← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း(၂၄၄) အားလုံး၏ ပစ်မှတ်

ယီဖေးမှာ နန်းတွင်းသူ ရွေးချယ်မည့် အချိန်ကာလကို လွယ်လွယ်ကူကူ မပြောင်းလဲရန် အရှင်မင်းကြီးအား တားမြစ်ခြင်းပင်။

သို့သော် စကားအသုံးအနှုန်းမှာ အနည်းငယ် လွန်ကဲသွားမည်ဟု သူမ မသိခဲ့ချေ။

အရှင်မင်းကြီး၏ မျက်နှာထားမှာ ချက်ချင်းပင် တင်းမာသွားပြီး ယီဖေးအား လွန်စွာ မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

"ရုတ်တရက်ကြီး ပြောင်းလဲပစ်လိုက်တာဆိုတာ ဘာကိုဆိုလိုတာလဲ… မင်းက ကိုယ်တော်ကို အရင်တုန်းက ရှီးပေမြို့စားမင်း စစ်တပ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အတင်းအကျပ် အကြံပြုခဲ့တဲ့ ကိစ္စတွေကို အသေးစိတ် ပြန်ပြောပြချင်လို့များလား…"

ယီဖေးမှာ အရှင်မင်းကြီး၏ ဤသို့သော အပြောအဆိုကြောင့် ချက်ချင်း မျက်နှာပျက်သွားရသည်။

သူမ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်မျိုးမ စကားမှားသွားပါတယ်… အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ…"

လွန်ခဲ့သော နှစ်များစွာက သူမ၏ အဘိုးဖြစ်သူမှာ တာ့ဝေ့ပြည် စစ်တပ် ပြုပြင်ပြောင်းလဲရေး ကိစ္စအတွက် အရှင်မင်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး အရှင်မင်းကြီးအား အခက်အခဲများစွာ တွေ့စေခဲ့ဖူးသည်။

ထိုကိစ္စ၏ အသေးစိတ် အကြောင်းရင်းကိုမူ သူမ ကိုယ်တိုင်လည်း သိပ်မသိပေ။

သို့သော် ထိုကိစ္စအပြီးတွင် အဘိုးဖြစ်သူမှာ ရှန်းကျင်းမြို့တော်မှ ထွက်ခွာသွားပြီး တစ်ခါမျှ ပြန်မလာတော့ပေ။

ထို့ကြောင့် ယခုအချိန်တွင် အရှင်မင်းကြီးက ဤကိစ္စကို ပြန်လည် ထုတ်ဖော်ပြောဆိုလာခြင်းမှာ သူ အလွန်အမင်း ဒေါသထွက်နေပြီဆိုသည်ကို သိသာစေလေသည်။

ယီဖေး ကိုယ်တိုင်လည်း စကားပြောရာတွင် အဘယ်ကြောင့် မစဉ်းစားဘဲ ပြောဆိုခဲ့မိသနည်းဟု အလွန်အမင်း နောင်တရနေမိတော့သည်။

ယီဖေး၏ ဤသို့ အရှုံးပေးလိုက်သော ပုံစံကို မြင်တွေ့လိုက်ရသောအခါ အခြားသော ကိုယ်လုပ်တော်များ အားလုံးမှာလည်း နောက်မှ လိုက်၍ ဒူးထောက်လိုက်ကြလေသည်။

တစ်ဦးတစ်ယောက်မျှ အသံထွက်ရဲခြင်း မရှိတော့ပေ။

အရှင်မင်းကြီးသည် ဒေါသကို ထိန်းချုပ်လိုက်ပြီးနောက် စကားတစ်ခွန်းမျှသာ ပြောလိုက်လေ၏။

"ဒီကိစ္စကို ကိုယ်တော် ပြောတဲ့အတိုင်းသာ လုပ်ကြ"

ထို့နောက် အရှင်မင်းကြီးက ထွက်ခွာသွားလေတော့သည်။

အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြတော့သည်။

ယနေ့မှာ လကွယ်ညစာစားပွဲ နေ့လည်း ဖြစ်သလို မောင်းမဆောင်ရှိ သခင်မလေးများ အားလုံး ရာထူးတိုးမြှင့်ခံရသည့် မင်္ဂလာရှိသော နေ့လည်း ဖြစ်သည်။ ဤကဲ့သို့သော အချိန်တွင် အရှင်မင်းကြီးအား အကြီးအကျယ် ဒေါသထွက်အောင် လုပ်မိခြင်းမှာ တကယ်ကိုပင်...

