← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄ စီအိုင်အေ အထူးအေးဂျင့်

မာစတာ အိပ်ခန်းအတွင်း၌ သပ်ရပ်စွာ ဝတ်ဆင်ထားသော လူလတ်ပိုင်း လူဖြူအမျိုးသမီးတစ်ဦး ရှိနေပေသည်။ အမျိုးသမီး၏ ပါးစပ်ကို ပိတ်ဆို့ထားပြီး လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ကုလားထိုင်တွင် ကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်ထားလေသည်။

"ဒိုင်း..."

အိပ်ခန်းတံခါးကို ရုတ်တရက် ဆောင့်ကန်ဖွင့်လိုက်သော ကျယ်လောင်သည့် အသံကြီးကြောင့် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားချေသည်။

မူလကတည်းက ကြောက်ရွံ့တုန်လှုပ်နေသော အခြေအနေကြောင့် အမျိုးသမီးမှာ အသံထွက်၍ပင် ငိုချမိတော့မည့်ဆဲဆဲ ဖြစ်သွားခဲ့ပေသည်။ သို့သော် ရိုအန်၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ဖ်ဘီအိုင် တံဆိပ်ကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်နှာအမူအရာ ရပ်တန့်သွားပြီး ချက်ချင်းပင် အကူအညီတောင်းသည့် "ဝူး... ဝူး..." အသံများ ပြုလုပ်လာလေသည်။

သို့တိုင်အောင် ရိုအန်က တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိထားခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးကို လျစ်လျူရှုထားလိုက်၏။

မာစတာ အိပ်ခန်း၏ ဘယ်ဘက်ရှိ ပြတင်းပေါက်မှာ ယခုအချိန်တွင် လုံးဝ ကွဲကြေနေပြီ ဖြစ်သည်။ ရိုအန် အခန်းတွင်းသို့ ပြေးဝင်လာသော စက္ကန့်ပိုင်းအတွင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်သွားသော ကျောပြင်တစ်ခုကို ရိုအန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရချေသည်။

ကွဲကြေနေသော ပြတင်းပေါက်ဘေးသို့ အမြန်ပြေးသွားကြည့်လိုက်ရာ အိမ်အပြင်ဘက် မြက်ခင်းပြင်ပေါ်တွင် ရှေ့သို့ လိမ့်ကျသွားသော ဆံပင်တိုတို လူဖြူအမျိုးသားတစ်ဦးကို တွေ့လိုက်ရပေသည်။ ဆံပင်တိုတို လူဖြူအမျိုးသားက ချက်ချင်း နေရာမှထကာ အဝေးသို့ အပြေးအလွှား ထွက်ပြေးသွားလေသည်။

လူဖြူအမျိုးသား ပြေးသွားသော နေရာများတွင် အကာအကွယ် အတားအဆီးများ ရှိနေသဖြင့် ရိုအန် အနေဖြင့် တိုက်ရိုက် သေနတ်ပစ်ခတ်ရန် နည်းလမ်းမရှိခဲ့ချေ။ ထို့ကြောင့် ရိုအန်မှာ ခဏမျှပင် တွန့်ဆုတ်မနေဘဲ အံ့သြမှင်သက်နေသော အမျိုးသမီး၏ အကြည့်များအောက်တွင် လူဖြူအမျိုးသား နည်းတူ မာစတာ အိပ်ခန်း၏ ကွဲကြေနေသော ပြတင်းပေါက်မှတစ်ဆင့် ကိုယ်ကိုပစ်ကာ အပြင်သို့ ခုန်ထွက်လိုက်လေတော့သည်။

အိမ်၏ ဒုတိယထပ်မှ မှန်ကွဲသံများ ထွက်ပေါ်လာချိန်တွင် ပထမထပ် ဧည့်ခန်းထဲရှိ လေစီကလည်း နေရာမှ ရုတ်တရက် မတ်တပ်ရပ်လိုက်ပေသည်။

ချန့်စ် ကို ဆွဲယူကာ ဆိုဖာနောက်တွင် ပုန်းကွယ်နေစေပြီးနောက် လေစီ အပေါ်ထပ်သို့ ပြေးတက်ရန် ပြင်လိုက်စဉ် ခြံဝင်းအတွင်းသို့ လူတစ်ယောက် ခုန်ချလာသည်ကို လေစီ မြင်လိုက်ရ၏။

ထိုမြင်ကွင်းကို မြင်သောအခါ လေစီက သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဧည့်ခန်းထဲမှ ပြတ်သားစွာ ပြေးထွက်သွားခဲ့လေသည်။

"ဘုန်း..."

