← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း(၂၄၂) ဆုံးမခံရခြင်း

ယီဖေး ဤသို့ ပြောလိုက်သောအခါ ချူတာရင်က သေသေချာချာ နားထောင်နေသော်လည်း ပိုင်ကွေ့ရန်မှာမူ ရင်ထဲတွင် အကြီးအကျယ် နာကျင်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူမ မည်သို့ ရာထူးကျခဲ့သည်ကို အားလုံး သိကြသည် မဟုတ်လား။ ဤစကားမှာ မိမိကို ဆူပူနေသကဲ့သို့ ခံစားရသဖြင့် မျက်နှာပျက်သွားရသည်။

သူမ၏ မျက်နှာထားကို ယီဖေး မြင်လိုက်ရသောအခါ စိတ်အနည်းငယ် ပျက်သွားသည်။ ဟွိုင်ယန်ဒေသမှ အမျိုးသမီးများမှာ တကယ့်ကို နုနယ်လွန်းလှသည်၊ အကျယ်ချုပ် ကိစ္စလေးတစ်ခုတည်းနှင့် ဤမျှ ကြောက်လန့်နေကြသည်။

ချူတာရင်ကို ကြည့်ပါဦး၊ ဤသည်မှသာ သူတို့ ရှီးပေဒေသမှ အမျိုးသမီးများ၏ ဟန်ပန် ဖြစ်ရမည်။ ဒုက္ခရောက်သည့်တိုင်အောင် အစက ပြန်စနိုင်သည့် သတ္တိ ရှိရမည် မဟုတ်လား။ ထို့ကြောင့် သူမ ပိုင်ကွေ့ရန်ကို လျစ်လျူရှု့လိုက်လေသည်။

"ချူတာရင်… မင်းရဲ့ အဖေနဲ့ အစ်ကိုဆီက ဒီကို စာတွေ ပို့ထားတယ်… ဒီမှာပဲ ဒီအရှင်မနဲ့ အတူတူ ဖတ်ကြတာပေါ့…"

"ဟုတ်ကဲ့ မယ်မယ်…"

ချူတာရင်က ပိုင်ကွေ့ရန်ကို မထင်မဲ့မြင် တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်နှာတွင် မာနရိပ်များ ပေါ်လွင်နေတော့သည်။ အတိတ်က ပိုင်ကွေ့ရန်မှာ ယီဖေး ရှေ့တွင် မျက်နှာရခဲ့သော်လည်း ယခုမူ မည်သူက ပို၍ ရင်းနှီးသည်မှာ ထင်ရှားနေချေပြီ။

ပိုင်ကွေ့ရန်မှာလည်း အသူ မဟုတ်သဖြင့် ယီဖေး၏ စကားကို နားလည်လိုက်သည်။ ထို့ကြောင့် အနေခက်စွာဖြင့် ထ၍ နှုတ်ဆက်လိုက်ရုံသာ ရှိတော့သည်။

"မယ်မယ်… ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး…"

သူမ ထွက်သွားပြီးနောက်မှ ချူတာရင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟွိုင်ယန်အမျိုးသမီးတွေကတော့ အရှင်မင်းကြီးကို မြူဆွယ်ဖို့ပဲ သိကြတာ… အခု အချစ်လျော့သွားတော့ ‌သေသွားသလိုပဲ… တကယ့်ကို စိတ်ပျက်စရာပါပဲ…"

"တော်စမ်း… မင်းကို အကျယ်ချုပ်က လွှတ်ပေးတာက အရင်လို အမူအကျင့်တွေ ပြန်လုပ်ဖို့ မဟုတ်ဘူး… ကိုယ့် သိက္ခာ ကိုယ် ထိန်းပြီး ရာထူး ဘယ်လို ပြန်တိုးအောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားစမ်း…"

ချူတာရင်သည် ကွေ့ရန်အဆင့်မှ တာရင်အဆင့်အထိ ရာထူးကျခဲ့ရခြင်းမှာ လင်ဝမ်ယိနှင့် သူမ၏ အစ်ကိုကြောင့်ဟု တွေးကာ အမြဲတမ်း သူမတို့ကို မုန်းတီးနေခဲ့သည်။

