အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း ၁၁၂ သူခိုး
မှုခင်းဆေးပညာရှင် အဘိုးကြီး၏ လှုပ်ရှားမှုကို မြင်သောအခါ ရိုအန်၏ ဘေးတွင် ရပ်နေသော မိုနာ၏ မျက်ဝန်းများက အရောင်လက်သွားလေသည်။
"တကယ်ပဲ တစ်ခုခု ရှာတွေ့ထားတာလား..."
"မဟုတ်ပါဘူး... ဘာမှကို ရှာမတွေ့တာပါ..."
မှုခင်းဆေးပညာရှင် အဘိုးကြီးက နှာခေါင်းစည်းကို ချွတ်လိုက်ပြီး ဘေးနားရှိ ကော်ဖီခွက်ကို ကောက်ကိုင်ကာ ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်၏။
"အရက်သေစာ သောက်စားထားတာမျိုး မတွေ့ရဘူး... မူးယစ်ဆေးဝါး သုံးစွဲထားတာလည်း မရှိသလို တခြား မသင်္ကာစရာ ဓာတ်ပစ္စည်းတွေလည်း မတွေ့ရဘူး... ကိုလက်စထရော နည်းနည်း များနေတာကလွဲရင် အားလုံး ပုံမှန်ပါပဲ..."
ထိုစကားကို ကြားသောအခါ မိုနာ၏ မျက်ခွံများက တစ်ချက် လှုပ်ခတ်သွားပြီးနောက် မှုခင်းဆေးပညာရှင် အဘိုးကြီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပေသည်။
မှုခင်းဆေးပညာရှင် အဘိုးကြီးကမူ ဂရုမစိုက်ဟန်ဖြင့် သဘောကျစွာ ရယ်မောနေလေသည်။ မိုနာ၏ အသက်အရွယ်မှာ မှုခင်းဆေးပညာရှင် အဘိုးကြီး၏ သမီးဖြစ်သူနှင့် ရွယ်တူခန့် ရှိပေသည်။ ထို့ကြောင့် ယခုလေးတင် ပြောလိုက်သော စကားမှာ အခြားသူများကို နောက်ပြောင်ကျီစယ်လေ့ရှိသည့် အဘိုးကြီး၏ အကျင့်တစ်ခုသာ ဖြစ်ပေသည်။
"ဒါက သတင်းကောင်းပါပဲ မိုနာ..."
ရိုအန်ကမူ ဒေါသထွက်ခြင်း မရှိဘဲ မှုခင်းဆေးပညာရှင် အဘိုးကြီးကို ခေါင်းမော့ကာ ပြုံးရွှင်စွာ ကြည့်လိုက်၏။
"ဒီအချက်က အီဗန်ဒါ တစ်ယောက် ယာဉ်တိုက်မှု သက်သက်ကြောင့် သေဆုံးသွားတယ် ဆိုတာကို သက်သေပြနေတာပဲ မဟုတ်လား..."
"အလွန်ကို ရိုးရှင်းတဲ့ ယာဉ်တိုက်မှုမျိုးပါပဲ..."
မှုခင်းဆေးပညာရှင် အဘိုးကြီးက ရိုအန်၏ သဘောထားကို အလွန် ကျေနပ်သွားဟန်ဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။
"ဘာထူးခြားမှုမှကို မရှိတဲ့ ယာဉ်တိုက်မှုမျိုးပါ..."
မိုနာကလည်း ထိုအချိန်မှသာ သဘောပေါက်သွားချေသည်။ ယာဉ်တိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားရခြင်းမှာ ဝမ်းနည်းဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သော်လည်း အက်ဖ်ဘီအိုင် စုံထောက်များ အတွက်မူ ထိုသူမှာ မတော်တဆမှု သက်သက်ကြောင့် သေဆုံးသွားခြင်းက အလုပ်ရှုပ် သက်သာစေသော ကိစ္စတစ်ခု ဖြစ်ပေသည်။ ရိုအန်နှင့် မိုနာတို့ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာလည်း ထိုသူသည် မတော်တဆမှုကြောင့် သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် အတည်ပြုရန်သာ ဖြစ်လေသည်။
"အခုလို ကူညီ စစ်ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ရိုအန်က ပြုံး၍ မှုခင်းဆေးပညာရှင် အဘိုးကြီးနှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပြီးနောက် ဆက်လက် မေးမြန်းလိုက်၏။
"ဒါနဲ့... အီဗန်ဒါ့ကို ဒီကို ပို့လာတုန်းက သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း တချို့ ပါလာသေးတယ် မဟုတ်လား... အဲဒီအထဲက လက်ပ်တော့ကို ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုအပ်နေလို့ပါ..."
