ကိုးရောင်စုံဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီ
Vol. 106 Ch. 1464
ပေတစ်သိန်းနဂါးသည် ၎င်း၏သွေးအမြောက်အများကို ဆုံးရှုံးသွားခဲ့လေပြီ။ သို့သော် ဟင်္သာငှက်အဘိုးအို လိုချင်သောသွေးမှာ ထိုနဂါး၏ဦးခေါင်းပေါ်မှ အဖုတွင်းရှိ မီးလျှံနဂါးသွေးကိုသာ ဖြစ်၏။
ထိုသွေးထဲတွင် ဒီနဂါးအတွင်းရှိ မီးအနှစ်သာရပါဝင်သည်။ ယင်းကာ ၎င်း၏ကျန်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းများမှ သွေးထက် များစွာပိုအဖိုးတန်ကာ ရှားပါးလွန်းသည်။ အဘိုးအို၏ ရိုက်ချက်ကြောင့် သည်မီးလျှံနဂါးသွေးများသည် မြေကြီးစမ်းသပ်မှုအမွှေးတိုင်ပေါ်သို့ ကျရောက်သွားခဲ့လေပြီ။
ထိုသွေးကျရောက်သွားသည်နှင့် ၎င်းက အမွှေးတိုင်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
မြေကြီးစမ်းသပ်ချက်အတွင်း၌မူ ကိုးရောင်စုံကြာပွင့်သည် ကောင်းကင်ထက်၌ လွင့်မြောလျက် ရှိသည်။ ဝမ်လင်းက ၎င်းကြာပွင့်ပေါ်တွင် ထိုင်နေသည်။ ၎င်းနောက်တွင် ကိုးရောင်စုံဟင်္သာငှက်က အဆက်မပြတ် အော်မြည်သံ ပြုနေ၏။ ၎င်း၏အော်မြည်သံအတွင်း၌ ရုန်းကန်မှုအငွေ့အသက်ပါဝင်ကာ ၎င်းသည် ပြန်လည်မွေးဖွားရန် ကြိုးပမ်းနေသည့်အလား။
အလင်းတန်းများသည် အဘက်ဘက်သို့ ပျံ့နှံ့လို့နေ၏။ မီးပင်လယ်သည် သည်မြေကြီးစမ်းသပ်မှုလောကအတွင်း အနှံ့ပျံ့နှံ့သည်။
ဝမ်လင်း၏မျက်လုံးတို့မှာ တောက်ပနေလျက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မီးအမှတ်အသားတစ်ခုသည် သူ၏မျက်လုံးထဲတွင် လင်းလက်သည်။ ထိုမီးမှာ အရောင်ကိုးခု ဖြစ်၏။ ၎င်းသည် စတင်လှည့်ပတ်သည်။ ၎င်းသည် အလွန်မြန်စွာ လှည့်ပတ်ခြင်းပင်။ လျှပ်တပြတ်အတွင်း ၎င်းသည် ကိုးရောင်စုံဝဲကတော့နှင့် တူလာတော့သည်။
“ရောင်စုံကိုးခု တစ်ခုတည်းအဖြစ် ပေါင်းစည်းစေ။ လေးကြိမ်မြောက်ဟင်္သာငှက် နိုးထစေ…” ဝမ်လင်း၏စိတ်သည် ကြည်လင်နေ၏။ သူသည် သုံးကြိမ်တိုင်တိုင် နိုးထစေခဲ့ပြီး ဖြစ်သည်။ အကြိမ်တိုင်းမှာလည်း မီးအပေါ် သူ၏စွမ်းအားကို ဆထက်မြင့်မားလာစေခဲ့၏။
