← Chapters

အခန်း ၂၀၇၄

Vol. 149 Ch. 2074

အခန်း ၂၀၇၄

Vol. 149 Ch. 2074

အပိုင်း ၂၀၇၄ အခွင့်အရေး

"လိုက်ကြ"

လိုက်မမီနိုင်မှန်း သိကြသော်လည်း အလွယ်တကူ လက်မလျှော့နိုင်ကြပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာ အပြင်းအထန် ဒဏ်ရာရထားပြီ ဖြစ်ရာ ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်လိုက်ပါက နောင်တွင် လိုက်လံသတ်ဖြတ်ရန် အလွန်တရာ ခက်ခဲသွားပေမည်။ ချီလင်းအရှင်မနှင့် ကောင်းကင်ဧကရာဇ်တို့အတွက် ကလဲ့စားမချေဘဲ မနေနိုင်ချေ။

ထို့ကြောင့် အဖွဲ့များခွဲ၍ အရပ်လေးမျက်နှာသို့ လိုက်လံရှာဖွေကြသည်။ ချီဟုန်က တစ်ဖွဲ့၊ မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါးက တစ်ဖွဲ့၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကလည်း အဖွဲ့တစ်ဖွဲ့စီ အသီးသီး ဦးဆောင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုရင်ဝေနှင့် ထျန်းဖုန့်ဧကရာဇ်တို့က စစ်သည်အင်အား သန်းတစ်ရာကို သတင်းပို့၍ မိုင်ပေါင်းသန်းချီ ကျယ်ဝန်းသော ကွန်ရက်ကြီးတစ်ခု ဖန်တီးကာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ဝိုင်းဝန်းပိတ်ဆို့ရန် မြို့တော်များရှိ နေရာရွှေ့ပြောင်း မန္တန်အစီအရင်များသို့ သွားရောက်စေ၏။

ကံဆိုးစွာဖြင့် အဖွဲ့များစွာ လိုက်လံတိုက်ခိုက်ကြသော်လည်း ပြေးလွှားနေသော ကိုယ်ပွားများမှာ အတုများသာဖြစ်ပြီး အချိန်များ အလဟဿ ဖြုန်းတီးမိသလို ဖြစ်သွားကြသည်။ နာရီဝက်ကြာပြီးနောက် မြောက်ဘက်ရှိ စစ်တပ်ထံမှ သတင်းရရှိခဲ့၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ခန္ဓာအစစ်က မြောက်ဘက်သို့ ထွက်ပြေးသွားပြီး မြို့ကြီးတစ်မြို့ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်ကာ လမ်းတစ်လျှောက်ရှိ စစ်သည်ထောင်ပေါင်းများစွာကို သတ်ဖြတ်သွားခဲ့သည်။

အင်အားကြီး ပုဂ္ဂိုလ်အားလုံး မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာချိန်၌ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နောက်ထပ် ကိုယ်ပွားများ ထပ်မံဖန်တီး၍ အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားပြန်ရာ စစ်တပ်ကြီးမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားမှန်း လုံးဝ မသိနိုင်တော့ချေ။

ဤသို့ဖြင့် အကြိမ်ကြိမ် အခါခါ ဖြစ်ပွားနေခဲ့၏။

အားလုံး၏ စိတ်နှလုံးများမှာ ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ အခြေအနေအရ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လိုက်လံသတ်ဖြတ်ရန် မဖြစ်နိုင်တော့ချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ နတ်ဘုရားစွမ်းရည်က အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ တစ်ချက်တည်းဖြင့် သေချာပေါက် မသတ်နိုင်ပါက သို့မဟုတ် အစစ်အမှန်ကို မခွဲခြားနိုင်ပါက သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်ပေ။

နှစ်နာရီကြာပြီးနောက် သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့သည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နယ်မြေသခင်မြို့တော်တစ်ခုထဲသို့ ဝင်ရောက်လာပြီး နေရာရွှေ့ပြောင်း မန္တန်အစီရင်ကို စောင့်ကြပ်နေသော စစ်သည်များကို ထိန်းချုပ်၍ ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်သို့ ရွှေ့ပြောင်းထွက်ပြေးသွားခဲ့လေပြီ။

