အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း ၁၂၂ စီအိုင်အေ လူလုသည့် အစီအစဉ် ကျရှုံးခြင်း
ကောင်းကင်မှ ကျလာသော အသံဖမ်းဗုံး ၄ လုံးကို မြင်လိုက်ရချိန်တွင် ရက်ဒ် ၏ နှုတ်ခမ်းထောင့်များ တစ်ချက် လှုပ်ခတ်သွားပြီး မည်သူ ရောက်လာသနည်း ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
"ခွေးမသား..."
မျက်နှာချင်းဆိုင်ရှိ ကားကြီး နောက်ကွယ်မှ တောမတ်စ် က စူးရှသော အသံဖြင့် ကျိန်ဆဲလိုက်ပြီး ခန္ဓာကိုယ်ကို အမြန် ကိုင်းညွတ်ကာ ပုန်းကွယ်လိုက်၏။
အသံဖမ်းဗုံး ၄ လုံး ဆက်တိုက် ပေါက်ကွဲသွားပြီးနောက် အနီးအနားရှိ ကားအချို့၏ မှန်များမှာ မျက်စိတစ်မှိတ် အတွင်း ကွဲကြေသွားခဲ့ချေသည်။
အသံဖမ်းဗုံးများ ပစ်ပေါက်ပြီးနောက် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရိုအန် က လူစီးကား တစ်စီး၏ ခေါင်းပိုင်းမှ လျှောတိုက် ဆင်းလာကာ ရက်ဒ် ၏ ဘေးသို့ အမြန် ရောက်ရှိလာခဲ့ပေသည်။ ထို့နောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ လေးနက်သော လေသံဖြင့် မေးမြန်းလိုက်လေသည်။
"ရက်ဒ်... အဆင်ပြေရဲ့လား..."
"အဆင်ပြေတယ်..."
ရက်ဒ် က ရင်ဘတ်ကို ပုတ်ပြကာ ဒဏ်ရာ မရရှိထားကြောင်း အချက်ပြလိုက်၏။
ရိုအန် က ခေါင်းညိတ်ပြလိုက်ပြီး ဂလော့ခ် ၁၈ သေနတ်ကို ကိုင်ဆောင်ကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပေသည်။ ထို့နောက် ရက်ဒ် နှင့် အတူ ဘယ်ညာ ခွဲကာ တိုက်ပွဲဝင် ကိုယ်နေဟန်ထားဖြင့် ကားကြီး နောက်ကွယ်သို့ တိုးကပ်သွားခဲ့ချေသည်။
ရိုအန် နှင့် ရက်ဒ် တို့ ထင်မှတ်ထားသည့် အတိုင်းပင် အသံဖမ်းဗုံး ၄ လုံး၏ ဒဏ်ကို ခံလိုက်ရသော တောမတ်စ် မှာ သတိလစ် မေ့မြောကာ မြေပြင်ပေါ်တွင် ပုံကျနေလေပြီ။ ရိုအန် က တောမတ်စ် ၏ ဘေးနားရှိ ရိုင်ဖယ်သေနတ် ကို သတိထားကာ ဖယ်ရှားလိုက်ပြီး ရက်ဒ် က လက်ထိပ်ကို ထုတ်ယူကာ တောမတ်စ် ၏ လက်နှစ်ဖက်ကို အနောက်သို့ ပြန်ချည်၍ ခတ်လိုက်လေသည်။
တောမတ်စ် ၏ အိတ်ကပ်များ နှင့် ဘေးနားရှိ ကားကြီးကို သေသေချာချာ ရှာဖွေပြီးနောက် ရိုအန် က ယာဉ်မောင်းလိုင်စင် တစ်ခုကို အောင်မြင်စွာ ရှာဖွေ တွေ့ရှိသွားခဲ့ပေသည်။
"ဒေမွန်တီ အဒမ်..."
ယာဉ်မောင်းလိုင်စင်ပေါ်ရှိ ဓာတ်ပုံကို ကြည့်ရင်း ရိုအန် က နှုတ်ခမ်းကို သပ်လိုက်၏။ ဘေးနားရှိ ရက်ဒ် က မျက်တောင် တစ်ချက် ခတ်ကာ စကားဆိုလာလေသည်။
"ဒါက တောမတ်စ် ရဲ့ နာမည် အရင်း ဖြစ်ပုံရတယ်..."
