အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း(၂၄၃) ရာထူးတိုးမြှင့်ခြင်း အခမ်းအနား
ယီဖေးအတွက်တော့ ဤသည်က ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်ပေ၏။
ဤရာထူးတိုးမြှင့်ခြင်း အခမ်းအနားကို သူမ ဦးစီးဦးဆောင် ကျင်းပရခြင်းကပင် သူမ၏ အရည်အချင်းကို အသိအမှတ်ပြုခြင်း တစ်မျိုး ဖြစ်ချေသည်။
ထို့ကြောင့် မနက်ဖြန်တွင် အမှားအယွင်း တစ်စုံတစ်ရာမျှ အဖြစ်ခံ၍ မရပေ။
သိပ်မကြာမီမှာပင် ဤလကွယ်ညစာစားပွဲ၏ ရာထူးတိုးမြှင့်ခြင်း အခမ်းအနား စတင် ကျင်းပလေတော့သည်။
ယခုတစ်ခေါက် ရာထူးတိုးမြှင့်ခံရသူ ခြောက်ဦးအနက် ချန်းကွေ့ရန်မှာ ရာထူးအမြင့်ဆုံး ဖြစ်ရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အသစ်တက်လာသော ယိနင်ကွေ့ဖင် လင်ဝမ်ယိသာလျှင် အမြင့်ဆုံး ဖြစ်နေချေပြီ။
မိမိ၏ ဘွဲ့အမည်ကို ကြားလိုက်ရသောအခါ လင်ဝမ်ယိ ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားရ၏။
စာလုံးနှစ်လုံးပါသော ဘွဲ့အမည်မှာ ယခင်က တစ်ခါမျှ မကြားဖူးသော ဘွဲ့ပင်။
သူမကမူ ဤမျှလောက်အထိ မထင်ပေါ်ချင်ခဲ့ပေ။
သို့သော် ပြန်တွေးကြည့်လိုက်သောအခါ ဤသည်မှာ အစ်ကိုဖြစ်သူက အသက်စွန့်ပြီး သူမအတွက် ကြိုးစားခဲ့သည်ဖြစ်ရာ သူမသာ ငြင်းဆန်လိုက်ပါက အခြားသူများကလည်း သူမ၏ နှိမ့်ချမှုကို အထင်ကြီးကြမည် မဟုတ်ချေ။
ထို့အပြင် လင်ဝမ်ယိကို တမင် ဟန်ဆောင်နေသည်ဟုပင် ထင်မြင်သွားကြပေလိမ့်မည်။
ထို့ကြောင့် အပင်ပန်းခံပြီး အကျိုးမရှိ ဖြစ်ရမည့်အစား လင်ဝမ်ယိက စိတ်အေးလက်အေးဖြင့်ပင် လက်ခံလိုက်လေတော့သည်။
ဤရာထူးတိုးမြှင့်ခြင်း အခမ်းအနားကို တာဝန်ယူ ကြေညာပေးရသည့် မိန်းမစိုးမှာ သုန်ယွီကျုံး ဖြစ်လေ၏။
ပုံမှန်ဆိုလျှင် ကျန်းဟယ်ချင့်၏ တာဝန် ဖြစ်သင့်သော်လည်း ယခုအခါ သူက လင်ကွေ့ဖေး၏ အနားတွင် ရှိနေသဖြင့် ပြန်ခေါ်လျှင်တောင် အမီပြန်ရောက်နိုင်မည် မဟုတ်ပေ။
ရွမ်မင်မှာလည်း ရာထူးအဆင့်အတန်းအရ မပြည့်မီသဖြင့် နောက်ဆုံးတွင် သုန်ယွီကျုံးကသာ ကိုယ်စား တာဝန်ယူပေးရခြင်း ဖြစ်သည်။
အရှင်မင်းကြီးမှာ နဂါးပလ္လင်ပေါ်တွင် မြင့်မြတ်စွာ ထိုင်နေပြီး တောက်ပသော အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
ထိုဝတ်ရုံပေါ်ရှိ နဂါး၏ မျက်လုံးများကို ပန်းထိုးပညာရှင် ဆယ်ယောက်ခန့်က နည်းစနစ်သစ်များ အသုံးပြုကာ ချယ်မှုန်းထားသဖြင့် အလွန်ပင် အသက်ဝင် တောက်ပနေ၏။
ဤဝတ်ရုံကပင် အရှင်မင်းကြီးကို ပိုမို၍ ခန့်ညားနေစေတော့သည်။