ချီဟုန်က မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါးကို ဦးဆောင်ကာ ဒေါသတကြီးဖြင့် နေရာရွှေ့ပြောင်း၍ ဟင်းလင်းပြင်အပြင်အထိ လိုက်သွားခဲ့၏။ ကံဆိုးစွာဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ယခင်အတိုင်း ထပ်မံလှည့်စားခဲ့သည်။ ချီဟုန်မှာ အစစ်အမှန်ကို ရှာမတွေ့နိုင်ဘဲ ဒေါသတကြီးဖြင့် မိုင်ပေါင်းသိန်းချီ လိုက်လံရှာဖွေပြီးနောက် ပြန်လှည့်လာခဲ့ရပြန်သည်။

ပြန်ရောက်သည်နှင့် ချီဟုန်က ဒေါသတကြီး အော်ဟစ်ပေါက်ကွဲကာ မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါးကို စစ်တပ်များ စုဆောင်း၍ ကောင်းကင်ကြယ်စုဘုံရှိ မျိုးနွယ်စုသုံးစုအား သတ်ဖြတ်ရန် အမိန့်ပေးလိုက်၏။ မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါးက တိုင်ပင်ဆွေးနွေးပြီးနောက် ချီဟုန်၏ အမိန့်အတိုင်း ဆောင်ရွက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ တစ်ခုခု မလုပ်ပါက ကျန်းရီ ထွက်လာချိန်၌ သေချာပေါက် ဒေါသတကြီး ပေါက်ကွဲပေလိမ့်မည်။ သူတို့ မသေလျှင်တောင်မှ အရေခွံဆုတ်ခံရမည်ဖြစ်၏။

ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ချီလင်းအရှင်မ သေဆုံးသွားသဖြင့် ကမ္ဘာဦးကောင်းကင်ဘုံတွင် ခေါင်းဆောင် မရှိတော့ဘဲ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားနေကြရ၏။ ဦးဆောင်မည့်သူ မရှိတော့သဖြင့် အတော်ကြာသည်အထိ ဆုံးဖြတ်ချက် မချနိုင်ကြပေ။

ချီဟုန်က သူတို့ကို ဘာမှမလုပ်ဘဲ နောက်တန်းကိုသာ တည်ငြိမ်အောင် ထိန်းထားရန် ပြောလိုက်သည်။ မိစ္ဆာမျိုးနွယ်မှ စစ်သည်အင်အား သန်းငါးဆယ် ခေါ်ယူသွားပါက လုံလောက်၏။ မျိုးနွယ်စုသုံးစု၏ စစ်တပ်မှာ သန်းနှင့်ချီ အသတ်ခံထားရသဖြင့် စစ်တပ်အင်အား သိပ်မရှိတော့ချေ။ တမလွန်ဘုံစစ်တပ်ကလည်း မရောက်လာသေးသဖြင့် မျိုးနွယ်စုသုံးစုကို ဖျက်ဆီးရန် သန်းငါးဆယ်ဖြင့် လုံလောက်ပေသည်။

မရေမတွက်နိုင်သော နေရာရွှေ့ပြောင်း မန္တန်အစီအရင်များမှ အလင်းရောင်များ တောက်ပလာပြီး မိစ္ဆာမျိုးနွယ်စစ်တပ် သန်းငါးဆယ်က ဟင်းလင်ပြင်အပြင်သို့ အဆက်မပြတ် စုရုံးရောက်ရှိလာကြ၏။ ထျန်းဖုန့်ဧကရာဇ်၊ မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့က ကိုယ်တိုင် ဦးဆောင်ကာ ကောင်းကင်ကြယ်စုဘုံသို့ အင်အားအလုံးအရင်းဖြင့် ချီတက်သွားကြသည်။

