအတွင်း၌ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ရွှေအရှင်၊ ယန်အရှင်၊ ရှားယွီ၊ တောက်နူ၊ တောက်နုနှင့် ကုန်းယန်မျိုးနွယ်စုခေါင်းဆောင်တို့ အားလုံး စုဝေးနေကြသည်။ ချီလင်းအရှင်မ တစ်ယောက်တည်း ရဲတိုက်ထဲသို့ ဝင်ရောက်လာပြီး သူမ ဝင်လာသည်နှင့် ရဲတိုက်၏ မန္တန်အစီအရင်က ရုတ်တရက် အသက်ဝင်လာ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ရွှေအရှင်တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်၍ ချီလင်းအရှင်မကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန် ထွက်ပေါ်လာပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ပြန်လည် အပြင်းအထန် ဒဏ်ရာရစေခဲ့၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် စွမ်းအင်တစ်စု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ပွားတစ်ခုအဖြစ် ပေါ်ထွက်လာသည်။ ထိုကိုယ်ပွားကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အတင်းအကြပ် ဖျက်ဆီးပစ်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်စွမ်းအားက အားနည်းလွန်းသောကြောင့် နောက်ဆုံးတွင် လွင့်စင်ပျောက်ကွယ်သွားရလေသည်။
နောက်ဆုံးတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ရဲတိုက်၏ အကာအရံကို ဖွင့်၍ အားလုံး အံ့အားသင့်နေချိန်တွင် ထွက်ပြေးသွားခဲ့ပြီး ရွှေအရှင်ကလည်း တစ်ပြိုင်နက်တည်း ထွက်ပြေးသွား၏။ ယန်အရှင်နှင့် အခြားသူများကလည်း ချက်ချင်း လိုက်လံတိုက်ခိုက်ကြသည်။ သို့သော် ရွှေအရှင်က ထွက်မပြေးမီ အပြင်းအထန် ဒဏ်ရာရနေသော ချီလင်းအရှင်မကို ချုံခိုတိုက်ခိုက်၍ တစ်ချက်တည်းဖြင့် သတ်ဖြတ်သွားခဲ့၏။
ပုံရိပ်က အသံမပါဘဲ အနည်းငယ် ဝေဝါးနေသည့်တိုင် အစစ်အမှန်နှင့် တူလှသည်။ လူတိုင်း၏ မျက်နှာအမူအရာက အသက်ဝင်နေပြီး ရွှေအရှင်က ချီလင်းအရှင်မကို သတ်ဖြတ်လိုက်ချိန်၌ သူ့မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကိုပါ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
"အစောင့်တို့"
နောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဟယ်နုန်ယင်း၏ မျက်ဝန်းများမှ မျက်ရည်တို့က မြစ်တစ်စင်းအလား စီးကျလာသည်။ သူမက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်၏။ "မျိုးနွယ်စုသုံးစုရဲ့ သုံ့ပန်းတွေ အားလုံးကို သတ်ပစ်လိုက်… ချီလင်းအရှင်မနဲ့ ကောင်းကင်ဧကရာဇ်တို့ရဲ့ ဝိညာဉ်တွေကို ပူဇော်ရမယ်"
သုံ့ပန်းများကို ယန်ကိုးပါးစစ်တပ်က လက်ခံရယူထားခြင်း ဖြစ်ပြီး ကောင်းကင်ဘုရင်အချို့မှာ အနည်းငယ် တုံ့ဆိုင်းနေကြသည်။ ကောင်းကင်ဘုရင်ဝေ၏ မျက်လုံးများက အေးစက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သတ်ကြ..."
ကောင်းကင်ဘုရင်များနှင့် ယန်ကိုးပါးစစ်တပ်လည်း ဆက်လက် မတုံ့ဆိုင်းတော့ချေ။ တလတ်လတ် တောက်ပနေသည့် မရေမတွက်နိုင်သော စစ်ဓားများကို ဝှေ့ယမ်းကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် သုံ့ပန်းများ၏ ခေါင်းများကို ခုတ်ပိုင်းလိုက်ကြသည်။
မရေမတွက်နိုင်သည့် အော်ဟစ်သံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် ညည်းညူသံများ ထွက်ပေါ်လာပြီး ခေါင်းများစွာက မြေပြင်ပေါ်သို့ လိမ့်ကျသွား၏။ စစ်သည်သန်းပေါင်းများစွာမှာ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရလေပြီ။ ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် အဝေးမှ ကောင်းကင်ဖြိုခွင်းစစ်သည်များပင်လျှင် တစ်ကိုယ်လုံး အေးစက်၍ ဝိညာဉ်များ တုန်လှုပ်သွားကြသည်။