သို့သော် ပြီးခဲ့သောဟင်္သာငှက်နိုးထခြင်းသုံးကြိမ်မှာ သည်တစ်ကြိမ်နိုးထခြင်းနှင့် မယှဉ်နိုင်ပေ။ လေးကြိမ်မြောက်နိုးထခြင်းမှာ အလွန်အရေးကြီးလှသောအခြေအနေတစ်ခုပင်။ ၎င်းသည် အထည်ဒြပ်မီးက သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ အသွင်ပြောင်းလဲခြင်း မဟုတ်လား။
ရှေးဟောင်းအချိန်များတည်းမှ စ၍ အလွန်နည်းပါးသောသူများသည် သူတို့၏ဟင်္သာငှက်ကို လေးကြိမ်တိုင်တိုင် နိုးထစေနိုင်စွမ်း ရှိခဲ့၏။ ထိုသို့လုပ်နိုင်ခဲ့သူမှာ ငါးယောက်ထက် ကျော်လိမ့်မည် မဟုတ်ပါ။
ပထမဆုံးမျိုးဆက်ဟင်္သာငှက်၊ ဒုတိယမျိုးဆက်ဟင်္သာငှက်၊ တတိယမျိုးဆက်ဟင်္သာငှက်နှင့် စတုတ္ထမျိုးဆက်ဟင်္သာငှက်တို့သာ လုပ်နိုင်ခဲ့ကြ၏။ သူတို့အပြင် အခု ဝမ်လင်းတစ်ယောက်သာ ဒီနိုးထခြင်းကို လုပ်နိုင်သည်။ မီးစာကလေးကလန်၏ တတိယအဆင့်ကျင့်ကြံသူသည်ပင် သိမ်မွေ့ဆန်းကြယ်မီး၏ အရိပ်အယောင်ကို ပိုင်ဆိုင်ထားသော်လည်း သသည် ဟင်္သာငှက်ဖြင့် အစပြုခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက မည်ကဲ့သို့ နိုးထနိုင်ပါ့မည်နည်း။
သူသည် သိမ်မွေ့ဆန်းကြယ်မီးကို မွေးဖွားနိုင်ခဲ့လျှင်ပင် ၎င်းသည် ဟင်္သာငှက်စစ်စစ်၏ သိမ်မွေ့ဆန်းကြယ်မီးနှင့် လုံးဝ ယှဉ်၍ မရပေ။
လေးကြိမ်မြောက်နိုးထနိုင်ဖို့ အခက်အခဲမှာလည်း ဖော်ပြ၍ပင် မရပေ။ သိမ်မွေ့ဆန်းကြယ်မီးမန္တာန်များ၏ စွမ်းအားသည် ကျင့်ကြံသူအားလုံးကို ကြောက်လန့်တုန်ရီသွားစေနိုင်၏။
သို့ပေမည့် ဟင်္သာငှက်လေးကြိမ်မြောက်နိုးထခြင်းအတွက် အတိုင်းမသိများပြားသော မီးပမာဏ လိုအပ်ပေ၏။ လုံလောက်သောမီးပမာဏကို စုဆောင်းနိုင်မှသာ ပြီးပြည့်စုံစွာ နိုးထလာနိုင်မည့် အခွင့်အရေး ရှိမည် ဖြစ်သည်။
ဝမ်လင်းအောက်ရှိ ကိုးရောင်စုံမီးကြာပွင့်မှာ အဆုံးမဲ့ကိုးရောင်စုံမီးကို ထုတ်လွှတ်ပေးလျက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည်။ ထိုမီးသည် သူ၏ဘယ်မျက်လုံးတွင် ပေါ်လာသည့်အခါ ကိုးရောင်စုံဝဲကတော့ကို ပို၍မြန်ဆန်စွာ လှည့်ပတ်စေသည်။
တစ်ချိန်တည်းမှာပင် ကိုးရောင်စုံဟင်္သာငှက်ကြီးက ပိုကျယ်လောင်စွာ ဟိန်းအော်သံပေး၏။ ၎င်း၏အော်သံများသည် ကောင်းကင်ကိုပါ တစစီဖြစ်သွားစေလောက်သည်။ သည်မြေကြီးစမ်းသပ်မှုလောကတစ်ခုလုံးကို တုန်ခါစေလေ၏။
