အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း ၁၂၄ ဂျက်ကွဲ ပုန်းအောင်းနေသည့် နေရာ အစစ်အမှန်
"စစ်ဆေးမေးမြန်းရေး အခန်းထဲမှာ ရှိနေတာက တောမတ်စ် ပဲ... သူ့ရဲ့ နာမည်အရင်းက ဒေမွန်တီ အဒမ် တဲ့..."
ဗီရိုနီးစ်၏ အကြည့်ကို မြင်သောအခါ ဘေးနားရှိ မိုနာက လက်ချောင်းဆယ်ချောင်းဖြင့် ကီးဘုတ်ပေါ်တွင် ခပ်မြန်မြန် ရိုက်နှိပ်လိုက်ပြီးနောက် ရှင်းပြလိုက်လေသည်။
"သူ့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံက ဂျက်ကွဲ နဲ့ ခပ်ဆင်ဆင်ပဲ... ဂျွန်ကင်း ရဲ့ လှည့်စား ချောက်ချတာကို ခံခဲ့ရတဲ့ စစ်သားတွေပေါ့..."
"အိုကေ..."
မိုနာ၏ စကားကို ကြားသောအခါ ဗီရိုနီးစ်က ခေါင်းညိတ်လိုက်၏။ ထို့နောက် လူအားလုံးဘက်သို့ လှည့်ကြည့်ကာ ဤအမှုက ဤနေရာတွင်ပင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ဂျက်ကွဲကို ဖမ်းဆီးရန် ဖမ်းဝရမ်းများ မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောလိုက်ပေသည်။ ရုံးဆင်းချိန်လည်း နီးကပ်လာပြီ ဖြစ်သဖြင့် ရုံးဆင်းသင့်သူများ ရုံးဆင်းကာ အိမ်ပြန်သင့်သူများ အိမ်ပြန်နိုင်ပြီ ဖြစ်ကြောင်း အသိပေးလိုက်ချေသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံထောက်များ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ အနည်းငယ် ကွေးတက်သွားပေသည်။ ရိုအန်ကို ကျေနပ် အားရစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားခဲ့၏။
မိုနာက မျက်မှောင် တစ်ချက် ပင့်လိုက်ပြီး သြဂတ်စ်ဘက်သို့ လှည့်ကာ နားမလည်နိုင်သော မျက်နှာထားဖြင့် မေးမြန်းလိုက်ချေသည်။
"ခေါင်းဆောင်... ကျွန်မတို့ ဒေမွန်တီ ကို စစ်ဆေးမေးမြန်းဖို့ လိုသေးလို့လား..."
သြဂတ်စ်က သူ၏ ဗိုက်အိအိကြီးကို ပုတ်လိုက်ပြီး ဘာစကားမျှ ပြန်မပြောခဲ့ချေ။
အစောပိုင်းက ရိုအန်နှင့် ရက်ဒ်တို့ကို ဒေမွန်တီအား ဖမ်းဆီး ခေါ်ဆောင်လာရန် ညွှန်ကြားခဲ့ခြင်းမှာ ထိုအချိန်က အမှုသည် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လက်အောက်တွင် ရှိနေသေးသောကြောင့် ဖြစ်ပေသည်။ အခြား တစ်ဖက်တွင်လည်း စီအိုင်အေ က သူတို့ထက် အရင် တရားခံကို ဖမ်းမိသွားပါက အခြေအနေများ ပြောင်းပြန် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်လည်း ပါဝင်လေသည်။
သို့သော် မနက်ဖြန်တွင် ဤအမှုက အမှတ် ငါး အဖွဲ့နှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။ ဗီရိုနီးစ် ကိုယ်တိုင်ကလည်း ဤအမှုမှာ ဤနေရာတွင်ပင် ပြီးဆုံးပြီဟု ပြောကြားခဲ့သဖြင့် စစ်ဆေးရန် မလိုတော့ပေ။
သြဂတ်စ်က စက္ကန့်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးနောက် သူ၏ လူမည်း မျက်နှာကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"စစ်ဆေးကြည့်မယ် ဆိုလည်း ရပါတယ်... ကြားရသလောက်တော့ ဂျက်ကွဲ ရဲ့ ဖမ်းဝရမ်း ဆုကြေးငွေက ဒေါ်လာ ၁ သန်း တောင် ရှိတယ်တဲ့... တကယ်လို့ မင်းတို့သာ ဒေမွန်တီ ရဲ့ ပါးစပ်ကနေ ဂျက်ကွဲ ပုန်းနေတဲ့ နေရာကို သိအောင် လုပ်နိုင်ရင်..."
