အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း ၁၁၃ ကြိုးပွန်းရာ
"မှန်တယ်... ပြီးတော့ တစ်ဖက်လူက လက်တံရှည်ထားတဲ့ နေရာတွေက တစ်နေရာတည်း မဟုတ်ဘူး..."
မိုနာ၏ စကားကို ကြားပြီးနောက် ရိုအန်က ခေါင်းညိတ် ထောက်ခံလိုက်၏။ ထို့နောက် ယာဉ်မောင်းခုံရှိ ထိုင်ခုံခါးပတ်ကို အားနှင့် ဆွဲထုတ်လိုက်လေသည်။
"ဒီနေရာကိုလည်း တစ်ဖက်လူက ပြုပြင် ဖျက်ဆီးထားတယ်..."
မိုနာက အနည်းငယ် ပျက်စီးနေသော ထိုင်ခုံခါးပတ်ကို ကြည့်ကာ ခေါင်းစောင်း၍ မေးမြန်းလိုက်ချေသည်။
"အသေးစိတ် ရှင်းပြနိုင်မလား..."
"အီဗန်ဒါရဲ့ ဒီကားမှာ ထိုင်ခုံခါးပတ်အတွက် ကြိုတင် တင်းကျပ်ပေးတဲ့ စနစ် ပါဝင်တယ်... ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်မှာ ၀.၁ စက္ကန့် အတွင်း ခါးပတ်ကို အလိုအလျောက် တင်းကျပ်ပေးပြီး ယာဉ်မောင်းကို အကာအကွယ် ပေးတဲ့ စနစ်မျိုးပေါ့..."
ရိုအန်က ကား၏ ကြိုတင် တင်းကျပ်ပေးသော စနစ်ကို မိုနာအား ပြသလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်ပေသည်။
"ဒါပေမဲ့ ဒီကားက သစ်ပင်ကို ဝင်တိုက်မိတဲ့ အချိန်မှာ အဲဒီစနစ်က အလုပ်မလုပ်ခဲ့ဘူး ဆိုတာ အရမ်းကို ထင်ရှားနေတယ်..."
ရိုအန်၏ ရှင်းပြချက်ကို ကြားပြီးနောက် မိုနာမှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီး တံတွေးကို ခပ်ပြင်းပြင်း တစ်ချက် မျိုချလိုက်လေသည်။
အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆောင် အတွင်းတွင် ဖြစ်၏။
"စုံထောက်များ အားလုံးပဲ... ငါတို့ဆီကို သတင်းဆိုး တစ်ခု ရောက်လာတယ်..."
ဗိုက်ရွှဲရွှဲနှင့် သြဂတ်စ်က ဖိုင်တွဲတစ်ခုကို ကိုင်ဆောင်ကာ ရုံးခန်းဆောင်၏ အရှေ့ဆုံးတွင် ရပ်လျက် တည်ကြည်သော မျက်နှာထားဖြင့် အသံကျယ်ကျယ် ပြောလိုက်ပေသည်။
"ရိုအန် နဲ့ မိုနာ တို့ရဲ့ ကြိုးစားပမ်းစား စုံစမ်းမှုတွေ အရ ဒီယာဉ်တိုက်မှုက မတော်တဆမှု မဟုတ်ဘူး ဆိုတာကို အခု အတည်ပြုနိုင်ပြီ... ဒါက မတော်တဆမှု အဖြစ် ဟန်ဆောင် ဖန်တီးထားတဲ့ အရမ်းကို ရှုပ်ထွေးလွန်းလှတဲ့ လူသတ်မှု တစ်ခုပဲ... သာမန် ဓာတ်ပုံ သတင်းထောက် တစ်ယောက်ကို သတ်ဖို့အတွက် ဘယ်သူကများ ဒီလောက် ရှုပ်ထွေးတဲ့ ထောင်ချောက်ကြီးကို ဆင်ထားရတာလဲ ဆိုတာ သိချင်မိတယ်... ကဲ... အားလုံးပဲ အခုချက်ချင်း လှုပ်ရှားကြတော့... အီဗန်ဒါရဲ့ ဘဝဖြတ်သန်းမှု မှတ်တမ်းတွေကို အသေးစိတ် တူးဆွပြီး အီဗန်ဒါ လုပ်ခဲ့ဖူးသမျှ အရာအားလုံးကို ယူလာခဲ့ကြ..."
