← Chapters

အခန်း ၂၀၇၃

Vol. 149 Ch. 2073

အခန်း ၂၀၇၃

Vol. 149 Ch. 2073

အပိုင်း ၂၀၇၃ ငါ မင်းကို သတ်မယ်

"အရှင်"

"ကောင်းကင်ဧကရာဇ်လား”

ယန်အရှင်၊ တောက်နူနှင့် အခြားသူများက အံ့ဩမှင်သက်သွားကြပြီး ရှားယွီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ သူမ ရူးသွားပြီဟုပင် ထင်လိုက်ကြ၏။ မိုးပြာမဟာဧကရာဇ် ပိတ်မိနေသည်မှာ ကြာပြီဖြစ်၍ မသေဘဲ အသက်ရှင်နေခြင်းကပင် အလွန် ကံကောင်းနေပြီဖြစ်သည်။ အမှန်တကယ် ပြန်ထွက်လာနိုင်မည်လော။

"အားလုံး လာကြည့်ကြ"

ရှားယွီ၏ လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာ၏။ ထိုတံဆိပ်ပြားမှာ အလွန် ထူးခြားပြီး ၎င်းပေါ်တွင် "မိုးပြာ” ဟူသော စာလုံးတစ်လုံးကို ရေးသားထားသည်။ ထိုကျောက်စိမ်းတံဆိပ်ပြားက ထူးခြားလွန်းသဖြင့် ယန်အရှင်သည် မြင်မြင်ချင်း မိုးပြာမဟာဧကရာဇ်၏ ကိုယ်ပိုင် ကျောက်စိမ်းတံဆိပ်ပြားမှန်း ချက်ချင်း မှတ်မိသွား၏။

ယခုအခိုက်အတန့်တွင် ထိုကျောက်စိမ်းတံဆိပ်ပြားက အဆက်မပြတ် တောက်ပနေသည်။ မည်သည့် သတင်းအချက်အလက်မှ မပြသသော်လည်း အလင်းရောင်ကတော့ ဆက်တိုက် တောက်ပနေသည်။

"ဒီတံဆိပ်ပြား လင်းနေတာက ဘာအဓိပ္ပာယ်လဲ" ယန်အရှင်နှင့် အခြားသူများက စိုးရိမ်တကြီးဖြင့် ဝိုင်းအုံလာကာ မေးမြန်းလိုက်ကြသည်။

"ဘာအဓိပ္ပာယ်လဲတော့ ကျွန်မလည်း မသိဘူး"

ရှားယွီက ခေါင်းခါလိုက်သော်လည်း သေချာပြတ်သားသော လေသံဖြင့် ပြော၏။ "တမလွန်ချောက်နက်ထဲမှာ တမလွန် နတ်ဘုရားသတ်ဖြတ် မန္တန်အစီအရင် ရှိတယ်… အဲဒီ မန္တန်အစီအရင်က အပြင်လောကနဲ့ ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်နိုင်တယ်ဆိုတာ ရှင်တို့ အားလုံး သိမှာပါ… ဆိုတော့ ဒီကျောက်စိမ်းတံဆိပ်ပြား လင်းလာတာက အရှင်က တမလွန်ချောက်နက်နဲ့ တမလွန်ဘုံကနေ ထွက်လာတဲ့ အဓိပ္ပာယ်ပဲ"

"ကောင်းတယ်"

ယန်အရှင်နှင့် အခြားသူများမှာ အလွန် တက်ကြွသွားကြ၏။ မိုးပြာမဟာဧကရာဇ်သာ ပြန်ထွက်လာနိုင်ပါက လူသားမျိုးနွယ်အတွက် ကြီးမားသာ မျှော်လင့်ချက်ကြီး ရှိနေသေးသည်။ ချီလင်းအရှင်မ သေဆုံး၍ မျိုးနွယ်စုသုံးစု သစ္စာဖောက်သွားသော်လည်း မျှော်လင့်ချက် ရှိနေသေး၏။ မိုးပြာမဟာဧကရာဇ်က ထိုမျှော်လင့်ချက်ကို ကိုယ်စားပြုချေသည်။

"သွားကြစို့"