"ကွေ့ရန် သခင်မလေးလင်ဟာ ကြိုးစားပမ်းစားရှိပြီး နူးညံ့သိမ်မွေ့တယ်… အကျင့်စာရိတ္တ ကောင်းမွန်ပြီး အေးချမ်းတည်ငြိမ်တဲ့ ရုပ်ရည်သွင်ပြင် ရှိတယ်… အဆိုပါကြောင့် ကွေ့ဖင် အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပါတယ်… ယိနင် ဆိုတဲ့ ဘွဲ့နာမည်ကို ပေးသနားပြီး ရီဟွားနန်းဆောင်ရဲ့ ပင်မဆောင်မှာ နေထိုင်စေရမယ်… အမိန့်တော်မြတ်အတိုင်းပါပဲ…"
သုန်ယွီကျုံး၏ တစ်ခွန်းချင်း သေသေချာချာကြေညာလိုက်ပြီးနောက်တွင်မူ
လင်ဝမ်ယိ၏ ကွေ့ဖင် ရာထူးမှာ အတည်ဖြစ်သွားခဲ့လေပြီ။
ယခု သူမ၏ ရာထူးအဆင့်အရ သူမကို မယ်မယ် ဟု ခေါ်ဆိုရတော့မည် ဖြစ်သည်။
အကယ်၍သာ ရာထူး ထပ်တိုးခဲ့မည်ဆိုပါက လင်ဝမ်ယိမှာ ဤမင်းဆက်တွင် အသက်အငယ်ဆုံး ဖေး တစ်ပါး ဖြစ်လာပေလိမ့်မည်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"
ရာထူးတိုးသူများမှာ လင်ဝမ်ယိနှင့် အတူ ချန်းကွေ့ရန်၊ မင်ကွေ့ရန်၊ ယီချန်ကျိုက်၊ မုချန်ကျိုက် နှင့် သခင်မလေးကျင်းရှို့ တို့ ဖြစ်ကြလေသည်။
သူတို့ကိုလည်း တစ်ဦးချင်းစီအတွက် ရာထူးတိုး အမိန့်စာချွန်လွှာများကို အသီးသီး ဖတ်ကြားပေးလိုက်၏။
အမိန့်စာများကို ကြားနာရချိန်တွင် အချို့က အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြပြီး အချို့ကမူ အံ့ဩတုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်နေကြ၏။
လင်ဝမ်ယိကတော့ အမြဲတမ်းလိုလိုပင် ယခင်ကအတိုင်း မျက်နှာထား အေးဆေးတည်ငြိမ်ကာ အနည်းငယ် နှိမ့်ချသည့်ဟန်များ ပေါ်လွင်နေဆဲပင်။
ယီဖေးနှင့် ယင်းဖေးတို့မှာ အရှင်မင်းကြီး၏ လက်ဝဲနှင့် လက်ယာ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး လူများကို ကြည့်လိုက်သောအခါ သူတို့က လင်ဝမ်ယိကို မျက်စိကျသွားလေသည်။
"ညီမလေးလင်က ဒီလောက် အရည်အချင်းရှိပြီး ရုပ်ရည်ချောမောတဲ့အပြင် နှိမ့်ချတတ်တဲ့ စည်းကမ်းလည်း ရှိတော့ နန်းဆောင်တစ်ဆောင်ရဲ့ သခင်မ နေရာနဲ့ တကယ်ကို ထိုက်တန်ပါတယ်… ဒီအရှင်မက လွန်ခဲ့တဲ့ရက်ပိုင်းကမှ လရောင် ဖန်ခွက်လေး တစ်ခွက် ရထားတာမို့ ညီမလေးရဲ့ ရာထူးတိုး လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ…"
ထိုသို့ ပြောလာသူမှာ ယီဖေးပင် ဖြစ်လေ၏။
ယီဖေးသည် ယခုအချိန်တွင် လင်ဝမ်ယိကို အတော်လေး ကျေနပ်သဘောကျနေခြင်း ဖြစ်သည်။
ရုတ်တရက် ရာထူးတိုးမြှင့်ခံရချိန်တွင် သူမ၏ အာဏာရသွားပြီးနောက် ဘဝင်မြင့်ကာ မောက်မာသွားသည့် ပုံစံမျိုးကို မြင်ရတော့အလားကို မျှော်နေသည်။
သို့သော် လင်ဝမ်ယိကမူ အရာရာကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်နေပြီး အနည်းငယ်မျှပင် မာနထောင်လွှားခြင်း မရှိချေ။
"ကျွန်တော်မျိုးမ မယ်မယ့်ရဲ့ ဆုချီးမြှင့်မှုကို ကျေးဇူးတင်ပါတယ်"