ထိုစကားကို ကြားသောအခါ မိုနာ၏ မျက်ဝန်းများက ချက်ချင်း အရောင်လက်သွားလေသည်။ ထို့နောက် အလျင်အမြန် လှည့်ကာ ဘေးနားရှိ ရိုအန့်ထံသို့ အကြည့်ရွှေ့လိုက်ပေသည်။
မိုနာ၏ အကြည့်ကို မြင်သောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားချေသည်။ ကော်ဖီ တစ်ငုံ သောက်လိုက်ပြီးနောက် မိုနာနှင့်အတူ စစ်ဆေးမေးမြန်းရေး အခန်းထဲသို့ ဝင်ရောက်သွားခဲ့၏။
မိနစ် ၄၀ ကြာပြီးနောက် ရိုအန်နှင့် မိုနာတို့ နှစ်ဦး စစ်ဆေးမေးမြန်းရေး အခန်းထဲမှ ပြန်ထွက်လာခဲ့ကြလေသည်။
မိမိ၏ အလုပ်စားပွဲတွင် ထိုင်နေသော လေစီက အကြောဆန့်လိုက်ပြီး အမှတ် ငါး အဖွဲ့ ရုံးခန်းဆောင်၏ အရှေ့ဆုံးရှိ နာရီကို လက်ညိုးထိုးပြကာ ပြုံး၍ မေးမြန်းလာပေသည်။
"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ... ရုံးဆင်းဖို့ ၅ မိနစ်ပဲ လိုတော့တယ်... နင်တို့ အသုံးဝင်မယ့် သဲလွန်စ တစ်ခုခုများ ရခဲ့လား..."
"မရခဲ့ဘူး..."
မိုနာက စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်၏။ လက်ထဲရှိ မှတ်စုစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လေစီက မျက်မှောင် တစ်ချက် ပင့်လိုက်ပြီး ရိုအန့်ဘက်သို့ အကြည့်ရွှေ့လိုက်ပေသည်။
လေစီ၏ နားမလည်နိုင်သော မျက်နှာထားကို မြင်သောအခါ ရိုအန်က သက်ပြင်းချကာ ဖိုင်တွဲကို ဘေးသို့ ပစ်ချလိုက်ချေသည်။ ကော်ဖီ တစ်ငုံ သောက်လိုက်ပြီးနောက် အခြေအနေများကို ဖြည်းညင်းစွာ ရှင်းပြလိုက်၏။
အစောပိုင်းက ရိုအန်နှင့် မိုနာတို့ ဒေမွန်တီကို စစ်ဆေးမေးမြန်းရာတွင် ဒေမွန်တီမှာ အစမှ အဆုံးတိုင်အောင် စကားတစ်ခွန်းမျှ မဟခဲ့ပေ။ ထို့အပြင် ဒေမွန်တီ၏ မျက်ဝန်းများထဲတွင် မည်သည့် မျှော်လင့်ချက် အလင်းရောင်မျှ ရှိမနေသည်ကို ရိုအန် တွေ့မြင်ခဲ့ရလေသည်။
တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ လက်စားချေမှု အောင်မြင်သွားပြီးနောက် သေရမည်ကို လုံးဝ ဂရုမစိုက်တော့သည့် အနေအထားမျိုး ဖြစ်နေသည်မှာ အလွန် ထင်ရှားလှပေသည်။
ထို့အပြင် မိုနာ စုံစမ်းထားသော အချက်အလက်များ အရ ဒေမွန်တီ၏ မိဘများမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ညီအစ်ကို မောင်နှမ ဇနီးမယားနှင့် သားသမီး လုံးဝ မရှိသော တစ်ကိုယ်တည်းသမား စစ်စစ် ဖြစ်နေချေသည်။