"ဖြစ်နိုင်ပါတယ်..."
ရိုအန် က ပခုံးတွန့်ပြလိုက်ပြီး မိုဘိုင်းဖုန်းကို ထုတ်ကာ မိုနာ့ ထံသို့ ဖုန်းခေါ်ဆို၍ ထိုလူအကြောင်း စုံစမ်းခိုင်းလိုက်ပေသည်။
ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် အက်ဖ်ဘီအိုင် ၏ မီးခိုးပြာရောင် အပေါ်ထပ် အင်္ကျီကို ဝတ်ဆင်ထားပြီး ခါးကြားတွင် ဂလော့ခ် သေနတ် ကိုင်ဆောင်ထားသော လူလတ်ပိုင်း လူဖြူ အမျိုးသား တစ်ဦးသည် အဝေးမှ လျှောက်လာခဲ့ချေသည်။ ထိုလူလတ်ပိုင်း အမျိုးသား၏ နောက်တွင် ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အသက် အနည်းငယ် ပိုငယ်သော လူဖြူ လူငယ် တစ်ဦးလည်း ပါဝင်လာလေသည်။
"မင်္ဂလာပါ... ကျွန်တော့် နာမည်က တယ်ရီ ပါ... အက်ဖ်ဘီအိုင် ရဲ့ ဖောက်ခွဲရေး ပစ္စည်း နှိမ်နင်းရေး ဌာန ကပါ..."
ရှေ့မှ လျှောက်လာသော လူလတ်ပိုင်း လူဖြူ အမျိုးသား က လက်ကမ်းပေးကာ ရိုအန် နှင့် ရက်ဒ် တို့ကို နှုတ်ဆက်လိုက်ပြီး ပြုံး၍ မေးမြန်းလာ၏။
"မေးပါရစေဦး... ခင်ဗျားတို့ ဖမ်းထားတဲ့ ဒီကောင်က ခုနက ပေါက်ကွဲမှုကို ဖန်တီးခဲ့တဲ့ တရားခံလား..."
ထိုစကားကို ကြားသောအခါ ရက်ဒ် ၏ မျက်မှောင်များ ပင့်တက်သွားပြီး စကားပြန်ပြောရန် ပြင်လိုက်ပေသည်။ သို့သော် ရိုအန် က ရက်ဒ် ၏ လက်မောင်းကို အလျင်အမြန် ပုတ်ကာ တားဆီးလိုက်ပြီး ခေါင်းစောင်း၍ ပြုံးကာ ဖြေကြားလိုက်လေသည်။
"မဟုတ်ပါဘူး..."
တယ်ရီ နှင့် သူ၏ အသင်းဖော်မှာ ထိုစကားကို ကြားပြီးနောက် မျက်နှာအမူအရာများ ချက်ချင်း တောင့်တင်းသွားခဲ့ချေသည်။
"တခြား ကိစ္စများ ရှိသေးလား..."
ရိုအန် ၏ မျက်နှာပေါ်ရှိ အပြုံးမှာ နေရောင်ခြည်ကဲ့သို့ တောက်ပနေပေသည်။
"မရှိတော့ဘူး ဆိုရင် ကျွန်တော်တို့ သွားလိုက်ပါဦးမယ်..."
စကားသံ အဆုံးတွင် တယ်ရီ တို့ နှစ်ဦး ပြန်လည် တုံ့ပြန်သည်ကိုပင် မစောင့်တော့ဘဲ ရိုအန် က ရက်ဒ် ၏ လက်မောင်းကို ပုတ်ကာ တောမတ်စ် အား ခေါ်ဆောင်၍ မလှမ်းမကမ်းရှိ အက်စ်ယူဗီ ကားကြီးဆီသို့ ထွက်ခွာရန် အချက်ပြလိုက်လေသည်။
"ခဏ နေကြပါဦး သူငယ်ချင်းတို့..."
