← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅ မိုနာ အန္တရာယ် ရှိနေပြီ

ရိုအန် စကားပြောနေရင်းမှ မျက်နှာထား ချက်ချင်း ဆိုးရွားသွားလေသည်။ ထို့နောက် ကားလီဗာကို အားကုန်နင်းကာ စတီယာရင်ကို အမြန်လှည့်လိုက်ရာ ရှက်ဗလက် ကားကြီးမှာ လမ်းဆုံ၏ ညာဘက် လမ်းမပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ထိုးထွက်သွားခဲ့ချေသည်။

ရုတ်တရက် အရှိန်ပြင်းသွားမှုကြောင့် လေစီ အလွန် လန့်ဖြတ်သွား၏။ သို့သော် ရိုအန် စောစောက ပြောခဲ့သော စကားများကို သတိရသွားပြီးနောက် အလျင်အမြန် လှည့်ကြည့်ကာ မေးမြန်းလိုက်ပေသည်။

"ရိုအန်... ဘာတွေများ တွေးမိသွားတာလဲ... ဂျက်ကွဲ အခု ဘယ်မှာ ပုန်းနေတာလဲ..."

"မိုနာ... မိုနာ ဖြစ်ရမယ်... အခုချက်ချင်း မိုနာ့ဆီ ဖုန်းဆက်လိုက်စမ်း..."

ရှက်ဗလက် ကားကြီးမှာ လမ်းမပေါ်ရှိ ကားတန်းများကြားတွင် မြားတစ်စင်းပမာ တိုးဝင် ပြေးလွှားနေလေသည်။ ရိုအန် က စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လေးနက်သော မျက်နှာထားဖြင့် လေစီ ကို ရှင်းပြလိုက်ပေသည်။

"ဂျက်ကွဲ ရဲ့ အဓိက လက်စားချေမယ့် ပစ်မှတ် ၃ ယောက် ရှိတယ်... အဲဒါက သတင်းထောက် အီဗန်ဒါ... အထက်အရာရှိ ဂျွန်ကင်း နဲ့ မိုနာ ရဲ့ အဖေ ဂျာဗာရီ အီဗန် တို့ပဲ... အခု အီဗန်ဒါ က ယာဉ်တိုက်မှုနဲ့ သေသွားပြီ... ဂျွန်ကင်း ကလည်း ကျောပိုးအိတ် ဗုံးကြောင့် အသားစတွေ တစ်စစီ ဖြစ်သွားပြီ... ဂျက်ကွဲ ရဲ့ နောက်ထပ် ပစ်မှတ်က ဂျာဗာရီ အီဗန် တစ်ယောက်ပဲ ကျန်တော့တယ်... ဒါပေမဲ့ ဂျာဗာရီ အီဗန် က နိုင်ငံခြားမှာ အမြဲတမ်း ရှိနေတာ ဆိုတော့..."

"ဒါကြောင့် ဂျက်ကွဲ က ဂျာဗာရီ အီဗန် ရဲ့ သမီးဆီကို ပစ်မှတ် လွှဲပြောင်းလိုက်တာပဲ... တစ်နည်းအားဖြင့် မိုနာ အီဗန် ဆီကိုပေါ့..."

ရိုအန် ၏ ခွဲခြမ်းစိတ်ဖြာချက်တွင် မည်သည့် ကွက်လပ်မျှ မရှိကြောင်း လေစီ သဘောပေါက်သွားချေသည်။ အစောပိုင်းက ဂျက်ကွဲ သည် ဂျွန်ကင်း ၏ သားဖြစ်သူကို ကျောပိုးအိတ် ဗုံး လွယ်ခိုင်းခဲ့သည့် ကိစ္စကို ပြန်လည် တွေးတောမိသွားပြီးနောက် ဂျက်ကွဲ အနေဖြင့် ဂျာဗာရီ ၏ သမီးအပေါ် ပစ်မှတ်ထားမည့် ကိစ္စမျိုးကို သေချာပေါက် လုပ်ဆောင်ရဲကြောင်း လေစီ အခိုင်အမာ ယုံကြည်သွားလေသည်။