လေစီ ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် ရိုအန်၏ ခန္ဓာကိုယ်ကြီးက လေစီ၏ ဘေးနားသို့ အရှိန်ပြင်းပြင်းဖြင့် ကျလာခဲ့ပေသည်။

"သောက်ကျိုးနည်း..."

ကောင်းကင်မှ ကျလာသော ရိုအန်ကြောင့် လေစီ အလွန်လန့်သွားခဲ့သည်။ သို့သော် ရိုအန်က စကားအပိုမပြောဘဲ တိုက်ရိုက် အမိန့်ပေးလိုက်၏။

"မင်း ဘယ်ဘက်ကသွား... ငါ ညာဘက်ကသွားမယ်..."

ထိုသို့ပြောပြီးနောက် လေစီ တုံ့ပြန်သည်ကိုပင် မစောင့်တော့ဘဲ ရိုအန်၏ ခန္ဓာကိုယ်က ချွန်ထက်သော ဓားတစ်လက်ပမာ ဆံပင်တိုတို လူဖြူအမျိုးသား ထွက်ပြေးသွားရာ လမ်းကြောင်းဆီသို့ ပြေးထွက်သွားခဲ့ပေသည်။

"ချီးပဲ..."

မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော ရိုအန်ကို ကြည့်ပြီး လေစီ၏ မျက်နှာပေါ်တွင် အလွန်အံ့အားသင့်သည့် အမူအရာများ ထင်ဟပ်လာခဲ့သည်။ လေစီ သတိပြန်ဝင်လာပြီးနောက် အခြားတစ်ဖက်သို့ အမြန်ပြေးသွားရင်း တိုးတိတ်စွာ ညည်းတွားလိုက်လေသည်။

"သောက်ရူး... နောက်မှ ရိုအန် နေ့တိုင်း ဘာတွေများ စားနေသလဲဆိုတာကို သေချာပေါက် မေးကြည့်ရမယ်... ရိုအန်က ဒီလောက် အလေးကြီး ဝတ်ထားတာတောင် ဘာလို့ ဒီလောက်မြန်မြန် ပြေးနိုင်ရတာလဲ..."

အခြားတစ်ဖက်တွင် ဆံပင်တိုတို လူဖြူအမျိုးသားက လက်နက်အပြည့်အစုံ တပ်ဆင်ထားသော်လည်း နီးကပ်လာကာ လုံးဝ မမောပန်းသည့်ပုံစံ ပေါက်နေသော ရိုအန်ကို ကြည့်ပြီး အလွန်အံ့အားသင့်သွားကာ အလားတူပင် ကျိန်ဆဲလိုက်လေသည်။

"ခွေးမသား... ဒီ အက်ဖ်ဘီအိုင် ကောင်က ဘာဖြစ်နေတာလဲ..."

လူဖြူအမျိုးသား၏ အစီအစဉ်အရ ရိုအန် ဤမျှလေးလံစွာ ဝတ်ဆင်ထားသဖြင့် ရိုအန်အား ဖြတ်ချန်ထားရစ်ခဲ့ရန်မှာ အလွန်လွယ်ကူမည်ဟု တွေးထားခဲ့၏။ အနည်းဆုံး ရုတ်တရက် အကွေ့ ၂ ခု သို့မဟုတ် အများဆုံး အကွေ့ ၄ ခုထက် မပိုဘဲ လွတ်မြောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့ပေသည်။

သို့သော် ယခု ရုတ်တရက် အကွေ့ ၇ ခုတိုင်အောင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ရိုအန်က နောက်ကောက်ကျမကျန်ရစ်ခဲ့သည့်အပြင် လူဖြူအမျိုးသားနှင့် ပို၍ပင် နီးကပ်လာခဲ့ချေပြီ။

"ရှေ့ကလူ နားထောင်စမ်း..."

