အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း(၂၄၅) လကွယ်ညစာစားပွဲ
"ယင်းဖေး ပြောတာ မှန်တယ်… ဒါဆို ယိနင်ကွေ့ဖင်ပဲ သွားခေါ်ပေးပါ… အရှင်မင်းကြီး ပေးသနားထားတဲ့ ဘွဲ့နာမည်နဲ့လည်း လိုက်ဖက်အောင်ပေါ့… ယိနင်… ယိနင် ဆိုတာ ပြဿနာတွေကို ငြိမ်းချမ်းအောင် ဖြေရှင်းနိုင်စွမ်း ရှိရမယ် မဟုတ်လား"
ယီဖေးက ဤမျှလောက်အထိ ပြောဆိုလာပြီ ဖြစ်ရာ လင်ဝမ်ယိ အနေဖြင့် ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။
ကံကောင်းသည်မှာ အရှင်မင်းကြီးက သူမအပေါ်ကို နူးညံ့ငြင်သာမှု ရှိနေခြင်းပင်။ သို့မဟုတ်ပါက ဤကဲ့သို့ ကျားမြီးဆွဲရမည့် အခြေအနေမျိုးတွင် သူမအနေဖြင့်လည်း အပြည့်အဝ ယုံကြည်မှု မရှိနိုင်ချေ။
ထို့ကြောင့် မဖြစ်မနေ အခြေအနေအရ သူမ ရှေ့ထွက်ရတော့မည်။
လင်ဝမ်ယိ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပင်မနန်းဆောင်ဘက်သို့ လျှောက်လှမ်းသွားလေသည်။
သူမ၏ ပြတ်သားသော ကျောပြင်ကို ကြည့်ရင်း ထိုနေရာရှိ လူအများစုမှာ လှောင်ပြောင်လိုသော အပြုံးများဖြင့် ကျန်ရစ်ခဲ့ကြလေ၏။
ချန်းကွေ့ရန် တစ်ယောက်တည်းသာ ဤအခြေအနေမှာ အနည်းငယ် မသင့်တော်ဟု တွေးမိသော်လည်း သူမ၏ ရာထူးအဆင့်အတန်း နိမ့်ကျမှုကြောင့် လူအများစုနှင့် ဆန့်ကျင်ဘက် ရပ်တည်ရန် မဝံ့မရဲ ဖြစ်နေမိသည်။
ညစာစားပွဲ၌ ဘေးချင်းယှဉ်လျက် ထိုင်နေကြသော မင်ကွေ့ရန်နှင့် ပိုင်ကွေ့ရန်တို့မှာမူ ယခုအချိန်တွင် အပြင်ပန်းအားဖြင့် အလွန် ငြိမ်သက်နေကြလေသည်။
အကျယ်ချုပ်မှ လွတ်မြောက်လာပြီးကတည်းက မင်ကွေ့ရန်မှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေခဲ့ရသည်။
ပိုင်ကွေ့ရန်က အတိတ်က ကိစ္စများကို ရင်ထဲတွင် အငြိုးထားကာ ပြဿနာတက်လာမည်ကို သူမ အလွန် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ပိုင်ကွေ့ရန်၏ ထူးဆန်းစွာ ငြိမ်သက်နေမှုက မင်ကွေ့ရန်၏ စိုးရိမ်စိတ်ကို ပို၍ တိုးလာစေသည်။
သူမ၏ စိတ်ထဲတွင် မည်သို့သော ယုတ်မာမှုများ ကြံစည်နေသည်ကို မည်သူ သိနိုင်မည်နည်း။
နန်းတွင်းသူ ရွေးချယ်ပွဲ ကိစ္စမှာ သေချာသွားပြီ ဖြစ်ရာ ယခုအချိန်တွင် သူမ၏ အာရုံအားလုံးကို အရှင်မင်းကြီး၏ မျက်နှာသာပေးမှု ရရှိရေးအပေါ်၌သာ စူးစိုက်ထားရပေမည်။
ငါးနှစ်ဆိုသော အချိန်ကာလမှာ သူမအတွက်လည်း နန်းဆောင်တစ်ဆောင်၏ သခင်မနေရာသို့ ရောက်ရှိရန် လုံလောက်ပေသည်။
သူမမှာ ဆံထုံးပေါ်ရှိ ဆံထိုးလေးကို ကိုင်လိုက်လေ၏။