အခြေအနေကို ရိပ်မိသွားသော လေစီ လေအေးတစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် ခဏမျှပင် တွန့်ဆုတ်မနေဘဲ မိုဘိုင်းဖုန်းထဲမှ မိုနာ ၏ ဖုန်းနံပါတ်ကို အမြန် ရှာဖွေကာ ဖုန်းခေါ်ဆိုလိုက်ပေသည်။

ဖုန်းခေါ်ဆိုနေသည့် အသံများ ထွက်ပေါ်လာချိန်တွင် ရိုအန် နှင့် လေစီ တို့၏ မျက်နှာထားများ အလွန်တရာ လေးနက်နေခဲ့ချေသည်။ ဤဖုန်းမြည်သံက သူတို့၏ စိတ်ကို ဤမျှလောက် ညှဉ်းပန်းနှိပ်စက်နိုင်စွမ်း ရှိကြောင်းကို ပထမဆုံး အကြိမ် ခံစားလိုက်ရလေသည်။

စက္ကန့် အနည်းငယ် ကြာပြီးနောက် ဖုန်းဝင်သွားခဲ့ပေသည်။

"ကျွန်မပါ... မိုနာ..."

ဖုန်းထဲမှ မိုနာ ၏ ရင်းနှီးကျွမ်းဝင်နေသော အသံကို ကြားလိုက်ရသောအခါ ရိုအန် နှင့် လေစီ တို့ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြ၏။ အဆိုးရွားဆုံး အခြေအနေသို့ မရောက်ရှိသေးသဖြင့် ကံကောင်းသွားခဲ့လေသည်။

ရိုအန် က ကားလီဗာကို အဆုံးထိ ဆက်တိုက် နင်းထားလိုက်ရာ ရှက်ဗလက် ကားကြီးမှာ လမ်းမပေါ်ရှိ ကားများကို တစ်စီးပြီးတစ်စီး အရှိန်အဟုန်ဖြင့် ကျော်တက်သွားခဲ့ချေသည်။

မိုနာ အသစ်ဝယ်ထားသော တိုက်ခန်းငယ်လေးမှာ ဤနေရာနှင့် သိပ်မဝေးလှပေ။ ရိုအန် က အကွာအဝေးနှင့် ကားအရှိန်ကို ခန့်မှန်း တွက်ချက်ကြည့်လိုက်ရာ ထူးခြားမှု မရှိပါက နောက်ထပ် ၂ မိနစ် အကြာတွင် ထိုအဆောက်အအုံဆီသို့ ရောက်ရှိနိုင်မည် ဖြစ်လေသည်။

တိုက်ခန်း အဆောက်အအုံ၏ ဓာတ်လှေကားထဲမှ ထွက်လာသော မိုနာ သည် လက်ပ်တော့ ကွန်ပျူတာကို ပွေ့ချီထားရင်း ဖုန်းထဲမှ အသံကို ကြားသောအခါ နားမလည်နိုင်စွာ မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ... လေစီ... ဘာတွေများ အကြောင်းကြားစရာ ရှိလို့လဲ..."

နောက်တစ်စက္ကန့်တွင် မိုနာ ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပေသည်။

"အခု ချက်ချင်း ရုံးပြန်လာပြီး အချိန်ပို ဆင်းရမယ်လို့ လာပြောတာတော့ မဟုတ်ပါဘူးနော်..."

မိုနာ သည် ရေနွေးနွေးလေးဖြင့် ရေချိုးကာ တစ်ညလုံး ကောင်းမွန်စွာ အနားယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်လေသည်။ အချိန်ပို ဆင်းရမည်ကို ကြောက်ရွံ့နေသော မိုနာ ၏ စကားကို ကြားသောအခါ လေစီ ၏ နှုတ်ခမ်းထောင့်များ တစ်ချက် လှုပ်ခတ်သွားချေသည်။ ထို့နောက် ရိုအန် ၏ စောစောက ခွဲခြမ်းစိတ်ဖြာချက်များကို မိုနာ ထံ အလျင်အမြန် ပြောပြလိုက်ပေသည်။

လေစီ ရှင်းပြပြီးနောက် ရိုအန် လည်း ဘေးနားမှနေ၍ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

"မိုနာ... အခု ဘယ်နေရာမှာလဲ... ငါ နဲ့ လေစီ အခုချက်ချင်း လာခဲ့မယ်..."

