အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း(၂၄၆) မိသားစု ညစာစားပွဲ
သိပ်မကြာမီမှာပင် မိန်းမစိုးငယ် အများအပြား ဝင်လာကြလေသည်။
သူတို့အားလုံး၏ လက်ထဲတွင် စားစရာပန်းကန်များကို ကိုင်ဆောင်ထားကြပြီး ကိုယ်လုပ်တော်များ၏ စားပွဲပေါ်သို့ ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ တင်ပေးလိုက်ကြ၏။
သို့သော် မည်မျှပင် စားဖွယ်ကောင်းသော အစားအစာများ ဖြစ်နေပါစေ ယခုအချိန်တွင် လူတိုင်း၏အာရုံထဲသို့ မည်သည်ကမျှ ဝင်မလာနိုင်တော့ပေ။
သူမတို့မှာ ကြယ်ကိုမျှော် လကိုမျှော်ဖြင့် အရှင်မင်းကြီး ပြန်ရောက်လာမည့်အချိန်ကို မျှော်လင့်နေခဲ့ရသော်လည်း လူလုံးပင် မပြလိုက်ချေ။
လကွယ်ညစာစားပွဲကို ပျော်ပျော်ရွှင်ရွှင်ဖြင့် အတူတကွ ဆင်နွှဲရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အခြေအနေများက ပျက်ယွင်းသွားခဲ့လေပြီ။
လူအများစု၏ စိတ်ထဲတွင် ယီဖေးအား အပြစ်တင်နေကြသည်။ သူမသာ မနက်ပိုင်းက ဖအရှင်မင်းကြီးကို ဒေါသထွက်စေမည့် စကား မပြောခဲ့ပါက အရှင်မင်းကြီးသည်လည်း ဤကဲ့သို့ လုပ်မည် မဟုတ်ဟု တွေးနေကြသည်။
ဒေါသထွက်ကြသော်လည်း မည်သူကမျှ ထုတ်မပြရဲကြပေ။ ယီဖေး၏ အရှိန်အဝါကို သူမတို့လို သာမန်လူများက အလွယ်တကူ စိန်ခေါ်၍ မရနိုင်သည် မဟုတ်လား။
မကျေနပ်ပါက သေလမ်းကိုသာ ရွေးချယ်ရမည် ဖြစ်ရာ မည်သူကများ သေချင်မည်နည်း။
ထို့ကြောင့် ဒေါသများကို ရင်ထဲတွင်သာ မျိုသိပ်ထားလိုက်ကြပြီး စကားတစ်ခွန်းမျှပင် မဟရဲကြတော့ချေ။
ယီဖေး၏ မျက်နှာပေါ်တွင်လည်း အတော်လေး အနေခက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း ယခုအချိန်တွင် တည်ငြိမ်နေဟန် ဆက်လက် ဟန်ဆောင်နေရလေသည်။
ဘေးနားရှိ ယင်းဖေးမှာလည်း စိတ်မကြည်နေသဖြင့် မေးမြန်းလိုက်၏။
"သုန်ကုန်းကုန်း ကွေ့ဖင်ညီမလေးက အရှင်မင်းကြီးကို သွားခေါ်တာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ ပြန်ရောက်မလာတာလဲ"
ဤမေးခွန်းကြောင့်သာ အားလုံးက လင်ဝမ်ယိကို သတိရသွားကြတော့သည်။
နှစ်ပေါင်းများစွာ အရှင်မင်းကြီး၏ အနားတွင် ခစားလာခဲ့သော သုန်ယွီကျုံးမှာမူ မည်သည့် အခြေအနေမျိုးကိုမဆို ကြုံဖူးနေပြီ ဖြစ်ရာ ချက်ချင်းပင် ဟန်ဆောင်ပန်ဆောင်ဖြင့် သက်ပြင်းတစ်ချက်ချကာ စကားဆိုလိုက်လေသည်။
