← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) နေမကောင်းခြင်း

ကလေးမလေး အရွယ်ရောက်လာပြီး သူမလို ရောဂါထူတဲ့ သခင်မလေးကိုတောင် ဂရုစိုက်တတ်နေပြီဟု လင်ဝမ်ယိ တွေးလိုက်မိ၏။

ရီဟွားနန်းဆောင် ထဲတွင် နွေးထွေးသော ရနံ့များ တစ်သုတ်ပြီး တစ်သုတ် လွင့်ပျံနေတော့သည်။

လဝက်ခန့် လင်ဝမ်ယိ အပြင်သိပ်မထွက်ဘဲ နန်းဆောင်ထဲတွင်သာ အေးချမ်းတည်ငြိမ်သော နေ့ရက်များကို ဖြတ်သန်းနေခဲ့လေ၏။

သူမသည် ဒုတိယမင်းသား ကို စာဖတ်စာရေး သင်ပေးရင်း ဒုတိယမင်းသမီး လေးနှင့်လည်း ဆော့ကစားကာ ရယ်မောပျော်ရွှင်နေတတ်သည်။ သူမ၏ လက်ထဲမှ ပန်းထိုးအပ်ကိုလည်း မချခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ဒုတိယမင်းသား အတွက် နွေဦးဝတ်ရုံနှင့် မြင်းစီးဝတ်စုံကို ချုပ်ပေးရမည့်အပြင် သူမနှင့် အရှင်မင်းကြီး အတွက်လည်း ရုပ်ဖျက်သွားလာရန် သာမန် ချည်ထည်ဝတ်စုံများကို ချုပ်ပေးရမည် မဟုတ်လား။ ထို့ကြောင့် သူမ၏ လက်များမှာ မနားတမ်း အလုပ်ရှုပ်နေတော့၏။

အရှင်မင်းကြီး မှာလည်း အလုပ်ရှုပ်နေလေသည်။ စတုတ္ထမင်းသား ၏ အစောင့်အရှောက်ဖြင့် မြို့ရိုးပေါ်တက်ကာ ပြည်သူများ၏ အခြေအနေကို သွားရောက် ကြည့်ရှုရလိုက်၊ နန်းတွင်းစားပွဲတော်ကြီး ကျင်းပကာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အမတ်များကို ဖိတ်ကြား၍ အတူတကွ သုံးဆောင်တော်မူရလိုက်၊ အနီးဆုံး စစ်တပ်စခန်း သို့ အထူးတလည် သွားရောက်၍ တပ်မတော်သုံးရပ်ကို ဆုချီးမြှင့်ရလိုက်နှင့် အားမနေချေ။

ဤသို့ဖြင့် တစ်လလုံး သူသည် တစ်ခဏမျှပင် မအားလပ်ခဲ့ချေ။

ထို့ကြောင့် ရီဟွားနန်းဆောင် သို့ပင် အရှင်မင်းကြီး နှစ်ခေါက်သာ လာနိုင်ခဲ့သည်။ သူများအမြင်မှာတော့ ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီး တို့ကို လာကြည့်သည်ဟူ၍သာ ဖြစ်လေသည်။

ဤကိစ္စအပေါ် ကိုယ်လုပ်တော်များကတော့ သိပ်ပြီး အရေးမစိုက်ကြပေ။ တတိယမင်းသား ရှိနေသော ယွီရှူးနန်းဆောင်၊ စတုတ္ထမင်းသား ရှိနေသော ယောင်ယွဲ့နန်းဆောင် နှင့် မင်းသမီးမင်ရော့ ရှိနေသော လင်ကျစ်နန်းဆောင် များသို့လည်း အရှင်မင်းကြီးက ဝင်ထွက်သွားလာခဲ့သည်သာ ဖြစ်၏။

ထို့ကြောင့် လူတိုင်း၏ မျှော်လင့်ချက်မှာ ကိုယ်တိုင် သားသမီး တစ်ယောက်လောက် မွေးဖွားနိုင်ရန်သာ ဖြစ်တော့သည်။ ထိုသို့ဆိုမှသာ အရှင်မင်းကြီး က သူတို့ကို လာကြည့်ဖို့ သတိရမည် မဟုတ်လား။