ယန်အရှင်က လက်ဝှေ့ရမ်း၍ စစ်တပ်ကို ဦးဆောင်ကာ ယန်ဝူမြို့တော်သို့ ဆုတ်ခွာသွားလေသည်။ မိုးပြာမဟာဧကရာဇ် ပြန်လာနိုင်ခြင်းက သူ၏ ယုံကြည်ချက်ကို မြင့်တက်လာစေ၏။ မည်မျှပင် ခက်ခဲသော အခြေအနေဖြစ်ပါစေ ပြဿနာ မဟုတ်တော့ဟု ခံစားလိုက်ရသည်။

အခြားတစ်ဖက်တွင် ထျန်းဖုန့်ဧကရာဇ်၊ ဟယ်နုန်ယင်းနှင့် အခြားသူများက စစ်တပ်ကို ဦးဆောင်၍ အရှိန်အဟုန်ပြင်းစွာ ချီတက်နေကြ၏။ နှင်းချောက်ကမ်းပါးမှာ သိပ်မဝေးလှဘဲ မိုင်ပေါင်းသန်းဂဏန်းသာ ကွာဝေးသဖြင့် ခုနစ်နာရီ၊ ရှစ်နာရီအတွင်း ရောက်နိုင်သည်။

နှင်းချောက်ကမ်းပါးသည် မရဏနယ်မြေတစ်ခု ဖြစ်ပြီး ကမ္ဘာဦးကောင်းကင်ဘုံတွင် အတော်လေး နာမည်ကြီး၏။ ၎င်းအတွင်း၌ ထူးဆန်းသော နှင်းပိုးကောင်များ ရှိပြီး ဧကရာဇ်တစ်ပိုင်းအဆင့်များပင် အထဲသို့ မဝင်ရဲကြချေ။ သို့သော် ဧကရာဇ်အဆင့် သုံးဦး၊ ချီဟုန်နှင့် အခြား အင်အားကြီး သိုင်းပညာရှင်များစွာ ပါလာသဖြင့် နှင်းချောက်ကမ်းပါးထဲသို့ ဆင်းရန်မှာ ပြဿနာ မရှိချေ။

ထျန်းဖုန့်ဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနှင့် အခြား အင်အားကြီးပုဂ္ဂိုလ်များက မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ကြိုတင်ထွက်ခွာသွားပြီး နှင်းချောက်ကမ်းပါးဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြ၏။

သုံးနာရီ ကြာပြီးနောက်။

နှင်းချောက်ကမ်းပါးကို လှမ်းမြင်နေရချေပြီ။ အနီးအနားရှိ ကင်းထောက်များက ကြိုတင်၍ စုံစမ်းနေကြပြီး စစ်တပ်ကြီး နှင်းချောက်ကမ်းပါး အဝင်ဝသို့ မရောက်ခင် ကင်းထောက်တပ်မှူးတစ်ဦးက အပြေးအလွှား ရောက်လာသည်။

ကောင်းကင်ဘုရင်ဝေက အဝေးမှ အော်မေးလိုက်သည်။ "အခြေအနေ ဘယ်လိုလဲ... မသေမျိုးတစ်ပိုင်း ရသေ့ကြီးရော"

"ဘာမှ မထူးခြားပါဘူး"

ကင်းထောက်တပ်မှူးက ‌လျှောက်တင်ကြ၏။ "တောက်နုနဲ့ တောက်လန်တို့က နှင်းချောက်ကမ်းပါး အပေါ်မှာ တစ်ချိန်လုံး စောင့်နေကြတာပါ... မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ အရိပ်အယောင်ကို ကျွန်တော်တို့ မတွေ့ရပါဘူး... ဒါပေမဲ့ နှင်းချောက်ကမ်းပါးက အရမ်းကြောက်ဖို့ကောင်းလို့ ကျွန်တော်တို့ အောက်ကို မဆင်းရဲပါဘူး"

"သွားကြစို့"

ထျန်းဖုန့်ဧကရာဇ်က ရှေ့ဆုံးမှ ဦးဆောင်၍ နှင်းချောက်ကမ်းပါးဆီသို့ ပျံသန်းသွားသည်။ အင်အားကြီး ပုဂ္ဂိုလ် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်က နောက်မှ လိုက်ပါသွားကြ၏။

"ဘယ်သူတွေလဲ"

နှင်းချောက်ကမ်းပါး အထက်တွင် တောက်နု၊ တောက်လန်နှင့် လူဒါဇင်ပေါင်းများစွာ စောင့်ကြပ်နေကြသည်။ စွမ်းအားကြီး အရှိန်အဝါများကို ခံစားမိသည်နှင့် ချက်ချင်း သတိထားလိုက်ကြ၏။