ထိုနေရာတွင် စကားစဖြတ်လိုက်ပြီး သြဂတ်စ်က မိုနာ့ဘက်သို့ အကြည့်ရွှေ့လိုက်ပေသည်။
"အီဗန်ဒါရဲ့ လက်ပ်တော့ကို ခိုးသွားတဲ့ ကောင်ရဲ့ သရုပ်မှန်ကိုရော စုံစမ်းလို့ ရပြီလား..."
"မရသေးပါဘူး..."
မိုနာက ခေါင်းယမ်းလိုက်၏။
"တစ်ဖက်လူက ကိုယ်ခံပညာ တော်တော် ကောင်းတဲ့ပုံပဲ... ပြီးတော့ လုံခြုံရေး ကင်မရာ နေရာတွေကို အတိအကျ သိနေပြီး ဘယ်လို ရှောင်ကွင်းသွားရမလဲ ဆိုတာကိုပါ ကောင်းကောင်း နားလည်ထားတယ်..."
"အခုချက်ချင်း အဲဒီ ပစ္စည်းခိုးသွားတဲ့ လူကို အမှတ် ၁ သံသယရှိသူ စာရင်းထဲ ထည့်လိုက်..."
သြဂတ်စ်၏ မျက်မှောင်များ ကျုံ့ဝင်သွားချေသည်။ ထို့နောက် မိမိ၏ အလုပ်စားပွဲတွင် ထိုင်ကာ အချက်အလက်များကို ခေါင်းငုံ့ဖတ်နေသော ရိုအန့်ဘက်သို့ အကြည့်များ ရောက်ရှိသွားခဲ့၏။
"ရိုအန်... ဘာအကြံဉာဏ်များ ရှိသေးလဲ..."
"အီဗန်ဒါ ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်က နည်းနည်းတော့ သံသယ ဖြစ်စရာ ကောင်းတယ်..."
သြဂတ်စ်၏ ခေါ်သံကို ကြားသောအခါ ရိုအန်က ခေါင်းမော့လာပြီး လက်ထဲရှိ အချက်အလက် ဖိုင်တွဲကို မြှောက်ပြလိုက်လေသည်။
"လူသတ်သမားက အီဗန်ဒါရဲ့ ကားကို တောအုပ်ထဲက လမ်းမပေါ်ရောက်မှ အတိအကျ ပျက်စီးသွားပြီး သစ်ပင်ကို ဝင်တိုက်မိအောင် ဘယ်လိုများ ကြိုတင် စီစဉ်ထားသလဲ ဆိုတာကို သေသေချာချာ နားမလည်သေးဘူး... ဒါကြောင့်မို့လို့ ပထမဆုံး ဖုန်းဆက် အကြောင်းကြားခဲ့တဲ့ လူကို သွားရောက် စစ်ဆေးဖို့ အကြံပြုချင်တယ်... မှတ်တမ်းတွေ အရ အဲဒီ ဖုန်းဆက်တဲ့ လူတွေရဲ့ ကားက အီဗန်ဒါ့ ကားနောက်ကနေ အမြဲ ကပ်လိုက်လာခဲ့တာ... ပြီးတော့ အဲဒီလူတွေက ယာဉ်တိုက်မှု ဖြစ်စဉ် တစ်ခုလုံးကို မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ရတယ်... နယူးယောက် ရဲတပ်ဖွဲ့က သတိမထားမိဘဲ လွတ်သွားတဲ့ သဲလွန်စ တချို့ကို အဲဒီလူတွေကများ မြင်တွေ့ခဲ့တာမျိုး ရှိနိုင်တယ်လို့ ထင်တယ်..."
"အရမ်း ကောင်းတယ်..."
