အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း (၂၅၀) ကိုယ်ဝန်ရှိကြောင်း သေချာခြင်း
အရှင်မင်းကြီး က ဝင်လာသည်နှင့် ဒေါသတကြီး ဆူပူလိုက်လေသည်။
"မင်းတို့ ကွေ့ဖင် ကို ဘယ်လို ပြုစုနေကြတာလဲ… သူ ဒီလောက် နေမကောင်းဖြစ်နေတာကို ကိုယ်တော့်ဆီ လာပြီး သတင်းပို့ရကောင်းမှန်း မသိကြဘူးလား"
အရှင်မင်းကြီး ၏ ဤသို့ အကြောင်းမဲ့ ဒေါသထွက်နေမှုအပေါ် ရှအန်းမှာလည်း အပြစ်ကင်းသလိုသာ ခံစားရ၏။ သို့သော် တချို့စကားများကို မယ်မယ် ကိုယ်တိုင် ပြောသည်က ပိုကောင်းမည် ဖြစ်သဖြင့် သူမမှာ အကြောက်အလန့်တကြားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ကာ အပြစ်ဝန်ခံသည့်ပုံစံ ဖမ်းနေရတော့သည်။
"တော်ပါတော့ အရှင်မင်းကြီး… ရောက်ရောက်ချင်း ကျွန်တော်မျိုးမရဲ့ အစေခံတွေကို မဆူပါနဲ့… သူတို့ အကြောက်လွန်လို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်မျိုးမတို့ကို ဘယ်လိုလုပ် သေချာ ပြုစုပေးနိုင်တော့မှာလဲ"
‘ကျွန်တော်မျိုးမတို့’ ဆိုသော စကားကို အရှင်မင်းကြီး က နားမလည်သဖြင့် ပြောလိုက်လေသည်။
"သူတို့ကများ လုပ်ရဲလို့လား… ဒုတိယမင်းသား နဲ့ ဒုတိယမင်းသမီး ကိုလည်း သူတို့ ပြုစုစရာမှ မလိုတာ… ပြီးတော့ အစေခံဒီလောက်များတာတောင် မင်းတစ်ယောက်တည်းကို သေချာ မပြုစုနိုင်ဘူးဆိုရင် အနား ထားပြီး ဘာလုပ်ရမှာလဲ"
ဧကရာဇ်တစ်ပါး၏ ဒေါသကို သာမန်လူများ ခံနိုင်ရည်မရှိကြပေ။ အရှင်မင်းကြီး သည် သူမပြောလိုက်သည့် စကား၏ အဓိပ္ပာယ်ကို မရှင်းဖြစ်နေသည်ကို မြင်သောအခါ လင်ဝမ်ယိ က တမင်သက်သက် ပျို့အန်ချင်ဟန် ဆောင်လိုက်တော့၏။ သို့သော် ဟန်ဆောင်လိုက်သည်က ပြဿနာ မဟုတ်ဘဲ တကယ်ကြီး အန်ထွက်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
မူလက ဒေါသထွက်နေသော အရှင်မင်းကြီး မှာ ချက်ချင်းပင် ဒေါသများ ပျောက်ကွယ်သွားပြီး စိုးရိမ်တကြီးဖြင့် အလျင်စလို ပြောလိုက်လေသည်။
"ဒီလောက် နေမကောင်းဖြစ်နေတာကို… တော်ဝင်သမားတော် မခေါ်သေးဘူးလား"
"သုန်ယွီကျုံး"
"ဒီအစေခံ ရှိပါတယ်… အခုပဲ တော်ဝင်သမားတော် ကို သွားခေါ်ခိုင်းလိုက်ပါ့မယ်"
"သုန်ကုန်းကုန်း"
လင်ဝမ်ယိ က ချက်ချင်း တားလိုက်၏။ သို့သော် သူမ စကားဆက်ပြောချင်သော်ငြား အော့အန်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေရှာသည်။ ထို့ကြောင့် တစ်ခဏတာအတွင်း သုန်ယွီကျုံး မှာ ရှေ့တိုးရမလို နောက်ဆုတ်ရမလို အခက်တွေ့သွားရတော့သည်။ တော်ဝင်သမားတော် ကို သွားခေါ်ရမှာလား မခေါ်ရဘူးလား ဆိုသည်ကို သူလည်း မဝေခွဲတတ်တော့ချေ။