ထျန်းဖုန့်ဧကရာဇ်က တောက်နုနှင့် အခြားသူများကို လျစ်လျူရှုကာ နှင်းချောက်ကမ်းပါး အထက်သို့ ပျံသန်းသွားပြီး ကောင်းကင်အာရုံဖြင့် ချက်ချင်း စစ်ဆေးလိုက်သည်။ သို့သော် ချောက်ကမ်းပါးမှာ နက်ရှိုင်းလှသဖြင့် ကောင်းကင်အာရုံက အောက်ခြေအထိ မရောက်နိုင်ချေ။ ထျန်းဖုန့်ဧကရာဇ်က တောက်နုကို ကြည့်၍ မေးလိုက်သည်။ "မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အောက်မှာလား"

တောက်နု၊ တောက်လန်နှင့် အခြားသူများက မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါး၊ ဟယ်နုန်ယင်းနှင့် စစ်တပ်ကြီးတို့ အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ရောက်လာသည်ကို မြင်လျှင် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားကြ၏။ သူတို့အပေါ် ဒေါသပုံချမည်ကို စိုးရိမ်နေကြသည်။

တောက်နုက အပိုစကား မပြောရဲဘဲ အရိုအသေပေး၍ ဖြေသည်။ "သူ အပြင်ကို တစ်ခါမှ မထွက်လာပါဘူး... ဒါပေမဲ့ အောက်ကနေ ထွက်ပြေးသွားသလားတော့ ကျွန်တော်တို့လည်း မသိဘူး"

"အောက်ဆင်းမယ်... အပေါ်မှာ စောင့်ကြည့်ဖို့ လူနည်းနည်း ကျန်ခဲ့ကြ"

ထျန်းဖုန့်ဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများက အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ အားလုံး အောက်သို့ ပျံသန်းဆင်းသက်သွားကြ၏။ ကောင်းကင်ဘုရင်ယွင် အပါအဝင် ဧကရာဇ်တစ်ပိုင်းအဆင့် ဆယ်ယောက်ကျော်ကို အပေါ်တွင် ထားရစ်ခဲ့သည်။ ဤလူများ ရှိနေသဖြင့် ချုံခိုတိုက်ခိုက်ခံရလျှင်တောင်မှ ချက်ချင်း သတိပေးနိုင်မည်ဖြစ်သည်။

နှင်းချောက်ကမ်းပါးက သာမန်လူများအတွက် မရဏနယ်မြေဖြစ်သော်လည်း ဤအင်အားကြီး ပုဂ္ဂိုလ်များအတွက်တော့ ထိုသို့မဟုတ်ပေ။ အောက်သို့ ဆင်းသက်သွားပြီးနောက် ချောက်ကမ်းပါး နံရံများပေါ်ရှိ နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေသော ပိုးကောင်များက အလန့်တကြား ထပျံလာကြသည်။ အင်အားကြီး ပုဂ္ဂိုလ်အားလုံးက ပိုးကောင်များကို အလွယ်တကူ သတ်ဖြတ်လိုက်ကြ၏။

ဤနေရာကို နှင်းချောက်ကမ်းပါးဟု ခေါ်ဆိုရခြင်းမှာ နှင်းပွင့်ကဲ့သို့ ပိုးကောင်များစွာ ရှိနေသောကြောင့်ပင်။ စစ်တပ်ကြီးက ပိုးကောင်များကို ရှင်းလင်းရန် လာခြင်းမဟုတ်ချေ။ အောက်သို့သာ အလျင်အမြန် ဆင်းသက်သွားပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ သဲလွန်စကို ရှာဖွေရန် ကောင်းကင်အာရုံများကို အဆက်မပြတ် ဖြန့်ကျက်ထားကြ၏။

ပေတစ်ထောင်၊ ပေတစ်သောင်း၊ ပေသုံးသောင်း။

ချီဟုန်က ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အောက်သို့ လျှပ်တပျက် ပျံသန်းသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ခွေးကောင်... ဘယ်ကို ထွက်ပြေးမလို့လဲ"

"ဟင်"