သို့သော် ပြဿနာရှာသူမှာ ယီဖေး ဖြစ်နေသဖြင့် မည်သူမျှ "မှားနေပြီ" ဟု ပြောဆိုရဲခြင်း မရှိပေ။

ထို့ကြောင့် နေရာတွင်သာ ငြိမ်သက်စွာ စောင့်ဆိုင်းရင်း ယီဖေး၏ အစီအစဉ်ကို နားထောင်ရန်သာ ရှိတော့သည်။

လူအများရှေ့တွင် မျက်နှာပျက်ခဲ့ရ၍ ဖြစ်မည်၊ ယီဖေး၏ မျက်နှာထားမှာ ရှက်ရွံ့မှုများ ရှိနေလေသည်။

သို့သော်လည်း သူမက စိတ်အေးလက်အေးဖြင့် ပြောဆိုလိုက်သည်။

"ညီမလေးတွေ ရှေ့မှာ ဒီအစ်မကြီး အရှက်ကွဲရပါပြီ… အရှင်မင်းကြီးက အမိန့်ချမှတ်လိုက်ပြီဆိုတော့ နောက်နှစ်တွေမှာ နန်းတွင်းသူ ရွေးချယ်ပွဲကို ရပ်နားထားရမှာပဲ"

ထို့နောက် အနည်းငယ် စဉ်းစားလိုက်ပြီး ဆက်လက် ပြောဆိုလိုက်၏။

"မနက်ခင်းကတည်းက ပင်ပန်းနေကြပြီဆိုတော့ အားလုံးပဲ ပြန်ပြီး အနားယူကြပါဦး… ညစာစားပွဲ မစခင်ကျမှ ဒီအရှင်မက လူလွှတ်ပြီး ညီမလေးတို့ကို လာခေါ်ခိုင်းလိုက်ပါ့မယ်…"

"ကျေးဇူးတင်ပါတယ် မယ်မယ်… ကျွန်တော်မျိုးမတို့ ခွင့်ပြုပါဦး"

ဤနေရာမှာ ချန်အန်းနန်းဆောင် ဖြစ်သဖြင့် သူမတို့ ထွက်ခွာသွားရမည် ဖြစ်သကဲ့သို့ ယီဖေး ကိုယ်တိုင်လည်း ထွက်ခွာသွားရမည်သာ။

သူမသည် မိဖုရားခေါင်ကြီး မဟုတ်သဖြင့် ဤနေရာတွင် ဆက်လက် နေထိုင်ခွင့် မရှိပေ။

ထို့ကြောင့် မျက်နှာတွင် မကျေနပ်မှုများ အပြည့် ရှိနေသော်လည်း ဘာမျှ မတတ်နိုင်ဘဲ လူများနဲ့အတူ ထွက်ခွာသွားရတော့သည်။

ဤအဖြစ်အပျက်ကိုကြောင့် လင်ဝမ်ယိမှာ အလွန်အမင်း စိတ်ပျက်မိသွားရသည်။ အရှင်မင်းကြီးသည် အဘယ်အကြောင့် ဆက်ဆက်ထိမခံဖြစ်သွားရသနည်း။ ဤရက်ပိုင်းအတွင်း သူမ အရှင်မင်းကြီးကို ရှောင်နေမှသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့မှသာ အလကားသက်သက် အထိနာရခြင်းမှ ကင်းဝေးနိုင်မည် ဖြစ်သည်။

ညစာစားချိန် ရောက်သောအခါ ကိုယ်လုပ်တော်များ အားလုံးမှာ လက်ဝဲဆောင်အတွင်း၌ စောစီးစွာ စောင့်ဆိုင်းနေကြလေပြီ။

သို့သော် သူတို့ နှစ်နာရီနီးပါးခန့် စောင့်ဆိုင်းနေခဲ့သော်လည်း အရှင်မင်းကြီး ရောက်လာခြင်း မရှိသေးပေ။

ယီဖေး၏ မျက်နှာမှာ အနည်းငယ် စိုးရိမ်ပူပန်လာချေပြီ။ ဤသည်မှာ သူမအား အခက်တွေ့စေရန် တမင်သက်သက် လုပ်ဆောင်နေခြင်း မဟုတ်လား။

