အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း ၁၁၇ ပလတ်စတစ်ဖြင့် ရစ်ပတ်ထားသော လူပုံစံ ပိုးတောင့်
မိုနာ၏ စကားကို ကြားသောအခါ ရိုအန်၏ မျက်နှာကြွက်သားများ အနည်းငယ် လှုပ်ခတ်သွားလေသည်။ သို့သော် အသံကို နှိမ့်ကာ ပြောလိုက်၏။
"သတင်းဆိုးကို အရင် ပြောပြပါ..."
မိုနာက ကွန်ပျူတာ ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုကို လက်ညှိုးထိုးပြလိုက်ပေသည်။
"သတင်းဆိုးက ယာဉ်တိုက်မှု ဖြစ်တဲ့ အချိန်က ညဘက် ဖြစ်နေတာပဲ... အလင်းရောင်က အရမ်း မှိန်နေတော့ ကင်မရာထဲမှာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုက အများအားဖြင့် အမည်းရောင်တွေချည်းပဲ... ဘာမှကို သေသေချာချာ မမြင်ရဘူး..."
ဘေးနားရှိ ရက်ဒ်က မိုနာ၏ မှောင်မည်းနေသော ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ပြီးနောက် မျက်နှာထား အလွန် ပျက်ယွင်းသွားချေသည်။ ရိုအန်၏ မျက်နှာထားမှာလည်း သိပ်မကောင်းလှချေ။ သို့သော် ရိုအန်က ဆက်လက် မေးမြန်းလိုက်၏။
"သတင်းကောင်းကရော ဘာများလဲ..."
မိုနာ၏ လက်ချောင်းဆယ်ချောင်းမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားလေသည်။ ထို့နောက် ဗီဒီယို၏ နောက်ပိုင်း အပိုင်းကို အမြန် ဆွဲထုတ်လိုက်ပေသည်။
"သတင်းကောင်းက လူနာတင်ယာဉ် ရောက်လာတဲ့ အချိန်မှာ အနီနဲ့ အပြာ မီးရောင်တွေ လင်းလက်သွားတာပဲ... အဲဒီ ဗီဒီယို အပိုင်းတိုလေး တစ်ခုကပဲ အဲဒီအချိန်က ဖြစ်စဉ် အသေးစိတ်ကို မြင်နိုင်စွမ်း ရှိတယ်..."
ကွန်ပျူတာထဲတွင် လက်ကိုင် ကင်မရာကြောင့် အဆက်မပြတ် တုန်ခါနေသော ဗီဒီယိုကို ကြည့်ရင်း ရက်ဒ်က မျက်လုံး လန်ပြလိုက်ချေသည်။
"မိုနာ... ဒါက သတင်းကောင်းလို့ သတ်မှတ်လို့ မရဘူးနော်..."
မိုနာက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြုံးလိုက်လေသည်။
"ဒါပေမဲ့ အနည်းဆုံးတော့ ကြည့်လို့ရတဲ့ ဗီဒီယို အပိုင်းလေး တစ်ခု ရှိနေသေးတာပဲ... ဒါက ရှင်တို့ နှစ်ယောက်ရဲ့ ကြိုးစားမှုတွေ အချည်းနှီး မဖြစ်သွားဘူး ဆိုတာကို ပြနေတာပေါ့..."
ရိုအန်က ဘာမှ ထပ်မပြောတော့ဘဲ ကွန်ပျူတာထဲရှိ ဗီဒီယိုကိုသာ တိတ်တဆိတ် စိုက်ကြည့်နေလိုက်ပေသည်။ ရက်ဒ် တစ်ယောက် ပြောစရာ စကားပင် ဆွံ့အသွားခဲ့၏။ စကားပြောရန် ပြင်လိုက်စဉ် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တံခါးဝမှ ရင်းနှီးနေသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့ချေသည်။
"ကျွန်မ ပြန်ရောက်ပြီ..."
လူအားလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စက္ကူဖာကြီး တစ်ဖာကို ပွေ့ချီထားသော လေစီကို မြင်လိုက်ရလေသည်။ ရက်ဒ်က အလျင်အမြန် မတ်တပ်ရပ်ကာ လေစီ၏ လက်ထဲမှ စက္ကူဖာကြီးကို ယူလိုက်၏။ ထို့နောက် အထဲမှ ဖိုင်တွဲ တစ်ခုကို ဆွဲထုတ်လိုက်ပြီး နားမလည်နိုင်စွာ မေးမြန်းလိုက်ပေသည်။
"ဒါတွေက ဘာပစ္စည်းတွေလဲ..."
လေစီက သူမ၏ အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်လေသည်။ ကော်ဖီ တစ်ငုံ သောက်လိုက်ပြီးနောက် လက်ယမ်းပြလိုက်၏။
"စီအိုင်အေ ဘက်က ကျွန်မကို ပေးလိုက်တဲ့ အချက်အလက်တွေလေ... အဲဒီအထဲမှာ ခိုးခံလိုက်ရတဲ့ အီဗန်ဒါ ရဲ့ လက်ပ်တော့ ပါတယ်... ပြီးတော့ ဂျက်ကွဲ ဆိုတဲ့ စစ်သားရဲ့ အချက်အလက်တွေလည်း ပါတယ်..."
လက်ပ်တော့ အကြောင်းကို ပြောလိုက်ချိန်တွင် လေစီက ရိုအန်ကို ပြုံးစစ မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ချေသည်။
ဆေးရုံတွင် ဆံပင်တိုတို လူဖြူအမျိုးသား ဒဏ်ရာရရှိခဲ့သော အခြေအနေ အသေးစိတ်ကို သိရှိပြီးနောက် အဖွားအို၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်တရာ ကြည့်ကောင်းသွားခဲ့ပေသည်။ ထို့နောက် အဖွားအိုက လက်အောက်ငယ်သားများကို ကွန်ပျူတာနှင့် အချက်အလက်များ လေစီ့ထံ ပေးအပ်ရန် အမိန့်ပေးချိန်တွင် ဒေါသထွက်နေသော်လည်း မတတ်သာဘဲ ပေးလိုက်ရသော အမူအရာကို လေစီ မြင်တွေ့ခဲ့ရ၏။ သြဂတ်စ်ထံမှ ဤအမှု၏ နောက်ခံ အခြေအနေကို သိရှိထားသော လေစီမှာ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပြသသော်လည်း စိတ်ထဲတွင်မူ ဝမ်းသာလုံးဆို့နေခဲ့လေပြီ။
အက်ဖ်ဘီအိုင် နှင့် စီအိုင်အေ တို့သည် အမြဲတမ်း မသင့်မြတ်ခဲ့ကြချေ။ ထို့အပြင် အချိန်တော်တော်များများတွင် အက်ဖ်ဘီအိုင် မှာ အားနည်းသော အနေအထား၌သာ ရှိနေခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ အက်ဖ်ဘီအိုင် သည် တရားရေးဌာန၏ လက်အောက်တွင် ရှိနေသဖြင့် တစ်ခါတစ်ရံတွင် အကြောင်းပြချက်များနှင့် ဥပဒေများကို လိုက်နာရလေသည်။ သို့သော် စီအိုင်အေ မှာမူ သီးခြား ဌာနတစ်ခု ဖြစ်ပေသည်။ ၎င်းတို့၏ အထက်တွင် အုပ်ချုပ်မည့်သူ မရှိဘဲ ဥပဒေမဲ့ လုပ်ရပ်များနှင့် အကြောင်းပြချက် ကင်းမဲ့ခြင်းများမှာ ၎င်းတို့၏ ပုံမှန် လုပ်ရိုးလုပ်စဉ်များသာ ဖြစ်၏။
အက်ဖ်ဘီအိုင် ထောက်လှမ်းရေး ဌာနမှ ပြောင်းရွှေ့လာသော လေစီသည် ဤအချက်ကို ပို၍ပင် နားလည်ထားလေသည်။ လေစီ အရင်က အလုပ်လုပ်စဉ်ကလည်း စီအိုင်အေ ဘက်မှ သရော်လှောင်ပြောင်မှုများကို အကြိမ်ကြိမ် ခံခဲ့ရဖူးချေသည်။