လင်ဝမ်ယိ၏ ဤသို့ အေးဆေးတည်ငြိမ်နေမှုက ယင်းဖေးအတွက်မူ စိုးရိမ်မှုများကို ပို၍ တိုးလာစေသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လောဘကင်းစင်ပြီး တည်ငြိမ်နေသည့် ပုံစံ၏ နောက်ကွယ်တွင် မည်သူမျှ မသိနိုင်သော နက်နဲလှသည့် အကြံအစည်များ ပုန်းကွယ်နေနိုင်သည် မဟုတ်လား။
ထို့ကြောင့် ယင်းဖေး အနေဖြင့် ပိုမို၍ သတိထားနေရတော့သည်။
သို့သော်လည်း အပြင်ပန်းတွင်မူ ပြုံးထားရဦးမည် ဖြစ်သည်။
အထူးသဖြင့် လင်ဝမ်ယိမှာ သူမ၏ ကျေးဇူးရှင် ဖြစ်ရာ အခြားသူများထက် ပို၍ ရင်းနှီးသည့် ပုံစံမျိုး ပြသရပေလိမ့်မည်။
ထို့ကြောင့် ယင်းဖေးက အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး သင့်တင့်လျောက်ပတ်စွာဖြင့် စကားဆိုလိုက်လေ၏။
"အစ်မတော်ယီဖေး ပြောတာ မှန်ပါတယ်… ညီမလေးလင်ရဲ့ အကျင့်စာရိတ္တနဲ့ အရည်အချင်းတွေက အစ်မတို့ ညီအစ်မတွေ အားလုံးအတွက် စံပြပါပဲ… အခု ညီမလေးရဲ့ ကျန်းမာရေးလည်း ကောင်းမွန်လာပြီဆိုတော့ အရှင်မင်းကြီးအတွက် သားတော်လေးကို အမြန်ဆုံး မွေးပေးနိုင်ပြီး တော်ဝင်မိသားစုအတွက် မျိုးဆက်တွေ အများကြီး ပွားများပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်…"
ထိုသို့ ပြောပြီးသည်နှင့် ယင်းဖေးက လူတစ်ယောက်အား ကျောက်စိမ်း ကွမ်ယင်ရုပ်တု တစ်ခုကို ယူဆောင်လာစေသည်။
ထို့နောက် သူမက ဆက်လက် ရှင်းပြလိုက်၏။
"ဒီကျောက်စိမ်းကွမ်ယင်ရုပ်တုက ကျွန်တော်မျိုးမ ကိုယ်ဝန်ရှိတုန်းက ကွေ့ဖေးမယ်မယ်က လက်ဆောင်ပေးထားတာပါ… မယ်မယ့်ရဲ့ မေတ္တာတရားနဲ့ စောင့်ရှောက်မှုသာ မရှိရင် ကျွန်တော်မျိုးမ စတုတ္ထမင်းသားကို ချောချောမွေ့မွေ့ ဖွားမြင်နိုင်ပါ့မလားတောင် မသိဘူး… ဒါကြောင့် ညီမလေးကို အထူးတလည် လက်ဆောင်ပြန်ပေးလိုက်တာပါ… အစ်မတော်က ကောင်းချီးပေးတယ်လို့ သဘောထားပြီး ညီမလေးက ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါနော်"
ယင်းဖေး၌ မည်သည့် မကောင်းသော အကြံအစည်မျှ ရှိနိုင်မည် မဟုတ်ပေ။
အစ်မတော် ဖြစ်သူ ပေးအပ်ထားသော ကျောက်စိမ်း ကွမ်ယင်ရုပ်တုအား ညီမဖြစ်သူ လင်ဝမ်ယိဆီသို့ လက်လွှဲကာ ပြန်လည် ပေးအပ်လိုက်ခြင်းသာ ဖြစ်လေသည်။
နောင်တစ်ချိန်တွင် တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပေါ်လာခဲ့လျှင်ပင် ထိုအရာက လင်ကွေ့ဖေးနှင့်သာ ဆိုင်လိမ့်မည်။
ယင်းဖေးသည် ပြဿနာအားလုံးမှ လုံးဝ ကင်းရှင်းသွားအောင် ဖယ်ထုတ်လိုက်ခြင်းပင်။
ယင်းဖေးမှာ ရာထူးတက်လာပြီးနောက်ပိုင်းတွင် ယခင်ကနှင့် လုံးဝကို ကွဲပြားခြားနားသွားခဲ့လေပြီ။