"ကွေ့ဖင်မယ်မယ် လာတဲ့ အချိန်တုန်းက အရှင်မင်းကြီးက နိုင်ငံရေး ကိစ္စတွေနဲ့ ခေါင်းရှုပ်နေတာမို့… ကွေ့ဖင်မယ်မယ့်ကို နန်းဆောင် ပြန်လွှတ်လိုက်တာပါ"
သုန်ယွီကျုံး၏ စကားမှာ သွယ်ဝိုက်ပြောဆိုထားသော်လည်း လူတိုင်းက နန်းဆောင်ပြန်လွှတ်သည် ဆိုသည်မှာ အဆူခံလိုက်ရသဖြင့် မျက်နှာပူကာ ပြန်မလာရဲခြင်းသာ ဖြစ်မည်ဟု တွေးထင်နေကြလေသည်။
ပို၍ ဆိုးရွားပါက အရှင်မင်းကြီးက အကျယ်ချုပ် ချလိုက်ခြင်းမျိုးပင် ဖြစ်နိုင်ပေသည်။
ဤအချက်ကို တွေးမိသောအခါ ချူတာရင်၏ မျက်နှာပေါ်တွင် မဖုံးဖိနိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာတော့၏။
အခြားသူများကလည်း အရှင်မင်းကြီး၏ ဒေါသများကို သူမအပေါ် ပုံချလိုက်ကြပြီး ခံရတာ နည်းတောင်နည်းသေးသည်ဟု ချက်ချင်း တွေးလိုက်ကြလေသည်။
မည်သူက သူမအား ထိုမျှလောက် ထင်ပေါ်ကျော်ကြားစေချင်သနည်း၊ ရာထူးနှင့် မထိုက်တန်လျှင် မည်သို့ ဖြစ်တတ်ကြောင်း သူမ သိသင့်သည်သာ။
ယင်းဖေးက မျက်နှာမကောင်းစွာဖြင့် စကားဆိုလိုက်သည်။
"အင်း ဒီအရှင်မရဲ့ အမှားတွေပါ… ငါကသာ ကွေ့ဖင်ညီမလေးကို သွားခိုင်းဖို့ အကြံမပေးခဲ့ရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး…"
သူမ၏ စကားဆုံးသည်နှင့် မုချန်ကျိုက်က ချက်ချင်းပင် ဝင်ရောက် နှစ်သိမ့်ပေးလေ၏။
"မယ်မယ် ပူပန်မနေပါနဲ့… ဒီနေ့က လကွယ်ညစာစားပွဲနေ့မို့ အားလုံး ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ပါ… မဟုတ်ရင် နောက်နှစ်အတွက် ကံဆိုးမိုးမှောင်မှုတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ…"
ဤစကားကို အားလုံးက မှန်ကန်သည်ဟု တွေးလိုက်ကြသည်။ အထူးသဖြင့် အရှင်မင်းကြီးသည် နန်းတွင်းသူရွေးချယ်ပွဲကို ငါးနှစ်မှ တစ်ကြိမ် လုပ်ရန် ပြောင်းလဲခြင်းမှာ သူတို့အားလုံးအတွက် အကျိုးရှိလှသည် မဟုတ်လား။
လူတိုင်းက ကံကောင်းချင်ကြပြီး အရှင်မင်းကြီး၏ မျက်စိကျမှုကို ခံရကာ လင်ဝမ်ယိကဲ့သို့ တစ်ဟုန်တိုး ရာထူးတက်လှမ်းလိုကြသဖြင့် လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြတော့သည်။
ယီဖေးက ပြောလိုက်သည်။
"အင်း ဒါဆိုရင်လည်း ငါတို့ ညီအစ်မတွေပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့… ဒီလကွယ်ညစာစားပွဲရဲ့ ပထမဆုံး သေရည်တစ်ခွက်ကို အရှင်မင်းကြီးနဲ့ တာ့ဝေ့ပြည်ကြီးအတွက် ရည်စူးပြီး သောက်ကြရအောင်…"