ရိုအန် နှင့် ရက်ဒ် တို့ ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် တယ်ရီ တို့ နှစ်ဦးက အနောက်မှ လိုက်လာခဲ့၏။ ထို့နောက် ရိုအန် နှင့် ရက်ဒ် တို့၏ ရှေ့တွင် လက်တန်းကာ တားဆီးလိုက်ပြီး ပြုံး၍ စကားဆိုလာပေသည်။
"ခင်ဗျားတို့..."
တယ်ရီ ၏ စကားမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားခဲ့ချေသည်။ အကြောင်းမှာ ရိုအန် က မိမိ၏ ဂလော့ခ် ၁၈ သေနတ်ကို ဆွဲထုတ်လိုက်သောကြောင့် ဖြစ်လေသည်။ တယ်ရီ ၏ ဘေးနားရှိ အသင်းဖော် လူငယ်မှာ ထိုမြင်ကွင်းကို မြင်သောအခါ ခါးကြားရှိ သေနတ်ဆီသို့ အလိုအလျောက် လက်လှမ်းသွားခဲ့ပေသည်။
"မစ္စတာ တယ်ရီ..."
ထိုအခြေအနေကို မြင်သောအခါ ရိုအန် ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ရက်ဒ် အား တောမတ်စ် ကို ခေါ်ဆောင်ကာ အက်စ်ယူဗီ ကားကြီးဆီသို့ အရင် ပြန်သွားရန် လက်ယမ်း အချက်ပြလိုက်ပြီးနောက် တယ်ရီ ကို ပြုံး၍ စကားဆိုလိုက်လေသည်။
"ခင်ဗျားတို့ရဲ့ တာဝန်က ဘာလဲ ဆိုတာကို ကျွန်တော် သိသလို ကျွန်တော်တို့ရဲ့ တာဝန်က ဘာလဲ ဆိုတာကိုလည်း ခင်ဗျား သိပါတယ်... ဒါပေမဲ့ ဒီလူကို ဖမ်းမိခဲ့တာက ကျွန်တော်တို့ပဲ... ဒါကြောင့် ဒီလူကို ကျွန်တော်တို့ပဲ ခေါ်သွားလိမ့်မယ်... ရှင်းရဲ့လား..."
တယ်ရီ ကို စတင် မြင်တွေ့လိုက်ရကတည်းက ရိုအန် ၏ စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသလို ခံစားခဲ့ရပေသည်။ ထို့အပြင် အစောပိုင်းက တယ်ရီ သည် မိမိ၏ အမည်နှင့် ရာထူးကိုသာ မိတ်ဆက်ခဲ့ပြီး ရိုအန် နှင့် ရက်ဒ် တို့၏ သရုပ်မှန်ကို မေးမြန်းခြင်း မရှိခဲ့ချေ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူက မိမိတို့ကို ကြိုတင် သိရှိနေကြောင်း ရိုအန် ချက်ချင်း ကောက်ချက်ချနိုင်ခဲ့လေသည်။
ထို့နောက် တယ်ရီ ၏ စကားများ အရ သူတို့၏ ပစ်မှတ်မှာ တောမတ်စ် ဖြစ်နေကြောင်း သိလိုက်ရသောအခါ ရိုအန် က ခေတ္တမျှ စဉ်းစားလိုက်ပြီး တစ်ဖက်လူ၏ သရုပ်မှန် အစစ်အမှန်ကို အလွယ်တကူ ခန့်မှန်းမိသွားခဲ့၏။ ထိုသူများမှာ မဒမ် ဟယ်လွိုက်စ် ၏ လက်အောက်မှ စီအိုင်အေ အထူးအေးဂျင့်များ ဖြစ်လေသည်။
စီအိုင်အေ အဖွဲ့သားများ အနေဖြင့် အက်ဖ်ဘီအိုင် ၏ ဝတ်စုံနှင့် အသုံးအဆောင်များကို မည်သို့ ရရှိလာသနည်း ဆိုသည်ကတော့ အမေရိကန် ၏ ကိုယ်ပိုင် နိုင်ငံရေး အခြေအနေများကြောင့်ပင် ဖြစ်ပေသည်။