ဟယ်နုန်ယင်းက မျိုးနွယ်စုသုံးစု၏ ကိစ္စများကို ဂရုမစိုက်နိုင်တော့ချေ။ သူမက‌ နောက်လိုက်အချို့ဖြင့် ယန်အရှင်မြို့တော်သို့ သွားကာ ချီလင်းအရှင်မ၏ ရုပ်အလောင်းကို ချီလင်းတောင်ဆီ ပြန်လည်သယ်ဆောင်လာပြီး ချီလင်းတောင်၏ အနောက်ဥယျာဉ်တွင် မြုပ်နှံလိုက်သည်။ ဟယ်မိသားစုဝင်‌ ထောင်ပေါင်းများစွာက ဒူးထောက်လျက် အရိုအသေပေးခဲ့ကြပြီး ကမ္ဘာဦးကောင်းကင်ဘုံရှိ ထောင်သောင်းချီသော မျိုးနွယ်စုများမှ ခေါင်းဆောင်များ၊ အကြီးအကဲများအပြင် ချီလင်းမြို့တော်၏ ပြည်သူသန်းပေါင်းများစွာလည်း လာရောက်ခဲ့ကြ၏။ ချီလင်းတောင်နှင့် ချီလင်းမြို့တော် တစ်ခုလုံးကို အနက်ရောင်ပိုးသားများဖြင့် ရစ်ပတ်ထားသည်။ ဟယ်နုန်ယင်းမှာ ထိုနေရာတွင်ပင် ငိုကြွေးရင်း သတိလစ်သွားခဲ့သဖြင့် လိုက်လံပို့ဆောင်ကြသော စစ်တပ်နှင့် ပြည်သူများမှာလည်း ဝမ်းနည်းပူဆွေးနေကြရှာသည်။

ချီလင်းအရှင်မ ကြွေလွင့်သွားလေပြီ။ နောင်တွင် မည်သူက လူသားမျိုးနွယ်ကို ဦးဆောင်၍ တမလွန်ဘုံကို တိုက်ခိုက်တော့မည်နည်း။

ယန်အရှင်၊ ရှားယွီ၊ တောက်နူနှင့် အခြားသူများလည်း လာရောက်ခဲ့ကြသည့်တိုင် ဟယ်မိသားစုဝင်များ၏ ကြိုဆိုမှုကို မခံရသည့်အပြင် အတော်များများက သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ သို့သော် ဟယ်နုန်ယင်း၏ ဖခင် ဟယ်မုန်ကား အမှားအမှန် ခွဲခြားနိုင်သူ ဖြစ်သည်။ မိသားစုကြီးတစ်ခု၏ သိက္ခာတရားကို မစွန့်လွှတ်ဘဲ ယန်အရှင်နှင့် အခြားသူများကို ကိုယ်တိုင် ဦးဆောင်၍ ချီလင်းအရှင်မအား အရိုအသေပေးရန် ခေါ်ဆောင်သွား၏။

ဈာပနအခမ်းအနားပြီးနောက် ယန်အရှင်က လာရောက်ကြသော မိသားစုခေါင်းဆောင်အားလုံးကို ခေါ်ကာ သတင်းကောင်းတစ်ခုကို ကြေညာလိုက်သည်။

မိုးပြာမဟာဧကရာဇ်ကား ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့လေပြီ။

ဤသတင်းက အားလုံးကို အလွန်တရာ တက်ကြွသွားစေ၏။ ရှားယွီက မိုးပြာမဟာဧကရာဇ်၏ ကိုယ်ပိုင် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ တောက်ပနေသည့် ထိုကျောက်စိမ်းတံဆိပ်ပြားကို မြင်လျှင် အားလုံး ပိုမို စိတ်လှုပ်ရှားသွားကြသည်။ အောက်ဆုံးအထိ ကျဆင်းနေသော စိတ်ဓာတ်နှင့် စစ်တပ်၏ ယုံကြည်ချက်တို့ တစ်ဖန် ပြန်လည် နိုးကြားလာခဲ့ချေပြီ။

ယန်အရှင်မြို့တော်တွင် ယန်အရှင်၊ ရှားယွီနှင့် အခြားသူများ၌ ပြဿနာမရှိကြောင်း သက်သေပြနိုင်ခဲ့၏။ ယန်အရှင်၊ တောက်နူနှင့် ရှားယွီတို့က မိုးပြာမဟာဧကရာဇ်အပေါ် အကြွင်းမဲ့ သစ္စာရှိကြပြီး ရွှေအရှင်နှင့် မျိုးနွယ်စုသုံးစု၏ စစ်သည် သန်းပေါင်းများစွာကို ဖမ်းဆီးခဲ့ခြင်းက ထိုသစ္စာကို သက်သေပြနေသည်။ ထို့အပြင် ယန်အရှင်၏ အစဉ်အဆက် ဩဇာလွှမ်းမိုးမှုကြောင့် လူတိုင်းက ခေါင်းဆောင်အသစ်ကို ပြန်လည် ရှာတွေ့သွားသည်။