အခြားသော ကိုယ်လုပ်တော်များကလည်း သဘောတူကြရာ အရှင်မင်းကြီး မရှိသော်လည်း သူတို့၏ ဤညစာစားပွဲမှာ ရယ်မောပျော်ရွှင်သံများဖြင့် ပြည့်နှက်နေခဲ့လေ၏။
နန်းတော်ထဲတွင် နွေးထွေးနေသကဲ့သို့ နန်းတော်ပြင်ပတွင်လည်း စည်ကားသိုက်မြိုက်မှုများ ရှိနေပေသည်။
အိမ်တိုင်းအိမ်တိုင်းသည် တံခါးများကို စောစီးစွာ ပိတ်ထားကြပြီး ဤလကွယ်ညစာစားပွဲလေးအတွက် ဟင်းလျာများစွာကို ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်နေကြရာ သုန်မိသားစုအိမ်တော် တွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သလို အမတ်ချုပ်အိမ်တော် တွင်လည်း ထပ်တူပင် ဖြစ်လေသည်။
အမတ်ချုပ်အိမ်တော် အတွင်းတွင်မူ ပထမအိမ်တော်ခွဲမှ လူများ မရှိတော့သဖြင့် ဤညစာစားပွဲမှာ မင်းသမီးရုံခန့် အတွက် အလွတ်လပ်ဆုံး ကျင်းပရသော ပွဲတစ်ခု ဖြစ်နေတော့၏။
စားပွဲအပြည့် တင်ထားသော ဟင်းလျာများအားလုံးမှာလည်း စားချင်ဖွယ်ရှိပြီး ကျက်သရေရှိလှလေသည်။
စားပွဲတွင် ဒုတိယသခင်ကြီးလင် နှင့် ဒုတိယသခင်မ သခင်မဝမ် တို့အပြင် တော်ဝင်ကျောင်းတော် မှ ပြန်လာသော လင်ကွမ်ကျစ် လည်း ပါဝင်ဆင်နွှဲလေသည်။
သူသည် ယခုအခါ အသက် ဆယ့်ရှစ်နှစ် ရှိပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ အနည်းငယ်မျှပင် ရင့်ကျက်မှု မရှိဘဲ မင်းသမီးရုံခန့် ၏ အနားတွင် ကပ်ချွဲကာ ငယ်စဉ်ကကဲ့သို့ပင် အလိုလိုက်ခံချင်နေဆဲ ဖြစ်သည်။
မင်းသမီးရုံခန့် မှာ သူမ၏ မြေးလေးကို လက်ပေါ်တင်ကာ ရင်ခွင်ထဲတွင် ယုယထားသူ ဖြစ်ရာ သူ၏ အမှားမှန်သမျှကိုပင် ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် ဤမြင်ကွင်းကို အမတ်ချုပ်လင် မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း အလိုလိုက်ထားသော အဘွားကြောင့် မြေးဖြစ်သူ ပျက်စီးရသည်ဟု အနည်းငယ် တွေးမိသွားသဖြင့် မေးမြန်းလိုက်လေ၏။
"မင်း တော်ဝင်ကျောင်းတော် မှာ စာသင်နေတာ ငါးနှစ် ခြောက်နှစ်တောင် ရှိနေပြီကို ဘာဖြစ်လို့ စာမေးပွဲလည်းမအောင် ရာထူးလည်းမတိုးလာသေးတာလဲ… တစ်နေ့လုံး အဲဒီထဲမှာ ဆော့ကစားဖို့ပဲ သိနေတာလား…"
အမတ်ချုပ်လင် မှာ ဤနှစ်များအတွင်း ရှန်းကျင်းမြို့တော် တွင် နေထိုင်ခဲ့ခြင်းမှာ နည်းပါးခဲ့သဖြင့် မြေးဖြစ်သူများကို ဂရုစိုက်ရန် မအားခဲ့ချေ။
သူ ဤသို့ ပြောလိုက်သောအခါ လင်ကွမ်ကျစ်မှာ မျက်နှာပျက်သွားပြီး ရှက်ကိုးရှက်ကန်း ပြုံးကာ စကားဆိုလိုက်သည်။