ဤကဲ့သို့ သံယောဇဉ် တွယ်စရာ ဘာတစ်ခုမျှ မရှိတော့သော လူကို ရင်ဆိုင်ရရာတွင် ရိုအန်နှင့် မိုနာတို့ အနေဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သော်လည်း ဒေမွန်တီ၏ ပါးစပ်ကို ဟအောင် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် ရိုအန်နှင့် မိုနာတို့က တညီတညွတ်တည်း ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ကြလေသည်။ ဆုကြေးငွေက မြင့်မားသော်လည်း လက်လျှော့လိုက်ရန်သာ ရှိတော့၏။
ပထမ အချက် အနေဖြင့် ဂျက်ကွဲ၏ တန်ပြန် ထောက်လှမ်းရေး စွမ်းရည်နှင့် အစီအစဉ် ရေးဆွဲ ဖွဲ့စည်းမှု စွမ်းရည်မှာ အလွန်တရာ မြင့်မားလှပေသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်တွင်ဖြစ်စေ ဗုံးပေါက်ကွဲမှုတွင်ဖြစ်စေ ဂျက်ကွဲ တစ်ယောက် လုံးဝ အရိပ်အယောင် ပြသခဲ့ခြင်း မရှိချေ။
ယခင်က ဝီလျံ သည် လူနာတင်ယာဉ် ယာဉ်မောင်း နေထိုင်သော တိုက်နှင့် အနီးတဝိုက်ရှိ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို စစ်ဆေးခဲ့ရာတွင် ဂျက်ကွဲ တိုက်ထဲသို့ ဝင်ထွက်သွားသော မြင်ကွင်းကိုသာ တွေ့ရှိခဲ့ရလေသည်။ သို့သော် တိုက်အောက်မှ ထွက်ခွာသွားပြီးနောက် ဂျက်ကွဲ၏ အရိပ်အယောင်မှာ ထိုဒေသ တစ်ဝိုက်တွင် ရေငွေ့ပျံသွားသည့်အလား လုံးဝ ပျောက်ကွယ်သွားခဲ့ပေသည်။
လက်ရှိ အချိန်တွင် တစ်ဖက်လူ ဘယ်မှာ ရောက်နေသနည်း ဆိုသည်ကို ဒေမွန်တီ တစ်ယောက်တည်းသာ သိရှိနိုင်မည် ဖြစ်သော်လည်း ဒေမွန်တီ ကလည်း ပါးစပ် လုံးဝ မဟခဲ့ပေ။
ဒေမွန်တီ သိထားသော နေရာသည်ပင်လျှင် ဂျက်ကွဲ အမှန်တကယ် ပုန်းအောင်းနေသော နေရာ ဟုတ်မဟုတ် ဆိုသည်မှာ မသေချာလှချေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူဦးရေ အလွန် ထူထပ်လှသော နယူးယောက်မြို့ ကဲ့သို့ နေရာမျိုး၌ အချိန်တို အတွင်း ဂျက်ကွဲကို ရှာဖွေ တွေ့ရှိနိုင်ရန်မှာ နည်းပညာ မြင့်မားသော အချက်အလက် ခွဲခြမ်းစိတ်ဖြာမှု စနစ်များ မရှိဘဲ လုံးဝ မဖြစ်နိုင်သော ကိစ္စ တစ်ခုပင် ဖြစ်လေသည်။
ဒုတိယ အချက် အနေဖြင့် ဂျွန်ကင်း သည် ငွေမက်ကာ ဂျက်ကွဲနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို ငရဲပြည်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤကိစ္စသာ ရိုအန် အပေါ် ကျရောက်လာပါက ရိုအန် ကိုယ်တိုင်လည်း လက်စားချေသည့် လမ်းကြောင်းကိုသာ ရွေးချယ်မိမည် ဖြစ်၏။ တစ်ခုတည်းသော ပြဿနာမှာ ဂျက်ကွဲ သည် လက်စားချေသည့် လုပ်ငန်းစဉ် အတွင်း ယာဉ်တိုက်မှု ဖန်တီးကာ အပြစ်ကင်းသော အီဗန်ဒါကို မှားယွင်း သတ်ဖြတ်မိခဲ့ပြီး ဗုံးဖောက်ခွဲမှုကြောင့် အပြစ်မဲ့ လမ်းသွားလမ်းလာ အများအပြားကိုပါ ထိခိုက် ဒဏ်ရာရစေခဲ့ခြင်းပင် ဖြစ်လေသည်။