ထို့ကြောင့် ရိုအန်၏ ထိုးကြိတ်မှုကြောင့် ဆေးရုံရောက်သွားသော ဆံပင်တိုတို လူဖြူအမျိုးသားမှာ စီအိုင်အေ မှန်း သိလိုက်ရသောအခါ လေစီ အလွန် ဝမ်းသာသွားပြီး မျက်လုံးများပင် အရောင်လက်သွားခဲ့ပေသည်။ လေစီ၏ အိတ်ကပ်ထဲရှိ ကတ်ပြားလေးများ အားလုံးကိုပင် ရိုအန့်ထံသို့ အကုန် ပေးလိုက်ချင်စိတ် ပေါက်သွားခဲ့၏။
သို့သော် နောက်ပိုင်းတွင် လေစီ ပြန်စဉ်းစားကြည့်လိုက်ရာ ကတ်ပြားများ အားလုံးကို ရိုအန့်ထံ ပေးလိုက်ခြင်းက သိပ်မကောင်းလှချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့မှာ အသင်းဖော်များ ဖြစ်ကြသဖြင့် ရိုအန်၏ ကျန်းမာရေး အခြေအနေကိုလည်း လေစီ ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ပေသည်။
ထို့ကြောင့် ရက်ဒ်၏ မေးခွန်းကို ဖြေဆိုပြီးနောက် လေစီက ဗီဒီယို ကြည့်နေသော ရိုအန်၏ ဘေးသို့ ဖြည်းညင်းစွာ တိုးသွားလိုက်လေသည်။ အခြားသူများ သတိမထားမိစေရန် အသံတိတ်ဖြင့် ရိုအန့်ထံသို့ ကတ်ပြား ၃ ကတ်ကို တိတ်တဆိတ် ထည့်ပေးလိုက်ပေသည်။
မိမိ၏ အိတ်ကပ်ထဲ ရောက်လာသော ကတ်ပြားများကို မြင်လိုက်ရချိန်တွင် ရိုအန်၏ မျက်နှာပေါ်၌ နားမလည်နိုင်သော အမူအရာများ အထင်းသား ပေါ်လွင်သွားခဲ့ချေသည်။ လေစီ့ဘက်သို့ ခေါင်းစောင်းကြည့်လိုက်ရာ လေစီ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်နေသည်ကို မြင်လိုက်ရ၏။ လေစီက ရိုအန်၏ ပခုံးကို ပုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အားလုံးက နေရာကောင်းတွေချည်းပဲ... ဒါပေမဲ့ အရမ်း နောက်ကျတဲ့ အထိ မကစားမိစေနဲ့... နောက်နေ့ အလုပ်ဆင်းရဦးမယ်လေ..."
ဘာဖြစ်သွားမှန်း သေသေချာချာ မသိသော်လည်း ရိုအန်က စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ကတ်ပြားများကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပေသည်။ အခြား ရည်ရွယ်ချက် မရှိပါချေ။ လူငယ်သဘာဝ အတွေ့အကြုံ ဗဟုသုတများ ပိုမို တိုးပွားလာစေရန် ဆန္ဒရှိရုံ သက်သက်သာ ဖြစ်လေသည်။
ဘေးနားရှိ ရက်ဒ်က စက္ကူဖာထဲမှ အချက်အလက်များကို ခေတ္တမျှ လှန်လှောကြည့်ရှုပြီးနောက် ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ ခေါင်းမော့ကြည့်လိုက်ရာ ရိုအန်နှင့် လေစီတို့ နှစ်ဦး အတူထိုင်ကာ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်ကို မြင်သောအခါ ရက်ဒ်က ချက်ချင်း တိုးသွားပြီး ပြုံး၍ မေးမြန်းလိုက်ပေသည်။
"ဘယ်လိုလဲ... အခြေအနေသစ် တစ်ခုခုများ ရှာတွေ့သေးလား..."