"အဘိုးကို စိတ်ပူစေမိပြီ… မြေးတော်ရဲ့ ကျန်းမာရေးက သိပ်မကောင်းတော့ စာမေးပွဲနီးလာတိုင်း အမြဲ ဖျားတတ်လို့ပါ… တကယ်တော့ အဲဒါတွေ အကုန် ဖြေနိုင်ပါတယ် ဒါပေမဲ့… အဲ့ဒါကြောင့်မို့လို့…"
သူ၏ စကားများမှာ ထစ်အ နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လိမ်ညာနေမှန်း သိသာလှသည်။
အမတ်ချုပ်လင် မှာ အသုံးမကျသော ဤမြေးဖြစ်သူအပေါ် မည်သည့်အခါကမျှ မျှော်လင့်ချက် မထားခဲ့ဖူးသဖြင့် စိတ်ပျက်စရာလည်း မရှိလှပေ။
ဒုတိယသခင်ကြီးလင် ကသာ အမတ်ချုပ်လင် ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်လေသည်။ သူ၏ အသက်မှာ လေးဆယ်ပင် မပြည့်သေးသော်လည်း ဝန်ထမ်းရေးရာဌာန လက်ထောက်အမတ် ရာထူးကို ရရှိနေပြီ ဖြစ်သည်။
အချိန်ကြာပါက သူ၏ အမတ်ချုပ်ကြီး နေရာမှာလည်း သားဖြစ်သူ၏ လက်အောက်သို့ ရောက်ရှိသွားနိုင်သည် မဟုတ်လား။
ထို့ကြောင့် မြေးဖြစ်သူ အသုံးမကျလျှင်လည်း ကိစ္စမရှိပေ၊ သူသာ လင်မိသားစုအတွက် မျိုးဆက်တစ်ဆက် သယ်ဆောင်လာပေးပါက ထိုအချိန်တွင် သူလည်း နန်းတွင်းရေးရာများမှ အနားယူကာ ကိုယ်တိုင် သွန်သင်ဆုံးမပေးမည်သာ ဖြစ်ပြီး လင်မိသားစု မျိုးဆက်များအတွက် သေချာပေါက် စိုးရိမ်စရာ မရှိတော့ပေ။
ထို့ကြောင့် ဒုတိယသခင်ကြီးလင် နှင့် ဒုတိယသခင်မ တို့အား ကြည့်ကာ စကားဆိုလိုက်လေသည်။
"ကွမ်ကျစ်ရဲ့ ပညာရေးက ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ကောင်းလာဖို့ မရှိဘူး… တော်ဝင်ကျောင်းတော် မှာ အချိန်ဖြုန်းမနေဘဲ အပြင်ထွက်ပြီး အလုပ်တစ်ခုခု ရှာလုပ်ခိုင်းလိုက်… မင်းတို့ မိဘတွေအနေနဲ့လည်း သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စကို စဉ်းစားသင့်နေပြီ… နှစ်သစ်ကူးပြီးရင် အသက်ဆယ့်ကိုးနှစ်တောင် ပြည့်တော့မှာမို့ ဆက်ပြီး အချိန်ဆွဲနေရင် အိမ်ထောင်ဖက် ကောင်းကောင်း ရွေးမရဖြစ်သွားလိမ့်မယ်…"
ဤစကားကို ကြားသောအခါ မင်းသမီးရုံခန့် က ရယ်မောလိုက်လေ၏။
"အမတ်ချုပ်ကြီး စိတ်ချပါ… ကွမ်ကျစ်က ကျန်းမာရေး နည်းနည်း အားနည်းနေလို့ပါ… သေချာ ဂရုစိုက်ပေးရင် သေချာပေါက် တိုးတက်လာမှာပါ… သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စကိုလည်း စဉ်းစားပေးနေပါတယ်… သခင်မ တော်တော်များများက ကျွန်မဆီ စာလွှာတွေ ပို့ထားကြပြီး ကွမ်ကျစ်ကိုလည်း တော်တော်လေး သဘောကျနေကြတာပါ… ကျွန်မက သေချာ ရွေးချယ်နေလို့ပါ…"