ဂျက်ကွဲ၏ ဆုကြေးငွေမှာ အမှန်တကယ် မြင့်မားလှပြီး ရိုအန် လည်း ထိုငွေကို အလွန် လိုချင်မိပေသည်။ အကယ်၍ နောက်ပိုင်းတွင် တစ်ဖက်လူနှင့် မတော်တဆ ဆုံတွေ့ခဲ့ပါက ရိုအန် အနေဖြင့် သေချာပေါက် ဝင်ရောက် ဖမ်းဆီးမည် ဖြစ်ချေသည်။
သို့သော် ယခု လောလောဆယ်တွင် အချိန်တို အတွင်း ဂျက်ကွဲကို ရှာဖွေနိုင်မည် မဟုတ်ချေ။ ထို့အပြင် ဤအမှုအခင်း နှစ်ခုစလုံးမှာ စီအိုင်အေ တို့၏ ဇာတ်ရှုပ်များသာ ဖြစ်သဖြင့် ရိုအန် အနေဖြင့် သူတို့၏ အရှုပ်အရှင်းများကို လိုက်လံ ရှင်းလင်းပေးရန် လုံးဝ စိတ်ဝင်စားမှု မရှိတော့ပေ။
စစ်ဆေးမေးမြန်းမှု ကိစ္စများ အားလုံး အသေးစိတ် ပြောပြ၍ မဆုံးခင်မှာပင် ယနေ့အတွက် ရုံးဆင်းချိန်သို့ ရောက်ရှိသွားခဲ့လေပြီ။
အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံထောက်များ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်ကြလေသည်။ မိုနာက သူမ၏ လက်ပ်တော့ကို ကိုင်ကာ မကြာသေးမီကမှ အသစ် ဝယ်ယူထားသော တိုက်ခန်းငယ်လေးဆီသို့ ပြန်သွားပြီး ရက်ဒ်ကမူ ကားမောင်းကာ ကလေးများကို သွားရောက် ကြည့်ရှုရန် အိမ်ပြန်သွားခဲ့ပေသည်။ ရိုအန် ကတော့ လေစီ ပေးထားသော ကတ်ပြားလေးပေါ်ရှိ နေရာသို့ သူမနှင့် အတူ လိုက်ပါသွားခဲ့ချေ။ အဓိက ရည်ရွယ်ချက်မှာ ဗဟုသုတ အသစ်များ ရှာမှီးရန် သက်သက်သာ ဖြစ်လေသည်။
ရှက်ဗလက် ကား၏ ယာဉ်မောင်း ဘေးခုံတွင် ထိုင်နေသော လေစီက ရိုအန်၏ စကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးလိုက်ပေသည်။
"ဟွန့်... ခဏနေ အထဲရောက်ရင် ငါတို့ နှစ်ယောက် ခွဲသွားရမယ်... ဒီည ဘယ်လို ကစားမလဲ... လူဘယ်နှစ်ယောက်နဲ့ ရင်းနှီးအောင် လုပ်နိုင်မလဲ ဆိုတာကတော့ ကိုယ့်စွမ်းဆောင်ရည်နဲ့ ကိုယ်ပဲ... ဒါပေမဲ့ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်... ငါတို့ နှစ်ယောက်စလုံး တစ်ဖက်လူ မျက်စိကျနေတဲ့ သူကို ဝင်မလုရဘူး... ရှင်းလား..."
"ပြဿနာ မရှိပါဘူး..."
ကားလီဗာကို အရှိန်မြှင့် နင်းလိုက်ရာ ရှက်ဗလက် ကားကြီးမှာ ရှေ့ရှိ ဗျူအစ် ကားကို အလွယ်တကူ ကျော်တက်သွားခဲ့လေသည်။ ရိုအန်က ခေါင်းစောင်း၍ ပြုံးကာ မေးမြန်းလိုက်၏။
"ဒါပေမဲ့ တကယ်လို့ ငါတို့ နှစ်ယောက်စလုံးက လူတစ်ယောက်တည်းကို ပြိုင်တူ မျက်စိကျသွားရင် ဘယ်လိုလုပ်မလဲ..."