ရိုအန်၏ စကားအဆုံးတွင် သြဂတ်စ်၏ မျက်နှာကြီးပေါ်၌ ကျေနပ် အားရမှုများ အထင်းသား ပေါ်လွင်လာခဲ့ပေသည်။
ရိုအန်သည် သဲလွန်စများနှင့် စဉ်းစားတွေးခေါ်မှု လမ်းကြောင်းများကို အမြဲတမ်း ရှာဖွေနိုင်စွမ်း ရှိပေသည်။ သြဂတ်စ် မျက်စိကျထားသော လူရည်ချွန် တစ်ယောက် ပီသလှချေသည်။
သြဂတ်စ်က လက်ကြီးကို ဝှေ့ယမ်းကာ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု ဦးတည်ချက်များကို ရိုအန်၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်ရန် ခွင့်ပြုလိုက်၏။ သို့သော် နောက်ဆုံးတွင် သြဂတ်စ်က ရိုအန်ကို တည်ကြည်သော မျက်နှာထားဖြင့် သတိပေးလိုက်လေသည်။
"ဒီတစ်ခေါက် ရန်သူက သာမန် မဟုတ်ဘူး... အရေးကြီးတဲ့ အချိန်ကျရင် လုံခြုံရေးကို အထူး ဂရုစိုက်ရမယ်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့က အရေးအကြီးဆုံးပဲ..."
"ဟုတ်ကဲ့ပါ အဖွဲ့ခေါင်းဆောင်..."
ရိုအန်က သွားပေါ်အောင် ပြုံး၍ လက်ခံလိုက်ပေသည်။
လက်နက်တိုက် အတွင်းသို့ ဝင်ရောက်သွားသော အခါတွင်မူ ရိုအန်က ယခင်ကထက် အသံဖမ်းဗုံး အချို့ကို ပို၍ ယူဆောင်လာခဲ့ချေသည်။
ရိုအန်နှင့် အတူ တာဝန်ထွက်ရမည့် လေစီမှာမူ ပြောစရာ စကားပင် ဆွံ့အသွားခဲ့ရလေသည်။
အက်စ်ယူဗီ ကားကြီးသည် ယာဉ်တိုက်မှုကို ဖုန်းဆက် အကြောင်းကြားခဲ့သူများ နေထိုင်ရာ လူနေရပ်ကွက်၏ အစွန်အဖျားသို့ မကြာမီ ရောက်ရှိသွားခဲ့ပေသည်။
"မှတ်တမ်းတွေ အရ ဆိုရင်တော့ တိုင်တန်းတဲ့ သူတွေက ဇနီးမောင်နှံ နှစ်ယောက်ပဲ... ခင်ပွန်းဖြစ်သူက အင်ဂျင်နီယာ တစ်ယောက် ဖြစ်ပြီး ဇနီးဖြစ်သူကတော့ ဆရာမ တစ်ယောက်တဲ့..."
လေစီက လက်ထဲရှိ အချက်အလက်များကို အကြမ်းဖျင်း လှန်လှောကြည့်ရှုလိုက်ပြီး သိပ်ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
"ကြည့်ရတာ သာမန် လူလတ်တန်းစား မိသားစုလေး တစ်ခုပါပဲ... ဒီယာဉ်တိုက်မှုကို အမှတ်မထင် ဝင်တိုးမိတာ ဖြစ်လောက်တယ်..."
"အဲဒီလိုပဲ မျှော်လင့်ရတာပေါ့..."
လေစီ၏ စကားကို ရိုအန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်လေသည်။ ထို့နောက် ခန္ဓာကိုယ်ပေါ်ရှိ လက်နက် ကိရိယာများကို သေသေချာချာ စစ်ဆေးလိုက်၏။ ကျည်ကာအင်္ကျီ၊ အသံဖမ်းဗုံး၊ ဂလော့ခ် ဆယ့်ရှစ် သေနတ် နှစ်လက် နှင့် ကျည်ပိုဆံ့သော ကျည်အိမ်အရှည် များ အားလုံး ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် ကားတံခါးကို တွန်းဖွင့်ကာ အောက်သို့ ဆင်းလိုက်ပေသည်။
"ဒေါက်... ဒေါက်... ဒေါက်..."
