အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း(၂၄၇) နောက်ကျမှ ရောက်လာသော လက်ဆောင်
ဒုတိယသခင်မ၏ ဤစကားတစ်ခွန်းက ထိုနေရာတွင် ရှိနေသူအားလုံးကို အံ့ဩတုန်လှုပ်သွားစေ၏။
ဒုတိယသခင်ကြီးလင်၏ မျက်နှာပေါ်တွင်တော့ ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်းသ အခြားသူများ၏ မျက်နှာထားကတော့ သိပ်ပြီး ကြည့်ကောင်းမနေချေ။
အထူးသဖြင့် ဒုတိယသခင်မနှင့် လင်ကွမ်ကျစ်တို့ပင် ဖြစ်သည်။
အမတ်ချုပ်လင်နှင့် မင်းသမီးရုံခန့်တို့ကတော့ ကြီးကြီးမားမား တုံ့ပြန်မှုများ မပြခဲ့ကြပေ။
ထို့နောက် မင်းသမီးရုံခန့်က သူမ၏ ဘေးနားရှိ မားမားအား စေခိုင်းလိုက်လေသည်။
"အိမ်တော်သမားတော်ကို သွားခေါ်ချေ… ကောယီနျန်ကို စစ်ဆေးရမယ်"
"ဟုတ်ကဲ့ပါ"
ကောယီနျန်မှာ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို စောစောကတည်းက သိရှိထားပြီး ဖြစ်၏။ ယခုလို အချိန်မျိုးကို စောင့်ဆိုင်းကာ ဖွင့်ဟလိုက်ခြင်းမှာ သူမနှင့် ကလေးကို ပိုမို လုံခြုံစေရန် ဖြစ်ပေသည်။
သို့မဟုတ်ပါက အိမ်တော်၏ အတွင်းဆောင်ထဲတွင် သူမ၏ ကလေးအား လုပ်ကြံနိုင်မည့် နည်းလမ်းများစွာ ရှိနေသည် မဟုတ်လား။
သူမ၏ ကိုယ်ဝန်ကို အပြင်မှ သမားတော်ကြီးများဖြင့် သေချာ စစ်ဆေးထားပြီးဖြစ်ရာ ယောကျာ်းလေး ဖြစ်နိုင်ချေ များသည်။
ထို့ကြောင့် သူမအနေဖြင့် ပိုမို၍ ဂရုတစိုက် ရှိနေရခြင်းပင်။
ကြီးကျယ်ခမ်းနားသော ပွဲတော်ရက်ကြီးတွင် အိမ်တော်သမားတော်မှာ ကပျာကယာ ရောက်ရှိလာလေသည်။
တစ်စုံတစ်ရာ ကြီးမားသော ကိစ္စ ဖြစ်ပေါ်နေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း အခန်းထဲသို့ ဝင်ဝင်ချင်းပင် ဒုတိယသခင်ကြီးလင်၏ ခေါ်ယူခြင်းကို ခံလိုက်ရ၏။
"မြန်မြန် ကောယီနျန်ကို သေချာ စမ်းသပ်ပေးပါဦး… ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး မူးလဲသွားရတာလဲ…"
"မူးလဲသွားတာလား"
အိမ်တော်သမားတော်ပင် အနည်းငယ် အံ့သြမိသွားသည်။ ကောယီနျန်မှာ ပုံမှန်အားဖြင့် ကျန်းမာရေး အလွန်ကောင်းမွန်သူဖြစ်ရာ မည်သို့ဖြစ်၍ ရုတ်တရက်ကြီး မူးလဲသွားရသနည်းဆိုသည်ကို တွေးတောနေမိ၏။
ထို့ကြောင့် သူက ချက်ချင်းပင် လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်း စမ်းသပ်လိုက်လေသည်။
ထိုနေရာရှိ လူအားလုံးမှာ အသက်အောင့်ကာ သမားတော်၏ အဖြေကို စောင့်ဆိုင်းနေကြပြီး ခဏအကြာ အိမ်တော်သမားတော်က ပြုံးလိုက်၏။
"အမတ်ချုပ်ကြီးကို ဂုဏ်ပြုပါတယ်… မင်းသမီးကိုလည်း ဂုဏ်ပြုပါတယ်… ဒုတိယသခင်ကြီးကိုလည်း ဂုဏ်ပြုပါတယ်… ကောယီနျန်မှာ ကိုယ်ဝန် လေးလကျော် နေပါပြီ…"
"ဘာ… တကယ်လား"