လေစီက ဘယ်နေရာတွင် ဖွက်ထားမှန်း မသိသော မိတ်ကပ် ပစ္စည်းများကို ထုတ်ယူကာ မျက်နှာပေါ်တွင် ဖြည်းညင်းစွာ လိမ်းခြယ်နေလေသည်။ ရိုအန်၏ မေးခွန်းကို ကြားသောအခါ မျက်စိတစ်ဖက် မှိတ်ပြကာ ရယ်မော၍ စကားဆိုလာပေသည်။
"ဒါဆိုရင်တော့ ရွေးချယ်ခွင့်ကို အဲဒီလူရဲ့ လက်ထဲပဲ အပ်လိုက်ရမှာပေါ့... သူက ဘယ်သူ့ကို ရွေးမလဲ ဆိုတာ ကြည့်ရတာပေါ့..."
လေစီသည် ဤကဲ့သို့ ပျော်ရွှင်ဖွယ်ရာ ကောင်းသော နေရာမျိုးသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သဖြင့် သူမ ကိုယ်သူမ အလွန် ယုံကြည်မှု ရှိနေချေသည်။
"ဒါဆိုလည်း သဘောတူတယ်..."
ရိုအန် တွင်လည်း ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် တောင့်တင်းသော အားသာချက်များ ရှိနေသဖြင့် သူ ကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် အလွန် ယုံကြည်မှု ရှိနေပေသည်။
ခေါင်းညိတ် လက်ခံလိုက်ပြီးနောက် ရိုအန်က စတီယာရင်ကို လှည့်လိုက်ရာ ရှက်ဗလက် ကားကြီးမှာ ယာဉ်ကြော ပိတ်ဆို့နေသော လမ်းမကြီးပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားကာ ကားတစ်စီးပြီး တစ်စီးကို အဆက်မပြတ် ကျော်တက်သွားခဲ့လေသည်။
ရိုအန်၏ ကားမောင်း အရှိန်မှာ တဖြည်းဖြည်း ပိုမို မြန်ဆန်လာသည်ကို ခံစားလိုက်ရသောအခါ လေစီက ကိုယ်ပေါ်ရှိ ထိုင်ခုံခါးပတ်ကို တိတ်တဆိတ် စမ်းကြည့်လိုက်၏။ ပြဿနာ မရှိကြောင်း သေချာသွားသောအခါ တံတွေးကို ခပ်ပြင်းပြင်း တစ်ချက် မျိုချလိုက်ပြီး စကားဆိုလာပေသည်။
"ရိုအန်... အခုက ရုံးဆင်းချိန် ရောက်နေပြီနော်... ငါတို့က အဲဒီ ဂျက်ကွဲ ကို သွားဖမ်းမှာ မဟုတ်ဘူး... ဒီလောက် အမြန်ကြီး မောင်းနေစရာ မလိုပါဘူး..."
ရိုအန် တစ်ယောက် ကားမောင်းသည့် အခါတိုင်း ဤမျှ အရှိန်ပြင်းပြင်း မောင်းနှင်လေ့ ရှိသော်လည်း နယူးယောက် ရဲတပ်ဖွဲ့မှ အမြန်နှုန်း ကန့်သတ်ချက် ကျော်လွန်မှုဖြင့် ဒဏ်ကြေးဖြတ်ပိုင်း တစ်ခါမှ မရဖူးခြင်းမှာ အလွန်တရာ အံ့သြစရာ ကောင်းကြောင်း လေစီ အမြဲတမ်း တွေးတောနေခဲ့မိလေသည်။
"လေစီ... သမုဒ္ဒရာ တစ်ဖက်ကမ်းက အရှေ့တိုင်းမှာ ဆိုရိုးစကား တစ်ခု ရှိတယ်... အချိန် ဆိုတာ ငွေ ဆိုတဲ့ စကားပဲ..."
ရိုအန်က သဘောကျစွာ ရယ်မောလိုက်ပြီး သူသည် ငွေကြေးကို အလွန် တန်ဖိုးထားကြောင်းနှင့် ငွေကို လုံးဝ ဖြုန်းတီးလေ့ မရှိကြောင်း သွယ်ဝိုက် ဖော်ပြလိုက်ပေသည်။
"သောက်ပေါကြောင်တဲ့ စကားတွေ..."