လေစီက အရှေ့သို့ တိုးသွားကာ နေအိမ်၏ တံခါးမကြီးကို ခပ်ပြင်းပြင်း ခေါက်လိုက်လေသည်။
"မင်္ဂလာပါ... အိမ်မှာ လူရှိပါသလား..."
စက္ကန့်အနည်းငယ်မျှ အကြာတွင် ခြေသံများ ထွက်ပေါ်လာပြီး အိမ်ထဲမှ အမျိုးသား တစ်ဦး၏ အသံကို ကြားလိုက်ရ၏။
"ဘယ်သူတွေပါလဲ..."
"အက်ဖ်ဘီအိုင် ကပါ..."
လေစီက ရွှေရောင် ရင်ထိုးကို ထုတ်ပြလိုက်ပေသည်။
"မေးစရာ ကိစ္စလေး နည်းနည်း ရှိလို့ပါ..."
ရွှေရောင် ရင်ထိုးကို မြင်ပြီးနောက် စက္ကန့်အနည်းငယ် အကြာတွင် တံခါးပွင့်လာခဲ့သည်။ မျက်လုံး အနည်းငယ် နီရဲနေသော လူလတ်ပိုင်း လူဖြူ အမျိုးသား တစ်ဦးသည် ရိုအန်နှင့် လေစီတို့၏ ရှေ့မှောက်တွင် ပေါ်လာခဲ့ချေသည်။
"တောင်းပန်ပါတယ်ဗျာ..."
အိမ်ရှင် အမျိုးသား ချန့်စ် သည် ရိုအန်နှင့် လေစီတို့ကို ဧည့်ခန်းထဲသို့ အလောတကြီး ဖိတ်ခေါ်လိုက်၏။ ရိုအန်နှင့် လေစီတို့ အတွက် ရေတစ်ခွက်စီ အရင် ငှဲ့ပေးပြီးနောက် စားပွဲပေါ်ရှိ စာအုပ်များကို ဘေးသို့ တွန်းဖယ်လိုက်လေသည်။
ထို့နောက် ချန့်စ် က ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရိုအန်နှင့် လေစီတို့ကို အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်ပေသည်။
"ဒီကို လာတာ ဘာကိစ္စများ ရှိလို့ပါလဲ..."
အိမ်ထဲတွင် သွားလာနေစဉ် ချန့်စ် ဝတ်ဆင်ထားသော သားရေဖိနပ်နှင့် ရုံးသွားသည့် ရှပ်အင်္ကျီတို့ကို ရိုအန် သတိပြုမိလိုက်၏။ ထို့အပြင် ရှပ်အင်္ကျီ လက်ကောက်ဝတ် နေရာမှ မတော်တဆ ပေါ်ထွက်လာသော အသစ်စက်စက် ကြိုးပွန်းရာ များကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ အလိုအလျောက် ကျုံ့ဝင်သွားခဲ့ချေသည်။
"စိတ်မလှုပ်ရှားပါနဲ့ မစ္စတာ ချန့်စ်..."
လေစီက မျက်မှောင် တစ်ချက် ပင့်လိုက်ပြီး ညင်သာသော အသံဖြင့် မေးမြန်းလိုက်လေသည်။
"ဒီကို လာတာက မနေ့ညက ဖုန်းဆက် အကြောင်းကြားခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တချို့ကို သိချင်လို့ပါ... အဆင်ပြေပါ့မလား..."
"ပြဿနာ မရှိပါဘူး..."
လေစီ၏ စကားကို ကြားသောအခါ ချန့်စ် က အလောတကြီး ခေါင်းညိတ်လိုက်ပြီး အတင်း အပြုံးတစ်ခုကို ဖန်တီးလိုက်၏။
"ဘာအသေးစိတ် အချက်အလက်တွေကို သိချင်တာလဲ..."