ဒုတိယသခင်ကြီးလင်နှင့် ကောယီနျန်တို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ပေါ်လွင်နေတော့သည်။
သို့သော် ဒုတိယသခင်ကြီးလင်မှာ မသိခဲ့ခြင်း ဖြစ်ပြီး ကောယီနျန်ကတော့ တမင်သက်သက် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။
ကောယီနျန်တွင် ကိုယ်ဝန် လေးလကျော်နေပြီ ဖြစ်ကြောင်းကို ကြားလိုက်ရသောအခါ ဒုတိယသခင်မမှာ အံကြိတ်ကာ ဒေါသထွက်သွားရလေ၏။
နှစ်များစွာ ကြာမြင့်လာခဲ့ပြီဖြစ်ရာ ကောယီနျန် ကိုယ်ဝန်ရှိသည်ဟု တစ်ခါမျှ မကြားဖူးသဖြင့် နောက်ထပ် ကလေး မရနိုင်တော့ဘူးဟုပင် ထင်မှတ်ထားခဲ့မိသည်။
မည်သူကမျှ ဤအချိန် ဤအခါမျိုးတွင် ဤကဲ့သို့သော ကိစ္စရပ်မျိုး ရုတ်တရက် ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူမအား အလွန်အမင်း ဒေါသထွက်စေတော့သည်။
ဒုတိယသခင်ကြီးလင် ဤကိစ္စကို မသိရှိခဲ့ခြင်းမှာ သေချာလှသည်။
သို့မဟုတ်ပါက ကောယီနျန်အပေါ် သူ၏ အချစ်ပိုမှုများအရ ဤမျှ အချိန်ကြာမြင့်သည်အထိ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
သို့သော် ကောယီနျန် ကိုယ်တိုင်က အမှန်တကယ် မသိခဲ့ခြင်း ဟုတ်မဟုတ်ဆိုသည်ကတော့ မသေချာလှပေ။
ဒုတိယသခင်မအနေဖြင့် ကောယီနျန်အပေါ် မည်သည့်အခါကမျှ မကြည်ဖြူခဲ့သဖြင့် သူမကို အဆိုးရွားဆုံး အနေအထားသို့သာ တွေးထင်လိုက်ခြင်း ဖြစ်သည်။
အမတ်ချုပ်လင်မှာ ဤသတင်းကို ကြားလိုက်ရသောအခါ မင်းသမီးရုံခန့်အား တစ်ချက် ကြည့်လိုက်လေ၏။
သူမ၏ မျက်နှာပေါ်တွင်လည်း အံ့ဩတုန်လှုပ်နေမှုများကို မြင်တွေ့လိုက်ရသဖြင့် သူက ချောင်းနှစ်ချက် ဟန့်လိုက်ကာ စကားဆိုလိုက်သည်။
"ကိုယ်ဝန်ရှိနေပြီ ဆိုမှတော့ မတ်တပ်ရပ်မနေပါနဲ့တော့… အတူတူ ထိုင်ပြီး စားကြတာပေါ့… အားမွေးထားရမယ်လေ… ကလေးကို ချောချောမွေ့မွေ့ ဖွားမြင်နိုင်ဖို့က အရေးကြီးဆုံးပဲ…"
"ကျေးဇူးတင်ပါတယ် အဖေ"
"အမတ်ချုပ်ကြီးရဲ့ စာနာနားလည်မှုကို ကျေးဇူးတင်ပါတယ်"
ဒုတိယသခင်ကြီးလင်က ကောယီနျန်ကို တွဲထူကာ သူ၏ ဘေးနားတွင် ထိုင်စေလိုက်ရာ အလွန်အမင်း ဂရုစိုက်ယုယနေသော ပုံစံက ဒုတိယသခင်မကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေတော့သည်။
သို့သော် မကျေနပ်သော်လည်း ဘာမျှ မတတ်နိုင်ချေ။
ယောက္ခမ နှစ်ဦးစလုံး ရှိနေကြရာ သူမကသာ သဝန်တို မနာလိုသည့် ပုံစံများ ပြသလိုက်ပါက သူမကို အပြစ်တင်စရာ အကြောင်းပြချက် ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူမမှာ ငြိမ်သက်စွာသာ နေလိုက်ရတော့သည်။
သို့သော် ဘေးနားရှိ လင်ကွမ်ကျစ်ကမူ ကောယီနျန်အား မထီမဲ့မြင်ပြုသော အကြည့်များဖြင့် ကြည့်နေလေ၏။
ထို့အပြင် ဘေးနားရှိ မယားငယ်ဘက်က ညီမဖြစ်သူအပေါ်ကိုလည်း ချိုသာမှု မပြချေ။