မိတ်ကပ် လိမ်းခြယ်ပြီးသွားသော လေစီက လက်ထဲရှိ မိတ်ကပ် ပစ္စည်းများကို မျက်လှည့်ပြသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားအောင် သိမ်းဆည်းလိုက်၏။ ထို့နောက် ရိုအန်ကို မျက်စောင်း ထိုးကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
"အချိန်က ငွေနဲ့ ညီမျှတယ် ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ ငွေနဲ့ အချိန်ကို ဝယ်လို့ မရဘူး... သေနာကောင် ရိုအန်... အရှိန် နည်းနည်း လျှော့မောင်းစမ်းပါ... အဲဒီ ဂျွန်ကင်း လိုမျိုး ငွေမက်ပြီး ကိုယ့်အချိန်တွေ အကုန်လုံး ဆုံးရှုံးသွားတာမျိုး ငါ လုံးဝ မဖြစ်ချင်ဘူး..."
အမေရိကန် စစ်စစ် ဖြစ်သော လေစီ၏ ဥပမာ ပေးပုံမှာ အနည်းငယ် လွဲချော်နေသော်လည်း ရိုအန် အနေဖြင့် သူမ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပေသည်။ နောက်ပိုင်းတွင် ပိုမို ကောင်းမွန်သော ရှုခင်းများကို မြင်တွေ့နိုင်ရန် အတွက် ရိုအန် က ကားအရှိန်ကို နောက်ဆုံးတွင် ဖြည်းညင်းစွာ လျှော့ချလိုက်ချေသည်။
"ဟွန့်..."
လေစီက နှာခေါင်းရှုံ့လိုက်ပြီး မိုဘိုင်းဖုန်းကို ထုတ်ကာ စာရိုက်နေလေသည်။ အတန်ကြာပြီးနောက် တိုးတိတ်သော အသံဖြင့် မေးမြန်းလာ၏။
"ဒါနဲ့ ရိုအန်... စီအိုင်အေ ကောင်တွေက အဲဒီ ဂျက်ကွဲ ကို ရှာတွေ့နိုင်မယ်လို့ မင်း ထင်လား..."
ရိုအန်က ခေါင်းစောင်း၍ နားမလည်နိုင်စွာ ပြန်မေးလိုက်ပေသည်။
"ဘာလို့ ဒီမေးခွန်းကို ရုတ်တရက်ကြီး မေးရတာလဲ..."
"ဝီလျံ က ငါ့ဆီ ခုနက စာပို့လာတယ်... စီအိုင်အေ ကောင်တွေက အခု ချက်ချင်းပဲ ဒေမွန်တီ ကို စစ်ဆေးမေးမြန်းချင်နေကြတယ် တဲ့..."
လေစီက ဖုန်းထဲရှိ စာတိုကို ရိုအန်ထံ ထုတ်ပြလိုက်ပြီး ပခုံးတွန့်ကာ ဆက်ပြောလာလေသည်။
"သူကတော့ စီအိုင်အေ တွေမှာ ငါတို့ မသိသေးတဲ့ သဲလွန်စ အသစ်တွေ ရထားတယ်လို့ သံသယ ဖြစ်နေတယ်..."
"မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး..."
ရိုအန်က ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကျုံ့လိုက်၏။
"စီအိုင်အေ ကောင်တွေရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေထဲမှာ အမှန် တစ်ခွန်းမှ မပါဘူး... သူတို့ လက်ထဲမှာ ဘယ်လို သဲလွန်စတွေ ဖုံးကွယ်ထားလဲ ဆိုတာကို သရဲတောင် သိမှာ မဟုတ်ဘူး... ပြီးတော့ သူတို့က ဂျက်ကွဲ ကို အစကတည်းက စောင့်ကြည့်နေခဲ့ကြတာ ဆိုတော့... ဂျက်ကွဲ ရဲ့ အရင်က လှုပ်ရှားမှု အခြေအနေတွေ အပေါ် မူတည်ပြီး သူတို့က ဂျက်ကွဲ ရဲ့ နောက်ထပ်... ပစ်မှတ်ကို ခန့်မှန်းမိသွားတာလည်း ဖြစ်နိုင်တယ်..."
စကားပြောနေရင်းမှ ရိုအန်မှာ ရုတ်တရက် အသိဝင်သွားကာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလိုက်လေတော့သည်။
"သောက်ကျိုးနည်း... ဂျက်ကွဲ ဘယ်မှာ ပုန်းနေလဲ ဆိုတာကို ငါ သိပြီ…”