မိုးပြာမဟာဧကရာဇ်၏ ဝိညာဉ်ကျောက်စိမ်းပြားမှာ တစ်ကြိမ်တစ်ခါမှ မကွဲခဲ့သလို မီးတောက်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့၏ ကျောက်စိမ်းပြားများလည်း မကွဲခဲ့ပေ။ ယန်အရှင်နှင့် ရှားယွီတို့၏ အဆိုအရ မီးတောက်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့သည်လည်း တမလွန်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး မိုးပြာမဟာဧကရာဇ်နှင့်အတူ ထွက်ပြေးလွတ်မြောက်ကောင်း လွတ်မြောက်လာနိုင်၏။

မိုးပြာမဟာဧကရာဇ်။

သူကား အားလုံး၏ နှလုံးသားထဲရှိ အစောင့်အရှောက် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူသာ ပြန်လာနိုင်မည်ဆိုပါက ပြဿနာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။ တမလွန်ဘုံဧကရာဇ်ပင်လျှင် သူ့ကို မသတ်နိုင်၊ ဖမ်းမထားနိုင်ပါက အခြား မည်သူက သူ့ကို သတ်နိုင်မည်နည်း။ သူ ပြန်လာမည်ကို မည်သူက တားဆီးနိုင်မည်နည်း။

ဤသတင်း ပျံ့နှံ့သွားပြီးနောက် ကမ္ဘာဦးကောင်းကင်ဘုံရှိ စစ်တပ်နှင့် ပြည်သူအားလုံးမှာ စိတ်ဓာတ်များ အလွန်တရာ တက်ကြွလာခဲ့၏။ ချီလင်းအရှင်မ၏ သေဆုံးမှုက ပြည်သူအားလုံးကို တွေဝေအားငယ်၍ ကူကယ်ရာမဲ့စေခဲ့သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် မျိုးနွယ်စုသုံးစု၏ သစ္စာဖောက်မှုက ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုအသီးသီး၏ နှလုံးသားထဲတွင် ဝမ်းနည်းမုန်းတီးမှုများအပြင် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်စေခဲ့၏။ သို့သော် ကောင်းကင်ဧကရာဇ် ပြန်လာတော့မည့် သတင်းကတော့ အေးခဲနေသော ဆောင်းရာသီတွင် ထိန်လင်းလာသော မီးတောက်တစ်ခုအလား နှလုံးသားကို နွေးထွေးလာစေခဲ့သည်။

ယန်အရှင်က အမိန့်ကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။

လူသားမျိုးနွယ်များ အနေဖြင့် မိမိတို့ စစ်စခန်းများအား အသေခံ ကာကွယ်ကြရန်။ နေရာရွှေ့ပြောင်းမန္တန်အစီအရင် အားလုံးကို ပိတ်ထားရန်။ သတင်းအချက်အလက် စုံစမ်းရန် ကင်းထောက်များကိုသာ စေလွှတ်ရန်နှင့် ဆုံးဖြတ်ချက်များ မချမီ ကောင်းကင်ဧကရာဇ် ပြန်လာချိန်အထိ စောင့်ဆိုင်းရန်စသဖြင့် ထုတ်ပြန်၏။ ကောင်းကင်ဧကရာဇ် ပြန်မလာမီအချိန်အထိ ကမ္ဘာဦးကောင်းကင်ဘုံတွင် မည်သည့် ပြည်တွင်းစစ်၊ တိုက်ခိုက်မှု၊ ဆူပူအုံကြွမှုမျိုးကိုမဆို တားမြစ်ထားပြီး ဖောက်ဖျက်ပါက သေဒဏ်ပေးမည် ဖြစ်သည်။

ယန်အရှင်၏ ဤအမိန့်များက သင့်လျော်ပြီး လက်ရှိ ကမ္ဘာဦးကောင်းကင်ဘုံ၏ အခြေအနေနှင့်လည်း ကိုက်ညီလှ၏။ ကမ္ဘာဦးကောင်းကင်ဘုံ၌ ဆက်လက် ပရမ်းပတာဖြစ်၍ မရတော့ပေ။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်၏ လက်ကျန် စစ်အင်အား အကုန်အစင် ပြုန်းတီးသွားလိမ့်မည်။ ကောင်းကင်ဧကရာဇ် မကြာမီ ပြန်လာတော့မည်ဖြစ်ရာ သူ့ကို စောင့်ဆိုင်းရမည် ဖြစ်သည်။