ဆောင်းကုန်၍ နွေဦးပေါက်လာရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယလသို့ ရောက်ရှိလာခဲ့ပြီ။ ဒုတိယလ၏ လဆန်း နှစ်ရက်နေ့၊ နဂါးခေါင်းထောင်သော နေ့ရက်ပင် ဖြစ်လေသည်။

အရှင်မင်းကြီး လည်း အားလပ်ချိန် ရသွားသဖြင့် ချန်အန်းနန်းဆောင် ထဲတွင် အနားယူနေလေ၏။ အပြင်ဘက်တွင် လေ၊ မိုးများ ငြိမ်သက်နေကာ နွေဦး၏ အရိပ်အယောင်လေးများ သန်းလာသည်ကို မြင်သောအခါ သူက ပြုံးလိုက်မိ၏။

နှစ်သစ်တစ်နှစ် ရောက်လာခဲ့ပြန်ပြီ။ ဤသည်မှာ သူ နန်းတက်သည့် ဆယ့်ရှစ်နှစ်မြောက် နှစ်လည်း ဖြစ်ပေသည်။

ဤအချိန်ကာလများအတွင်း ဧကရာဇ်တစ်ပါး အနေဖြင့် သူသည် အလွန် အောင်မြင်မှုများ ရှိခဲ့သည်ဟု ကိုယ်တိုင် ခံစားမိလေသည်။ ပြည်နယ်လေးခုက ကျိုးနွံခစားလာပြီး တိုင်းပြည်မှာ ငြိမ်းချမ်းကာ ပြည်သူများလည်း အေးချမ်းနေကြပြီ မဟုတ်လား။

ထိုသို့ တွေးနေစဉ်မှာပင် သုန်ယွီကျုံး ခြေသံဖွဖွဖြင့် ဝင်လာသည်ကို ကြားလိုက်ရ၏။

"ဒီအစေခံ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

"ဘာဖြစ်လို့လဲ"

"ဝူထိုင်တောင်က သတင်းပို့လာပါတယ်… မယ်တော်ကြီး ခရီးစတင်နေပြီတဲ့"

"ဘယ်တော့လောက် ရောက်လာမလဲ"

"လေးလပိုင်းလောက် ရောက်ပါလိမ့်မယ်… ခရီးက သိပ်မဝေးပေမဲ့ မယ်တော်ကြီး ပင်ပန်းမှာစိုးလို့ ဖြည်းဖြည်းချင်းပဲ လာပါလိမ့်မယ်"

"အင်း… ဒါဆိုလည်း အရာရှိတွေ အကုန်လုံး သေချာ ဂရုစိုက်ဖို့နဲ့ မယ်တော်ကြီးရဲ့ အပြန်ခရီးမှာ သက်တောင့်သက်သာ ဖြစ်စေဖို့ အသေအချာ မှာလိုက်ပါ"

"ဟုတ်ကဲ့ပါ"

သုန်ယွီကျုံး အပြင်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီး က ထပ်ပြောလိုက်လေသည်။

"နေ့လယ်စာကို ရီဟွားနန်းဆောင်မှာပဲ ပြင်ခိုင်းလိုက်… ကိုယ်တော် သိုးသားဟင်းအိုး စားချင်တယ်"

"ဟုတ်ကဲ့ပါ… ဒီအစေခံ အခုပဲ သတင်းသွားပို့ခိုင်းလိုက်ပါ့မယ်"

အရှင်မင်းကြီး သည် လက်နောက်ပစ်ကာ ရပ်နေရင်း ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကို ကြည့်ကာ စိတ်ထဲတွင် အခြားကိစ္စများကို တွေးတောနေလေ၏။

တစ်ချိန်တည်းမှာပင် ရီဟွားနန်းဆောင် ထဲ၌...