တိုက်ပွဲအတွင်း လူသန်းပေါင်းများစွာ သတ်ဖြတ်ခံရခြင်းကို စစ်သည်များ ယဉ်ပါးနေကြပြီ ဖြစ်၏။ သို့သော် ဤသည်က သုံ့ပန်းများကို သတ်ဖြတ်ခြင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင်။ သိန်းနှင့်ချီသော ခေါင်းများ လိမ့်ကျသွားပြီး ခေါင်းပြတ်အလောင်း သန်းပေါင်းများစွာထံမှ သွေးများ ပန်းထွက်နေသည့် မြင်ကွင်းကို ဤနေရာရှိ လူအားလုံး တစ်သက်တာ မေ့ဖျောက်နိုင်မည် မဟုတ်တော့ချေ။
စစ်သည်ငါးသန်းကျော်၏ အလောင်းများက တောင်ကုန်းလွင်ပြင်အနှံ့ ပြန့်ကျဲနေပြီး ယန်အရှင်မြို့တော်အပြင်ဘက်ရှိ လွင်ပြင်ကြီးမှာ အလောင်းတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
နေရာတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရနိုင်သည်အထိ တိတ်ဆိတ်သွား၏။ အလောင်းများမှ သွေးတို့ ပန်းထွက်နေသည့် အသံမှလွဲ၍ မည်သူမှ စကားမပြောရဲကြသလို အသံပင် မထွက်ရဲကြချေ။
ဟယ်နုန်ယင်း၏ မျက်ရည်များက ရပ်တန့်သွားချေပြီ။ သူမက အသက်တစ်ရှိုက် ရှူသွင်းလိုက်ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နှင်းချောက်ကမ်းပါးမှာ ရှိနေတုန်းပဲလား"
ဟယ်နုန်ယင်း၏ အရှိန်အဝါကြောင့် တောက်နူပင် သူမကို စေ့စေ့မကြည့်ရဲတော့ချေ။ ထိုလူသန်းပေါင်းများစွာကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်သူက သူမ မဟုတ်ပါလော။
တောက်နူက တစ်ခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။ "တောက်နူက အဲဒီမှာ စောင့်နေတုန်းပဲ… အခုထိ သတင်းပို့မလာသေးတော့ နှင်းချောက်ကမ်းပါးအောက်မှာ… ရှိနေလောက်ဦးမယ်"
"နှင်းချောက်ကမ်းပါးဆီ သွားမယ်"
ဟယ်နုန်ယင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြောက်ဘက်သို့ ပျံသန်းသွားသည်။ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကလည်း အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် စစ်တပ်ကို ဦးဆောင်ကာ မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။ ထျန်းဖုန့်ဧကရာဇ်က ချီဟုန်ထံ အသံပို့လွှတ်လိုက်ပြီးနောက် မိစ္ဆာမျိုးနွယ်စစ်တပ်ကို ဦးဆောင်ကာ မြောက်ဘက်သို့ ပျံသန်းလိုက်ပါသွား၏။
လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်စစ်တပ် အင်အားသန်းတစ်ရာက မြန်မြန်ဆန်ဆန် လာရောက်ခဲ့သလို မြန်မြန်ဆန်ဆန်ပင် ပြန်လည်ဆုတ်ခွာသွားကြပြီး မြောက်ဘက် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။ အလောင်းငါးသန်းကျော်သာ ကျန်ရစ်ခဲ့လေသည်။
ယခင်က အသတ်ခံခဲ့ရသော မျိုးနွယ်စုသုံးစုမှ စစ်သည်နှစ်သန်းကျော်နှင့် ကောင်းကင်ဖြိုခွင်းစစ်တပ်မှ ကျဆုံးသွားသော စစ်သည်သိန်းပေါင်းများစွာ ထည့်ပေါင်းလိုက်ပါက ယန်အရှင်မြို့တော် အပြင်ဘက်တွင် သေဆုံးသွားသူ အရေအတွက်မှာ ရှစ်သန်းကျော်အထိ ရှိနေပြီဖြစ်သဖြင့် ဤနေရာမှာ ငရဲပြည်နှင့် မကွာခြားတော့ချေ။
"စစ်တပ်အားလုံး ရွှေ့ပြောင်းမယ်… အနီးအနားက ယန်ဝူမြို့တော်မှာ သွားစောင့်မယ်… ယန်ကျန့် မင်း လူတစ်သန်းနဲ့အတူ စစ်မြေပြင်ကို ရှင်းလင်းဖို့နဲ့ အလောင်းတွေကို မြှုပ်နှံဖို့ ကျန်ခဲ့လိုက်"
ယန်အရှင်က မှိုင်းညို့နေသော မျက်နှာဖြင့် အားအင်ကုန်ခမ်းစွာ လက်ဝှေ့ရမ်းလိုက်သည်။ ရှားယွီ၊ တောက်နူနှင့် အခြားသူများ၏ မျက်နှာအမူအရာကလည်း အလွန်သုန်မှုန်နေပြီး အနောက်ဘက်သို့ အသီးသီး ပျံသန်းသွားကြ၏။
မသေမျိုးတစ်ပိုင်း ရသေ့ကြီး ရှိရာသို့ အင်အားကြီး သိုင်းပညာရှင် အများအပြား သွားရောက်နေကြသဖြင့် သူတို့ ဝင်ရောက်စွက်ဖက်ရန် မလိုတော့ချေ။ လိုက်သွားပါက အထင်လွဲခံရနိုင်သဖြင့် အားလုံးက ယန်ဝူမြို့တော်၌ သွားရောက်စောင့်ဆိုင်းရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်၌ပင် ရှားယွီ၏ လက်ထဲရှိ တံဆိပ်ပြားတစ်ခုက ရုတ်တရက် လင်းလက်လာ၏။ သူမ၏ မှိုင်းညို့နေသော အမူအရာက ချက်ချင်း တက်ကြွသွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ "အရှင်.. အရှင်က တမလွန်ဘုံကနေ ပြန်ထွက်လာနေပြီ"