← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း(၂၄၁) အကျယ်ချုပ်မှ ပြန်လွတ်လာခြင်း

ဒုတိယမင်းသားသည် လင်ဝမ်ယိကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ ယခု ပြန်တွေ့ရသောအခါ စိတ်မကောင်းဖြစ်ကာ နှာခေါင်းရှုံ့လျက် မျက်ရည်ဝဲလာတော့သည်။

"လင်မယ်မယ် ပိန်သွားတယ်…"

တုမားမား၏ မျက်ဝန်းထဲတွင်လည်း စိုးရိမ်ရိပ်များ တိုးဝင်လာ၏။

လင်ဝမ်ယိမှာ နွေရာသီအပန်းဖြေနန်းတော်မှ ပြန်လာကြစဉ်ကအထိ အလွန်အမင်း ကျန်းကျန်းမာမာ သွက်သွက်လက်လက်ဖြင့် ကြည့်ကောင်းနေခဲ့သည်။ နန်းတော်သို့ ပြန်ရောက်ရုံရှိသေး၊ နန်းတွင်းသူများ၏ မနာလို ဝန်တို စကားများကြောင့် ယခုလို ဖြစ်ရလေပြီ။

ယခုမူကား အရင်က ပြည့်ဖြိုးခဲ့သော ပါးပြင်လေးမှာ ချောင်ကျသွားပြီး မျက်ကွင်းများလည်း ညိုမဲနေချေပြီ။ ဖြူဝင်းနုနယ်သော အသားအရေနှင့် ယှဉ်လိုက်သောအခါ စိတ်မလန်းဆန်းမှုမှာ ပို၍ ထင်ရှားနေတော့သည်။

ထို့ကြောင့် တုမားမားက အမြန် နှစ်သိမ့်‌ပေးလိုက်သည်။

"လင်ကိုယ်ရံတော် အိမ်တော်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားပြီလို့ ဒီအစေခံ ကြားပါတယ်… မယ်မယ်လည်း သိပ်ပြီး စိတ်မပူပါနဲ့တော့… ကိုယ့်ကျန်းမာ‌ရေးကိုပဲ ပိုပြီး ဂရုစိုက်သင့်ပါတယ်…"

တုမားမားမှာ စေတနာနှင့် ပြောမှန်း လင်ဝမ်ယိ သိသဖြင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"အင်း… မားမား စိတ်ချပါ… ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ့မယ်…"

ထို့နောက် ဒုတိယမင်းသား၏ ပခုံးကို ခပ်ဖွဖွလေး ပုတ်ကာ ပြောလိုက်၏။

"ဒီရက်ပိုင်း မင်းကို သိပ်ပြီး ဂရုစိုက်ဖို့ မအားခဲ့ဘူး… နှစ်သစ်ကူးပွဲတော် ပြီးသွားရင်တော့ အဆင်ပြေသွားမှာပါ… အဲ့ချိန်ကျရင် မင်းအတွက် နွေဦးဝတ်ရုံသစ်တွေနဲ့ မြင်းစီးဝတ်ရုံတွေ ချုပ်ပေးမယ်… နွေဦးအစမှာ တော်ဝင်ကျောင်းတော်ကို တက်ရတော့မယ် မဟုတ်လား… အရမ်းကြီး စိတ်ဖိစီး မနေပါနဲ့… ကိုယ်တတ်နိုင်သလောက် ကြိုးစားရင် ရပါပြီ…"

လင်ဝမ်ယိတွင် သားသမီးကို နဂါးဖြစ်စေချင်သည့် လောဘစိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့သဖြင့် ဒုတိယမင်းသားအား ထူးချွန်ထက်မြက်သူ ဖြစ်ရမည်ဟု ဘယ်သောအခါမှ မဖိအားပေးခဲ့ပေ။

အရာရာကို မိမိ၏ ဇွဲလုံ့လနှင့် အရည်အချင်းအပေါ်၌သာ အခြေခံစေရာ ဤအချက်ကပင် ဒုတိယမင်းသားအား စိတ်သက်သာရာ ရစေခြင်း ဖြစ်သည်။

"လင်မယ်မယ် စိတ်ချပါ… သားတော် သေချာပေါက် ကြိုးစားပါ့မယ်… လင်မယ်မယ်နဲ့ တုမားမားတို့ရဲ့ ဂရုစိုက်မှုတွေကို ဘယ်တော့မှ အလွဲသုံးစား မလုပ်ပါဘူး…"

လင်ဝမ်ယိမှာ ယခုအချိန်တွင် အလွန် ပင်ပန်းနွမ်းနယ်နေသော်လည်း ဤစကားကို ကြားသောအခါ ဝမ်းသာပီတိ ဖြစ်ရသည်။ ဒုတိယမင်းသားနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် သူမ အခန်းထဲဝင်ကာ အနားယူလိုက်တော့၏။