မနက်ပိုင်းက သူမ၏ အပြုအမူကြောင့် အရှင်မင်းကြီး ဒေါသထွက်သွားခဲ့သဖြင့် ယခု လကွယ်ညစာစားပွဲတွင် တမင်သက်သက် အခက်တွေ့အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ရမည်။

ညစာစားပွဲ အချိန်မှာ များစွာ ကျော်လွန်နေပြီ ဖြစ်သော်လည်း အရှင်မင်းကြီး၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။

အရှင်မင်းကြီး မရောက်လာသရွေ့ မည်သူမျှ တူကို ကြိုတင် ကိုင်တွယ်၍ မရပေ။ ထို့ကြောင့် အားလုံးမှာ ငြိမ်သက်စွာသာ ထိုင်စောင့်နေကြရလေသည်။

လင်ဝမ်ယိမှာ ရာထူးတိုးမြှင့်ခံထားရသော်လည်း သူမ၏ ဟန်ပန်မှာ ယခင်ကအတိုင်းပင် ဖြစ်ပြီး စကားအနည်းငယ်သာ ပြောဆိုလေသည်။

ယနေ့တွင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့လည်း တက်ရောက်လာကြသော်လည်း သူမနှင့် အတူတကွ ထိုင်ခွင့်မရပေ။

လက်ဝဲဆောင်၏ ဘေးဘက်တွင် အခြားသော အဆောင်ငယ်များ ရှိပြီး ထိုနေရာများတွင် ဒုတိယမင်းသမီးအား နို့တိုက်ရန် နေရာများ သီးသန့် စီစဉ်ထားသဖြင့် သူမ ဗိုက်ဆာမည်ကိုတော့ စိုးရိမ်စရာ မရှိချေ။

ယနေ့မှာ လင်ဝမ်ယိက အခြားသော ကိုယ်လုပ်တော်များနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံရခြင်း ဖြစ်သည်။

သို့သော် သူမ၏ အပြုအမူမှာ ရွေ့ယန်စံအိမ်နှင့် ရီဟွားနန်းဆောင်မှာ ရှိစဉ်ကနှင့် လုံးဝ ကွဲပြားနေပြီး အလွန်အမင်း ငြိမ်နေလေ၏။

ယီဖေးက လင်ဝမ်ယိအား တစ်ချက် ကြည့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် သနားမိသွားသည်။

မည်သို့ပင်ဆိုစေကာမူ လန်ဖေး၏ အလကား စိတ်ကူးယဉ်မှုများကြောင့် ကလေးများမှာ ဒုက္ခရောက်ခဲ့ရသည်။ သို့မဟုတ်ပါက ဤမျှ အရွယ်ရောက်နေသော ကလေးများမှာ ပို၍ သွက်လက်တက်ကြွနေသင့်သည် မဟုတ်လား။

ဤကဲ့သို့ အလွန်အမင်း ငြိမ်နေခြင်းမှာ ကြည့်ရဆိုးလှသည်။

လန်မိသားစုမှာ နန်းတွင်းသို့ နန်းတွင်းသူအသစ်များ ထပ်မံ ပို့ဆောင်ရန်နှင့် ဒုတိယမင်းသမီးအား ပြန်လည် ရယူရန် ရည်ရွယ်ထားသည်ကို သူမ သိနေသည်။

သို့သော် ယခုအခြေအနေကို ကြည့်ရသော် မဖြစ်နိုင်တော့သည့် အနေအထားတွင် ရှိနေချေပြီ။

ထို့ကြောင့် ယီဖေးက စကားစလိုက်လေသည်။

"ဒုတိယမင်းသမီးရဲ့ ကျန်းမာရေးက အခုထိ မကောင်းသေးဘူးလား… ဘာဖြစ်လို့ စကားတစ်ခွန်းမှ မပြောရတာလဲ"

"မယ်မယ်... ဆောင်းရာသီဆို‌တော့ ဒုတိယမင်းသမီးက များများအိပ်ချိန်လို့ စကားသိပ်မပြောတာပါ"

ကလေးငယ်များ အိပ်ချိန်များခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် ဤအရွယ် ကလေးများမှာ အလွန် သွက်လက်တက်ကြွနေရမည့် အချိန် ဖြစ်သည်။ မည်သို့ဖြစ်၍ ဤမျှ ဉာဏ်နည်းသည့် ပုံစံ ပေါက်နေရသနည်း။