"ဘေးနားက ရုံးခန်းထဲမှာ အကုန် ရှိပါတယ်..."
မှုခင်းဆေးပညာရှင် အဘိုးကြီးက ပြုံး၍ ကော်ဖီခွက်ကို ချထားလိုက်လေသည်။ ထို့နောက် ရုပ်အလောင်း စစ်ဆေးရေး အခန်းထဲမှ ထွက်လာကာ ရိုအန်နှင့် မိုနာတို့ နှစ်ဦးကို ဘယ်ဘက်ရှိ ရုံးခန်းအတွင်းမှ စာအုပ်စင်ဘေးသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မှုခင်းဆေးပညာရှင် အဘိုးကြီး၏ မျက်မှောင်များ ကျုံ့ဝင်သွားကာ အသံမှာလည်း အနည်းငယ် တောင့်တင်းသွားချေသည်။
"မင်းတို့နှစ်ယောက်... ဒီလူကြီးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို တစ်ယောက်ယောက် ယူသွားတဲ့ပုံပဲ..."
"ဘာပြောလိုက်တယ်..."
ထိုစကားကို ကြားသောအခါ မိုနာ၏ မျက်နှာထားက ချက်ချင်း မှုန်ကုပ်သွားပြီး ရိုအန်ကမူ ရုံးခန်းတစ်ခုလုံးကို သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်၏။
"ဒီမှာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ ရှိလား..."
"ရုံးခန်းထဲမှာတော့ မရှိဘူး..."
မှုခင်းဆေးပညာရှင် အဘိုးကြီးက ခေါင်းယမ်းလိုက်ပြီးနောက် ရုတ်တရက် ခေါင်းပြန်ညိတ်ပြလိုက်လေသည်။ ထို့နောက် ရုံးခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားပြီး ရုပ်အလောင်း စစ်ဆေးရေး အခန်းနှင့် မျက်နှာချင်းဆိုင်ရှိ ရင်ခွဲရုံဘက်သို့ ဦးတည် သွားလိုက်ပေသည်။
"ဒါပေမဲ့ ရင်ခွဲရုံ အပေါက်ဝမှာတော့ ကင်မရာ တစ်လုံး ရှိတယ်..."
မိနစ်အနည်းငယ် အကြာတွင် ရင်ခွဲရုံ အပေါက်ဝမှ လူသွားစင်္ကြံဘက်သို့ ချိန်ရွယ်ထားသော လုံခြုံရေး ကင်မရာ မှတ်တမ်းသည် မိုနာ၏ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့၏။
မှုခင်းဆေးပညာရှင် အဘိုးကြီးနှင့် ဆင်တူသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသည့် ဆံပင်တိုတို လူဖြူ အမျိုးသား တစ်ဦးက ရုံးခန်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရလေသည်။ စက္ကန့် သုံးဆယ်ကျော် အကြာတွင် ထိုလူဖြူ အမျိုးသားသည် အိတ်တစ်အိတ်ကို ဆွဲကာ ရုံးခန်းထဲမှ မာနတခွဲသားဖြင့် ထွက်ခွာသွားခဲ့ပေသည်။
လုံခြုံရေး ကင်မရာ မှတ်တမ်းမှာ အတန်အသင့် ကြည်လင်နေသဖြင့် ထိုဆံပင်တိုတို လူဖြူ အမျိုးသား ယူဆောင်သွားသောအရာမှာ အီဗန်ဒါ၏ လက်ပ်တော့ ဖြစ်ကြောင်း ရိုအန်နှင့် မိုနာတို့ ထင်ရှားစွာ မြင်တွေ့လိုက်ရချေသည်။
"တောက်..."
ဘေးနားရှိ မှုခင်းဆေးပညာရှင် အဘိုးကြီးမှာ ဗီဒီယိုကို ကြည့်ပြီးနောက် ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။ ရိုအန်၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာသည်ကို မြင်သောအခါ မှုခင်းဆေးပညာရှင် အဘိုးကြီးက ချက်ချင်း လက်ကာပြလိုက်၏။
"ဒီကောင်က ငါတို့ ဌာနက လူ မဟုတ်ဘူး... ငါ ဒီမှာ အလုပ်လုပ်လာတာ ဆယ်စုနှစ်ချီနေပြီ... သူ့ကို တစ်ခါမှ မမြင်ဖူးဘူး..."