တုမားမား ပြောသကဲ့သို့ပင် သူမ ကိုယ့်ကျန်းမာ‌ရေးကို ပို၍ ဂရုစိုက်ရမည်။ နောက်ထပ် ရင်ဆိုင်ရမည့် ကိစ္စရပ်များစွာ ရှိနေသေးရာ ဖျားနာသွား၍ မဖြစ်ပေ။

ယခုဆိုလျှင် လကွယ်ညစာစားပွဲ ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် ကွေ့ဖင်ရာထူး တိုးမြှင့်ခြင်း အခမ်းအနားအတွက် ပြင်ဆင်မှုများလည်း ပြီးစီးလုနီးပြီ ဖြစ်သည်။

လင်ဝမ်ယိ၏ ရာထူးမှာ ကွေ့ရန် အဆင့်မှ ကွေ့ဖင် အဆင့်သို့ ရုတ်တရက် တိုးသွားခြင်း ဖြစ်ရာ နန်းတွင်းရေးရာဌာနက ကြိုတင်ပြင်ဆင်ထားသည့်မို့ အဆင်ပြေချောမွေ့လေသည်။ ဤကိစ္စကို တာဝန်ယူ ညှိနှိုင်းပေးနေသူမှာ ချင်အန်း ဖြစ်လေသည်။

နန်းတွင်းဝတ်ရုံမှာ ယခင်က ယင်းဖင်ရာထူးတိုးစဉ်က ဝတ်ဆင်ခဲ့သော မင်္ဂလာဝတ်ရုံကို ပြန်လည် ပြုပြင်ထားခြင်း ဖြစ်ရာ သူမနှင့် ကွက်တိ ဖြစ်နေသည်။

"ဒီမင်္ဂလာဝတ်ရုံက တကယ့်ကို စွမ်းတာပါ… အရင်တုန်းက ယင်းဖင်မယ်မယ်လည်း ဒီဝတ်ရုံကို ဝတ်ပြီး ကွေ့ဖင်အဆင့် တက်ခဲ့တာပါ… အဲဒီနောက်မှာ စတုတ္ထမင်းသားကို ဘေးကင်းကင်း ဖွားမြင်ခဲ့ပြီး ဖေးရာထူးအထိ တိုးမြှင့်ခံခဲ့ရတာ… မယ်မယ်ကလည်း ကံကောင်းတဲ့သူဆိုတော့ နောင်တစ်ချိန်မှာ အလားအလာတွေ အများကြီး ရှိနေမှာပါ…"

ချင်အန်းသည် ယခုအခါ လင်ဝမ်ယိနှင့် စကားပြောဆိုရာတွင် ယခင်ကထက် ပို၍ ရင်းနှီးပွင့်လင်းလာခြင်း ဖြစ်သည်။

သူ၏ စကားမှာလည်း မမှားပေ၊ ကွေ့ဖင်ရာထူးအထိ တက်လှမ်းရန် နှစ်ပေါင်းများစွာ ရုန်းကန်ရသူများ ဒုနဲ့ဒေး ရှိသော်လည်း လင်ဝမ်ယိအတွက်မူ အရာရာက ချောမွေ့လွန်းနေသည်။

လင်ဝမ်ယိသည် ဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် သူမ ပုံမှန်ဝတ်ဆင်နေကျ ဝတ်ရုံကို ပြန်လဲလိုက်သည်။ ထို့နောက် ချင်အန်းကို ရေနွေးကြမ်း သောက်ရန် ဖိတ်ခေါ်လိုက်၏။

ချင်အန်းသည် လင်ဝမ်ယိတွင် ပြောစရာ ကိစ္စရှိမှန်း ရိပ်မိသဖြင့် မငြင်းဆန်တော့ဘဲ လာခဲ့လေသည်။

"ချင်ကုန်းကုန်း… နန်းတွင်းသူတွေ အကျယ်ချုပ် ခံထားရရင် ဘယ်လိုနည်းနဲ့ အပြင်ပြန်ထွက်လို့ ရမလဲ…"

ချင်အန်းက လင်ဝမ်ယိသည် ကွေ့ဖင်ရာထူးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းမည်ဟု ထင်မှားခဲ့ပြီး ဤမေးခွန်းကို မေးလာလိမ့်မည်ဟု မထင်ထားမိပေ။ သူ စဉ်းစားကြည့်ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။

"မယ်မယ့် ပြောချင်တာက ပိုင်ကွေ့ရန်နဲ့ ချူတာရင်တို့ကို ပြောတာလား…"

"အင်း…"