လေစီက စကားပြောရန် ပြင်လိုက်စဉ် ရိုအန်က ရုတ်တရက် လက်လှမ်းကာ လေစီကို တားဆီးလိုက်ပေသည်။
လေစီ၏ နားမလည်နိုင်သော အကြည့်များ အောက်တွင် ရိုအန်က ပုံမှန်အတိုင်း လေသံကို ထိန်းကာ မေးမြန်းလိုက်လေသည်။
"မစ္စတာ ချန့်စ်... မနေ့ညက ခင်ဗျားတို့ ဇနီးမောင်နှံ ဘာတွေများ သွားလုပ်ခဲ့ကြတာလဲ... ဘာဖြစ်လို့ အိမ်ပြန် နောက်ကျရတာလဲ ဆိုတာကို သိပါရစေ..."
တစ်ချိန်တည်းမှာပင် ရိုအန်က ဘေးနားရှိ စာအုပ်များထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ဘောပင်ဖြင့် စာတချို့ ရေးသားကာ ချန့်စ် ထံသို့ ထုတ်ပြလိုက်၏။
ဘာဖြစ်နေမှန်း မသိသော လေစီက ရိုအန်ကို တစ်ချက် စောင်းကြည့်လိုက်ပြီးနောက် စာရွက်ပေါ်သို့ အကြည့်များ ရောက်ရှိသွားခဲ့သည်။
စာရွက်ပေါ်တွင် ရေးထားသည်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
"မစ္စတာ ချန့်စ်... ကျွန်တော့် မေးခွန်းတွေကို ပုံမှန် အတိုင်းပဲ ဖြေပေးပါ... လေသံကို လုံးဝ မပြောင်းပါနဲ့... တကယ်လို့ ခင်ဗျားရဲ့ ဇနီးသည်သာ ဓားစာခံ အဖြစ် အဖမ်းခံထားရတယ် ဆိုရင် ခင်ဗျားရဲ့ လက်နှစ်ဖက်ကို ပူးပြပါ... ခင်ဗျား ဇနီးသည်ကို ကယ်တင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
ရိုအန် ရေးထားသော စာသားများကို ဖတ်ပြီးနောက် လေစီ၏ မျက်ဝန်းအိမ်များ ချက်ချင်း ကျုံ့ဝင်သွားကာ ခါးကြားရှိ သေနတ်ဆီသို့ အလိုအလျောက် လက်လှမ်းသွားမိချေသည်။
ချန့်စ် ၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားပြီး ရိုအန်ကို အလွန် အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့၏။
ရိုအန်က သည်းခံနိုင်စွမ်း ကုန်ဆုံးလာဟန်ဖြင့် စာရွက်ကို တစ်ချက် ခါယမ်းပြလိုက်သောအခါမှ သတိဝင်လာသော ချန့်စ် က ချက်ချင်းပင် လက်နှစ်ဖက်ကို ပူးလိုက်လေသည်။ ထို့နောက် ခေါင်းကို ဆက်တိုက် ညိတ်ပြကာ အပေါ်ထပ်ရှိ အိပ်ခန်း နေရာကို လက်ညိုးထိုးပြရင်း တုန်ယင်နေသော နှုတ်ခမ်းများဖြင့် စကားပြောလာပေသည်။
"ကျွန်တော်တို့ ဇနီးမောင်နှံက မနေ့ညက တေးဂီတ ဖျော်ဖြေပွဲ သွားကြည့်နေလို့ အိမ်ပြန် နောက်ကျသွားတာပါ..."
ချန့်စ် ၏ အဖြေကို လေစီ လုံးဝ ဂရုမစိုက်နိုင်တော့ချေ။ လေစီ အလွန် အံ့အားသင့်နေပြီး ရိုအန် အနေဖြင့် ထိုအရာများကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း ဆိုသည်ကို အလွန် သိချင်နေခဲ့သည်။
သို့သော် အရေးကြီးသော အချိန်တွင် လူ့အသက် ကယ်တင်ရန်ကသာ ပထမဦးစားပေး ဖြစ်ပေသည်။ ထို့ကြောင့် လေစီက သေနတ်ကို ဆွဲထုတ်လိုက်ပြီး ရိုအန်ကို ကြည့်ကာ အသံတိတ် မေးခွန်းထုတ်လိုက်၏။
"ဆက်ပြီး ဘယ်လို လုပ်ကြမလဲ..."