လင်ကျင့်ရှူမှာ လူအများကြားတွင် ညပ်နေပြီး ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိဘဲ ဖြစ်နေရှာသည်။
ကောယီနျန်က သမီးဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို ခံစားမိသွားသဖြင့် စားပွဲအောက်မှနေ၍ သူမ၏ လက်ကို လှမ်းကိုင်ကာ နှစ်သိမ့်ပေးလိုက်လေသည်။
အခြားသူများ၏ အမြင်တွင်မူ သားယောကျာ်းလေးက သမီးမိန်းကလေးထက် ပို၍ အရေးကြီးသည်ဟု ထင်မြင်ကြပေမည်။
သို့သော် ကောယီနျန်ကတော့ မတူပေ။ သူမအတွက်တော့ သမီးဖြစ်သူနှင့် သူမ မမွေးဖွားရသေးသော သားဖြစ်သူတို့မှာ တန်းတူည်မျှပင်ဖြစ်ပြီး သူမ၏ အသက်ရှင်ရာ အကြောင်းပြချက် ဖြစ်လေ၏။
အသက်ကို စွန့်၍ ကာကွယ်စောင့်ရှောက်ရမည့် သူများပင် ဖြစ်သည်။
လင်ကျင့်ရှူမှာ အမေ၏ သနားကြင်နာမှုများကို ခံစားလိုက်ရသဖြင့် စိုးရိမ်ပူပန်နေသော နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
ထို့နောက် သူမက ခပ်ဖွဖွ အပြုံးလေးတစ်ခုကို ပြုံးလိုက်လေ၏။
ဤသို့ဖြင့် ညစာစားပွဲကို ဆက်လက် ဆင်နွှဲကြသော်လည်း အချို့က အလွန်အမင်း ပျော်ရွှင်နေကြပြီး အချို့ကမူ အစားအသောက်၏ အရသာကိုပင် မခံစားနိုင်ကြတော့ချေ။
ဝမ်ကုအဆောင်တွင်တော့ အေးချမ်းသာယာနေလေသည်။
သုန်ယွီကျုံး သတင်းလာပို့သောအခါ လင်ဝမ်ယိမှာ အသံထွက်သည်အထိပင် ရယ်မောလိုက်မိသည်။
"အရှင်မင်းကြီး ဒီလိုလုပ်တာကို တခြားသူတွေ မသိလောက်ဘူးလို့ သေချာရဲ့လား"
အရှင်မင်းကြီးက သူမအား မျက်စောင်းလေး ထိုးကာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆက်လက် ပြောဆိုလိုက်၏။
"ဘာကို ကြောက်ရမှာလဲ… သုန်ယွီကျုံးက ဇာတ်လမ်းတစ်ခု သေချာ ဖန်တီးထားပြီးပြီပဲ… အခုချိန်ဆို အဆူခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ ကွေ့ဖင်က ရီဟွားနန်းဆောင်ကို စောစောစီးစီး ပြန်ရောက်နေပြီလေ… လူတွေသိမှာ ရှက်လွန်းလို့ မျက်နှာကိုတောင် ပဝါနဲ့ အုပ်ပြီး ဝေါယာဉ်စီးလို့ ကပျာကယာ ပြန်သွားတာ…"
လင်ဝမ်ယိမှာ သုန်ယွီကျုံးအား အံ့ဩတကြီးဖြင့် တစ်ချက် ကြည့်လိုက်ရာ သူက ပြုံးကာ ပြန်လည် ဖြေကြားလေသည်။
"ချွမ်ချီလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်က မယ်မယ်နဲ့ တော်တော်လေး ဆင်တူနေတော့ သူကပဲ ကိုယ်စားပြုပြီး ဟန်ဆောင်ပေးလိုက်တာပါ"
"ဒါဆို ခုနက ကျွန်မတို့ စားခဲ့တဲ့ ဟင်းအိုးက ချွမ်ချီ ချက်ထားတာပေါ့"
"အင်း… မင်းရဲ့ အစေခံမလေး လက်ရာက တကယ်ကို သာမန်မဟုတ်ဘူး… တစ်ခါလေး မြင်ဖူးရုံနဲ့တင် တော်ဝင်စားဖိုဆောင်ထက် ပိုကောင်းအောင် ချက်နိုင်တယ်ဆိုတော့ မင်းက တကယ် စားကံပါတာပဲ…"