ထိုစကားကို ကြားသောအခါ ရိုအန်က မိုနာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်ပေသည်။
"ငါ ထင်ထားတဲ့ အတိုင်းပဲ... ဒီအမှုက အဲဒီလောက် မရိုးရှင်းဘူး..."
အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆောင်၊ အဖွဲ့ခေါင်းဆောင်၏ ရုံးခန်းအတွင်းတွင် ဖြစ်သည်။
"ဒါဆို ဒီအမှုက တကယ်ပဲ မတော်တဆမှု မဟုတ်ဘူးပေါ့..."
သြဂတ်စ် တစ်ယောက် မျက်စိမှိတ်ကာ ညာဘက်လက်ဖြင့် နားထင်ကို ဖိနှိပ်နေပုံကို ကြည့်ပြီးနောက် ရိုအန်၏ မျက်နှာထားမှာလည်း အလွန် ဆိုးရွားနေခဲ့ကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်လေသည်။
"မတော်တဆမှု မဟုတ်ဖို့ ရာခိုင်နှုန်း တော်တော် များတယ်... ဘယ်သူခိုးကမှ နယူးယောက် ရဲတပ်ဖွဲ့ရဲ့ ရုပ်အလောင်း စစ်ဆေးရေး အခန်းထဲ ဝင်ပြီး ပစ္စည်း ခိုးမှာ မဟုတ်ဘူး..."
"ကောင်းပြီ... ဒီကိစ္စကို ဗီရိုနီးစ် ဆီ ငါ သတင်းပို့ပေးလိုက်မယ်..."
သြဂတ်စ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်ကို မော့ကြည့်ကာ ဆက်လက် မေးမြန်းလိုက်၏။
"ဆက်ပြီးတော့ မင်း ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ... စိတ်ကူး တစ်ခုခုများ ရှိပြီလား..."
"မိုနာက ဗီဒီယိုထဲမှာ ပါလာတဲ့ လူရဲ့ ပုံကို ထုတ်ယူပြီးပါပြီ... အခု မျက်နှာ အချင်းချင်း တိုက်ဆိုင် စစ်ဆေးနေတယ်..."
ရိုအန်က ကော်ဖီခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီးနောက် ဆက်ပြောလိုက်ပေသည်။
"အီဗန်ဒါ ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ကားက မိနစ် သုံးဆယ် ကြာရင် ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံကို ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ကျွန်တော် သွားပြီး သေသေချာချာ စစ်ဆေးကြည့်မယ်... အဲဒီကနေ သဲလွန်စ တချို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်..."
"ကောင်းတယ်..."
သြဂတ်စ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားကာ ရုတ်တရက် ခေါင်းကို တစ်ချက် ပုတ်လိုက်ပြီး ရိုအန်ကို ပြုံး၍ ပြောလိုက်လေသည်။
"ခုနက လေစီ ငါ့ဆီ ဖုန်းဆက်တယ်... အဲဒီ အိုဂဒန် ဆိုတဲ့ ကောင်ကို သူမနဲ့ ရက်ဒ် တို့က ဖမ်းမိသွားပြီတဲ့... နာရီဝက်လောက် နေရင် သူတို့ ပြန်ရောက်လာလိမ့်မယ်... အဲဒီ အိုဂဒန် ကို တရားရုံး ပို့ပြီးတာနဲ့ ဒေါ်လာ ၄ သိန်း ဆုကြေးငွေက မင်းတို့ လက်ထဲ ရောက်လာမှာပါ..."
ထိုစကားကို ကြားသောအခါ ရိုအန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်... ဒီသတင်းကောင်းကို မိုနာတို့ကိုပါ ကျွန်တော် ပြောပြလိုက်ပါ့မယ်..."