ရက်ဒ်၏ စကားကို ကြားသောအခါ အချက်အလက်များ ဖတ်နေသော မိုနာကလည်း လှည့်လာပြီး သူတို့အနီးသို့ ချဉ်းကပ်လာခဲ့လေသည်။ နေရာကောင်းများ အကြောင်းကို မိတ်ဆက်ပေးနေသော လေစီ၏ နှုတ်ခမ်းထောင့်များ တစ်ချက် လှုပ်ခတ်သွားချေသည်။ ရိုအန်ကမူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကွန်ပျူတာထဲရှိ ဗီဒီယိုကို အနေအထား ချိန်ညှိကာ တည်ကြည်သော မျက်နှာထားဖြင့် စကားဆိုလိုက်၏။
"သေချာ ကြည့်ထား..."
ထိုစကားကို ကြားသောအခါ လူသုံးယောက်စလုံးက ကွန်ပျူတာဆီသို့ အလျင်အမြန် အကြည့်ရွှေ့လိုက်ကြပေသည်။ တုန်ခါနေသော ဗီဒီယိုထဲတွင် လူနာတင်ယာဉ် ဆိုက်ရောက်လာပြီးနောက် အမျိုးသမီး သူနာပြု နှစ်ဦးနှင့် ယာဉ်မောင်း တစ်ဦးတို့ အမြန် ဆင်းလာကြသည်ကို မြင်တွေ့ရလေသည်။ ထို့နောက် သတိလစ်နေသော အီဗန်ဒါကို ကားထဲမှ ဆွဲထုတ်ကာ လူနာတင်စင်ပေါ်သို့ တင်လိုက်ပြီး နောက်ဆုံးတွင် လူနာတင်စင်ကို လူနာတင်ယာဉ်ထဲသို့ မတင်သွားသော မြင်ကွင်းကို ပြသနေပေသည်။
ဗီဒီယို ပြီးဆုံးသွားသောအခါ မိုနာက စက္ကန့်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွားခဲ့၏။ ထို့နောက် ပြတ်ပြတ်သားသား လှည့်ကာ ကီးဘုတ်ကို စတင် ရိုက်နှိပ်တော့သည်။ လေစီက သေသေချာချာ ထပ်မံ ကြည့်ရှုပြီးနောက် သဘောပေါက်သွားဟန် ရှိလေသည်။ ရက်ဒ် တစ်ယောက်ကမူ ခေါင်းကုတ်ကာ နားမလည်နိုင်သော မျက်နှာထားဖြင့် ရိုအန်ကို ကြည့်လာချေသည်။
ရက်ဒ်၏ အမူအရာကို မြင်သောအခါ ရိုအန်က ဗီဒီယိုကို လူနာတင်ယာဉ် ယာဉ်မောင်း ဆင်းလာသော မြင်ကွင်းသို့ နောက်ကြောင်းပြန်ရစ်လိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပေသည်။
"ဒီ လူနာတင်ယာဉ် ယာဉ်မောင်းကို သေချာ ကြည့်စမ်း..."
ဗီဒီယို မြင်ကွင်းထဲတွင် လူနာတင်ယာဉ် ယာဉ်မောင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာသို့ ပထမဆုံး ရောက်ရှိလာသူ ဖြစ်လေသည်။ သို့သော် သူလုပ်ခဲ့သော ပထမဆုံး လုပ်ရပ်မှာ ယာဉ်မောင်းခုံတွင် ညပ်နေသော အီဗန်ဒါ၏ အခြေအနေကို မေးမြန်းခြင်း မဟုတ်သလို လူကို ကယ်တင်ရန် ပြင်ဆင်ခြင်းလည်း မဟုတ်ပေ။ ထိုအစား သူ၏ လက်ကို အီဗန်ဒါ၏ လည်ပင်းဆီသို့ အရင်ဆုံး လှမ်းလိုက်ပြီး အီဗန်ဒါ သေဆုံးခြင်း ရှိမရှိကို စစ်ဆေးလိုက်ခြင်းပင် ဖြစ်၏။
ဗီဒီယိုကို ကြည့်ပြီးနောက် ရက်ဒ်က ခေါင်းစောင်း၍ နားမလည်နိုင်စွာ မေးမြန်းလာလေသည်။
"ဒါက ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုပဲ မဟုတ်လား..."
ရိုအန်က ခေါင်းယမ်းလိုက်ပြီး ဗီဒီယိုကို နှေးကွေးစွာ ဖွင့်ပြလိုက်၏။
"မဟုတ်ဘူး... အသေးစိတ်ကို သတိထားကြည့်..."