အပေါ်ယံ ကြည့်မည် ဆိုလျှင် ဖက်ဒရယ် ဥပဒေ အရ စီအိုင်အေ ကို ပြည်တွင်း၌ လှုပ်ရှားခွင့် ပိတ်ပင်ထားလေသည်။ သို့သော် တကယ်တမ်းတွင် စီအိုင်အေ ၏ ပြည်တွင်း လှုပ်ရှားမှုများမှာ တစ်ခါမှ လျော့နည်းသွားခဲ့ခြင်း မရှိချေ။ ထို စီအိုင်အေ အဖွဲ့သားများမှာ အများအားဖြင့် အက်ဖ်ဘီအိုင် ဒီအီးအေ နှင့် အင်န်အက်စ်အေ အစရှိသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အမည်များကို အလွဲသုံးစား ပြုလုပ်၍ အယောင်ဆောင် လှုပ်ရှားလေ့ ရှိကြပေသည်။
မိမိ၏ သရုပ်မှန်ကို ရိုအန် ရိပ်မိသွားကြောင်း သိလိုက်ရသောအခါ တယ်ရီ က ဆက်လက် ဟန်ဆောင် မနေတော့ဘဲ မျက်နှာထား ချက်ချင်း တင်းမာသွားချေသည်။
"စုံထောက် ရိုအန်... ဒီကောင်ကို ကျွန်တော်တို့ သေချာပေါက် ခေါ်သွားရလိမ့်မယ်..."
"မဖြစ်နိုင်ဘူး..."
ရိုအန် က နှုတ်ခမ်းကို သပ်လိုက်၏။ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမို တောက်ပ နွေးထွေးလာသော်လည်း ညာဘက်လက်ကမူ ဂလော့ခ် ၁၈ သေနတ်၏ မောင်းခလုတ် လုံခြုံရေး နေရာသို့ ဖြည်းညင်းစွာ ရောက်ရှိသွားခဲ့ပေသည်။
"အရင်စကား အတိုင်းပဲ... ဒီလူကို ဖမ်းမိခဲ့တာ ကျွန်တော်တို့ပဲ..."
ရိုအန် ၏ စကားကို ကြားသောအခါ တယ်ရီ ၏ ဘေးနားရှိ အသင်းဖော် လူငယ်၏ မျက်ခုံးများ တဖြည်းဖြည်း ပင့်တက်သွားပြီး ခါးကြားရှိ သေနတ်ကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်လေသည်။
"မလုပ်နဲ့..."
ထိုအခြေအနေကို မြင်သောအခါ တယ်ရီ က အသင်းဖော် လူငယ်၏ လှုပ်ရှားမှုကို လက်ဖြင့် ဖိနှိပ် တားဆီးလိုက်၏။ ထို့နောက် ရိုအန် ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အသံကို နှိမ့်၍ မေးမြန်းလိုက်ပေသည်။
"လူကို လုံးဝ မပေးနိုင်ဘူး ဆိုတာ သေချာရဲ့လား..."
ရိုအန် က ဘာမှ ပြန်မဖြေတော့ဘဲ သဘောကျစွာ ရယ်မောလိုက်လေသည်။ ထို့နောက် ညာဘက်လက်ဖြင့် ဂလော့ခ် ၁၈ ၏ မောင်းခလုတ် လုံခြုံရေးကို ဖြည်းညင်းစွာ ဖြုတ်လိုက်ချေသည်။
ရိုအန် နှင့် တယ်ရီ တို့ နှစ်ဦး ခေတ္တမျှ မျက်လုံးချင်း စစ်ခင်းနေကြ၏။ နောက်ဆုံးတွင် တယ်ရီ က မျက်နှာထား မှောင်မည်းစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ... ဒီလူက ခင်ဗျားတို့ အပိုင်ပဲ..."