ဆံပင်တိုတို လူဖြူအမျိုးသား ဆွဲလှဲချခဲ့သော အမှိုက်ပုံးကို ရိုအန်က အပေါ်မှ လွှားခနဲ ခုန်ကျော်လိုက်လေသည်။ ထို့နောက် နှစ်ဦးကြားရှိ အကွာအဝေးကို ခန့်မှန်းကြည့်လိုက်ပြီး ကြားတွင် မည်သည့် အတားအဆီးမျှ မရှိတော့ကြောင်း သေချာသွားသောအခါ ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ် သတိပေးလိုက်၏။

"ဆက်ပြေးနေရင် သေနတ်နဲ့ ပစ်ရလိမ့်မယ်..."

အခြားရွေးချယ်စရာ မရှိပေ။ လူဖြူအမျိုးသားက ရိုအန်ကို သေနတ်ဖြင့် တစ်ချက်မျှ ပစ်ခတ်ခဲ့ခြင်း မရှိသဖြင့် ကြိုတင်သတိပေးခြင်းမရှိဘဲ တိုက်ရိုက် သေနတ်ဖြင့် ပစ်ခတ်လိုက်ပါက နောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာအချို့နှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။

အမေရိကန် ဥပဒေအရ ကျောကုန်းကို သေနတ်ဖြင့် အပစ်ခံရခြင်းနှင့် ရင်ဘတ်ကို အပစ်ခံရခြင်းမှာ လုံးဝ မတူညီသော ကိစ္စရပ် နှစ်ခု ဖြစ်လေသည်။ ထို့အပြင် လူဖြူအမျိုးသားမှာ လူမည်းလည်း မဟုတ်ချေ။

သေနတ်ဖြင့် ပစ်မည်ဟူသော ရိုအန်၏ စကားကို ကြားသောအခါ ဆံပင်တိုတို လူဖြူအမျိုးသား၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း အလွန်အမင်းတော့ မပြာယာခတ်သွားချေ။

အကြောင်းမှာ ပြေးလွှားနေစဉ် သေနတ်ပစ်ခတ်မှု၏ တိကျမှန်ကန်နှုန်းမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ ဤမျှ ခွန်အားကောင်းသော အက်ဖ်ဘီအိုင် စုံထောက်၏ သေနတ်ပစ်စွမ်းရည်မှာ အလွန် တိကျမှန်ကန်လိမ့်မည်ဟု လူဖြူအမျိုးသားက မယုံကြည်ပေ။ အများဆုံး ရမ်းသန်း၍ သေနတ်အချက်အချို့ ပစ်ခတ်ရုံသာ ရှိမည်ဟု ထင်မှတ်ထားခဲ့၏။

ထို့အပြင် ရှေ့နားတွင် ရုတ်တရက် အကွေ့တစ်ခု ရှိနေသေးသည်။ နောက်ထပ် ခြေတစ်လှမ်းသာ ဆက်ပြေးလိုက်ပါက ထိုအက်ဖ်ဘီအိုင် စုံထောက်ကို ဖြတ်ချန်ထားရစ်ခဲ့ရန် အခွင့်အရေး ရရှိသွားမည် ဖြစ်လေသည်။

နောက်တစ်စက္ကန့်တွင် ရိုအန်၏ မျက်ဝန်းအိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သေနတ်မောင်းခလုတ်ကို ပြတ်သားစွာ ဆွဲလိုက်လေတော့သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

စုစုပေါင်း သေနတ် ၃ ချက် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ထိုအထဲမှ တစ်ချက်က ဆံပင်တိုတို လူဖြူအမျိုးသား၏ ညာဘက် ကျောကုန်းကို ထိမှန်သွားပြီး ကျန်နှစ်ချက်ကတော့ လူဖြူအမျိုးသား၏ ဘယ်ညာ ခြေသလုံး နှစ်ဖက်စလုံးကို တိကျစွာ ထိမှန်သွားခဲ့ပေသည်။

"ဘုန်း..."

"အား..."