ထိုအချိန်ကျမှသာ အီဗန်ဒါ သေဆုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိပြီးနောက် လူနာတင်ယာဉ် ယာဉ်မောင်းက ခေါင်းကို သိမ်မွေ့စွာ တစ်ချက် ညိတ်လိုက်ပြီး သူ၏ ဗိုက်မှာလည်း ဖြည်းညင်းစွာ ဖောင်းကားလာသည်ကို ရက်ဒ် သတိပြုမိသွားချေသည်။ လူနာတင်ယာဉ် ယာဉ်မောင်း တစ်ယောက် သက်ပြင်းချလိုက်ခြင်းမှာ အလွန် ထင်ရှားနေပေသည်။
ဒါတင်မကသေးဘဲ အီဗန်ဒါကို ယာဉ်မောင်းခန်းထဲမှ ဆွဲထုတ်ရာတွင် လူနာတင်ယာဉ် ယာဉ်မောင်း၏ လုပ်ရပ်မှာ အလွန် ကြမ်းတမ်းလွန်းလှ၏။ မိသားစုဝင်များသာ မြင်ပါက ဆဲဆိုမိမည့် လုပ်ရပ်မျိုး ဖြစ်လေသည်။ ရိုအန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရက်ဒ်က သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပေသည်။ ထိုအချိန်မှာပင် ဘေးနားရှိ မိုနာက အသံကျယ်ကျယ်ဖြင့် လှမ်းပြောလာချေသည်။
"ရိုအန်... ဒီ လူနာတင်ယာဉ် ယာဉ်မောင်းရဲ့ အချက်အလက်တွေကို ငါ ရှာတွေ့သွားပြီ..."
ထိုစကားကို ကြားသောအခါ ရိုအန်နှင့် ရက်ဒ်တို့ အလျင်အမြန် အနီးသို့ တိုးသွားကြလေသည်။ မိုနာက အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
"လူနာတင်ယာဉ် ယာဉ်မောင်း နာမည်က ကင်နိုလီ မာတင် တဲ့... မနေ့ညက ယာဉ်တိုက်မှု ဖြစ်ပြီးတဲ့နောက် သူက ချက်ချင်း ခွင့်ယူပြီး အိမ်ပြန်သွားခဲ့တယ်... ဒီနေ့ အလုပ်မဆင်းဘူး... သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖုန်းဆက်တာလည်း လုံးဝ မကိုင်ဘူး..."
ထိုစကားကို ကြားသောအခါ ရိုအန်က ခဏမျှပင် တွန့်ဆုတ်မနေဘဲ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ရက်ဒ်ကို ခေါ်ကာ လက်နက်တိုက်ဆီသို့ ဦးတည်သွားလိုက်ပေသည်။
"ကောင်းပြီ... အခုပဲ အဲဒီ မစ္စတာ မာတင် ဆီ သွားပြီး စကားနည်းနည်းလောက် သွားပြောကြတာပေါ့..."