အရှင်မင်းကြီး နေ့လယ်စာ လာစားမည်ဆိုသော သတင်းကို ကြားလိုက်သောအခါ လင်ဝမ်ယိ သိပ်ပြီး မအံ့ဩခဲ့ပေ။ သို့သော် အရှင်မင်းကြီး က သိုးသားဟင်းအိုး စားချင်သည်ဆိုသည့် ကိစ္စကိုတော့ သူမ အနည်းငယ် သဘောမကျဖြစ်မိသည်။

"မယ်မယ်… ဘယ်လိုလုပ်ကြမလဲ… မယ်မယ်က အစားအသောက်ပျက်ပြီး ပျို့ပျို့နေတာ တော်တော်ဆိုးနေတာကို… အရှင်မင်းကြီးက ဒီလို အသားဟင်း အညှီအဟောက်တွေကို စားချင်နေပြန်ပြီ… မယ်မယ် ထပ်အန်နေရင်တော့…"

ရှအန်း က ဘေးနားမှနေ၍ သူမ၏ ကျောကို ဖွဖွလေး ပွတ်ပေးရင်း ပြောလိုက်လေ၏။

အရှင်မင်းကြီး ကြောင့် သူမ အလူးအလဲ ခံစားနေရ‌လေပြီ။ လွန်ခဲ့သော ခုနစ်ရက် ရှစ်ရက်ခန့်ကပင် ရှအန်း က သူမကို စမ်းသပ်ပေးခဲ့ပြီး ဖြစ်၏။

တာ့ဝေ့ပြည် ကို ကောင်းကင်ဘုံက စောင့်ရှောက်လိုက်သည်ပင်၊ လင်ဝမ်ယိ ကိုယ်ဝန်ရသွားခဲ့လေပြီ။ သို့သော် မူလက ကောင်းမွန်နေသော ခန္ဓာကိုယ်လေးမှာ အိပ်ရာမှ နိုးလာပြီးနောက် ဆက်တိုက် အော့အန်နေခဲ့ခြင်းပင်။

ပန်းပင် သစ်ပင်များ၏ ရနံ့များကို နမ်းမိလျှင်လည်း အန်၏။ အစားအသောက်များကို မြင်လိုက်လျှင်လည်း အန်၏။ တစ်ခါတစ်ရံ အိပ်နေရင်း ဟိုဘက်ဒီဘက် လှည့်လိုက်သည်က အနေအထား မကျလျှင်တောင် ထအန်တတ်သေးသည်။

ထိုသို့ အလူးအလဲ ခံစားနေရသဖြင့် ရက်အနည်းငယ်အတွင်းမှာပင် သူမမှာ အတော်လေး ပိန်ချုံးသွားရရှာသည်။ ပလုတ်ကျင်းလိုက်ပြီးနောက် လင်ဝမ်ယိ သည် ပြတင်းပေါက်ရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"အရှင်မင်းကြီး အတွက် ပြင်ဆင်ပေးလိုက်ပါ… ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း စားနိုင်မှာ မဟုတ်ဘူး… ဟင်းတွေကို ဘေးခန်းမှာပဲ ပြင်ထားလိုက်… အရှင်မင်းကြီး စားပြီးမှပဲ ဒီဘက်ကို လာခဲ့ပါလို့"

"မယ်မယ်… တကယ်လို့ မယ်မယ် ကိုယ်ဝန်ရှိနေတာကို အရှင်မင်းကြီး သိသွားရင်… အရှင်မင်းကြီးလည်း သူတစ်ယောက်တည်း ဘယ်လိုလုပ် စားဝင်တော့မှာလဲ"

"ဒါဆို… ဒါဆိုလည်း ပုံမှန် ငါ စားနိုင်တဲ့ ဟင်းတွေပဲ ချက်ခိုင်းလိုက်… သူ့ကိုလည်း ငါ ဘယ်လောက်တောင် ပင်ပန်းနေရလဲဆိုတာ ကြည့်ခိုင်းရသေးတာပေါ့"

ဤရက်ပိုင်းအတွင်း လင်ဝမ်ယိ တစ်ယောက် အော့အန်နေရသည်မှာ သနားစရာပင် ကောင်းလှ၏။ မိခင်တိုင်းကို သူမ ပို၍ပင် လေးစားသွားမိသည်။