"ဟွန်း… မယ်မယ် ပြောတာ မှန်ပါတယ်… လင်ဝမ်ယိ ဆိုတဲ့ ကောင်မက အရှင်မင်းကြီး ရှေ့မှာ ဘာတွေ လျှောက်ပြောထားလဲ မသိဘူး… ကျွန်တော်မျိုးမကို ဒီလောက် ကြာကြာ အကျယ်ချုပ်ထားရတယ်လို့… မယ်မယ်သာ မကယ်ရင် အခုချိန် ထွက်လာရမှာ မဟုတ်ဘူး…"

ယီဖေးသည် သူမ၏ အတွေးကို ရိပ်မိသဖြင့် ရန်တိုက်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

"လင်ဝမ်ယိက အခု ကွေ့ဖင် အဆင့် ရောက်နေပြီ… မင်း သူကို တွေ့ရင် မယ်မယ်လို့တောင် ခေါ်ရတော့မှာ…"

"ဘာလဲ…"

"ကွေ့ဖင် ဟုတ်လား…"

"မယ်မယ်… အဲ့ကောင်မက ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်မြန် ရာထူးတိုးသွားရတာလဲ… ဘယ်လောက်မှတောင် မကြာသေးဘူးကို…"

သူမ၏ လေသံတွင် မယုံကြည်နိုင်မှုများနှင့် မနာလို ဝန်တိုမှုများ အတိုင်းသား ပေါ်လွင်နေတော့သည်။

"သူက ကံကောင်းတာတော့ အမှန်ပဲ… အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို သိပ်မခံကပေမယ့် ရာထူးတက်တဲ့ နေရာမှာတော့ ဒီအရှင်မတောင် အံ့ဩရတယ်…"

ပထမဦးစွာ သွမ့်ဝူပွဲတော်တွင် ယင်းဖင်ကို ကယ်တင်ခဲ့သည့် အခွင့်အရေးကို သုံးကာ တာရင်အဆင့်မှ ချန်ကျိုက်အဆင့်သို့ တက်ခဲ့သည်။ အဲဒီနောက်မှာ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့၏ အကြောင်းပြချက်ဖြင့် ချန်ကျိုက်အဆင့်မှ ကွေ့ရန်အဆင့် ဖြစ်လာခဲ့ပြန်သည်။ အစကတော့ ဤမျှနှင့် လမ်းဆုံးပြီဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ လုပ်ကြံသူ ကိစ္စ ပေါ်လာရာ လင်ကိုယ်ရံတော်၏ ကောင်းမှုကြောင့် ကွေ့ဖင် အဆင့်သို့ ရောက်ရှိသွားပြန်သည်။ တကယ့်ကို ပုံပြင်အတိုင်းပါပဲလား။

လင်ဝမ်ယိ ရာထူးတက်သွားသည့် အကြောင်းရင်းကို သိလိုက်ရသောအခါ ချူတာရင်မှာ ပို၍ပင် အံကြိတ်နေမိတော့သည်။

နန်းတွင်းသို့ စတင် ဝင်ရောက်စဉ်က မိမိမှာ ကွေ့ရန်အဆင့် ဖြစ်ပြီး လင်ဝမ်ယိမှာမူ မည်သူမဆို အန်ုကျင့်နိုင်သော အောက်ခြေ တာရင်အဆင့်သာ ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် မိမိ အကျယ်ချုပ် ခံထားရစဉ်အတွင်း သူမက အခွင့်ကောင်းယူကာ နန်းဆောင်တစ်ခု၏ သခင်မ ဖြစ်လာခဲ့ချေပြီ။

ရီဟွားနန်းဆောင်မှာ ယခင်က သူမ နေထိုင်ခဲ့ဖူးသော နေရာဖြစ်ရာ ယခုအခါ ထိုခမ်းနားထည်ဝါသော ပင်မနန်းဆောင်မှာ လင်ဝမ်ယိ၏ လက်ဝယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ချူတာရင် မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်ပါ့မည်နည်း။

"ဟွန်း… စာပေမှူးမတ်အိမ်တော်က လာတဲ့သူတွေက တကယ့်ကို လှည့်ကွက် များတာပဲ…"