ဆံပင်တိုတို လူဖြူအမျိုးသားထံမှ သနားစဖွယ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က ရှေ့သို့ တိုက်ရိုက် မှောက်လျက် လဲကျသွားချေသည်။

ခန္ဓာကိုယ် နေရာအနှံ့မှ ထွက်ပေါ်လာသော နာကျင်မှုများကို ခံစားရပြီးနောက် ဆံပင်တိုတို လူဖြူအမျိုးသားမှာ စိတ်ထဲမှနေ၍ အပြင်းအထန် ကျိန်ဆဲနေသော်လည်း ပါးစပ်မှမူ မည်သည့်ဆဲဆိုသံမျှ ထွက်ပေါ်မလာခဲ့ပေ။

"ပြေးလေ... ဆက်ပြေးလေ..."

ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ကိုင်ဆောင်ထားသော ရိုအန်က ဆံပင်တိုတို လူဖြူအမျိုးသား၏ ဘေးနားသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်၏။

"ဘာလို့ မပြေးတော့တာလဲ..."

ဆံပင်တိုတို လူဖြူအမျိုးသားက ဘာစကားမျှ ပြန်မပြောဘဲ ရိုအန်ကိုသာ အေးစက်စက် အကြည့်များဖြင့် စူးစိုက်ကြည့်နေလေသည်။

ထိုအခြေအနေကို မြင်သောအခါ ရိုအန်၏ စိတ်ထဲတွင် အတွေးအချို့ ပေါ်လာခဲ့၏။ ထို့နောက် ရိုအန်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး သေနတ်ကို ပြန်သိမ်းလိုက်ကာ လက်ထိပ်ကို ထုတ်ယူ၍ ဆံပင်တိုတို လူဖြူအမျိုးသား၏ ဘေးနားသို့ တိုးသွားကာ ခတ်ရန် ပြင်ဆင်လိုက်ပေသည်။

ထိုအချိန်တွင် ဆံပင်တိုတို လူဖြူအမျိုးသားက နာကျင်မှုကို ကြိတ်မှိတ်ခံကာ ရုတ်တရက် အပေါ်သို့ ခုန်ထလိုက်လေသည်။ ဘယ်ဘက်လက်က ရိုအန်၏ ခါးကြားရှိ သေနတ်ဆီသို့ လှမ်းယူလိုက်ပြီး တစ်ချိန်တည်းမှာပင် ညာဘက်လက်က ရိုအန်၏ လည်ပင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် လှမ်းဆွဲလိုက်ချေသည်။

ဆံပင်တိုတို လူဖြူအမျိုးသား စောင့်ဆိုင်းနေသည်မှာ ဤအချိန်လေးပင် ဖြစ်သည်။ ဒဏ်ရာရရှိခြင်းမှာ လူဖြူအမျိုးသားအတွက် ထမင်းစားရေသောက်ကဲ့သို့ ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သော်လည်း နောက်ဆုံးတွင် အမြဲတမ်း အနိုင်ရရှိသူမှာ လူဖြူအမျိုးသားသာလျှင် ဖြစ်ခဲ့ပေသည်။ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှ၏။ အခြားသူများ အနိုင်ရပြီဟု ထင်မှတ်ထားချိန်တွင် ရုတ်တရက် အခြေအနေကို ပြောင်းပြန်လှန်ကာ ရန်သူများ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချိုးနိုင်စွမ်း ရှိသောကြောင့် ဖြစ်လေသည်။

သို့သော် ထိုအချိန်မှာပင် ရုတ်တရက် ပြင်းထန်သော လေတိုက်ခတ်မှု တစ်ခုနှင့်အတူ ဆံပင်တိုတို လူဖြူအမျိုးသား၏ မျက်နှာပေါ်သို့ အပြင်းအထန် ရိုက်နှက်ခံလိုက်ရ၏။ နှာခေါင်းရိုး ကျိုးကြေသွားပြီး လူဖြူအမျိုးသား၏ ခန္ဓာကိုယ်ကြီးက နောက်ဘက်ရှိ နံရံဆီသို့ အရှိန်ပြင်းပြင်းဖြင့် စောင့်မိသွားခဲ့ပေသည်။

ရိုအန်က လက်သီးတစ်ချက်တည်းဖြင့် ဆံပင်တိုတို လူဖြူအမျိုးသားကို လွင့်ထွက်သွားစေပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ လူဖြူအမျိုးသား၏ နှာခေါင်းပေါ်သို့ ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ထပ်မံ ကန်ချလိုက်လေသည်။