အရင်တုန်းကတော့ ကိုယ်ဝန်ဆောင်သည်များ ဤမျှလောက်ထိ နေမကောင်းရမှန်း သူမ မသိခဲ့ပေ။ အမေ မောင်လေးကို ကိုယ်ဝန်ဆောင်တုန်းက ဘာစားစား စားကောင်းပြီး အိပ်လို့လည်း ကောင်းသည်ဟု သူမ ထင်ထားသည်။ သူမလိုမျိုး ဘယ်တုန်းက ဒုက္ခရောက်ခဲ့ဖူးလို့လဲ။

ရှအန်း က တစ်ချိန်လုံး သေချာ ဂရုစိုက် ပြုစုပေးနေခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အတော်လေး ပြန်လည် ကျန်းမာလာသင့်ပြီ ဖြစ်သည်။ သို့သော် ယခုအထိ ဤမျှလောက်ထိ အန်နေရသေးသည်။

ထို့ကြောင့် အရှင်မင်းကြီးက အတော်ကြမ်းခဲ့လို့ အားနည်းသော သူမ မခံနိုင်တော့သည်ဟု တွေးလိုက်သည်။ ထိုသို့ တွေးလိုက်မှသာ စိတ်ထဲတွင် အတော်လေး သက်သာသွားတော့သည်။

"ငါ အသားခြောက် ကြော်လေး စားချင်တယ်"

လင်ဝမ်ယိ မှာ ဤရက်ပိုင်း ဘာကိုမှ မစားချင်သလို ဘာကိုမှလည်း စားမဝင်ခဲ့ပေ။ သူမ တစ်ခုခုကို စားချင်စိတ် ပေါ်လာသည်မှာ ရှားပါးလွန်းလှသဖြင့် သေချာပေါက် ဆက်သရမည် ဖြစ်လေသည်။

သို့သော် အသားခြောက်ကို ချွမ်ချီက ကြိုလုပ်မထားသဖြင့် အခုမှ အပြေး သွားလုပ်ရ‌လေသည်။ ချက်ချင်း စာ၍ မရနိုင်သဖြင့် ဗိုက်ဆာဆာဖြင့်သာ စောင့်နေရတော့သည်။

စောင့်ရင်း စောင့်ရင်းဖြင့် သူမသည် ပြတင်းပေါက်ကို မှီလျက် အိပ်မောကျသွားလေတော့၏။

ရှအန်း သည် သူမ၏ သခင်မလေး ကြည့်ရင်း ရင်ထဲတွင် ဝမ်းသာခြင်းထက် စိုးရိမ်စိတ်က ပိုများနေခဲ့သည်။ သူမ၏ ဆေးပညာ မကျွမ်းကျင်မှုကြောင့်များ ဤသို့ ဖြစ်ရတာလားဟုပင် တွေးကြောက်နေမိသည်။

သခင်မလေး အိပ်ပျော်သွားသည်ကို မြင်သောအခါ သိုးမွေးစောင်လေး ခြုံပေးခဲ့ပြီး ခြေသံဖွဖွဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။ ထို့နောက် မီးဖိုဆောင်လေးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။

ချွမ်ချီ မှာ အရှင်မင်းကြီး နေ့လယ်စာ လာစားမည်ဆိုသော သတင်းကို ကြားထာားသဖြင့် သိုးသားဟင်းအိုး ကို ပြင်ဆင်နေလေသည်။ ရှအန်း လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာတွင် သိချင်စိတ်များ အပြည့်ဖြစ်သွားရ၏။

"မယ်မယ်က အသားခြောက် ကြော်လေး စားချင်တယ်တဲ့"

"ဟင်… အခုလား… အခုချက်ချင်း လုပ်ရင်တောင်မှ နှစ်နာရီ သုံးနာရီလောက် နေမှ စားလို့ရမှာလေ"

"မယ်မယ်က ဒီရက်ပိုင်း ဘာမှ သိပ်မစားထားဘူးလေ… တစ်ခုခု စားချင်တယ်လို့ ပြောလာတာ ရှားရှားပါးပါးမို့လို့ လုပ်ပေးလိုက်ပါ… နောက်တစ်ခါ ရုတ်တရက် စားချင်လာရင် မရှိဘဲ ဖြစ်နေမှာစိုးလို့ များများလေးသာ လုပ်ထားလိုက်"