လင်ဝမ်ယိ၏ စိတ်ထဲတွင်လည်း အလွန်အမင်း ထူးဆန်းနေမိသည်။

သူတို့ နန်းဆောင်တွင်ရှိစဉ်က ဒုတိယမင်းသမီးမှာ အလွန်အမင်း ဆူညံပွက်လောရိုက်နေခဲ့သော်လည်း လက်ဝဲဆောင်အတွင်းသို့ ရောက်သောအခါ ရုတ်တရက် မှိုင်ကျသွားခဲ့သည် မဟုတ်လား။

ဒုတိယမင်းသားကို အကဲခတ်ကြည့်လိုက်ရာ သူ့ထံမှလည်း အလားတူ ခံစားချက်မျိုး ရရှိနေသည်။

သူ၏ မျက်နှာထားမှာ ယခင်ကကဲ့သို့ပင် မှိုင်းညှို့နေပြီး တစ်စုံတစ်ရာအတွက် မကျေမနပ် ဖြစ်နေပုံရသည်။

ဤမောင်နှမနှစ်ယောက် ဘာဖြစ်သွားကြတာလဲ။

တစ်ယောက်ပြီး တစ်ယောက် အလွန်အမင်း မှိုင်တွေနေကြလေ၏။

လင်ဝမ်ယိမှာ မေးမြန်းလိုစိတ် ရှိသော်လည်း ဤနေရာမှာ အခြေအနေနှင့် မသင့်တော်ဟု ထင်မြင်သဖြင့် ပြန်ရောက်မှသာ မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။

ထိုစဉ် ချူတာရင်က ရုတ်တရက် လင်ဝမ်ယိကို စကားပြောလာလေသည်။

"ကျွန်တော်မျိုးမ အကျယ်ချုပ် ခံထားရတာ ရက်အတော်ကြာသွားလို့ ကွေ့ဖင်မယ်မယ့်ကို ဂုဏ်ပြုစကားတောင် မပြောရသေးဘူး… မယ်မယ် ရာထူးတိုးသွားတဲ့အတွက် ဂုဏ်ယူပါတယ်…"

ထိုသို့ ပြောပြီးသည်နှင့် သူမက မတ်တပ်ရပ်ကာ လင်ဝမ်ယိအား ဦးညွှတ် ဂါရဝပြုလိုက်လေသည်။

သူမ၏ အပြုအမူမှာ ယခင်ကထက် များစွာ ရိုသေလာပုံရသည်။

သို့သော် လင်ဝမ်ယိ၏ အမြင်တွင်မူ ဤသည်မှာ အလွန် အန္တရာယ်များလှသည်။

သူမတွင် မည်သို့သော အကြံအစည်များ ရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။

ထို့ကြောင့် လင်ဝမ်ယိက ပြုံးကာ ပြန်လည် ဖြေကြားလိုက်၏။

"ညီမလေးချူက အရမ်း ယဉ်ကျေးနေပါပြီ"

ထို့ထက် သူမတို့ ဘာစကားမျှ မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူမ အနေဖြင့် စကားများများပြောလျှင် အမှားများများ ဖြစ်နိုင်သလို အလုပ်များများ လုပ်လျှင်လည်း အမှားများများ ဖြစ်နိုင်သည် မဟုတ်လား။

ထို့ကြောင့် ဘာမျှ မပြော၊ ဘာမျှ မလုပ်ဘဲ နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လင်ဝမ်ယိ၏ ဤသို့သော တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါ ချူတာရင်က ပြုံးလိုက်ပြီး သူမ၏ စိတ်ထဲတွင် အကြံအစည်သစ်တစ်ခု ပေါ်လာလေသည်။

သူမက ယီဖေးအား လှည့်၍ ပြောဆိုလိုက်၏။

"မယ်မယ်... ညစာစားပွဲ အချိန်က တော်တော်လေး လွန်နေပြီ… အရှင်မင်းကြီးက နိုင်ငံရေး ကိစ္စတွေနဲ့ အလုပ်များနေလို့များလား မသိဘူး… လူလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ရင် မကောင်းဘူးလား…"

ယီဖေးက မျက်မှောင်ကြုတ်လိုက်ပြီး ချူတာရင်၏ ဤသို့ အခြေအနေ မသိဘဲ ပြောဆိုမှုအပေါ် အလွန်အမင်း မကျေနပ် ဖြစ်သွားရသည်။