ရှအန်း က ထိုအခြေအနေကို မြင်သောအခါ အရှင်မင်းကြီး ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လင်ဝမ်ယိ ၏ ကျောကို ဖွဖွလေး လာပွတ်ပေးလေသည်။ ထို့နောက် ပလုတ်ကျင်းရန် ရေနွေးလေး ယူလာပေးလိုက်၏။ အချိန်အတော်ကြာ နာကျင်မှုကို ခံစားရပြီးနောက်မှသာ လင်ဝမ်ယိ မှာ အသက်ရှူချောင်သွားတော့သည်။
"အရှင်မင်းကြီး လောလောဆယ် တော်ဝင်သမားတော် ကို မခေါ်ပါနဲ့ဦး… ဘာကိစ္စရှိရှိ ဒုတိယသခင်မသုန် နန်းတွင်းထဲ ဝင်လာမှပဲ ပြောကြတာပေါ့"
ပထမလအတွင်း ဒုတိယသခင်မသုန် မှာ နန်းတွင်းသို့ ဝင်မလာခဲ့ပေ။ အကြောင်းအရင်းမှာ ဒုတိယမင်းသမီး ၏ ရောဂါအခြေအနေ သက်သာလာခြင်းကြောင့် ဖြစ်သလို နန်းတွင်းစည်းမျဉ်းများကြောင့်လည်း ဖြစ်လေသည်။ ထို့ကြောင့် ဒုတိယလ အစနှင့် လအဆုံးတွင်သာ နန်းတွင်းသို့ ပြန်လည် ဝင်ရောက်လာရန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်၏။ လင်ဝမ်ယိ ဤသို့ ပြောလိုက်ခြင်းမှာ အပြင်သို့ မပေါက်ကြားစေရန် ဖြစ်သည်။ သူမ၏ ကိုယ်ဝန်မှာ တိကျမှု မရှိသေးဘဲ တော်ဝင်သမားတော် ကိုသာ ခေါ်လိုက်ပါက နန်းတွင်း တစ်ခုလုံး အချိန်တိုအတွင်း သိသွားကြမည်မှာ သေချာလှသည်။
"ဘာဖြစ်လို့လဲ"
အရှင်မင်းကြီး မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားပြီး သူ၏ အမူအရာကို မြင်သောအခါ လင်ဝမ်ယိ မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရ၏။ ထို့နောက် သူမက သူ၏ လက်ကို ဆွဲယူကာ သူမ၏ ဗိုက်ပေါ်တွင် တင်ထားလိုက်လေသည်။ ထိုနေရာလေးက ပြားချပ်နေဆဲ ဖြစ်သော်လည်း လင်ဝမ်ယိ ၏ မျက်နှာပေါ်တွင် မိခင်တစ်ယောက်၏ နူးညံ့ကြင်နာမှုများ အပြည့်အဝ ပေါ်လွင်နေပြီ ဖြစ်ချေသည်။
အရှင်မင်းကြီး သည် မအသလို ခမည်းတော် တစ်ယောက်လည်း ဖြစ်ဖူးသူပင်။ သူမ၏ ဤလုပ်ရပ်ကို သူ နားမလည်နိုင်သေးလျှင် သူမှာ ဦးနှောက်မရှိ၍သာ ဖြစ်လိမ့်မည်။
"မင်းမှာ ကိုယ်ဝန်ရှိနေပြီလား"
"အင်း"
"နှစ်သစ်ကူးအကြိုညတုန်းကလား"
"အဲဒီလိုပဲ ထင်တာပဲ"
လင်ဝမ်ယိ ကိုယ်တိုင်လည်း သေချာ မသိပေ၊ မည်သို့ပင်ဖြစ်စေ ထိုရက် နောက်ပိုင်း မတွေ့ကြသဖြင့် နှစ်သစ်ကူးအကြိုညကပဲ ဖြစ်နိုင်ချေများသည်။