“မလုံလောက်သေးဘူး။ လုံလောက်တဲ့မီး မရသေးဘူး..” ဝမ်လင်းသည် မော့ကြည့်၏။ သူ၏ခန္ဓာကိုယ်မှ မီးများ ပေါက်ကွဲထွက်လာသည်။ ကိုးရောင်စုံဝဲကတော့သည် သူ့ဘယ်မျက်လုံးထံမှ ပျံသန်းထွက်ကာ သူ့ပတ်လည်တွင် ကိုးရောင်စုံမီးမုန်တိုင်းကို ဖွဲ့စည်းသည်။ ထိုမီးမုန်တိုင်းသည် သည်လောကကိုပါ ဖျက်စီးပစ်နိုင်သည့်ပုံပေါ်သည်။
ဝမ်လင်း၏ ဟင်္သာငှက်လေးကြိမ်မြောက် နိုးထခြင်းမှာ သူ၏စွဲလမ်းမှုဖြင့် ကံမ္မမီးကို လောင်ကျွမ်းစေခဲ့ခြင်းအပေါ် မှီတည်ပေ၏။ ထို့အတွက်ကြောင့် လိုအပ်သောမီးပမာဏသည် ပိုမြင့်မားလွန်းသည်။
ထိုအခိုက်အတန့်၌ အနီရောင့်ရောင်သွေးအလင်းသည် မြေကြီးစမ်းသပ်မှုအတွင်း တလက်လက် ဖြစ်ပေါ်ကာ ပါးလှပ်သောသွေးမိုးသည် စတင်ကျဆင်းလာသည်။
ကောင်းကင်ထက်မှ သွေးမျိုးကျဆင်းလာ၏။ သွေးစက်တိုင်းတွင် မီးနဂါး၏ ဖျက်စီးနိုင်သောမီး ပါဝင်သည်။ ယင်းသွေးများက ဝမ်လင်း၏ မီးရင်းမြစ်အသစ်တစ်ခု ဖြစ်လာသည်။
သွေးစက်များ ကျဆင်းနေလျက် ယင်းတို့သည် ဝမ်လင်းပတ်လည်တွင် စတင် စုဝေးကြသည်။ သိပ်မကြာခင်တွင် ဝမ်လင်းပတ်လည်တွင် သွေးလုံးတစ်လုံး ဖြစ်တည်လာသည်။
ထိုသွေးလုံးသည် စတင်လောင်ကျွမ်းကာ ချက်ခြင်းပင် ကိုးရောင်စုံဟင်္သာငှက်၏စုပ်ယူခြင်းကို ခံရသည်။ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းရှိ မီးပမာဏမှာလည်း မြန်ဆန်စွာ တိုးပွားလာသည်။ ကိုးရောင်စုံဟင်္သာငှက်သည် ကောင်းကင်တုန်ခါဖွယ်အော်မြည်သံကို ထုတ်လွှတ်သည်။
မြေကြီးစမ်းသပ်မှုအတွင်းရှီ မီးသည် ပို၍ အားကောင်းလာတော့၏။
သွေးမျိုး အဆက်မပြတ် ကျဆင်းလာသည်။ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ့ဘေးပတ်လည်ရှိ မီးသည် အရူးအမူး စတင်လောင်ကျွမ်းသည်။ ကိုးရောင်စုံဟင်္သာငှက်သည် စူးစူးရှရှအော်မြည်ကာ သွေးမိုးက ၎င်းနှင့် ပေါင်းစပ်သည်။ ထို့နောက် ၎င်းခန္ဓာကိုယ်ပေါ်တွင် ကိုးရောင်စုံအမွှေးအတောင်များမှာ စတင်လောင်ကျွမ်းသည်။
“ခုထိ မလုံလောက်သေးဘူး…” ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူက ထိုမီးသည် ဟင်္သာငှက် လေးကြိမ်မြောက် ပြည့်ပြည့်ဝဝနိုးထစေသည့်အထိ မလုံလောက်သေးသည်ကို ခံစားမိနိုင်၏။