နှာခေါင်းသည် လူ့ခန္ဓာကိုယ်၏ အနုနယ်ဆုံး အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်ပေသည်။ ပြင်းထန်သော တိုက်ခိုက်မှုကို ခံရပါက လူတစ်ယောက်ကို ချက်ချင်း သတိလွတ်သွားစေနိုင်၏။ ရိုအန်၏ ဆက်တိုက် တိုက်ခိုက်မှု နှစ်ချက်က ဆံပင်တိုတို လူဖြူအမျိုးသားကို လုံးဝ ကြောင်အမ်းသွားစေခဲ့ချေသည်။

"မင်းရဲ့ တိတ်တဆိတ် လှုပ်ရှားမှုတွေကို ငါ သတိမထားမိဘူးလို့ ထင်နေတာလား..."

လူဖြူအမျိုးသား၏ မျက်နှာပေါ်ရှိ မယုံကြည်နိုင်သော အမူအရာကို မြင်သောအခါ ရိုအန်က သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"ရန်သူကို ငါ ဘယ်တော့မှ အထင်မသေးတတ်ဘူး... ရန်သူက သေနတ်မှန်ပြီး လဲကျနေရင်တောင်မှပဲ..."

ရိုအန်၏ စကားကို ကြားသောအခါ ဆံပင်တိုတို လူဖြူအမျိုးသား၏ ပါးစပ်မှ သွေးတစ်ပွက် ရုတ်တရက် ပန်းထွက်လာပြီး မျက်နှာမှာလည်း ချက်ချင်းပင် အသည်းရောင် အဖြစ် ပြောင်းလဲသွားခဲ့၏။

'သောက်ကျိုးနည်း... အခုခေတ် အက်ဖ်ဘီအိုင် ထဲမှာ ဘယ်လို လူတွေများ ရောက်နေတာလဲ...'

အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ဆံပင်တိုတို လူဖြူအမျိုးသားက စိတ်လှုပ်ရှားမှုကို ဖြည်းညင်းစွာ ထိန်းချုပ်လိုက်လေသည်။ မျက်နှာပေါ်ရှိ သွေးစက်များကို သုတ်ဖယ်လိုက်ပြီး ရိုအန်ကို ခေါင်းမော့ကြည့်ကာ အေးစက်စက် လေသံဖြင့် စကားပြောလာပေသည်။

"ငါက..."

"ဘုန်း..."

ဆံပင်တိုတို လူဖြူအမျိုးသား စကားစပြောရုံသာ ရှိသေးချိန်တွင် ရိုအန်က လူဖြူအမျိုးသား၏ လည်ပင်းကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ ချက်ချင်း သတိလစ်သွားခဲ့ချေသည်။

"မင်း ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး..."

ယခုလေးတင် လူဖြူအမျိုးသားက ရိုအန်၏ လည်ပင်းကို ညှစ်ရန်နှင့် သေနတ်လုရန် ကြိုးစားခဲ့သည့် လှုပ်ရှားမှုများမှာ အတုအယောင် လုံးဝ မဟုတ်ခဲ့ပေ။

လေစီ တစ်ယောက် သေနတ်ကို ကိုင်ဆောင်ကာ ထိုနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာချိန်၌ တစ်ကိုယ်လုံး သွေးများ ပေကျံလျက် မြေပြင်ပေါ်တွင် လဲကျနေသော ဆံပင်တိုတို လူဖြူအမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။ ရိုအန်မှာမူ မိုဘိုင်းဖုန်းကို ကိုင်ကာ ဖုန်းခေါ်ဆိုနေဆဲ ဖြစ်လေသည်။

"လာတာ အတော်ပဲ..."

လေစီကို မြင်သောအခါ ရိုအန်က ဖုန်းချလိုက်ပြီး ပြုံး၍ လက်ယမ်းပြလိုက်ပေသည်။

"လူနာတင်ယာဉ် အခုချက်ချင်း ရောက်လာလိမ့်မယ်... ဒီကောင်ကို ဆေးရုံ ခေါ်သွားလိုက်... သေသေချာချာ စောင့်ကြည့်ထားဖို့တော့ လိုမယ်... သြဂတ်စ် က ကိစ္စရှိလို့ ငါ့ကို ပြန်ခေါ်နေတယ်..."