"ဒီသခင်မလေး နှစ်ယောက်စလုံးက အရှင်မင်းကြီးကို ဒေါသထွက်အောင် လုပ်မိလို့ အကျယ်ချုပ် ချခံထားရတာ… ရက်သတ်မှတ်ထားတာမျိုး တိတိကျကျမရှိတော့ လကွယ်ညစာစားပွဲ အကြောင်းပြုပြီး အကျယ်ချုပ်ကနေ လွတ်ခဲ့ဖူးတဲ့ နန်းတွင်းသူတွေလည်း ရှိခဲ့ပါတယ်…"

"ဒါပေမဲ့… သူတို့က မယ်မယ့်အပေါ် အငြိုးအတေး ရှိကြတာ… သူတို့ကို လွှတ်ပေးလိုက်ရင် မယ်မယ့်အတွက် ပြဿနာတွေ ဖြစ်မလာဘူးလား…"

"ဒီအရှင်မက သူတို့ ပြဿနာ ရှာမှာကိုပဲ လိုချင်တာ…

ရှေ့ဆက်ရမယ့် လမ်းကြောင်းက ချောမွေ့လွန်းနေရင် နောက်ကွယ်က လုပ်ကြံတာတွေကို ကာကွယ်ရ ခက်လိမ့်မယ်…"

လင်ဝမ်ယိ ဤသို့ ပြောလိုက်သောအခါ ချင်အန်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

ချူတာရင်နှင့် ပိုင်ကွေ့ရန်တို့သည် ရိုးအလွန်းသူသာဖြစ်ကြသည်။ သို့မဟုတ်ပါက အကျယ်ချုပ် ခံရမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့၏ လှည့်ကွက်များကို လင်ဝမ်ယိ ကြိုသိလေသည်။

တစ်နည်းအားဖြင့် လင်ဝမ်ယိက သူတို့၏ ရင်ထဲမှ အငြိုးအတေးများ တမင် သက်သက် ထုတ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သူမ နန်းတော်ထဲတွင် အလွန်အမင်း ထင်ပေါ်ကျော်ကြားနေမှုကို လျှော့ချနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ရန်သူပေါင်းစုံ၏ တိုက်ခိုက်မှုကို သူမ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဤလူနှစ်ဦးကို လွှတ်ပေးကာ သူမကို တိုက်ခိုက် ခိုင်းခြင်းက အကျိုးရှိမည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။ ပိုအရေးကြီးသည်မှာ နောင်တစ်ချိန်တွင် ယီဖေးကိုပါ စည်းရုံးရန် အခွင့်အရေး ရနိုင်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ ဤလူနှစ်ဦးမှာ ယခင်က ယီဖေး၏ လက်ပါးစေများ ဖြစ်ခဲ့ကြသည်။ ယခုအခါ ယီဖေးသည် မောင်းမဆောင်တွင် အာဏာအရှိဆုံး ဖြစ်နေရာ သူတို့ကို လွှတ်ပေးရန်မှာ အနှေးနှင့်အမြန် ကိစ္စသာ ဖြစ်သည်။ သို့သော် ယီဖေးကို အမိန့်ဖြင့်မဟုတ်ဘဲ မိမိကိုယ်တိုင် လမ်းဖောက်ပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဤသည်က မောင်းမဆောင်၏ အခြေအနေကို ထိန်းညှိရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

ဤသို့ တွေးမိရင်း ချင်အန်းက ပြုံးကာ ပြောလိုက်သည်။

"မယ်မယ့် အကြံအစည်က တကယ်ကို စေ့စပ်သေချာပါတယ်… ဒီအစေခံ နားလည်ပါပြီ… အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်…"

ချင်အန်း၏ နန်းတွင်း စွမ်းဆောင်ရည်ကို လျှော့တွက်၍ မရပေ။ သိပ်မကြာခင်မှာပင် ချန်နင်နန်းဆောင်ဘက်မှ သတင်းများ ထွက်ပေါ်လာတော့သည်။ သခင်မလေး နှစ်ဦးစလုံး လကွယ်ညစာစားပွဲအတွက် ဆုတောင်းပေးရင်း ပင်ပန်းလွန်း၍ ဖျားနာသွားကြသည်ဟူ၏။

ယီဖေးသည် ဤအကြောင်းပြချက်ကို သုံးကာ ချန်အန်းနန်းဆောင်သို့ ကိုယ်တိုင်သွားရောက်၍ အသနားခံပေးခဲ့သည်။ နှစ်သစ်ကူးပွဲတော် နီးကပ်နေပြီဖြစ်ရာ အရှင်မင်းကြီးလည်း တားမနေတော့ပေ။ သို့ဖြစ်၍ ထိုလူနှစ်ဦးမှာ လပေါင်းများစွာ အကျယ်ချုပ်ခံရပြီးနောက် ၂၉ ရက်နေ့တွင် အကျယ်ချုပ်မှ လွတ်မြောက်လာကြတော့သည်။

အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် သူတို့နှစ်ဦးစလုံး အလွန် ဝမ်းသာသွားကြပြီး ထိုနေ့ မွန်းလွဲပိုင်းမှာပင် ယီဖေး၏ လင်ကျစ်နန်းဆောင်သို့ ရောက်ရှိလာကြသည်။

ချူတာရင်မှာ အကျယ်ချုပ် သက်တမ်း ပိုကြာခဲ့သော်လည်း ပိုင်ကွေ့ရန်ထက် ပို၍ တက်ကြွနေပုံရသည်။ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သူမ၏ ရုပ်ရည်မှာ အရင်အတိုင်းပင် ဖြစ်သည်၊ အသက်အရွယ်အရလည်း ငယ်ရွယ်သေးပြီး ချန်နင်နန်းဆောင်တွင် ရှိစဉ်ကလည်း ကြီးကြီးမားမား ဒုက္ခမရောက်ခဲ့၍ ဖြစ်ပေလိမ့်မည်။

ပိုင်ကွေ့ရန်မှာမူ ဆက်တိုက် အကျယ်ချုပ်ခံရခြင်းနှင့် ရာထူးချခံရခြင်းတို့ကြောင့် စိတ်ဓာတ်ကျနေပုံရသည်။ အရင်ကလို မာနထောင်လွှားမှုများ မရှိတော့ဘဲ ဟွိုင်ယန်ဒေသမှ အမျိုးသမီးများကဲ့သို့ စိုးရိမ်ပူပန်မှုများသာ ပြည့်နှက်နေတော့သည်။ သို့သော် သူမသည် ယီဖေးကို အသက်ကယ်တင်ပေးသည့်အတွက် အထူးတလည် ကျေးဇူးတင် စကားဆိုလိုက်သည်။ သို့မဟုတ်ပါက သူမ ဤတစ်သက် ချန်နင်နန်းဆောင်မှ ထွက်လာနိုင်ပါ့မလား မသိတော့ချေ။

"ကျွန်တော်မျိုးမ မယ်မယ့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်…"

"ဟုတ်ပါတယ်… မယ်မယ် လူလွှတ်ပြီး ပို့လိုက်တဲ့ နည်းလမ်းက တကယ်ကို အဆင်ပြေပါတယ်… မဟုတ်ရင် ကျွန်တော်မျိုးမတို့ ဘယ်အချိန်မှ လွတ်မြောက်မယ်မှန်း သိမှာ မဟုတ်ပါဘူး…"

သူတို့နှစ်ဦး၏ စကားကြောင့် ယီဖေးပင် အံ့ဩသွားရသည်။ သူမမသိ‌သော ကျေးဇူးတင်မှုအတွက် သူမ စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်မိသွားသည်။

"ဘာနည်းလမ်းလဲ… ဒီအရှင်မ ဘာနည်းလမ်းမှ လူလွှတ်ပြီး မပို့ခဲ့ဖူးပါဘူး…"

ချူတာရင်သည် ဤစကားကို ကြားသောအခါ အလွန်အမင်း အံ့ဩသွားပြီး မျက်ဝန်းထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားသည်။

"မယ်မယ်က ဒီတစ်ခေါက် လကွယ်ညစာစားပွဲအတွက် ဆုတောင်းနန်းတွင်းမီးအိမ်တွေ အများကြီး ပြင်ဆင်ထားတယ်လို့ နန်းတွင်းသူတွေ ပြောတာ ကြားလို့ ကျွန်တော်မျိုးမတို့ ဒီလို လုပ်ခဲ့တာပါ… ဒါက တကယ် မဟုတ်ဘူးလား…"

နန်းတွင်းမီးအိမ် ကိစ္စကြောင့်မှန်း သိလိုက်ရသဖြင့် လူနှစ်ဦး လုံးဝ မအသေးကြောင်း ယီဖေး သိလိုက်ရသည်။ ထို့ကြောင့် သူမ ကျေးဇူးတင်ခြင်းကို လက်ခံလိုက်တော့၏။

"ဒီလိုကိုး… မင်းတို့ ဒီအရှင်မရဲ့ အကြံအစည်ကို ရိပ်မိတယ်ဆိုရင် နောက်နောင် အမှားတွေ မလုပ်ကြနဲ့တော့… အရှင်မင်းကြီး ရှေ့မှာ ထင်ပေါ်ချင်တိုင်း ထင်ပေါ်လို့ မရဘူး… အရှင်မင်းကြီးက မင်းတို့ကို ထင်ပေါ်စေချင်ရင် မျက်နှာသာပေးလိမ့်မယ်… မထင်ပေါ်စေချင်ရင်တော့ အကျယ်ချုပ်ထဲမှာပဲ တစ်သက်လုံး နေရလိမ့်မယ်…"

All Chapters