သည်မြေကြီးစမ်းသပ်မှု လောကအတွင်းရှိ တောင်ကတုံးပေါ်မှ သက်လတ်ပိုင်းလူ၏ မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက အကွာအဝေးတစ်ခုထံသို့ ကြည့်ကာ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ မီးအမှတ်အသားသည် သူ့ရှေ့တွင် လွင့်မြောလာ၏။
ထိုမီးအမှတ်အသားသည် သိမ်မွေ့လွန်းကာ မတည်ရှိသည့်အလား။
ထိုသက်လတ်ပိုင်းလူက သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူ့ရှိမှာ ငါ့ တပည့်လုယွမ်ရဲ့ အော်ရာ ရှိနေတယ်။ အတိတ်တုန်းက ငါ ထွက်လာခဲ့တဲ့အချိန်မှာ ငါဟာ ဒီကလေးကို ခက်ခဲစေခဲ့တယ်…” ထိုသက်လတ်ပိုင်းလူ၏မျက်လုံးသည် မှိန်ဖျော့သွား၏။ သူက သူ့ရှေ့ရှိ မီးထံသို့ လက်ဆန့်တန်းလိုက်ပြီး ပစ်လွှတ်လိုက်လေသည်။
သိမ်မွေ့ဆန်းကြယ်မီးတစ်ခုသည် သည်မြေကြီးစမ်းသပ်မှုအတွင်း၌ စတင်လောင်ကျွမ်းလာတော့သည်။ ထိုမီးသည် အပူဓာတ်ကို ပေးစွမ်းမနေပေ။ သို့သော် ၎င်းက ၎င်း၏လမ်းကြောင်းရှိအရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည်။ ၎င်းပေါ်လာသည်နှင့် ဝမ်လင်းထံ ပျံသန်းလာချေသည်။
ချက်ခြင်းလိုလိုပင် ကြောက်မက်ဖွယ်သိမ်မွေ့ဆန်းကြယ်မီးမှာ ဝမ်လင်းပတ်လည်တွင် ပေါ်လာပြီး ရုန်းကန်နေသော ကိုးရောင်စုံဟင်္သာငှက်ထံသို့ မြန်ဆန်စွာ ဝင်ရောက်သည်။
ထိုသက်လတ်ပိုင်းလူမှာ တခြားမဟုတ်၊ ငါးဆက်မြောက်ဟင်္သာငှက် လုယွမ်၏ ဆရာ လေးဆက်မြောက်ဟင်္သာငှက်ပင် ဖြစ်ချေ၏။
သူသည် ဟင်္သာငှက်ကို နိုးထစေခဲ့ပြီးနောက် သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီးပင်။ ထိုမီးက ဝမ်လင်း၏ဟင်္သာငှက်နှင့် ပေါင်းစပ်ကာ ဟင်္သာငှက်ကို တော်ဝင်စွာ ဟစ်ကြွေးအော်မြည်စေလေ၏။
ဝမ်လင်းပတ်လည်ရှိမီးသည် ဆထက်တိုးပွားလာ၏။
ထိုမီး၏အကူအညီဖြင့် မီးကြာပွင့်ပေါ်တွင် ထိုင်နေသော ဝမ်လင်းသည် မာန်သွင်းအော်ဟစ်သံ ပြု၏။ သူ့ပတ်လည်ရှိမီးသည် မြင့်တက်လာကာ ကိုးရောင်စုံမီးမုန်တိုင်းသည် သူနှင့်ဟင်္သာငှက်တို့အား ဝန်းရံသည်။ ကိုးရောင်စုံဝဲကတော့မှာလည်း လှည့်ပတ်နေလျက် ကိုးရောင်စုံသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသည်။