သို့သော် သူမ၏ ဤအပြုအမူက ပိုင်ကွေ့ရန်ကို ပို၍ စိတ်ပျက်အားငယ်သွားစေသည်ကိုမူ သူမ သတိမပြုမိခဲ့ပေ။
ပိုင်ကွေ့ရန်၏ မျက်ဝန်းထဲတွင် အမုန်းတရားများ တစ်ခဏမျှ ဖြတ်ပြေးသွားလေသည်။
ပင်မနန်းဆောင်သို့ ရောက်သောအခါ လင်ဝမ်ယိမှာ လူမရှိသဖြင့် အလွတ်ပြန်လာခဲ့ရသည်။
ဟိုမေးဒီမေးဖြင့် စုံစမ်းကြည့်ပြီးနောက်မှ အရှင်မင်းကြီးမှာ ဝမ်ကုအဆောင်တွင် ရှိနေကြောင်း သိလိုက်ရသည်။
ထို့ကြောင့် လင်ဝမ်ယိလည်း ဝမ်ကုအဆောင်ဘက်သို့ အမြန် လျှောက်လာခဲ့လေ၏။
အဆောင်ရှေ့တွင် သုန်ယွီကျုံးကို တွေ့လိုက်ရသောအခါ သူက ပြုံးရွှင်စွာဖြင့် စကားဆိုလာသည်။
"မယ်မယ်... နောက်ဆုံးတော့ ရောက်လာပြီပဲ… အရှင်မင်းကြီးက မယ်မယ့်ကို စောင့်နေတာ တော်တော်ကြာပြီ…"
လင်ဝမ်ယိမှာ အံ့ဩသွားမိသည်။ ဤအခြေအနေမှာ အရှင်မင်းကြီးက ကိုယ်လုပ်တော်များ သူမကို ပြဿနာရှာမည်ကို ကြိုတင် တွက်ဆထားပြီး ဤကဲ့သို့ တမင်သက်သက် စီစဉ်ထားခြင်းများလား။
မည်သို့ပင် တွေးတောနေစေကာမူ သူမ အထဲသို့ ဝင်ရမည်သာ။
ဆောင်းရာသီ၏ အေးစက်သော လေပြင်းများမှာ ဝမ်ကုအဆောင်အတွင်းသို့ အနည်းငယ်မျှပင် ဝင်ရောက်နိုင်စွမ်း မရှိချေ။
ဤနေရာတွင် အပူပေးစနစ် တပ်ဆင်ထားသဖြင့် ရွေ့ယန်စံအိမ်တွင် ရှိနေစဉ်ကကဲ့သို့ပင် နွေးထွေးနေလေသည်။
တောက်ပလှပသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လင်ဝမ်ယိ ဝမ်ကုအဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါ ပုံမှန်ဝတ်ရုံကို ဝတ်ဆင်ထားသော အရှင်မင်းကြီးမှာ စန္ဒကူးသစ်သားစားပွဲရှေ့တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင်တော့ ရွေ့ယန်စံအိမ်တွင် စားခဲ့ဖူးသော သိုးသားဟင်းအိုးကို တင်ထားလေသည်။
အရှင်မင်းကြီးက ပြုံးရွှင်သော မျက်နှာဖြင့် စကားဆိုလာ၏။
"ကိုယ်တော် သူတို့ကို မမြင်ချင်လို့… လကွယ်ညစာစားပွဲကို ကိုယ်တော်တို့ နှစ်ယောက်တည်း စားကြရအောင်…"
လင်ဝမ်ယိမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။ အရှင်မင်းကြီးက သူမနှင့် နှစ်ယောက်တည်း ညစာစားချင်ရုံ သက်သက်ဖြင့် ဤမျှ ကြီးမားသော ပြဇာတ်ကြီးကို ဖန်တီးခဲ့ခြင်းလား။
သူမမှာ မလာခင်ကပင် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသည် မဟုတ်လား။
"အရှင်မင်းကြီး... ဒါက မသင့်တော်ဘူး ထင်ပါတယ်… မောင်းမဆောင်က ညီအစ်မတွေ အားလုံး လက်ဝဲဆောင်မှာ စောင့်နေကြတယ်လေ… အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုးမက အချိန်အကြာကြီး မသွားဘဲ နေရင်..."