မင်းသမီးရုံခန့် ၏ ဤစကားကို အမတ်ချုပ်လင် က 'အင်း' ဟုသာ တုံ့ပြန်လိုက်လေသည်။
အိမ်ထောင်ရေး ကိစ္စနှင့် ပတ်သက်၍ သူ သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။ ချွေးမ ဖြစ်သည်ကို ရွေးချယ်ရာတွင် မိသားစု နောက်ခံကောင်းပြီး ထိန်းချုပ်ရ လွယ်ကူသူမျိုးကို ရွေးချယ်မည်ဖြစ်ပြီး မြေးချွေးမမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ ဘာမျှ ဆက်မပြောတော့ချေ။
မိသားစု၏ တစ်ဦးတည်းသော မြေးယောကျာ်းလေး ဖြစ်သည့် လင်ကွမ်ကျစ်ကို ဤမျှလောက် ဂရုစိုက်နေသည်ကို ကြည့်ရင်း ကောယီနျန်မှာ မအောင့်နိုင်ဘဲ လှောင်ပြုံးတစ်ခု ပြုံးမိလေသည်။
သူမမှာ မယားငယ် ဖြစ်သဖြင့် မတ်တပ်ရပ်၍သာ ခစားနေရသည်။ သမီးဖြစ်သူမှာ သူတို့နှင့် အတူ ထမင်းဝိုင်းတွင် ထိုင်နေရသော်လည်း မည်သူကမျှ သူမအား ဂရုတစိုက် ကြည့်ရှုခြင်း မရှိပေ။
ဒုတိယသခင်ကြီးလင် က တစ်ခါတစ်ရံ ဟင်းထည့်ပေးသည်မှအပ အခြားသူများအားလုံးက သူမအား လျစ်လျူရှု့ထားကြသည်။ ဤအခြေအနေကို သူမ မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ချေ။
ထို့ကြောင့် လူတိုင်း ရယ်မောပျော်ရွှင်နေချိန်ကို အခွင့်ကောင်းယူကာ သူမက ရုတ်တရက် ခေါင်းမူးသွားသကဲ့သို့ ဟန်ဆောင်ကာ မတ်တပ်မရပ်နိုင်ဘဲ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
ဒုတိယသခင်ကြီးလင် မှာ မူလကတည်းက ကောယီနျန် အား အချစ်ပိုသူ ဖြစ်ရာ သူမ ဤသို့ ဖြစ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ထကာ သူမအား တွဲထူလိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်လေ၏။
"ဘာဖြစ်လို့လဲ… ဘယ်လိုဖြစ်ပြီး ရုတ်တရက် မူးလဲသွားရတာလဲ…"
ကောယီနျန် က နုနယ်ပြီး အားနည်းသည့် ပုံစံမျိုးဖြင့် အပြစ်ကင်းဟန်ဆောင်ကာ စကားဆိုလိုက်သည်။
"ကျွန်တော်မျိုးမလည်း ဘာဖြစ်လို့လဲ မသိပါဘူး… ဒီရက်ပိုင်း အားအင်တွေ ကုန်ခမ်းနေသလို ခံစားရပြီး ရင်ဘတ်ကလည်း အမြဲတမ်း အောင့်နေလို့ပါ…"
သူမ၏ ဤရောဂါလက္ခဏာများကို ကြားသောအခါ ဒုတိယသခင်ကြီးလင်က ပင်ပန်းသွား၍ဟု ထင်မှတ်သော်လည်း မင်းသမီးရုံခန့် နှင့် ဒုတိယသခင်မ သခင်မဝမ် တို့၏ စိတ်ထဲတွင်မူ အဓိပ္ပါယ် မတူချေ။
"နင့်မှာ ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ပါဘူးနော်”