အားလုံး၏ မျက်လုံးများထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒများ တောက်လောင်သွားကြ၏။ ချီဟုန်၏ ကောင်းကင်အာရုံက အလွန် အစွမ်းထက်လှရာ သူ ရုတ်တရက် ကိုယ်ထင်ပြလာခြင်းက မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို သေချာပေါက် တွေ့ရှိသွားသောကြောင့် ဖြစ်ပေမည်။ ချက်ချင်းပင် အင်အားကြီး ပုဂ္ဂိုလ်အားလုံးက အောက်သို့ အမြန်ဆုံး ဆင်းသက်သွားကြသည်။

ဝုန်း... ဝုန်း... ဝုန်း

အောက်ခြေမှ တအုန်းအုန်း အသံများ တရစပ် ထွက်ပေါ်လာ၏။ ထျန်းဖုန့်ဧကရာဇ်၏ ကောင်းကင်အာရုံက အောက်ခြေသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ထွက်ပြေးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သေချာတယ်... မသေမျိုးတစ်ပိုင်း ရသေ့ကြီးပဲ... သတ်ကြ"

ချီဟုန်မှာ အောက်သို့ ရောက်နေပြီဖြစ်ပြီး ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ကာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လိုက်လံတိုက်ခိုက်နေ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားပုံပေါ်ပြီး တစ်ကိုယ်လုံး သွေးအလိမ်းလီမ်း ပေကျံနေကာ ဆံပင်နှင့် အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေ၏။ သူ၏ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော အသွင်အပြင်များ လုံးဝ မရှိတော့ချေ။

သူ့လက်ထဲရှိ မြင်မြီးနှင်တံက အဆက်မပြတ် လည်ပတ်နေပြီး မြေအောက် ကျောက်တုံးကြီးများကို ခွဲထုတ်ကာ အလျင်အမြန် ထွက်ပြေးနေသည်။ အခြား လက်တစ်ဖက်ကလည်း အနောက်မှ ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးရန် အဆက်မပြတ် ရိုက်ချနေသည်။ သို့သော် ချီဟုန်မှာ ဝိညာဉ်ဖြစ်သဖြင့် ရွှံ့နှင့် ကျောက်တုံးများကြောင့် တားဆီးမခံရဘဲ လျင်မြန်စွာ လိုက်ဖမ်းနိုင်ခဲ့၏။

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ဒဏ်ရာများက အမှန်တကယ် ပြင်းထန်လှသည်။ ထိုသို့မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်၏ အထွတ်အထိပ် အခြေအနေနှင့် ယှဉ်နိုင်သူဖြစ်၍ အမြန်နှုန်းကလည်း ချီဟုန်ထက် သေချာပေါက် မြန်ဆန်ပေလိမ့်မည်။ ယခုမူ နှစ်ယောက်လုံးမှာ မတိမ်းမယိမ်း ဖြစ်နေပြီး ထွက်ပြေးတိုက်ခိုက်နေရသဖြင့် ဒဏ်ရာများ ပိုဆိုးလာကာ အမြန်နှုန်းကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

"ခွေးကောင်... မင်း ထွက်ပြေးလို့ မလွတ်တော့ဘူး... ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင်မှ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်"

ချီဟုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အတိတ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လှည့်စားမှုကြောင့် သူ မီးနဂါးဓား၏ ဝိညာဉ် ဖြစ်လာခဲ့သော်လည်း အချိန်အတော်ကြာပြီးနောက် ထိုကိစ္စကို ဂရုမစိုက်တော့ချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် နက်ရှိုင်းလှသော ခင်မင်ရင်းနှီးမှုကိုပင် တည်ဆောက်နိုင်ခဲ့သည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်တွင် ဝိညာဉ်စွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သဖြင့် တမလွန်ဘုံမှ မည်သည့် အင်အားကြီး ပုဂ္ဂိုလ်ကိုမဆို တိုက်ခိုက်ပြီးသည်နှင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့သော် ဤအခြေအနေက မတူညီပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ထောင်ချောက်ဆင် အကွက်ချခဲ့သည်ဟု ချီဟုန် ခံစားနေရ၏။ ထိုသို့မဟုတ်ပါက ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ဤလောကတွင် အချိန်အတိုင်းအတာ တစ်ခုအထိ နေနိုင်ဦးလိမ့်မည်။