"ဟွန်း... သူတို့က မင်းကို လာခေါ်ခိုင်းရဲမှတော့ မင်းကို လာခေါ်ခိုင်းတဲ့ ရည်ရွယ်ချက် ရှိလို့ပေါ့… မင်း မသိဘူးလား… သူတို့ အကုန်လုံးက ကောင်းတဲ့ စိတ်လည်း မရှိကြတာကို ကိုယ်တော်က ဘာလို့ သူတို့ကို ဂရုစိုက်နေရမှာလဲ…"
ထိုအခါမှသာ လင်ဝမ်ယိ သဘောပေါက်သွားလေတော့သည်။ အရှင်မင်းကြီးက တမင်သက်သက် စမ်းသပ်နေခြင်းလား။
သူမသာ မလာခဲ့လျှင် အရှင်မင်းကြီးက နောက်ဆုံးတွင်တော့ လာပေလိမ့်မည်။
သို့သော် သူမ လာခဲ့ပြီဆိုလျှင်တော့ ကိုယ်လုပ်တော်များက တမင်သက်သက် ပြဿနာရှာနေကြောင်း အရှင်မင်းကြီး သိရှိသွားမည်သာ။
အရှင်မင်းကြီး ဒေါသထွက်နေချိန်တွင် လင်ဝမ်ယိအား ဤကဲ့သို့ အခက်တွေ့အောင် လုပ်ဆောင်စေချင်သည့် ရည်ရွယ်ချက်သာ ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ လင်ဝမ်ယိလည်း ဆက်လက်၍ ဟန်ဆောင်မနေတော့ပေ။
လူအများကြီးနှင့် အတူတကွ လကွယ်ညစာစားပွဲ ကျင်းပရခြင်းမှာ လင်ဝမ်ယိအတွက်လည်း အနေမခက်လှပေ။
သို့သော် သူတို့၏ စိတ်နေစိတ်ထားအရ အပန်းဖြေနန်းတော်တွင် အချိန်အကြာကြီး ဆက်လက် နေထိုင်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အရှင်မင်းကြီးနှင့်အတူ ပြန်လည် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
"ဒါပေမယ့် ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးက..."
"စိတ်မပူပါနဲ့… ကိုယ်တော်က တုမားမားတို့ကို ပြောခိုင်းထားပြီးပါပြီ… မင်းသားလေးတွေနဲ့ မင်းသမီးလေးတွေ ညစာစားပြီးရင် အရင်ပြန်လို့ရတယ်လို့"
"ဒါဆိုရင်တော့ တော်ပါသေးတယ်"
အရှင်မင်းကြီးက ဤမျှလောက်အထိ အသေးစိတ် စီစဉ်ထားသည်ကို ကြားသိရသောအခါ လင်ဝမ်ယိမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှား ဝမ်းသာသွားရသည်။
အရှင်မင်းကြီး အပန်းဖြေနန်းတော်သို့ ရုတ်တရက် ရောက်လာချိန်ကတည်းက သူမ၏ စိတ်နှလုံးမှာ အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်သည်။
ယိမ်းယိုင်သွားသည် ဆိုခြင်းထက် အရှင်မင်းကြီးအား လက်ခံရန် သူမ၏ စိတ်နှလုံးကို ပိုမို၍ ဖွင့်ဟပေးလိုစိတ် ဖြစ်ပေါ်လာခြင်းဟု ဆိုရမည်။
အရှင်မင်းကြီးက ဤဘဝတစ်သက်တာလုံး သူမ တစ်ယောက်တည်းနှင့်သာ နေထိုင်သွားမည် မဟုတ်ကြောင်း သိသော်လည်း ဤမျှလောက်အထိ လုပ်ဆောင်ပေးမှုက လင်ဝမ်ယိကို အမှန်တကယ်ပင် ကြည်နူးသွားစေခဲ့သည်။
ထို့ကြောင့် သူမက စကားဆိုလိုက်၏။