ကံကောင်းသည်မှာ လင်ဝမ်ယိကိုယ်တိုင်ကလည်း ယင်းဖေးနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း မရှိသဖြင့် သစ္စာဖောက်ခြင်း ကဲ့သို့ အကြောင်းများကို ပြောဆိုစရာ အကြောင်းမရှိပေ။
ထို့ကြောင့် လင်ဝမ်ယိက ပြုံးလျက် ပြောလိုက်လေ၏။
"ကျွန်တော်မျိုးမ ယင်းဖေးမယ်မယ့်ရဲ့ ဆုချီးမြှင့်မှုကို ကျေးဇူးတင်ပါတယ်"
လင်ဝမ်ယိမှာ စည်းကမ်းတကျ ရိုသေမှုကို ပြသခဲ့သော်လည်း လိုတာထက် ပိုမပြောခဲ့ပေ။
ယင်းဖေးကလည်း လင်ဝမ်ယိ၏ အေးစက်စက်ဖြင့် ခပ်ခွာခွာနေလိုသော သဘောထားကို ခံစားမိသွားပုံရသဖြင့် အတင်းအကျပ် မပြုလုပ်တော့ပေ။
ကျောက်စိမ်း ကွမ်ယင်ရုပ်တုအား လက်ခံသွားပြီးနောက်တွင် သူမ ဘာမျှ ဆက်မပြောတော့ချေ။
ထိုအချိန်တွင် ဘေးနားမှ ယီဖေးက ရုတ်တရက် စကားစလာလေသည်။
"အချိန်တွေ ကုန်တာ တကယ်ကို မြန်လွန်းတယ်… မျက်စိတစ်မှိတ်အတွင်းမှာတင် ကျွန်တော်မျိုးမ နန်းတွင်းကို ဝင်လာတာ နှစ်အတော်ကြာခဲ့ပြီ… နောက်ထပ် သုံးလနေရင် နန်းတွင်းသူ ရွေးချယ်ပွဲ ရောက်တော့မယ်… အဲဒီအချိန်ကျရင် နန်းတော်က စည်ကားလာတော့မှာပဲ… ဒီနှစ်တော့ လူသစ် ဘယ်နှယောက် ဝင်လာမလဲ မသိဘူး… စဉ်းစားကြည့်ရုံနဲ့တင် သူတို့လေးတွေက ချောကြမှာ သေချာတယ်…"
သူမ၏ ဤစကားကြောင့် အားလုံး၏ အနည်းငယ် အနေခက်သွားကြတော့သည်။
ယနေ့အချိန်တွင် သူတို့အားလုံးမှာ နန်းတော်ထဲ၌ နုနယ်ပျိုမြစ်သူများ ဖြစ်နေကြသေးသော်လည်း နန်းတွင်းသူအသစ်များ ဝင်ရောက်လာပါက သူတို့မှာ ညိုးနွမ်းသွားပြီ ဖြစ်သော ပန်းတစ်ပွင့် ဖြစ်သွားကြတော့မည်သာ။
ရာထူးတိုးမြှင့်ခံရသူ အနည်းငယ်ကမူ တော်သေးသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ ဤတစ်နှစ်တာ ရုန်းကန်ခဲ့ရသမျှ အထက်သို့ ခြေလှမ်းအနည်းငယ် တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော် ဤအခွင့်အရေးကို မရရှိခဲ့သူများတို့ ထက်ဆိုးသည်မှာ ရာထူးကျရသူများတွင် မျက်နှာပင် ဟန်မဆောင်န်ုတော့ပေ။
ပိုင်ကွေ့ရန်၏ ကိုယ့်ကိုယ်ကိုယ် သနားကာ ဝမ်းနည်းနေမှုများ၊ ချူတာရင်၏ မကျေမချမ်း ဖြစ်နေမှုများနှင့် အချစ်တော် မဖြစ်ခဲ့ကြသည့် လူများ၏ ခံစားချက်ကင်းမဲ့နေမှုများကို အရှင်မင်းကြီးသတိထားမိလေသည်
အရှင်မင်းကြီး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် စကားဆိုလိုက်၏။
"နန်းတွင်းသူ ရွေးချယ်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တော် ပြောစရာ စကားရှိတယ်"
အရှင်မင်းကြီးက စကားစတင်လိုက်သည်နှင့် နေရာတွင် ရှိနေသူအားလုံးမှာ အာရုံစိုက်ကာ နားဆင်လိုက်ကြတော့သည်။
ထို့နောက် အရှင်မင်းကြီးက အသာအယာ ဆက်လက် ပြောဆိုလေသည်။