လင်ဝမ်ယိ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ ခုနက ဟင်းအိုးထဲတွင် ရင်းနှီးနေသော အရသာမျိုးကို ခံစားလိုက်ရသည်မှာ မဆန်းတော့ချေ။
သို့သော် ချွမ်ချီ ကိုယ်တိုင် ချက်ပြုတ်ပေးသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။
ထို့ကြောင့် သူမက နောက်ပြောင်သည့်ဟန်ဖြင့် စကားတစ်ခွန်း ဆိုလိုက်လေ၏။
"အရှင်မင်းကြီးက ချွမ်ချီကို အနားမှာ ခစားဖို့ ခေါ်ထားချင်နေတာတော့ မဟုတ်ပါဘူးနော်"
"ဘာတွေ လျှောက်ပြောနေတာလဲ… ကိုယ်တော်က စားချင်ရင် မင်းရဲ့ နန်းဆောင်ကို လာစားလိုက်ရုံပဲ… သူ့ကို ခေါ်ထားပြီး ဘာလုပ်ရမှာလဲ…"
အရှင်မင်းကြီးကတော့ ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်လေသည်။
သူသည် ချွမ်ချီ၏ လက်ရာကိုသာ သဘောကျခြင်း ဖြစ်ပြီး ချွမ်ချီ ဆိုသည့် လူကို သဘောကျခြင်း မဟုတ်ပေ။
အကယ်၍ ဤမျှ သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် လင်ဝမ်ယိအား စိတ်ဆိုးစေမိပါက အကျိုးအမြတ်ထက် အရှုံးက ပိုများသွားပေလိမ့်မည်။
ထို့ကြောင့် ချက်ချင်းပင် ရှင်းပြလိုက်ခြင်း ဖြစ်၏။
သူ ဤသို့ ရှင်းပြသည်ကို မြင်သောအခါ လင်ဝမ်ယိ ပြုံးလိုက်လေသည်။
သူမ၏ အပြုံးမှာ ရိုးသားဖြူစင်ပြီး နောက်ပြောင်လိုသည့် အရိပ်အယောင်လေးများလည်း အနည်းငယ် ပါဝင်နေတော့သည်။
အရှင်မင်းကြီးက ချောင်းနှစ်ချက် ဟန့်လိုက်ပြီးနောက်မှ စကားဆိုလိုက်လေ၏။
"အရင်တုန်းက နွေရာသီအပန်းဖြေနန်းတော်မှာ ရှိနေတုန်းက ကိုယ်တော် မင်းကို ဂုဏ်ပြုလက်ဆောင် ဘာလိုချင်လဲလို့ မေးခဲ့တယ်လေ… မင်းက ကိုယ်တော် တီးမှုတ်တာကိုပဲ နားထောင်ချင်တယ်လို့ ပြောခဲ့တယ်မလား… အဲဒါက ဘယ်လိုလုပ်ပြီး ဂုဏ်ပြုလက်ဆောင် ဖြစ်မှာလဲ… ဒါကြောင့် ဒီနေ့ အထူးတလည် ပြင်ဆင်ထားတာ တစ်ခုရှိတယ်… မင်း သဘောကျလောက်မှာပါ…"
လင်ဝမ်ယိမှာမူ ဤတစ်ခေါက် လာရခြင်းက အရှင်မင်းကြီးနှင့်အတူ နှစ်သစ်ကူးအကြိုညကို သီးသန့် ဖြတ်သန်းခွင့် ရရုံသာမက နောက်ကျမှ ရောက်လာသော ဂုဏ်ပြုလက်ဆောင်ကိုပါ ရရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
ထို့ကြောင့် သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"အရှင်မင်းကြီး ဘာများ ပြင်ဆင်ထားလို့လဲ"
"ခဏနေရင် မင်း သိသွားမှာပါ"
ထို့နောက် သုန်ယွီကျုံးအား မျက်စပစ်ပြလိုက်ရာ သူက ချက်ချင်း လှည့်ထွက်ကာ ဝမ်ကုအဆောင်မှ ထွက်ခွာသွားလေသည်။
လျှို့ဝှက်ချက် ဖုံးကွယ်ထားသော အရှင်မင်းကြီးနှင့် ဘာမှန်းမသိ နားမလည်နိုင် ဖြစ်နေသော လင်ဝမ်ယိတို့ နှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။
သိပ်မကြာမီမှာပင် အပြင်ဘက်မှ အသံများ ထွက်ပေါ်လာလေသည်။
မိုးကြိုးပစ်သကဲ့သို့ ဒိန်းဒိုင်းမြည်သံများကြောင့် လင်ဝမ်ယိမှာ လန့်သွားရသည်။