"ကျွန်တော်မျိုးမက ဒီလို ပွဲတက်ဝတ်ရုံကြီးကို ဝတ်ထားတော့ အနံ့အသက်တွေ စွဲသွားရင် တခြား သူတွေ သိသွားမှာ စိုးရိမ်ရတယ်… အရှင်မင်းကြီးဆီမှာ ပုံမှန်ဝတ်ရုံ ရှိရင် ကျွန်တော်မျိုးမ လဲဝတ်ချင်ပါတယ်"
ယခင်ကဆိုလျှင် အရှင်မင်းကြီးမှာ သူမ၏ ဤကဲ့သို့ အဓိပ္ပါယ်မရှိသော စကားများကြောင့် အံ့ဩသွားပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ အပန်းဖြေနန်းတော်မှ ပြန်ရောက်လာပြီးကတည်းက သူမအပေါ် ပိုမို၍ ယုံကြည်မှု ရှိလာကြောင်းကို သူ အထင်အရှား ခံစားနေရသည်။ ထို့အပြင် တစ်ခါတစ်ရံတွင် သူ၏ ရှေ့၌ ချွဲနွဲ့တတ်သော အမူအရာများကိုပင် ပြသလာတတ်သေးသည်။
ဤသည်မှာ ကောင်းသော လက္ခဏာ တစ်ရပ်ပင်။
ထို့ကြောင့် သူမ တောင်းဆိုသမျှကို သူ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်လေသည်။
ဝမ်ကုအဆောင်မှာ ပုံမှန်အားဖြင့် သူ အိပ်စက်ရာ အဆောင်ဖြစ်သဖြင့် ပုံမှန်ဝတ်ရုံများ ရှိနေသည်မှာ သဘာဝပင်။
ထိုဝတ်ရုံများမှာလည်း လင်ဝမ်ယိ ကိုယ်တိုင် ချုပ်လုပ်ပေးထားခြင်း ဖြစ်သည်။
အခန်းကန့်၏ အနောက်ဘက်တွင် သူမက ဝတ်ရုံကို ချွတ်လိုက်ပြီး အရှင်မင်းကြီး၏ ပုံမှန်ဝတ်ရုံကို ချက်ချင်း ဝတ်ဆင်လိုက်လေသည်။
တစ်ကိုယ်လုံး ဝတ်ရုံဖြင့် ဖုံးနေပြီဖြစ်သော်လည်း အရှင်မင်းကြီး၏ အမြင်တွင်မူ အကုန်လုံး ဖော်ပြထားသည်ထက်ပင် ပိုမို၍ စိတ်ကူးယဉ်စရာ ကောင်းနေလေတော့သည်။
သူမ ထွက်လာသောအခါ အရှင်မင်းကြီးက ခပ်ဖွဖွ ရယ်မောလိုက်လေသည်။
"မင်းရဲ့ ဆံထုံးနဲ့ အဝတ်အစားက လုံးဝကို မလိုက်ဖက်ဘူး… မင်း အားတဲ့အခါကျရင် ကိုယ့်အတွက် ယောကျာ်းလေးရော မိန်းကလေးရော ဝတ်လို့ရမဲ့ ပုံမှန်ဝတ်ရုံလေးတွေ ချုပ်ထားလိုက်ပါ…"
"အဲဒါတွေက ဘာလုပ်ဖို့လဲ"
"အသုံးဝင်လို့ပေါ့… ဥပမာ... ကိုယ်တော်နဲ့အတူ ရုပ်ဖျက်ပြီး အပြင်ထွက်တဲ့အခါမျိုးမှာပေါ့"
ရုပ်ဖျက်ပြီး အပြင်ထွက်သည် ဆိုသော စကားကို ကြားလိုက်ရသောအခါ လင်ဝမ်ယိ၏ မျက်ဝန်းများမှာ အရောင်လက်သွားလေသည်။
အဘိုးဖြစ်သူ၏ မိသားစုနှင့်အတူ အရှေ့အနောက် လှည့်လည်သွားလာခဲ့ရသော အတိတ်ကာလများကို ပြန်လည် အမှတ်ရသွားသကဲ့သို့ပင်။
ထိုအချိန်များက အလွတ်လပ်ဆုံးနှင့် အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ခဲ့သည်။
ထိုစဉ်ကလည်း သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် ယောကျာ်းလေးအသွင် ဖန်တီးခဲ့ရသည်။
အသက်မှာ ငယ်ရွယ်သေးသဖြင့် ယောကျာ်းလေး မိန်းကလေး ခွဲခြားရန်လည်း အလွန် ခက်ခဲလှသည်။