အရှင်မင်းကြီး သည် အချိန်အတော်ကြာသည်အထိ ဘာစကားမျှ မပြောခဲ့ပေ။ သူသည် သူမ၏ ဗိုက်ကိုသာ ငေးကြောင်၍ ကြည့်နေလေ၏။ သူ တိတ်ဆိတ်နေသည်ကို လင်ဝမ်ယိ နားလည်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်တိုင် သိလိုက်ရချိန်တွင်လည်း တစ်ခဏမျှ ကြောင်အမ်းသွားခဲ့သည် မဟုတ်လား။ သို့သော် ဧကရာဇ်ဆိုသည်မှာ ဧကရာဇ်ပင် ဖြစ်လေရာ ပြောလိုက်သော စကားမှာ လူကို မထိတ်လန့်စေဘဲ မနေနိုင်အောင်ပင်။ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူက ပြောလိုက်လေသည်။
"ကြည့်ရတာ များများ လုပ်ဖို့ လိုသေးတယ်… များများ လုပ်မှ ကိုယ်ဝန် မြန်မြန် ရနိုင်မှာ"
လင်ဝမ်ယိ မှာ ပြောစရာ စကားပင် ဆွံ့အသွားရ၏။ အရှင်မင်းကြီး မှာ အဖေတစ်ယောက် ဖြစ်လာမည်ကို ပျော်ရွှင်နေမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း သူ၏ စိတ်ကူးက ဤသို့ ဖြစ်နေလိမ့်မည်ဟု မည်သူက သိမည်နည်း။
ထို့ကြောင့် ချက်ချင်းပင် အရှင်မင်းကြီး ၏ ရင်ဘတ်ကို တစ်ချက် ရိုက်လိုက်ပြီး ချွဲနွဲ့ကာ ပြောလိုက်တော့သည်။
"အခု ကျွန်တော်မျိုးမ က အရှင်မင်းကြီးကို ပြုစုပေးလို့ မရတော့ဘူး… အရှင်မင်းကြီး အခြားတစ်ယောက်ဆီကိုပဲ သွားမလား"
"ပေါက်ကရတွေ… မင်း အခု ခန္ဓာကိုယ် အားနည်းနေလို့သာပေါ့… မဟုတ်ရင် ကိုယ်တော် မင်းကို သေချာပေါက် ရိုက်ပစ်တယ်"
လင်ဝမ်ယိ က ရယ်လိုက်လေ၏။ အမှန်တကယ်တော့ သူမ၏ ဤစကားမှာ နောက်ပြောင်နေသလို ထင်ရသော်လည်း တကယ်တမ်းတွင် အနည်းငယ် လေးနက်မှုများ ပါဝင်နေသည်။
အရှင်မင်းကြီး ပြောသော စကားများနှင့် သူမအပေါ် ထားရှိသော သံယောဇဉ်ကို သူမ လုံးဝ သံသယ မရှိတော့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် ဧကရာဇ်တစ်ပါး အနေဖြင့် တော်ဝင်မိသားစုအတွက် မျိုးဆက်ပွားပေးခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်ကြောင်း သူမ နားလည်ထား၏။ သူမ ကိုယ်ဝန်ရှိနေ၍ အရှင်မင်းကြီးကို မပြုစုနိုင်တော့လျှင် အခြားသူများ နေရာဝင်ယူလာမည်မှာ အသေအချာပင်။ အရှင်မင်းကြီး က သူမ၏ ခန္ဓာကိုယ်ကို ထောက်ထားညှာတာနေ၍သာ ဤသို့ ပြောနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် သူ တကယ်ပဲ အခြား ကိုယ်လုပ်တော်များဆီ သွားခဲ့လျှင်တောင် လင်ဝမ်ယိ အနေဖြင့် ဘာမှ ခံစားရမည် မဟုတ်ချေ။ သဝန်တိုစိတ် ပေါ်လာပါက သူနှင့် မတွေ့ဘဲ နေလိုက်ရုံသာ ရှိပေမည်။