စကားသံ အဆုံးတွင် တယ်ရီ က ခဏမျှပင် တွန့်ဆုတ်မနေဘဲ ဘေးနားရှိ လူဖြူ လူငယ်ကို ဆွဲကာ အလျင်အမြန် လှည့်ထွက်သွားခဲ့ပေသည်။
ထိုသူ နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း ရိုအန် ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဂလော့ခ် ၁၈ သေနတ်ကို ဖြည်းညင်းစွာ ပြန်သိမ်းလိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ ဖွဖွလေး ပြုံးလိုက်လေသည်။
'ကြည့်ရတာ စီအိုင်အေ အဖွဲ့တွင်းက အက်ဖ်ဘီအိုင် ထက် ပိုပြီး ရှုပ်ထွေးနေပုံ ရတယ်...'
အက်စ်ယူဗီ ကားကြီးဆီသို့ ပြန်ရောက်လာပြီးနောက် ရက်ဒ် အနေဖြင့် လူနာတင်ယာဉ်ကို ဆက်သွယ်ပြီးပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရိုအန် က မိုဘိုင်းဖုန်းကို ထုတ်ယူကာ မိုနာ့ ထံသို့ အရင်ဆုံး ဖုန်းခေါ်ဆိုလိုက်ပေသည်။
မိုနာ ၏ စုံစမ်းစစ်ဆေးချက်များ အရ ထို ဒေမွန်တီ အဒမ် သည် ယခင်က နိုင်ငံခြား ဒေသ အချို့တွင် စစ်မှုထမ်းခဲ့ဖူးကြောင်း သိလိုက်ရ၏။ ထို့အပြင် ဒေမွန်တီ စစ်မှုထမ်းခဲ့သော နေရာ အတော်များများမှာ ဂျွန်ကင်း နှင့် တိုက်ဆိုင်နေလေသည်။ ထိုအချက်ကို သိလိုက်ရသောအခါ ရိုအန် က ခေါင်းညိတ်လိုက်ပေသည်။ ဒေမွန်တီ သည်လည်း ဂျွန်ကင်း ၏ လှည့်စားခြင်းကို ခံခဲ့ရသော သာမန် စစ်သား တစ်ဦးသာ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော် များချေသည်။
မိုနာ နှင့် ဖုန်းပြောပြီးနောက် ရိုအန် က ဗီရိုနီးစ် ထံသို့ ထပ်မံ ဖုန်းခေါ်ဆိုလိုက်၏။ မကြာမီမှာပင် ဖုန်းဝင်သွားခဲ့လေသည်။
"မင်္ဂလာ ညနေခင်းပါ ခေါင်းဆောင်..."
ရိုအန် ၏ ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစည်းအဝေးခန်းမ အတွင်း၌ ရှိနေသော ဗီရိုနီးစ် မှာ အလိုအလျောက် သက်ပြင်းချမိသွားခဲ့ပေသည်။ အစည်းအဝေးခန်းမ၏ ထောင့်ချိုး တစ်နေရာတွင် မျက်နှာထား မှောင်မည်းစွာဖြင့် ဖုန်းပြောနေသော မဒမ် ဟယ်လွိုက်စ် ကို တစ်ချက် စောင်းကြည့်လိုက်ပြီးနောက် ဗီရိုနီးစ် က အေးစက်သော လေသံဖြင့် မေးမြန်းလိုက်လေသည်။
"အခင်းဖြစ်ပွားရာ နေရာမှာ အခြေအနေ ဘယ်လို ရှိလဲ..."
"ပေါက်ကွဲမှုကို ဖြစ်စေခဲ့တာက အဲဒီ ကျောပိုးအိတ် ဗုံးပဲ..."
ရိုအန် က ထိပ်ပြောင်ပြောင်နှင့် လုံခြုံရေး ဝန်ထမ်း၏ ပြောစကားများကို အကြမ်းဖျင်း ပြန်လည် ရှင်းပြလိုက်၏။ ဂျွန်ကင်း မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကလေးငယ်၏ အသက်အန္တရာယ်ကိုမူ မသိရသေးကြောင်းနှင့် ယခုအခါ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားပြီ ဖြစ်ကြောင်း ပြောပြလိုက်ပေသည်။
ဂျွန်ကင်း ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းကို ကြားသောအခါ ဗီရိုနီးစ် ၏ မျက်မှောင်များ ပင့်တက်သွားပြီး ဆက်လက် မေးမြန်းလိုက်ချေသည်။
"တရားခံကို ဖမ်းမိပြီလား..."