၎င်းသည် ပိုမိုမြန်ဆန်စွာ လှည့်ပတ်ကာ ပိုပြင်းထန်လာ၏။ ချက်ခြင်းပင် ကိုးရောင်စုံမုန်တိုင်းသည် ကသောင်းကနင်းဖြစ်ကာ အရောင်ကိုးရောင်သည် ဝေဝါးလာသည်။
ချက်ခြင်းလိုလို ရောင်စုံကိုးခုအတွင်းမှ အနီရောင်သည် ပျက်စီးပျောက်ကွယ်သည်။ သိပ်မကြာခင်တွင် လိမ္မော်ရောင်မှာ တုန်ရီလျက် ပျောက်ကွယ်သည်။ ထိုအရောင်နှစ်ခုမှာ ပေါင်းစပ်သွားဟန်ရကာ ယင်းမုန်တိုင်းကို ပို၍ ပြင်းထန်လာစေသည်။
မြေကြီးစမ်းသပ်မှုတစ်ခုလုံးသည် ထိုမီးပင်လယ်၏အော်ကတွင် လောင်ကျွမ်းနေလေပြီ။
ဤအခိုက်အတန့်တွင် မဟာအင်ပါယာဂြိုဟ်ပေါ်၌ နဂါးက ဟင်္သာငှက်အဘိုးအိုကို စိုက်ကြည့်နေ၏။ ၎င်း၏ဦးခေါင်းပေါ်ရှိ အဖုမှ မီးလျှံနဂါးသွေးမှာ ခြောက်ခမ်းသည့်အထိ ညှစ်ထုတ်ခဲ့ရပြီး ဖြစ်ကာ တစ်စက်လေးပင် ထပ်မထုတ်နိုင်တော့ပေ။
ဟင်္သာငှက်အဘိုးအိုက ၎င်းကို စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။ “သေစမ်း..မင်းက ငါ့ကို ဒီလိုပဲ စိုက်ကြည့်နေမှာလား။ မီးလျှံနဂါးသွေး ကုန်သွားပြီဆိုတော့ မင်းရဲ့ သာမန်နဂါးသွေးအချို့ ငါ့ကို ပေး။ မင်းက အကောင်ကြီးကြီးပါ။ မင်းသေးနည်းနည်းလောက် ပေးလိုက်ရတာ မင်းအတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး…”
ထိုနဂါးသည် ပုန်ကန်ရန် ဟိန်းသံပေးတော့၏။ သို့သော် ဟင်္သာငှက်အဘိုးအိုကမူ ခြေတစ်လှမ်း ပိုမြန်သည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မမြင်ရသောအားတစ်ခုက ထိုနဂါး၏ပါးစပ်ကို ချိပ်ပိတ်သွားပြီး ၎င်း၏ဟိန်းသံသည် ဘယ်ဆီရောက်သွားမှန်းမသိ ဖြစ်ရသည်။
ထိုဟိန်းသံ အတင်းပြန်ဝင်သွားသည့်အခါ ဟင်္သာငှက်အဘိုးအိုက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ ပေတစ်ထောင်ရှည်လျားသော ဒဏ်ရာတစ်ခု ယင်းနဂါးပေါ်တွင် ပေါ်လာပြီး သွေးများသည် ရေတံခွန်အား ပန်းထွက်လာတော့သည်။
“မင်းက မင်းရဲ့ မီးလျှံနဂါးသွေးကို ပေးခဲ့ပြီးပြီး။ ဒါပေမဲ့ မင်းအခု လက်လျှော့လိုက်ရင် ဒါဟာ အချည်းနီး ဖြစ်သွားလိမ့်မယ်။ ဒီကောင်လေး မနိုးထနိုင်ခဲ့ရင် ငါလည်း ကတိတည်မှာ မဟုတ်ဘူး…”