သို့သော် ချူတာရင်က ဆက်လက်၍ ပြောဆိုလာလေ၏။

"ကျွန်တော်မျိုးမ အထင်တော့ အားလုံးထဲမှာ ကွေ့ဖင်မယ်မယ် သွားခေါ်တာ အသင့်တော်ဆုံး ဖြစ်မယ် ထင်တယ်… မယ်မယ်က ဒီတစ်ခေါက် ရာထူးတိုးတဲ့ ကိုယ်လုပ်တော်တွေထဲမှာ အမြင့်ဆုံးလေ… အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကိုလည်း အများကြီး ရထားတာဆိုတော့… ကွေ့ဖင်မယ်မယ်ပဲ အရှင်မင်းကြီးကို ညစာစားပွဲလာဖို့ သွားခေါ်ပေးနိုင်မလား…"

သူမ၏ စကားကြောင့် အများစုမှာ လင်ဝမ်ယိအား နှိမ့်ချလိုသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

အရှင်မင်းကြီး ဒေါသထွက်နေမှန်း သိသိရက်နှင့် လင်ဝမ်ယိကို သွားခေါ်ခိုင်းခြင်းမှာ သူမအား တမင်သက်သက် ချောက်တွန်းခြင်း မဟုတ်လား။

ထို့အပြင် သူမ၏ ရာထူးတိုးမြှင့်ခံရမှုမှာ မည်သို့ ဖြစ်ပေါ်လာသည်ကို အားလုံး သိရှိထားကြပြီး ဖြစ်သည်။

ယခင်ကလည်း အရှင်မင်းကြီးသည် သူမအပေါ် အထူးတလည် ဂရုစိုက်မှု မရှိခဲ့သဖြင့် လူတိုင်းက လင်ဝမ်ယိ၏ အရှက်ကွဲမည့် အချိန်ကိုသာ စောင့်မျှော်နေကြလေသည်။

လင်ဝမ်ယိ မျှော်လင့်ထားသည့်အတိုင်းပင် ချူတာရင်အား အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်းမှာ မှန်ကန်ပေသည်။

သူမ၏ ပြဿနာရှာမှုများမှာ နောက်ကျကောင်း နောက်ကျမည် ဖြစ်သော်လည်း သေချာပေါက် ရောက်လာမည်သာ။

လင်ဝမ်ယိက အံ့ဩပြီး စိုးရိမ်နေသည့် ဟန်ဖြင့် စကားဆိုလိုက်၏။

"ညီမလေးချူက ဒီအစ်မကို အထင်ကြီးလွန်းနေပါပြီ… ဒီအစ်မက ကွေ့ဖင် အဖြစ် ရာထူးတိုးထားတယ် ဆိုပေမယ့် ယီဖေးမယ်မယ် ယင်းဖေးမယ်မယ်တို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး… အရှင်မင်းကြီးကို သွားခေါ်ရမယ် ဆိုရင်တောင် ဒီအစ်မက သွားခေါ်သင့်တဲ့သူ မဟုတ်ပါဘူး…"

ပြဿနာကို ရာထူးအာဏာရှိသော ဖေး နှစ်ပါးထံသို့ ပြန်လည် ပစ်ချပေးလိုက်ခြင်းပင်။

ယင်းဖေးက ပြုံးကာ နှိမ့်ချစွာဖြင့် ပြောဆိုလိုက်လေသည်။

"ညီမလေးလင်က ဒီအစ်မကို အထင်ကြီးလွန်းနေပါပြီ… နန်းတော်တစ်ခုလုံးမှာ အခုချိန် ညီမလေးက အရှင်မင်းကြီးရဲ့ အချစ်ဆုံးဆိုတာ ဘယ်သူမသိဘဲ နေမလဲ… လင်ကိုယ်ရံတော်က အသက်စွန့်ပြီး အရှင်မင်းကြီးကို ကယ်တင်ခဲ့လို့ ညီမလေး အခုလို အခြေအနေ ရလာတာလေ… ဒါကြောင့်မို့လို့ပဲ ညီမလေး သွားခေါ်သင့်တာ မဟုတ်ဘူးလား"

မျှော်လင့်ထားသည့်အတိုင်းပင် အားလုံး၏ ပစ်မှတ်မှာ လင်ဝမ်ယိဆီသို့သာ စုပြုံရောက်ရှိလာတော့သည်။

ယီဖေးနှင့် ယင်းဖေးတို့မှာ ရှားရှားပါးပါး တည့်နေကြပြီး ပြုံးလျက် ဖိအားပေးလာကြလေ၏။

All Chapters