"အေးပါ… ဒါဆို ဒီတစ်ခေါက် ဝက်သား အမဲသား ကြက်သား အကုန်လုံး လုပ်ထားလိုက်မယ်… မယ်မယ် ခံတွင်းမတွေ့တော့ရင် တခြားဟာတွေ ပြောင်းစားချင်ရင် စားလို့ရတာပေါ့"

"ကောင်းပြီ"

"ဒါဆို အရှင်မင်းကြီး ရဲ့ သိုးသားဟင်းအိုးကိုရော"

"မလုပ်နဲ့တော့… အရှင်မင်းကြီး ရောက်လာရင် မယ်မယ်နဲ့ အတူတူ အသားခြောက်ပဲ ဝင်စားနေမှာ သေချာတယ်"

သူတို့နှစ်ယောက် အပြန်အလှန် ကြည့်ကာ ပြုံးလိုက်ကြပြီး အရှင်မင်းကြီး ဤသည်ကို သိသွားသောအခါ မည်သို့ တုံ့ပြန်မည်ကို စိတ်ဝင်တစား မျှော်လင့်နေကြလေတော့သည်။

မွန်းတည့်ချိန်တွင် အရှင်မင်းကြီး သည် အချိန်အနည်းငယ် စော၍ ရောက်လာခဲ့သည်။ ရီဟွားနန်းဆောင် သို့ မဝင်ခင်က တည်ကြည်လေးနက်သော ဧကရာဇ် မျက်နှာထား ဖြစ်နေသော်လည်း နန်းဆောင်ထဲသို့ ဝင်ပြီးသည်နှင့် သူ၏ မျက်နှာမှာ နွေဦးလေညင်းလေး ဖြတ်သန်းသွားသကဲ့သို့ လန်းဆန်း ရွှင်ပြနေတော့၏။

ပုံမှန်ဆိုလျှင် သူလာမည်ဆိုပါက လင်ဝမ်ယိ က တံခါးဝတွင် စောစောစီးစီး လာစောင့်နေတတ်သည်။ သို့သော် ယနေ့တွင် တံခါးဝ၌ လာကြိုသူ မရှိသည့်အပြင် ပင်မဆောင် ၏ တံခါးပင် ပိတ်ထားလေသည်။

ထို့ကြောင့် အရှင်မင်းကြီး ၏ စိတ်ထဲတွင် သံသယ ဝင်သွားရသည်။

"ဒီရက်ပိုင်း ကိုယ်တော် ကွေ့ဖင် ကို စိတ်ဆိုးအောင် လုပ်မိလို့လား"

"အရှင်မင်းကြီးကလည်း ဘယ်လို စကားတွေ ပြောနေတာလဲ… ပြီးခဲ့တဲ့ တစ်ခေါက် တွေ့တုန်းက ကွေ့ဖင်မယ်မယ် က ပျော်နေတာ မဟုတ်ဘူးလား"

သုန်ယွီကျုံး ၏ အဖြေက အရှင်မင်းကြီး ၏ သံသယကို ပြေပျောက်မသွားခဲ့ပေ။

ထို့ကြောင့် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ပင်မဆောင် ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ရာ ထိုလှုပ်ရှားမှုအသံကြောင့် အိပ်ပျော်နေသော လင်ဝမ်ယိ လန့်နိုးသွားတော့၏။

"ဘယ်သူလဲ"

"ကိုယ်တော်ပါ"

အရှင်မင်းကြီးမှာ လဝက်ခန့်သာ မတွေ့ရသေးသည့် အချိန်အတွင်း ယခင်က ပြည့်ပြည့်ဖြိုးဖြိုးနှင့် ဖြူဖွေးနုဖတ်နေသော လင်ဝမ်ယိ မှာ အများကြီး ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ မူလက အနည်းငယ် စိုးရိမ်နေသော သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ထိတ်လန့်သွားရတော့သည်။

"နေမကောင်း ဖြစ်နေတာလား… ဘာလို့ ကိုယ်တော့်ဆီ လာပြီး သတင်းမပို့ကြတာလဲ"

သူပြောနေရင်းနှင့်ပင် ဒေါသထွက်လာစဉ် ရှအန်းက ဝင်လာလေသည်။

All Chapters