ချူတာရင်သည် မိမိကိုယ်ကိုယ် စစ်သူကြီးသမီးအဖြစ် အမြဲ ဂုဏ်ယူခဲ့ပြီး တိုင်းပြည်အေးချမ်းမှုမှာ စစ်သူကြီးများ၏ ကောင်းမှုကြောင့်ဟု ထင်မှတ်ထားခဲ့သူ ဖြစ်သည်။ စာပေမှူးမတ်များမှာမူ နှုတ်ဖြင့်သာ ဖားတတ်ကြသည်ဟု ယူဆခဲ့သည်။ ယခု မောင်းမဆောင်တွင်လည်း စစ်သူကြီးသမီးများမှာ စာပေမှူးမတ်အိမ်တော်မှ သမီးများ၏ ဖိနှိပ်မှုကို ခံနေရသကဲ့သို့ ခံစားရသဖြင့် သူမ ဘယ်လိုမှ မခံမရပ်နိုင် ဖြစ်နေတော့သည်။

သူမ၏ မကျေနပ်သော မျက်နှာထားကို ကြည့်ရင်း ယီဖေးသည် အကျယ်ချုပ်က လွှတ်ပေးရန် အသနားခံခဲ့သည်မှာ မှန်ရဲ့လားဟုပင် သံသယဝင်မိသွားသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ရှိသည်က မရှိသည်ထက်စာလျှင် ပို၍ ကောင်းမွန်ပေသည်။

ယင်းဖင်အနားက မုချန်ကျိုက်မှာ အကဲခတ် အလွန် တော်သူ ဖြစ်သည်။ ကျင်းရှို့မှာလည်း မဆိုးသော်လည်း နောက်ခံကြောင့် ရာထူးသိပ်မတက်နိုင်ပေ။ ထို့ကြောင့် သူမ ချူတာရင်ကို အနားတွင် ထားရှိခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့ ခံစားချက်ကို မျက်နှာပေါ်တွင် အကုန်ပြတတ်သည့် အကျင့်က ပြဿနာ ပြန်ခေါ်လာနိုင်ပေသည်။

ထို့ကြောင့် ယီဖေးက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်၏။

"ဒီမှာ လာပြီး ရွဲ့မနေနဲ့… မင်း တကယ် လှည့်ကွက် ရှိတယ်ဆိုရင် အရှင်မင်းကြီး ရှေ့မှာ ဟန်ဆောင်ရင်တောင် ပိပိရိရိ ဟန်ဆောင်ရမယ်… နောက်တစ်ခါ ထပ်မှားရင်တော့ ဒီအရှင်မ မင်းရဲ့ အသက်ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး…"

"မောင်းမဆောင်ထဲမှာပဲ အိုမင်းပြီး သေသွားမလားဆိုတာ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်…"

ယီဖေး၏ စကားမှာ အလွန် ပြင်းထန်လှသဖြင့် ချူတာရင် အကြီးအကျယ် ကြောက်လန့်သွားရသည်။ ရင်ထဲတွင် မည်မျှပင် မကျေနပ်ပါစေ ယခုအချိန်တွင်မူ ထုတ်မပြရဲတော့ချေ။

"ကျွန်တော်မျိုးမ မှားသွားပါတယ်… မယ်မယ် စိတ်မဆိုးပါနဲ့…"

ချူတာရင်၏ အညံ့ခံသော ပုံစံကို ကြည့်ရင်း ယီဖေး စိတ်ထဲတွင် သူမ အမှန်တကယ် နောင်တရသည်ဟု မထင်ပေ။ ထို့ကြောင့် ဘေးနားရှိ ရွမ်မင်ကို တစ်ချက် ကြည့်ကာ ဆက်ပြောလိုက်သည်။

"မင်းကို ပြုစုနေတဲ့ နန်းတွင်းသူတွေက စည်းကမ်း မသိကြဘူး… ဒီအရှင်မက ရွမ်မင်ကို ခိုင်းပြီး မင်းအတွက် သင့်တော်တဲ့ နှစ်ယောက် ရွေးပေးထားတယ်… ခဏနေရင် ခေါ်သွားလိုက်… မင်း တစ်ခုခု မှားတာရှိရင်လည်း သူတို့က ပြင်ပေးလိမ့်မယ်…"

ဤသည်မှာ မိမိကို စောင့်ကြည့်ရန် လူလွှတ်ခြင်း ဖြစ်မှန်း ချူတာရင် သိသော်လည်း ငြင်းဆန်ခွင့် မရှိပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ လက်ခံလိုက်ရုံသာ ရှိတော့သည်။