နဂါး၏မျက်လုံးထဲရှိ မကျေမချမ်းမှုက ပိုပြင်းထန်လာ၏။ သို့သော် ၎င်းသည် ဟင်္သာငှက်အဘိုးအို၏စကားများကို ကြားလိုက်ရသည့်အခါ မျက်လုံးမှိတ်ထားလိုက်တော့သည်။ ၎င်းက မကျေမချမ်းဖြင့် စိတ်ထဲကနေ ဟိန်းသံပေးကာ ၎င်း၏ကိုယ်ပိုင်သွေးကို အရူးအမူး ညှစ်ထုတ်လေတော့သည်။
“ဒီဟင်္သာငှက်အားလုံးဟာ ဖောက်ပြားကြတယ်။ ပထမမျိုးဆက်ဟင်္သာငှက်ဆို ငါ့ကိုလှည့်စားပြီး မီးတောက်နယ်မြေကနေ ထွက်လာအောင် လုပ်ခဲ့တယ်။ အဲ့ဒီနောက် ငါ့သွေးတွေ ဆက်တိုက် ထုတ်ယူခံရတော့တာပဲ။ ဒါက ဘယ်လိုဘဝမျိုးလဲ။ အခု ဒုတိယမျိုးဆက်ဟင်္သာငှက်ကလည်း ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးပြန်ပြီ။ ဒီနဂါးအိုက ကြိုးစားရအုံးမယ်…”
နဂါးသွေးများစွာသည် မြေကြီးစမ်းသပ်မှုအတွင်းသို့ ဝင်ရောက်လာ၏။ သွေးမျိုးများ ကောင်းကင်ထက်မှ ကျဆင်းလာသည့်အခါ မီးသည် ပိုပြင်းထန်လာတော့သည်။
ထိုနဂါးသွေးသည် မီးလျှံနဂါးသွေးနှင့် မယှဉ်သာသော်လည်း ပမာဏများလွန်း၏။ ထို့အတွက်ကြောင့် လေးကြိမ်မြောက်နိုးထနိုင်ဖို့အတွက် ဝမ်လင်း ပိုင်ဆိုင်ထားသော မီးပမာဏမှာ တိုးပွားလာတော့သည်။
ဝမ်လင်းပတ်လည်ရှိ ထိုမီးမုန်တိုင်းသည် ဟိန်းမြည်နေ၏။ အနီနှင့်အဝါမီးများသည် ပျောက်ကွယ်သွားပြီးနောက် အဝါရောင်မီးသည်လည်း အလားတူဖြစ်ကာ သည့်နောက် တစ္ဆေဆန်သောအစိမ်းရောင်မီးပါ ပျောက်ကွယ်သွားတော့သည်။
မဟာအင်ပါယာဂြိုဟ်ပေါ်၌ ဟင်္သာငှက်အဘိုးအို၏မျက်လုံးမှာ တောက်ပနေ၏။ သူသည် အံတင်းတင်းကြိတ်လျက် သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ ထို့နောက် သူက မြေကြီးစမ်းသပ်မှုအမွှေးတိုင်ထံသို့ ညွှန်လိုက်သည်။ သိမ်မွေ့ဆန်းကြယ်မီးသည် သူ့လက်ချောင်းထံမှ ထိုးထွက်ကာ မြေကြီးစမ်းသပ်မှုအမွှေးတိုင်ထံသို့ ထိုးထွက်သွားသည်။
“ကောင်လေး…ငါ မင်းကို ကူညီပေးဖို့အတွက် ဒီအဘိုးအို အစွမ်းကုန်လုပ်ပေးပြီးပြီး။ နိုးထနိုင်၊ မနိုးထနိုင်ကတော့ မင်းရဲ့ ကံပဲ…”
မြေကြီးစမ်းသပ်မှုအတွင်း၌မူ သွေးမိုးများ ပြီးသည့်နောက် ဟင်္သာငှက်အဘိုးအို၏ သိမ်မွေ့ဆန်းကြယ်မီးသည် တရကြမ်း တိုးဝင်လာကာ ဝမ်လင်း၏ဟင်္သာငှက်နှင့် ပေါင်းစပ်သည်။