သာမန်အတိုင်း သေဆုံးခြင်းနှင့် အကွက်ချ အသတ်ခံရခြင်းက သေချာပေါက် ကွာခြားလှသည်။ ဒုတိယအချက်ကို လက်ခံရန် ပို၍ ခက်ခဲသောကြောင့် ချီဟုန် ဤမျှ ဒေါသထွက်နေခြင်း ဖြစ်၏။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အပေါ်ဘက်သို့ ဥမင်လှိုဏ်ခေါင်း တူးကာ အရှိန်ကို အမြင့်ဆုံးအထိ တင်လိုက်သည်။ သူ၏ တုံ့ပြန်မှုက အလွန် မြန်ဆန်ပြီး စောစီးစွာ ထွက်ပြေးခဲ့သဖြင့် ချီဟုန်နှင့် အနည်းငယ် ကွာဝေးနေသေး၏။။ အနောက်ရှိ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများမှာမူ ပို၍ပင် ဝေးကွာနေချေသည်။

ဝုန်း

အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မြေကြီးကို ဖောက်ထွက်လာပြီး အဝေးသို့ တဟုန်ထိုး ထွက်ပြေးသွား၏။ နှင်းချောက်ကမ်းပါးရှိ ကောင်းကင်ဘုရင်ယွင်၊ တောက်နုနှင့် အခြားသူများ ချက်ချင်း အံ့အားသင့်သွားပြီး အပြေးအလွှား လိုက်လံတိုက်ခိုက်ကြသည်။

ရွှီး... ရွှီး...

အသက်ဆယ်ရှိုက်ခန့် ကြာပြီးနောက် ချီဟုန်က အပေါ်သို့ ပျံတက်လာပြီး သူ့အနောက်တွင် ထျန်းဖုန့်ဧကရာဇ်တို့ သုံးယောက်အပြင် ကောင်းကင်ဘုရင်ဝေ၊ ဟယ်နုန်ယင်းတို့ ပါလာကြ၏။ သူတို့အားလုံး အပြင်းအထန် လိုက်လံ ဖမ်းဆီးကြသည်။ ယနေ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီး မည်သည့်နေရာသို့ ထွက်ပြေးပါစေ သေသည်အထိ လိုက်လံတိုက်ခိုက်ကြပေလိမ့်မည်။

"ဟားဟားဟား... မင်းတို့က ငါ့ကို လိုက်သတ်မယ်ပေါ့လေ... အိပ်မက်မက်နေလိုက်"

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ရုတ်တရက် ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းများ တောက်ပလာ၏။ တစ်ယောက်မှ နှစ်ယောက်၊ နှစ်ယောက်မှ လေးယောက်၊ လေးယောက်မှ ရှစ်ယောက်။ နောက်ဆုံးတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထောင်သောင်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။

၎င်းက အဓိက မဟုတ်ပေ။ အရေးအကြီးဆုံးက မသေမျိုးတစ်ပိုင်း ရသေ့ကြီး အားလုံးမှာ တစ်ပုံစံတည်း ဖြစ်နေပြီး ချီဟုန်ပင်လျှင် အတုအစစ် မခွဲခြားနိုင်တော့ခြင်း ဖြစ်၏။ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားသူများမှာ မှင်သက်သွားကြပြီး အကြိမ်ကြိမ် စစ်ဆေးကြည့်သော်လည်း အစစ်ကို လုံးဝ မခွဲနိုင်ကြပေ။

ဝှစ်... ဝှစ်... ဝှစ်…

မသေမျိုးတစ်ပိုင်း ရသေ့ကြီး အားလုံးက လေလယ်တွင် ရှုပ်ယှက်ခတ်စွာ ပျံသန်းနေကြပြီး ချီဟုန်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ဆီသို့ ပျံသန်းလာကာ တိုက်ခိုက်မည့်ပုံ ပေါ်နေ၏။

ဝုန်း... ဝုန်း... ဝုန်း…

အားလုံးက အပြင်းအထန် တိုက်ခိုက်၍ ပျံသန်းလာသော ကိုယ်ပွားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်ကြသည်။ သို့သော် သူတို့၏ ကောင်းကင်အာရုံများဖြင့် စစ်ဆေးလိုက်ချိန်တွင် ထောင်ပေါင်းများစွာသော မသေမျိုးတစ်ပိုင်း ရသေ့ကြီးများက အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရ၏။ မည်သူ့ကို လိုက်လံ တိုက်ခိုက်ရမည်လဲ လုံးဝ မသိတော့ချေ။

All Chapters