ထို့ကြောင့် သူမမှာ ချမ်းသာသည့် အိမ်တော်မှ ချောမောလှပသော သခင်လေး တစ်ပါးအလား မိသားစုနှင့်အတူ တောင်ပေါ်ရေအောက် နေရာအနှံ့ လည်ပတ်ခဲ့ရလေသည်။
"အရှင်မင်းကြီး တကယ် ပြောတာလား"
"တကယ်ပေါ့"
"ဒါဆို ကျွန်တော်မျိုးမ သေချာပေါက် အဝတ်အစား သစ်တွေ ချုပ်ထားပါ့မယ်… အရှင်မင်းကြီးအတွက် ချုပ်ပေးရမယ်… အရမ်း မထင်ပေါ်တဲ့ အစတွေကို သုံးရမယ်… မဟုတ်ရင် အဝတ်အစားရဲ့ တန်ဖိုးကြီးမှုကနေ ကျွန်မတို့ရဲ့ အဆင့်အတန်းကို ချက်ချင်း သိသွားနိုင်တယ်… အဲဒါဆို လုံးဝ မလုံခြုံတော့ဘူး"
သူမ၏ အစီအစဉ်များက အလွန် မြန်ဆန်လှသဖြင့် အရှင်မင်းကြီး၏ မျက်နှာပေါ်ရှိ ငိုရခက် ရယ်ရခက် ဖြစ်နေသော အမူအရာကိုပင် သူမ သတိမပြုမိခဲ့ပေ။
ထို့နောက် သူတို့နှစ်ဦး ထိုင်လိုက်ပြီး သိုးသားဟင်းအိုးကို စားသုံးကြလေတော့သည်။
ယခုတစ်ခေါက် စားရသည်မှာ ယခင်တစ်ခေါက်ထက် ပို၍ အရသာရှိနေပုံရသည်။
ဝမ်ကုအဆောင်အတွင်း၌ သူတို့နှစ်ဦးမှာ အလွန် နွေးထွေးချိုမြိန်စွာ အချိန်ဖြုန်းနေကြလေသည်။
သို့သော် လက်ဝဲဆောင်အတွင်းရှိ ကိုယ်လုပ်တော်များမှာမူ သနားစရာပင်။
လူတိုင်းက စိတ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြပြီး လင်ဝမ်ယိမှာ အဘယ်ကြောင့် သွားပြီး ပြန်မလာတော့သနည်းဟု တွေးတောနေကြလေသည်။
ယီဖေးက လူလွှတ်၍ သွားရောက် စုံစမ်းခိုင်းသင့်သလားဟု စဉ်းစားနေစဉ်မှာပင် သုန်ယွီကျုံး အလောတကြီး ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူက ယီဖေးနှင့် ယင်းဖေးတို့အား ချက်ချင်းပင် အရိုအသေပေးလိုက်၏။
"ဒီအစေခံ သုန်ယွီကျုံး ယီဖေးမယ်မယ် ယင်းဖေးမယ်မယ်နဲ့ သခင်မလေးတို့ကို အရိုအသေပေးပါတယ်"
သုန်ယွီကျုံးကို မြင်တွေ့လိုက်ရသောအခါ အားလုံးက အပြင်ဘက်သို့ မျှော်ကြည့်လိုက်ကြသော်လည်း သူတို့ မျှော်လင့်ထားသူ၏ အရိပ်အယောင်ကိုမူ မတွေ့ရချေ။
ယီဖေး၏ မျက်ဝန်းထဲတွင်လည်း သိချင်စိတ်များ ပြည့်နှက်နေလေသည်။
ထို့ကြောင့် သူမက ချက်ချင်းပင် မေးမြန်းလိုက်၏။
"သုန်ကုန်းကုန်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"မယ်မယ်... အရှင်မင်းကြီးက နိုင်ငံရေး ကိစ္စတွေ လုပ်လို့ မပြီးသေးဘူး… ဒါကြောင့် လကွယ်ညစာစားပွဲကို မလာနိုင်တော့ပါဘူး… အဲဒီအစား တော်ဝင်စားဖိုဆောင်ကို သခင်မလေးတို့ ဝအောင် စားဖို့အတွက် ဟင်းပွဲတွေ အများကြီး ထပ်လုပ်ခိုင်းလိုက်ပါသေးတယ်… သခင်မလေးတို့ အေးအေးဆေးဆေး သုံးဆောင်ကြပါလို့ မှာလိုက်ပါတယ်…”