တစ်သက်မှာ တစ်ယောက်ဆိုသော စကားမှာ သာမန် မိသားစုတွင်သာ ဆိုလျှင် သူမ သေချာပေါက် မျှော်လင့်မိမည် ဖြစ်၏။ သို့သော် တော်ဝင်မိသားစုတွင် သူမက နောက်မှ ရောက်လာသူ တစ်ယောက်သာ ဖြစ်သဖြင့် အချစ်တော် ဖြစ်ချင်သည် သို့မဟုတ် တစ်ဦးတည်းသော အချစ်တော် ဖြစ်ချင်သည်ဟု မျှော်လင့်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ လင်ဝမ်ယိ က ဘာမှထုတ်မပြောသော်လည်း အရှင်မင်းကြီး က သူမ၏ အတွေးကို ရိပ်မိနေလေသည်။ ထို့ကြောင့် ပြောလိုက်၏။
"မင်း နန်းတွင်း ဝင်လာကတည်းက ကိုယ်တော် တခြား ဘယ်သူ့ကိုမှ မနစ်နာစေခဲ့ပါဘူး… အခုလည်း ဒီလိုပဲ… နောင်လည်း ဒီလိုပဲ ဖြစ်မှာပါ… ကိုယ်တော့်မှာ သားသမီး သိပ်မများပေမဲ့ လုံလောက်ပါတယ်… မင်း မွေးနိုင်ရင် ကိုယ်တော့်အတွက် နောက်ထပ် နည်းနည်းလောက် ထပ်မွေးပေးပေါ့… တကယ်လို့ ခန္ဓာကိုယ်က အရမ်း အားနည်းနေတယ်ဆိုရင် ဒီတစ်ယောက် မွေးပြီးရင် ထပ်မမွေးနဲ့တော့"
လင်ဝမ်ယိ မှာ အံ့ဩမှင်တက်သွားရသည်။ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ တစ်သက်လုံး အတူနေသွားမည် ဆိုသော ကျိန်ဆိုမှုများထက် ဤပေါ့ပေါ့ပါးပါး စကားတစ်ခွန်းက လင်ဝမ်ယိ ၏ ရင်ကို ပို၍ လှုပ်ခတ်သွားစေ၏။ သူမ စကားတစ်ခွန်းမှ မပြောဘဲ အရှင်မင်းကြီး ကို သူမဘေးတွင် လာထိုင်ရန် ဆွဲခေါ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်သို့ မှီချလိုက်ပြီး ခဏအကြာမှသာ တိုးတိုးလေး ပြောလိုက်လေသည်။
"ကောင်းပါပြီ"
လင်ဝမ်ယိ တွင် ကိုယ်ဝန်ရှိနေသည့် ကိစ္စကို အပြင်လူများကို ဖုံးကွယ်ထား၍ ရသော်လည်း ရီဟွားနန်းဆောင် အတွင်းတွင်တော့ သိနေသူများ ရှိလေသည်။ ဥပမာအားဖြင့် ချွမ်ချီ နှင့် ရှအန်း၊ ချိုးမင် နှင့် ရှောင်လုကျစ်၊ ထို့ပြင် တုမားမား နှင့် ကျိမားမား တို့ ဖြစ်ကြသည်။ ဒုတိယမင်းသမီး မှာ ငယ်ရွယ်သေးသဖြင့် သူမကို ပြောပြလျှင်တောင် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် ဒုတိယမင်းသား ကိုတော့ လင်ဝမ်ယိ က ပွင့်ပွင့်လင်းလင်း ပြောပြသင့်သည်ဟု တွေးမိသည်။ သူမ ၏ သားသမီးအရင်းကြောင့် ကျန်နှစ်ယောက် သူမနှင့် စိတ်ဝမ်းကွဲသွားမည်ကို သူမ မလိုလားပေ။ အထူးသဖြင့် ဒုတိယမင်းသား ဖြစ်ပြီး သူသည် ငယ်စဉ်ကတည်းက ဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရသူ ဖြစ်၏။ အကယ်၍ သူ့ကို စွန့်ပစ်ခံရတော့မည်ဟု ခံစားသွားစေမိပါက လင်ဝမ်ယိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလိမ့်မည်။
စဉ်းစားပြီးနောက် သူမက သူမ၏ အကြံအစည်ကို အရှင်မင်းကြီး အား ပြောပြလိုက်လေသည်။ အရှင်မင်းကြီး က ဤကိစ္စကို မတွေးမိခဲ့သော်လည်း ယခုတော့ လင်ဝမ်ယိ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။