"ကိုယ်တော် နန်းတက်လာကတည်းက ဒီနန်းတွင်းသူ ရွေးချယ်တဲ့ ကိစ္စက တော်တော်လေး အလုပ်ရှုပ်လွန်းတယ်… တစ်နှစ်တစ်ခါ ရွေးချယ်တာက နိုင်ငံတော် ဘဏ္ဍာငွေတွေကို ကုန်ကျစေရုံသာမက ပြည်သူပြည်သားတွေရဲ့ အိမ်ထောင်ပြုမယ့် ကိစ္စတွေကိုပါ နှောင့်နှေးကြန့်ကြာစေတဲ့ အခြေအနေတွေ အမြဲ ဖြစ်ပေါ်နေတယ်… ဒီနှစ် ထိုက်ဆန်းတောင်မှာ ဘိုးဘေးတွေကို ပူဇော်ပသတဲ့ အချိန်တုန်းက မင်္ဂလာရှိတဲ့ အလင်းရောင်တွေ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့ ကိုယ်တော့်အတွက် တာဝန်တွေ ပိုပြီး များလာတယ်လို့ ခံစားရတယ်…"
"ဧကရာဇ် တစ်ပါးအနေနဲ့ ပြည်သူတွေကို အကြံဉာဏ်တွေ ပေးပြီး တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားဖို့က ကိုယ်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲ… ဒါကြောင့် ဒီနန်းတွင်းသူ ရွေးချယ်တဲ့ ကိစ္စကို ငါးနှစ်မှ တစ်ကြိမ်လို့ ပြောင်းလဲ သတ်မှတ်လိုက်မယ်… အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေအနေနဲ့ ဆံထုံးထုံးပြီးရင် ကိုယ့်စိတ်ကြိုက် အိမ်ထောင်ပြုလို့ ရပြီ… နန်းတွင်းက ရွေးချယ်ပွဲကို စောင့်နေစရာ မလိုတော့ဘူး…"
ဤစကားကြောင့် လူတိုင်းမှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြလေသည်။
ဝမ်းသာပျော်ရွှင်သွားကြသူများမှာမူ အမြင့်သို့ တက်လှမ်းရန် ကြံစည်နေကြသော ကိုယ်လုပ်တော်များပင် ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ငါးနှစ်ဆိုသော အချိန်ကာလမှာ သူတို့အတွက် အမြင့်သို့ တက်လှမ်းရန် အချိန်အလုံအလောက်ပင် ဖြစ်သည်။
လူသစ်များ ဝင်ရောက် နှောင့်ယှက်ခြင်း မရှိတော့သဖြင့် သူတို့၏ အခွင့်အရေးများမှာလည်း များစွာ ပိုတိုးလာချေပြီ။
ထို့ကြောင့် လူတိုင်း ပြုံးရွှင်ကာ မျက်နှာလန်းဆန်းနေကြတော့သည်။
သို့သော် ဤသတင်းမှာ ယီဖေးကဲ့သို့ မိမိ၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာအောင် တည်ဆောက်လိုသော ဖေးများအတွက်မူ တိမ်စင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားရလေ၏။
မနေ့ကမှ သူမသည် အိမ်တော်ဘက်သို့ လူလွှတ်ကာ သတင်းပေးပို့ခဲ့ပြီး နန်းတွင်းသူ ရွေးချယ်ပွဲအတွက် သင့်တော်သည့် မိန်းကလေးများကို ရွေးချယ်ထားရန် မှာကြားခဲ့သေးသည် မဟုတ်လား။
ယနေ့တွင် ဤကဲ့သို့ ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ယီဖေးမှာ မျက်မှောင်ကြုတ်သွားပြီး စကားဆိုလိုက်လေသည်။
"အရှင်မင်းကြီး ဒီနန်းတွင်းသူ ရွေးချယ်တဲ့ စည်းကမ်းက ဘိုးဘေးတွေ သတ်မှတ်ခဲ့တာပါ… ရုတ်တရက်ကြီး ပြောင်းလဲပစ်လိုက်တာက အချိန်အခါနဲ့ မသင့်တော်မှာကို စိုးရိမ်မိပါတယ်…”