အတန်ကြာအောင် ပြေးလွှားလာခဲ့ရသော လေစီက ထိုစကားကို ကြားသောအခါ နေရာမှာပင် ရပ်လျက် ပါးစပ်ဟဟလေး ဖြစ်သွားခဲ့၏။ နောက်ဆုံးတွင် လေစီ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး နဖူးကို ဖိနှိပ်ကာ လက်ခံလိုက်လေသည်။

"ကောင်းပြီလေ..."

အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆောင် အတွင်းတွင် ဖြစ်ပေသည်။

ရိုအန် ရုံးခန်းသို့ ပြန်ရောက်လာချိန်တွင် မိုနာမှာ အလုပ်စားပွဲ၌ မရှိကြောင်း တွေ့လိုက်ရ၏။ ဝီလျံ ကို မေးကြည့်ရာတွင်လည်း မိုနာ ဘယ်သွားသည်ကို ဝီလျံ မသိကြောင်း ပြန်ဖြေလေသည်။

"ရိုအန်..."

ထိုအချိန်မှာပင် အစည်းအဝေးခန်းမ၏ တံခါးကြီး ရုတ်တရက် ပွင့်လာပြီး သြဂတ်စ် က အမြန်ဝင်လာရန် လက်ယမ်းပြလိုက်ပေသည်။

"မင်္ဂလာပါ ခေါင်းဆောင်..."

မိုနာ ဘယ်ရောက်နေသနည်း ဆိုသော မေးခွန်းကို ရင်ထဲတွင် မြိုသိပ်ထားလိုက်ပြီး အစည်းအဝေးခန်းမ အတွင်းသို့ ဝင်ရောက်သွားသောအခါ ဗီရိုနီးစ် လည်း ထိုနေရာတွင် ရှိနေသည်ကို ရိုအန် တွေ့လိုက်ရ၏။ ထို့ကြောင့် ရိုအန် အလျင်အမြန်ပင် နှုတ်ဆက်လိုက်လေသည်။

"အင်း..."

ဗီရိုနီးစ် က မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်နှင့် သြဂတ်စ် တို့ကို ထိုင်ရန် အချက်ပြလိုက်ပေသည်။ ထို့နောက် ဗီရိုနီးစ် က အစည်းအဝေးစားပွဲ၏ အခြားတစ်ဖက်တွင် ထိုင်နေသော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ဆံပင်ဖြူဖြူ လူဖြူအဖွားအိုကို လက်ညိုးထိုးပြကာ အေးစက်သော လေသံဖြင့် မိတ်ဆက်ပေးလိုက်၏။

"ဒါက စီအိုင်အေ က လာတဲ့ မဒမ် ဟယ်လွိုက်စ် ပဲ... အီဗန်ဒါ ရဲ့ လက်ပ်တော့ကို ခိုးသွားတဲ့ ဆံပင်တိုတို လူဖြူအမျိုးသားက မဒမ် ဟယ်လွိုက်စ် လက်အောက်က အထူးအေးဂျင့် တစ်ယောက်ပဲ..."

ဗီရိုနီးစ်၏ စကားကို ကြားသောအခါ ရိုအန်မှာ အစပိုင်းတွင် ကြောင်အမ်းသွားသော်လည်း နောက်ပိုင်းတွင် ရိုအန်၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ချေသည်။

နှစ်ဖက်စလုံး၏ အခြေအနေများကို အကြမ်းဖျင်း မိတ်ဆက်ပေးပြီးနောက် ဗီရိုနီးစ် က ခါးကို မတ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အဖွားအိုကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။

"မဒမ် ဟယ်လွိုက်စ်... ဒီတစ်ခေါက် အမှုက တကယ်တော့ ဘာဖြစ်နေတာလဲ... စီအိုင်အေ က ဘာလို့ ဝင်စွက်ဖက်ရတာလဲ... စည်းမျဉ်းစည်းကမ်းတွေ အရ ဆိုရင် စီအိုင်အေ ကို ဖက်ဒရယ် ပြည်တွင်းမှာ လှုပ်ရှားခွင့် မပြုထားဘူး…”

All Chapters