"ကောင်းပြီ… သူ့ကို ခေါ်လိုက်… ကိုယ်တော် မင်းနဲ့ အတူတူ ပြောပြပေးမယ်"
"အရှင်မင်းကြီး မပြောပါနဲ့… ကျွန်တော်မျိုးမ ဘာသာပဲ ပြောလိုက်ပါ့မယ်"
လင်ဝမ်ယိ ၏ အနည်းငယ် ရှောင်ဖယ်လိုသော လေသံကြောင့် အရှင်မင်းကြီး မှာ တစ်ခဏမျှ မကျေမနပ် ဖြစ်သွားရ၏။ သို့သော် လင်ဝမ်ယိ ၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေကို ထောက်ထား၍ အရှင်မင်းကြီး ၏ မကျေနပ်မှုလေးမှာ ပျောက်ကွယ်သွားတော့သည်။
နေ့လယ်စာ ပွဲတော်တည်ရာတွင် ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ထားပြီး အရှင်မင်းကြီး စားချင်နေသော သိုးသားဟင်းအိုး ပါမလာခဲ့ပေ။ သူကတော့ ဘာမှ မဖြစ်သလိုဖြင့် တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သေးသည်။
"နောက်ဆို ကွေ့ဖင် ဘာစားချင်စားချင် စိတ်ကြိုက်သာ စားပါ… ကိုယ်တော့် အကြိုက်ကို ထည့်စဉ်းစားနေစရာ မလိုဘူး"
ရှအန်း နှင့် ချွမ်ချီ တို့က ဟုတ်ကဲ့ဟု ပြန်ဖြေလိုက်သော်လည်း တကယ်ပင် သူတို့ တကယ်ကို ထည့်မစဉ်းစားခဲ့ကြပေ။ ထို သိုးသားဟင်းအိုး မှာ တစ်ဝက်တစ်ပျက် ချက်ပြုတ်နေရင်း ရပ်တန့်သွားခဲ့ရပြီး နောက်ဆုံး ဘယ်သူ့ ဗိုက်ထဲ ရောက်သွားမည်ကိုလည်း မသိရတော့ချေ။
ဒုတိယမင်းသား ရောက်လာသောအခါ ဘေးတွင် တုမားမား တစ်ယောက်သာ ပါလာခဲ့လေသည်။ သူတို့ ရီဟွားနန်းဆောင် သို့ ပြောင်းလာခဲ့ပြီ ဖြစ်သော်လည်း နန်းဆောင် တစ်ခုလုံး၏ အခြေအနေမှာ ရွေ့ယန်စံအိမ် တွင် ရှိစဉ်ကနှင့် သိပ်မကွာခြားလှပေ။ သာမန်လူများ သူတို့ အနားသို့ ကပ်ခွင့်မရှိသလို ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီး တို့ကိုလည်း အခြားသူများ၏ အပြုစုကို လုံးဝ မခံခဲ့ပေ။ ထို နန်းတွင်းသူ မိန်းမစိုး များမှာ အပြင်ဘက် ခြံဝင်းထဲတွင်သာ ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်ကြရသည်။
အထဲဝင်လာသည်နှင့် အရှင်မင်းကြီး ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားရ၏။
"သားတော် ခမည်းတော် ကို ဂါရဝပြုပါတယ်… ခမည်းတော် သက်တော်ရာကျော် ရှည်ပါစေ"
"အင်း… ထတော့"
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
ထို့နောက် လင်ဝမ်ယိ ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်လေသည်။
"သားတော် လင်မယ်မယ် ကို ဂါရဝပြုပါတယ်… လင်မယ်မယ် ကျန်းမာချမ်းသာပါစေ”