သူမ ချန်နင်နန်းဆောင်သို့ ထွက်ခွာသွားချိန်တွင် နန်းတွင်းသူတစ်ယောက်နှင့် မိန်းမစိုးတစ်ယောက် အတူတူ ပါသွားတော့သည်။ သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် တည်ငြိမ်ရင့်ကျက်ပုံရသည်။

"သတ္တိပဲရှိပြီး ဉာဏ် မရှိဘူး… သူ့အဖေထက်တောင် ပိုပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သေးတယ်…"

ယီဖေး ပြောလိုက်သူမှာ ချူတာရင်၏ အဖေ ဖြစ်သော ချူရှင့် ဖြစ်သည်။ သူသည်လည်း ရှီးပေစစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ၏ အရည်အချင်းကြောင့် နာမည်ကျော်ကြားခဲ့သော်လည်း စိတ်မြန်လက်မြန် ရှိလွန်းသဖြင့် ကြီးမားသော တာဝန်များကိုမူ မထမ်းဆောင်နိုင်ခဲ့ပေ။ ချူတာရင်နှင့် သူမ၏ အဖေမှာ တစ်ပုံစံတည်းပင် ဖြစ်သည်။ အားကိုး၍ ရသော်လည်း အရေးကြီးသော ကိစ္စများတွင်မူ အားကိုး၍ မရချေ။

"မယ်မယ် စိတ်ချပါ… အခု ပါသွားတဲ့သူတွေက အလွန် တည်ငြိမ်တဲ့သူတွေမို့ ချူတာရင်ကို သေသေချာချာ ထိန်းကျောင်းပေးနိုင်မှာပါ…"

ရွေ့ယန်က ဘေးမှနေ၍ နှစ်သိမ့်စကား ဆိုလိုက်သည်။

ယီဖေးကမူ ချူတာရင်မှာ ယာယီ အသုံးချရုံသာ ဖြစ်သည်ဟု တွေးထားသဖြင့် အခြားနည်းလမ်းများကို ရှာဖွေရဦးမည်ဟု တွေးလိုက်သည်။ ထို့ကြောင့် ရွေ့ယန်အား မှာကြားလိုက်၏။

"အိမ်တော်ကို သတင်းပို့လိုက်… သင့်တော်တဲ့ မိန်းကလေး အချို့ကို သေသေချာချာ ရွေးချယ်ထားဖို့… နန်းတွင်းသူရွေးချယ်ပွဲ ကျရင် နန်းတော်ထဲ ပို့ရအောင်…"

"ဟုတ်ကဲ့ မယ်မယ် စိတ်ချပါ…"

ယီဖေးသည် ယခုအခါ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကိုသာမက ရာထူးအာဏာ တည်မြဲရေးနှင့် တတိယမင်းသား၏ နောင်ရေးကိုပါ မျှော်မှန်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမဘက်တွင် လူအင်အားတောင့်နေမှသာ ပိုကောင်းလိမ့်မယ်။ မိမိကသာ သေသေချာချာ ထိန်းချုပ်နိုင်လျှင် ဒါက မိမိလက်ထဲတွင် လက်နက်ကောင်း တစ်ခု ဖြစ်လာမည် မဟုတ်လား။ နောင်တစ်ချိန် တတိယမင်းသား အာဏာ ရလာပါက အခြားမင်းသားများ ဖွားမြင်လာခဲ့လျှင်လည်း ကိစ္စမရှိပေ။ ဤသည်ကပင် ယီဖေး၏ အစီအစဉ် ဖြစ်လေသည်။

"ရာထူးတိုးမြှင့်ပွဲ အခမ်းအနားအတွက် အားလုံး အသင့်ဖြစ်ပြီလား…"

"မယ်မယ် စိတ်ချပါ… အားလုံး အသင့်ဖြစ်ပါပြီ… ဒီတစ်ခေါက် ရာထူးတိုးတဲ့ နန်းတွင်းသူ စုစုပေါင်း ခြောက်ယောက်ရှိပါတယ်… အားလုံးဆီကို မင်္ဂလာဝတ်ရုံနဲ့ ဘွဲ့စာချွန်လွှာတွေ ပို့ပေးပြီးပါပြီ… အခမ်းအနားကိုတော့ မနက်ဖြန် မနက်မှာ စတင် ကျင်းပမှာပါ…"

"ဒါဆိုရင်တော့ ပြီးတာပါပဲ…”

All Chapters