အတန်ကြာ ဆွေးနွေးပြီးနောက် ရိုအန်က နေရာမှထကာ အဖွဲ့ခေါင်းဆောင်၏ ရုံးခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။ သူ၏ အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်ပြီးနောက် ရိုအန်က ကုလားထိုင်ကို မိုနာ၏ ဘေးသို့ ရွှေ့လိုက်၏။ စကားစရန် ပြင်နေစဉ်မှာပင် မိုနာက ကွန်ပျူတာကို လက်ညိုးထိုးပြကာ တိုက်ရိုက် ပြောလာခဲ့ပေသည်။
"အီဗန်ဒါ မကြာသေးခင်က ခရီးထွက်ခဲ့တဲ့ အခြေအနေကို ငါ စုံစမ်းပြီးသွားပြီ... သူက စစ်တပ်ရဲ့ ဖိတ်ကြားချက်အရ ဆိပ်ကမ်းတစ်ခုကို သွားပြီး စစ်သားတွေရဲ့ ဓာတ်ပုံတွေကို သတင်းစာမှာ ဝါဒဖြန့်ဖို့အတွက် သွားရိုက်ပေးခဲ့တာပဲ... လုပ်ငန်းစဉ် တစ်ခုလုံးမှာ မှတ်တမ်းတွေ ရှိတယ်... အီဗန်ဒါ က အစီအစဉ် အတိုင်း အပြည့်အဝ လိုက်နာခဲ့ပြီး သူ့ဆီကနေ ဘာထူးခြားတဲ့ အပြုအမူမှ မတွေ့ခဲ့ရဘူး... ဒါကြောင့် ဒီတစ်ခေါက် ယာဉ်တိုက်မှုက သူ ခရီးထွက်ခဲ့တဲ့ ကိစ္စနဲ့ မသက်ဆိုင်လောက်ဘူး..."
စစ်တပ် ဟူသော စကားလုံးကို ကြားသောအခါ ရိုအန်၏ မျက်မှောင်များ တွန့်ကွေးသွားပြီး ဒေါ်လာ ၆ သန်းတန် သိုး ၉ ကောင် ဇာတ်လမ်းကို အလိုအလျောက် သတိရသွားချေသည်။
ခေါင်းယမ်းလိုက်ပြီး ဦးနှောက်ထဲမှ အတွေးများကို ဘေးဖယ်ထားလိုက်ကာ ရိုအန်က ဆက်လက် မေးမြန်းလိုက်လေသည်။
"ပစ္စည်း ခိုးသွားတဲ့ လူရဲ့ သရုပ်မှန်ကရော ဘယ်လိုလဲ..."
"မရသေးဘူး..."
မိုနာက ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်နေသော လက်ချောင်းများကို ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို အနောက်သို့ ဆန့်ထုတ်ကာ အကြောဆန့်လိုက်လေသည်။ ထို့နောက် ခေါင်းယမ်းကာ ဆက်ပြောလိုက်၏။
"အဲဒီလူမှာ ဘာမှုခင်း မှတ်တမ်းမှ မရှိဘူး... အနီးအနားက ထောင်တွေမှာလည်း သူ့ရဲ့ အချက်အလက်ကို ရှာမတွေ့ဘူး... ဒါတင်မကသေးဘူး... ငါ ခုနက နယူးယောက် ရဲတပ်ဖွဲ့ရဲ့ အပြင်ဘက်နဲ့ အတွင်းဘက်က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုပါ စစ်ဆေးကြည့်ခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့ အရိပ်အယောင်ကိုတောင် လုံးဝ မတွေ့ရဘူး..."
"ရဲစခန်းထဲမှာပါ မရှိဘူး ဟုတ်လား..."
ထိုစကားကို ကြားသောအခါ ရိုအန်၏ မျက်မှောင်များ အလိုအလျောက် ကျုံ့ဝင်သွားပေသည်။
"မရှိဘူး..."
မိုနာကလည်း လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောလာ၏။
"အဲဒီလူရဲ့ ပုံရိပ်က ရင်ခွဲရုံ အပေါက်ဝက လုံခြုံရေး ကင်မရာ မှတ်တမ်းမှာပဲ တစ်ခါ ပေါ်လာခဲ့တာ... ပြီးတော့ ဗီဒီယိုကို ပြုပြင်ထားတာ ဒါမှမဟုတ် ဖျက်ဆီးထားတဲ့ သဲလွန်စတွေကိုလည်း ငါ လုံးဝ မတွေ့ခဲ့ဘူး..."
ဆိုလိုရင်းမှာ ဗီဒီယိုထဲမှ ဆံပင်တိုတို လူဖြူ အမျိုးသားသည် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် မသိရဘဲ ရဲစခန်းထဲရှိ ရဲအများစု၏ မျက်စိအောက်မှ လွတ်ကင်းအောင် ရှောင်တိမ်းသွားနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ရိုအန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ကုလားထိုင်၏ နောက်မှီသို့ မှီချလိုက်ပေသည်။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်ထားလိုက်ပြီး ဗီဒီယိုထဲမှ ဆံပင်တိုတို လူဖြူ အမျိုးသားကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
"ဒီအမှုက ငါတို့ တွေးထားတာထက်တောင် ပိုပြီး နက်ရှိုင်းနေလောက်တယ်..."
ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ၊ သဲလွန်စ ဓာတ်ခွဲစမ်းသပ်ရေး ဌာန၏ ကွင်းပြင်ကျယ် အတွင်းတွင် ဖြစ်ပေသည်။
အီဗန်ဒါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကားမှာ နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရိုအန်နှင့် မိုနာတို့ နှစ်ဦးသည် ထိုကားကို သေသေချာချာ စစ်ဆေးကြည့်ရှုနေကြလေသည်။
"လေအိတ်ကတော့ အပြည့်အဝ ပွင့်ထွက်နေပြီပဲ..."
ယာဉ်မောင်းခန်း၏ တံခါးကို ဖွင့်လိုက်ပြီးနောက် ရိုအန်က အတွင်းပိုင်း အခြေအနေကို သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်၏။ လက်အိတ် စွပ်နေသော မိုနာက ရိုအန်၏ စကားကို ကြားသောအခါ မျက်ခုံးများ ပင့်တက်သွားပေသည်။
"နင်လည်း သိပါတယ် ရိုအန်... ကားမောင်းတဲ့ အရှိန်က အရမ်း မြန်နေမယ် ဆိုရင် လေအိတ်က ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး... ယာဉ်မောင်းက ဒဏ်ရာရသင့်ရင် ရမယ်... သေသင့်ရင်လည်း သေသွားမှာပဲ..."
ရိုအန်က ခေါင်းစောင်း၍ သွားပေါ်အောင် ပြုံးလိုက်လေသည်။
"ငါ့ကို နောက်ပိုင်း ကားမောင်းရင် အရှိန်လျှော့မောင်းဖို့ အကြံပေးနေတာလား... နောက်ဆို သတိထားပါ့မယ်..."
"ဟွန့်..."
မိုနာက နှာခေါင်းရှုံ့လိုက်ပြီး နောက်တံခါးကို ဆွဲဖွင့်လိုက်၏။ လွင့်စင်လာသော ဖုန်မှုန့်များကို လက်ဝှေ့ယမ်းကာ ဖယ်ရှားလိုက်ရင်း မေးမြန်းလိုက်ပေသည်။
"တစ်ခုခုများ ရှာတွေ့သေးလား..."
"နည်းနည်းပါးပါးတော့ တွေ့တယ်..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး ကား၏ စတီယာရင် ဘီး နေရာကို လက်ညိုးထိုးပြကာ ပြောလိုက်လေသည်။
"ဒိုင်ခွက်တွေနဲ့ လေကာမှန်နားမှာ သွေးစက်တွေ ပန်းထွက်နေတဲ့ သဲလွန်စတွေ ရှိတယ်..."
မိုနာက နားမလည်ဟန်ဖြင့် ခေါင်းစောင်းကြည့်လိုက်၏။
"ဘာအဓိပ္ပာယ်လဲ..."
"ပုံမှန် အခြေအနေဆိုရင် အဲဒီနေရာတွေမှာ သွေးစက်တွေ ပန်းထွက်နေစရာ အကြောင်း မရှိဘူး... ဘာလို့လဲဆိုတော့ လေအိတ်က ကြားထဲကနေ ကာကွယ် တားဆီးပေးထားလို့ပဲ..."
ရိုအန်က ယာဉ်မောင်းခုံရှိ ထိုင်ခုံခါးပတ်ကို ဆွဲကြည့်ရင်း ရှင်းပြလိုက်ပေသည်။
"ဒါပေမဲ့ အဲဒီနေရာမှာ သွေးကွက်တွေ ရှိနေတယ် ဆိုတာက ကား ဝင်တိုက်မိတဲ့ အချိန်မှာ လေအိတ်က တိုက်ရိုက် ပွင့်မလာခဲ့ဘူး ဆိုတာကို ပြနေတာပဲ... အီဗန်ဒါ တစ်ယောက် စတီယာရင်ကို အရှိန်ပြင်းပြင်း ဝင်တိုက်မိပြီး သွေးတွေ ပန်းထွက်သွားတဲ့ အချိန်ကျမှသာ လေအိတ်က နောက်ဆုံး ပွင့်ထွက်လာခဲ့တာ..."
ထိုစကားကို ကြားသောအခါ မိုနာ၏ မျက်ဝန်းများက သေးငယ် ကျဉ်းမြောင်းသွားချေသည်။
"ဒါဆို... ဒီကားက တစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ အပြင်ခံထားရတာပေါ့…”