ယခုအချိန်တွင် ရိုအန်၏ မျက်နှာထားမှာ အလွန် တည်ကြည် လေးနက်နေပေသည်။ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ချန့်စ် ကို ဆက်လက် မေးခွန်းထုတ်နေရင်း စာရွက်ပေါ်တွင် အောက်ပါအတိုင်း ထပ်မံ ရေးသားလိုက်လေသည်။
"အကူအညီ ခေါ်လိုက်... မေးခွန်းတွေ ဆက်မေးနေ... ဟန်မပျက်စေနဲ့... အပေါ်ထပ်ကို တက်သွားဖို့ နည်းလမ်း ရှာလိုက်မယ်..."
ရိုအန်၏ စာသားများကို မြင်သောအခါ လေစီက အသက်ပြင်းပြင်း ရှူကာ ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်၏။ ထို့နောက် လှည့်ကာ မစ္စတာ ချန့်စ် ၏ စိတ်လှုပ်ရှားမှုများကို နှစ်သိမ့်ပေးရင်း အသံကို ပုံမှန်အတိုင်း ထားရန် စာရေး၍ အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ချန့်စ် အား မေးခွန်းများကို ဆက်လက် မေးမြန်းနေခဲ့ပေသည်။
ထို့အပြင် လေစီက မိုဘိုင်းဖုန်းကို ထုတ်ကာ လက်ရှိ အခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး အရန်အင်အားများ စေလွှတ်ပေးရန် စာတို ပေးပို့လိုက်လေသည်။
အခြားတစ်ဖက်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရိုအန်က လေးနက်သော မျက်နှာထားဖြင့် ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ကိုင်ဆောင်ထား၏။ တိုက်ပွဲဝင် ကိုယ်နေဟန်ထားဖြင့် လှေကားပေါ်သို့ ဖြည်းညင်းစွာ တက်သွားခဲ့သည်။ မည်သည့် အသံမျှ မထွက်ပေါ်စေဘဲ အိမ်၏ ဒုတိယထပ်သို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ပေသည်။
အိမ်၏ ဒုတိယထပ်တွင် အိပ်ခန်း ၃ ခန်း ရှိပြီး ထိုအထဲမှ မာစတာ အိပ်ခန်း၏ တံခါးသာလျှင် တင်းကျပ်စွာ ပိတ်ထားလေသည်။
ထို့အပြင် ယခုလေးတင် မစ္စတာ ချန့်စ် က ဇနီးသည်မှာ မာစတာ အိပ်ခန်းထဲတွင် ရှိနေကြောင်း အချက်ပြထားသဖြင့် ရိုအန်က ထိုအိပ်ခန်း တံခါးဘေးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့ချေသည်။
အိပ်ခန်း တံခါးဝတွင် ရပ်နေစဉ် အခန်းတွင်းမှ အသက်ရှူသံ နှစ်ခုကို ရိုအန်က သဲ့သဲ့လေး ကြားလိုက်ရ၏။
ထိုအရာကို မြင်သောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားပြီး အိတ်ကပ်ထဲမှ အသံဖမ်းဗုံး တစ်လုံးကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
"ဘုန်း..."
"ခွမ်း..."
ရိုအန် တစ်ယောက် အသက်ပြင်းပြင်း ရှူကာ လှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်မှာပင် မာစတာ အိပ်ခန်း အတွင်းမှ ကျယ်လောင်သော အသံကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထို့နောက် မှန်ကွဲသံများပါ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေသည်။
"တောက်..."
ထိုအသံများကို ကြားလိုက်ရသောအခါ ရိုအန်က တိုးတိတ်စွာ ကျိန်ဆဲလိုက်ပြီး အိပ်ခန်း တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ဖွင့်ကာ အထဲသို့ အမြန် ပြေးဝင်သွားတော့သည်။