ဘရွတ်ကလင်း ရပ်ကွက်ရှိ လူနေအိမ်ရာ ငယ်လေး တစ်ခုတွင် ဖြစ်လေသည်။ အမည်းရောင် အက်စ်ယူဗီ ကားကြီးသည် အဝေးမှ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး လမ်းဘေးတွင် ဘရိတ်အုပ်ကာ ရုတ်တရက် ရပ်တန့်သွားပေသည်။
ကားမောင်းလာသော ရိုအန်နှင့် ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ရက်ဒ်တို့သည် ခန္ဓာကိုယ်ပေါ်ရှိ လက်နက် ကိရိယာများကို သေသေချာချာ စစ်ဆေးလိုက်ကြ၏။ ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် အချင်းချင်း ကြည့်ကာ တစ်ပြိုင်နက်တည်း သွားပေါ်အောင် ပြုံးလိုက်ကြလေသည်။ ထို့နောက် ကားတံခါးကို တွန်းဖွင့်ကာ လမ်းတစ်ဖက်ကမ်းရှိ လူနေအိမ်ရာ ဘက်သို့ အမြန် လျှောက်သွားခဲ့ကြပေသည်။
မာတင်၏ အိမ်မှာ ပဉ္စမထပ်တွင် တည်ရှိလေသည်။ ရိုအန်နှင့် ရက်ဒ်တို့ ထိုနေရာသို့ ရောက်ရှိသွားသောအခါ လက်နှစ်ဖက်ဖြင့် သေနတ်ကို ကိုင်ဆောင်ကာ တိုက်ပွဲဝင် ကိုယ်နေဟန်ထားဖြင့် တံခါး၏ ဘယ်ညာ နှစ်ဖက်တွင် ရပ်လိုက်ကြ၏။ မျက်လုံးချင်း ဆုံကာ ၃... ၂... ၁... ဟု နောက်ပြန် ရေတွက်ပြီးနောက် ရိုအန်က ညာဘက် ခြေထောက်ကို မြှောက်ကာ အိမ်တံခါးကို အရှိန်ပြင်းပြင်းဖြင့် ဆောင့်ကန်လိုက်ပေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ တံခါးကြီးမှာ အခန်းတွင်းသို့ လွင့်စဉ်သွားချေသည်။
"အက်ဖ်ဘီအိုင်..."
ရိုအန်နှင့် ရက်ဒ်တို့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
အခန်းတွင်းသို့ လွင့်စဉ်သွားပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်သို့ ပြုတ်ကျသွားသော တံခါးကြီးကို မြင်သောအခါ ရက်ဒ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပေသည်။ သို့သော် ယခုအချိန်မှာ မေးခွန်းထုတ်ရမည့် အချိန် မဟုတ်သဖြင့် ရက်ဒ်က တံတွေးကို ခပ်ပြင်းပြင်း တစ်ချက် မျိုချလိုက်၏။ ထို့နောက် ရိုအန်၏ နောက်မှ အလျင်အမြန် လိုက်သွားကာ အိမ်ထဲရှိ အခန်းတိုင်းကို စတင် စစ်ဆေးတော့သည်။
"လုံခြုံတယ်..."
"ဒီဘက်လည်း လုံခြုံတယ်..."
အိပ်ခန်း... မီးဖိုချောင်နှင့် ရေချိုးခန်း တို့တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် ရိုအန်နှင့် ရက်ဒ်တို့က တစ်ပြိုင်နက်တည်း အစီရင်ခံလိုက်ကြလေသည်။ သေနတ်များကို သိမ်းဆည်းကာ ဧည့်ခန်းသို့ ပြန်ရောက်လာပြီးနောက် ရိုအန်က အိမ်အတွင်းပိုင်းကို သေသေချာချာ စတင် စစ်ဆေးတော့သည်။
ရက်ဒ်ကမူ ဆိုဖာပေါ်ရှိ တံခါးကြီးကို ဆွဲမကာ အားဖြင့် လှုပ်ကြည့်လိုက်ပြီးနောက် ရိုအန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်ချေသည်။
"ရိုအန်... ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ..."
ရက်ဒ်၏ မေးခွန်းကို မဖြေတော့ဘဲ ရိုအန်က ဒုတိယ အိပ်ခန်းဆီသို့ အမြန်လာရန် လက်ယမ်းခေါ်လိုက်ပေသည်။
"အဲဒါကို ခဏ ထားလိုက်ဦး... ဒီကို အမြန်လာခဲ့စမ်း..."
တံခါးကြီးကို ပစ်ချကာ အခန်းထဲသို့ ဝင်သွားသောအခါ ဒုတိယ အိပ်ခန်း၏ အဝတ်ဗီရိုထဲတွင် ပလတ်စတစ်ဖြင့် ရစ်ပတ်ထားသော လူပုံစံ ပိုးတောင့် တစ်ခုကို ရက်ဒ် အံ့သြဖွယ်ရာ မြင်တွေ့လိုက်ရလေသည်။ ထို့အပြင် ရိုအန်က ဒုတိယ အိပ်ခန်း၏ ကုတင်အောက်မှ ဝါယာကြိုးများ... သံဘောစေ့များ နှင့် သံမှိုများ အစရှိသော ပစ္စည်း အများအပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့ချေသည်။