မရေမတွက်နိုင်သော ကင်းထောက်များကို စေလွှတ်လိုက်ပြီး မရေမတွက်နိုင်သော အမိန့်များကို ထုတ်ပြန်လိုက်၏။ ကင်းထောက်အားလုံးက မိုးပြာမဟာဧကရာဇ်၏ သဲလွန်စများကို စတင်ရှာဖွေကြပြီး တမလွန်ဘုံမှ အမှန်တကယ် ထွက်လာခြင်း ရှိ၊ မရှိ အတည်ပြုကြသည်။

ကမ္ဘာဦးကောင်းကင်ဘုံ တစ်ခုလုံး ငြိမ်သက်နေပြီး ဝမ်းနည်းပူဆွေးမှုတို့ လွှမ်းခြုံနေသည်။ မူလစစ်တပ်နှင့် မျိုးနွယ်စုများစွာက ယန်ကိုးပါးမြို့တော်တွင် ရှိနေဆဲဖြစ်ပြီး ယန်အရှင်နှင့် အခြားသူများ၏ စစ်တပ်က ယန်ဝူမြို့တော်တွင် ရှိသည်။ အရာအားလုံးကို ထိန်းသိမ်းထားပြီး ကောင်းကင်ဧကရာဇ် ပြန်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်နေကြလေသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကြာသွား၏။

မိစ္ဆာမျိုးနွယ် စစ်တပ်သန်းငါးဆယ်က ကောင်းကင်ကြယ်စုဘုံအပြင်သို့ ရောက်နေပြီး အပြင်းအထန် စတင် တိုက်ခိုက်နေကြသည်။

တမလွန်ဘုံစစ်တပ်ကြီးက ကောင်းကင်ထူးခြားဘုံသို့ ရောက်ရှိနေပြီး လဝက်ခန့်အကြာတွင် ကမ္ဘာဦးကောင်းကင်ဘုံသို့ ရောက်ရှိလာနိုင်ကြောင်း ကင်းထောက်များက သတင်းပို့လာသည်။

ကင်းထောက်များက မိုးပြာမဟာဧကရာဇ်၏ သဲလွန်စကို ရှာမတွေ့ခဲ့သဖြင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ ပြည်သူများမှာ အတော်‌လေး စိတ်ပျက်ခဲ့ရသည်။ သို့သော် ရှားယွီလက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားကတော့ ပိုပို၍ တောက်ပလာ၏။ ဤသည်က သတင်းစကား တစ်ခုကို ကိုယ်စားပြုနေသည်။ မိုးပြာမဟာဧကရာဇ်မှာ ကမ္ဘာဦးကောင်းကင်ဘုံနှင့် နီးကပ်လာသောကြောင့် ကျောက်စိမ်းတံဆိပ်ပြား ပိုမိုတောက်ပလာခြင်း ဖြစ်နိုင်၏။

ထိုနေ့၌။

ကောင်းကင်တွင်းနက်ကြီးအောက်ခြေရှိ ဟွင့်သွမ်ရေကန်တွင် ရှိနေသော ကျန်းရီက မျက်လုံးများကို ဖွင့်လိုက်သည်။ လဝက်ကျော် သိမြင်နားလည်ပြီးနောက် သူက အခွင့်အရေးတစ်ခု ရလိုက်၏။ ဆန်းကြယ်မှုငါးခုကို ပေါင်းစပ်နိုင်မည့် အခွင့်အရေးတစ်ခုအား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့လေပြီ။

အခွင့်အရေးက မရေရာသော်လည်း ကျန်ရီအတွက်မူ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားသကဲ့သို့ ခံစားရစေ၏။ လျှပ်စီးမှ မြေကြီး၊ လျှပ်စီးမှ ရေ ဆန်းကြယ်မှုများအပြင် လျှပ်စီးမှ မီး၊ လျှပ်စီးမှ သစ်သား ဆန်းကြယ်မှုများကို ပေါင်းစပ်ရာတွင်လည်း အခွင့်အရေးကို ရှာတွေ့ပြီးနောက် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည် မဟုတ်ပါလော။

"ဟူး"

ကျန်းရီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အပေါ်သို့ မော့ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်၏။ "တောင့်ခံထား... နုန်ယင်း နည်းနည်းလေး ထပ်ပြီး တောင့်ခံထားကြပါဦး... ငါ ထွက်လာမယ့် အချိန်အထိ သေချာပေါက် စောင့်နေကြပါ"

All Chapters