ထိုစဉ် အရှင်မင်းကြီးက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သူမအား အပြင်ဘက်သို့ ကြည့်စေလိုက်သည်။
"မီးရှူးမီးပန်းတွေပါလား"
"အင်း"
နှစ်စဉ်နှစ်တိုင်း၏ နှစ်သစ်ကူးအကြိုညတွင် တိုင်းပြည် ငြိမ်းချမ်းသာယာပြီး အရာရာ ဘေးကင်းလုံခြုံကြောင်း ပြသရန်အတွက် ရှန်းကျင်းမြို့တော် ၌ မီးရှူးမီးပန်းများ ပစ်ဖောက်လေ့ ရှိပေသည်။
ယခုနှစ်တွင်လည်း ထိုနည်းလည်းကောင်းပင်။
ယခင်အချိန်များက လင်ဝမ်ယိမှာ နန်းတော်အပြင်ဘက်မှသာ ကြည့်ရှုခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုနှစ်တွင်တော့ အရှင်မင်းကြီးနှင့် အတူ ချန်အန်းနန်းဆောင် အတွင်းမှ ကြည့်ရှုခွင့် ရနေလေပြီ။
ဤနေရာမှာ တကယ်ကို မြင်ကွင်းအကောင်းဆုံး နေရာပင် ဖြစ်သည်။
သူတို့မှာ အခန်းတွင်းမှ ရပ်ကြည့်နေရုံမျှဖြင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရလေသည်။
သို့သော် ဤမီးရှူးမီးပန်းများမှာ နှစ်တိုင်း ရှိနေကျဖြစ်ပါလျက် အရှင်မင်းကြီးက အဘယ်ကြောင့် သူမ၏ မွေးနေ့လက်ဆောင်အဖြစ် ပေးသည်ဟု ဆိုရကြောင်းကိုမူ နားမလည်နိုင်ချေ။
သူမက လှည့်ကာ အရှင်မင်းကြီးအား တစ်ချက် ကြည့်လိုက်ချိန်တွင် သူက အနောက်မှနေ၍ လင်ဝမ်ယိအား ပွေ့ဖက်လိုက်လေသည်။
အရှင်မင်းကြီး၏ ခန္ဓာကိုယ်မှာ အလွန် နွေးထွေးကြောင်းကို သူမ ယခင်ကတည်းက သိရှိထားပြီး ဖြစ်သည်။
နွေးထွေးသော သူ၏ ရင်ခွင်ထဲတွင် ငုံ့လျှိုးနေရသဖြင့် လင်ဝမ်ယိမှာ ပြတင်းပေါက် အပြင်ဘက်မှ အေးစက်သော လေပြင်းများကိုပင် မခံစားရတော့ချေ။
ရုတ်တရက် ဖောင်း ခနဲ အသံနှင့်အတူ ရွှေရောင် မီးရှူးမီးပန်းတစ်ခုက နဂါးတစ်ကောင်အလား ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ၎င်း၏ နောက်တွင်တော့ စိမ်းပြာရောင် မီးရှူးမီးပန်းတစ်ခုက ထပ်ချပ်မကွာ လိုက်ပါသွားကာ ကြာပန်းကြီးတစ်ပွင့်အလား လှပစွာ ပွင့်လန်းသွားတော့သည်။
ထိုမီးရှူးမီးပန်း နှစ်မျိုးစလုံး ကောင်းကင်ယံတွင် တပြိုင်နက်တည်း တင်ဆက်နေချိန်တွင် လင်ဝမ်ယိမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ချေ။
ထိုအချိန်တွင် အရှင်မင်းကြီးက သူမ၏ နားနားသို့ ကပ်ကာ ဖွဖွလေး စကားဆိုလာလေသည်။
"မင်းက ကြာပန်းတွေကို သဘောကျပြီး စိမ်းပြာရောကို နှစ်သက်တယ် ဆိုတာကို ကိုယ်တော် မှတ်မိနေလို့ စောစောကတည်းက အစေခံတွေကို ပြင်ဆင်ခိုင်းထားတာလေ… အခု နိုင်ငံရေး အခြေအနေတွေက မတည်ငြိမ်သေးတော့ မောင်းမဆောင်ထဲမှာလည်း မင်းကို ကိုယ်တော် အချိန်ပြည့် ကာကွယ်မပေးနိုင်သေးဘူး… ဒါကြောင့်မို့ ကိုယ်တော့်ရဲ့ မေတ္တာတွေကို အပြင်လူတွေ ရှေ့မှာ ထုတ်ပြဖို့ မဖြစ်နိုင်သေးဘူး…”