ထိုအားထွက်ပေါ်လာမှုက မဲနယ်၊အပြာ၊ခရမ်းရောင်မီးများကို ဝမ်လင်းပတ်လည်ရှိ မီးမုန်တိုင်းထံမှ ပျောက်ကွယ်သွားစေသည်။
ဤအခိုက်အတန့်၌ အရောင်ခုနစ်ခုသည် ပေါင်းစပ်သွားပေပြီ။ အဖြူနှင့်အနက်တို့သာ ဆက်လက် ရုန်းကန်နေ၏။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက သူ့လက်ကို ဝေ့ယမ်းကာ ခပ်တိုးတိုး ရေရွတ်သည်။ “ဒီနေရာရဲ့မီးဟာ အကန့်အသတ်ရောက်လာခဲ့ပြီ။ နောက်ထပ်လောင်ကျွမ်းစရာ မကျန်တော့ဘူး။ ဒီလိုဆိုရင် ငါ ဘာအကူအညီမှ မလိုတော့ဘူး။ ငါ့ဘာသာ အဖြူနဲ့အနက်မီးတွေကို အားနဲ့ ပေါင်းစည်းစေမယ်…”
“တာအိုမန္တာန်…ပေါင်းစည်းခြင်း…”
ဝမ်လင်းသည် မာန်သွင်းလိုက်၏။ သူ့ပတ်လည်ရှိ အဖြူနှင့်အနက်မီးတို့သည် တုန်ရီလာသည်။ ထူးဆန်းသောအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုအားသည် အရာအားလုံးကို ပေါင်းစပ်ပေးနိုင်၏။ သည်အခိုက်တွင် အဖြူရောင်မီးသည် ချက်ခြင်း လွင့်ပျောက်သွားသည်။ မီးမုန်တိုင်းအတွင်း၌ အနက်ရောင်မီးတစ်ခုသာ ကျန်လေတော့သည်။
ထိုအနက်ရောင်မီးသည် ခုထိလှည့်ပတ်နေဆဲပင်။ သို့သော် ၎င်းကပိုပိုအားပျော့လာ၏။ ခဏအကြာတွင် ဝမ်လင်းက မတ်တပ်ထရပ်ကာ မာန်သွင်းအော်ဟစ်လိုက်ပြီး ယင်းအနက်ရောင်မီးကို ပျက်စီးစေသည်။ ရောင်စုံကိုးခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့လေပြီ။
ဤကဲ့သို့ တစ်ခုတည်းပေါင်းစည်းသွားသည်နှင့် ဝမ်လင်း၏ဟင်္သာငှက်သည် တရကြမ်း တိုးဝင်လာ၏။ ယင်းဟင်္သာငှက်ကို ခပ်ဖျော့ဖျော့ သိမ်မွေ့ဆန်းကြယ်မီးက ဝန်းရံထားကာ ၎င်းသည် ကောင်းကင်လှုပ်ခါစေမည့် ဟင်္သာငှက်အော်မြည်သံကို ထုတ်ဖော်သည်။
ထိုဟင်္သာငှက်၏ လေးကြိမ်မြောက်နိုးထခြင်းကား ပြီးပြည့်စုံသွားလေပြီ။
“လေးကြိမ်မြောက်နိုးထခြင်း။ ငါ့အထည်ဒြပ်မီးဟာ သိမ်မွေ့ဆန်းကြယ်မီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ…” ဝမ်လင်းသည် ရုတ်တရက် ထလိုက်၏။ သူ့အောက်ရှိ ကိုးရောင်စုံမီးကြာပန်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ သူ၏ဟင်္သာငှက်ထံသို့ စုဝေးလေတော့၏။
***