"မမိသေးဘူး..."
ဂျက်ကွဲ တစ်ယောက် လုံးဝ အရိပ်အယောင် မပြခဲ့သဖြင့် လောလောဆယ်တွင် တစ်ဖက်လူ ဘယ်မှာ ပုန်းအောင်းနေသနည်း ဆိုသည်ကို မသိရသေးကြောင်း ရိုအန် က ရှင်းပြလိုက်လေသည်။
"ဒါပေမဲ့ ကျွန်တော်တို့ တောမတ်စ် ကိုတော့ ဖမ်းမိထားတယ်... သူ့ရဲ့ နာမည် အရင်းက ဒေမွန်တီ အဒမ် တဲ့..."
မိုနာ စုံစမ်းထားသော အချက်အလက်များကို ဗီရိုနီးစ် ထံသို့ အကြမ်းဖျင်း ရှင်းပြပြီးနောက် ရိုအန် က နောက်ဆုံးတွင် ကောက်ချက်ချလိုက်ပေသည်။
"ဒီ ဒေမွန်တီ ဆီကနေ တစ်ဆင့် ဂျက်ကွဲ ဘယ်မှာ ပုန်းနေလဲ ဆိုတာကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ပါလိမ့်မယ်..."
"အရမ်း ကောင်းတယ်..."
ဗီရိုနီးစ် က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ နောက်ပိုင်းတွင် မဒမ် ဟယ်လွိုက်စ် က လူလွှတ်ကာ တရားခံကို လုယူရန် ကြိုးစားခဲ့ကြောင်း ကြားသိရသောအခါ ဗီရိုနီးစ် ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုသော အပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။ ထိုကိစ္စကို နောက်ပိုင်းမှ သူမ ကိုယ်တိုင် ဖြေရှင်းမည် ဖြစ်ကြောင်း ပြောကြားပြီးနောက် ဖုန်းချသွားခဲ့လေသည်။
အခြားတစ်ဖက်တွင် အစည်းအဝေးခန်းမ၏ ထောင့်ချိုး နေရာ၌ ရှိနေသော မဒမ် ဟယ်လွိုက်စ် မှာ တယ်ရီ တို့ အနေဖြင့် ရိုအန် ၏ လက်ထဲမှ တောမတ်စ် ကို မလုယူနိုင်ခဲ့ကြောင်း သိရှိပြီးနောက် မျက်ဝန်းများ အတွင်း၌ ဒေါသများ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့၏။ မျက်နှာထားမှာလည်း အလွန်တရာ ဆိုးရွား နေခဲ့ချေသည်။
မဒမ် ဟယ်လွိုက်စ် က အော်ဟစ် ဆဲဆိုရန် ပြင်လိုက်ချိန်မှာပင် ဗီရိုနီးစ် ၏ အေးစက်သော စကားသံက သူမ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
"မဒမ် ဟယ်လွိုက်စ်... အခုတော့ ကျွန်မတို့ သေသေချာချာ စကားပြောလို့ ရပြီ မဟုတ်လား..."
မိမိ လက်ထဲရှိ အချက်အလက် မှတ်တမ်းများနှင့် ရိုအန် ပြောပြခဲ့သော အမှု ဖော်ထုတ်မှု ဖြစ်စဉ်များကို ငုံ့ကြည့်ပြီးနောက် ဗီရိုနီးစ် က နှုတ်ခမ်းကို သပ်လိုက်ပေသည်။
ယခုအခါ ဗီရိုနီးစ် အနေဖြင့် ဤအမှု၏ နောက်ခံ အခြေအနေနှင့် ဖြစ်စဉ် တစ်ခုလုံး အပြင် မဒမ် ဟယ်လွိုက်စ် ပါဝင် ပတ်သက်နေသော အခန်းကဏ္ဍ အားလုံးကို အကြမ်းဖျင်း ချိတ်ဆက် နားလည်သွားခဲ့ပြီ ဖြစ်လေတော့သည်။