"ဓာတ်လှေကား ထဲက အခုလေးတင် ထွက်လာတာ..."

လေစီ ၏ စကားများကို ကြားပြီးနောက် မိုနာ ၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့လေသည်။ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်နှင့် တစ်ပြိုင်နက် မိမိ၏ တိုက်ခန်း တံခါးဝကို လှမ်းကြည့်လိုက်သော အကြည့်များတွင် ကြောက်ရွံ့ ထိတ်လန့်မှု အရိပ်အယောင်များ ကိန်းအောင်းနေခဲ့ပေသည်။

တကယ်လို့ ဂျက်ကွဲ ၏ ပစ်မှတ်မှာ မိမိသာ အမှန်တကယ် ဖြစ်နေပါက တစ်ဖက်လူ အနေဖြင့် လှုပ်ရှားရန် အသင့်တော်ဆုံး နေရာ ၂ ခုသာ ရှိကြောင်း မိုနာ ကောက်ချက်ချလိုက်၏။ တစ်ခုမှာ တိုက်ခန်း အဆောက်အအုံ ဘေးရှိ ယာဉ်ရပ်နားရန် နေရာ ဖြစ်ပြီး အခြားတစ်ခုမှာ မိမိ၏ တိုက်ခန်း အတွင်းပင် ဖြစ်လေသည်။

မိုနာ သည် ယာဉ်ရပ်နားရန် နေရာမှ ဘေးကင်း ချောမွေ့စွာ ထွက်လာနိုင်ခဲ့သဖြင့် ဂျက်ကွဲ အနေဖြင့် ထိုနေရာတွင် ရှိမနေကြောင်း သေချာသွားခဲ့ချေသည်။ ထို့ကြောင့် နောက်ဆုံး ကျန်ရစ်နေသော နေရာမှာ တိုက်ခန်း အတွင်း၌သာ ဖြစ်ပေသည်။

အကယ်၍ ရိုအန် သာ သတိမပေးခဲ့ပါက မိုနာ အနေဖြင့် ပုံမှန်အတိုင်း တိုက်ခန်း တံခါးကို ဖွင့်ကာ ဝင်ရောက်သွားမည် ဖြစ်လေသည်။ မိုနာ တံတွေးကို ခပ်ပြင်းပြင်း တစ်ချက် မျိုချလိုက်၏။ ဂျက်ကွဲ မှာ စစ်မှုထမ်း သက်တမ်း ကြာမြင့်ပြီး စစ်ဆင်ရေး အများအပြားကို လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပေသည်။ ခန္ဓာကိုယ် ပေါ့ပါး ဖျတ်လတ်ပြီး အတွေ့အကြုံ ရင့်ကျက်သည့် အပြင် စနိုက်ပါ တပ်သား တစ်ဦးလည်း ဖြစ်နေသေးချေသည်။

ထို့အပြင် တစ်ဖက်လူ၏ လက်ထဲတွင် လက်နက် ရှိနေရန်မှာ ရာခိုင်နှုန်း အပြည့် သေချာနေပေသည်။ ဒေမွန်တီ ၏ လက်ထဲတွင်ပင် ရိုင်ဖယ်သေနတ် ရှိနေခဲ့ရာ ဂျက်ကွဲ ၏ လက်နက် အင်အားမှာ ပို၍သာ များနိုင်ပြီး လျော့နည်းသွားမည် မဟုတ်ချေ။

နှစ်ဖက် စွမ်းရည်ကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ခါးကြားတွင် ပစ္စတို သေနတ် တစ်လက်တည်းသာ ရှိသော မိုနာ က မိမိ အနေဖြင့် တစ်ဖက်လူကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိကြောင်း နောက်ဆုံးတွင် ကောက်ချက်ချလိုက်လေသည်။

သို့သော် ယခုအချိန်မှာ ပြာယာခတ်နေရမည့် အချိန် မဟုတ်ချေ။ မျက်စိရှေ့မှောက်တွင် ရှိနေသော တိုက်ခန်း တံခါးကို တစ်ချက် ကြည့်လိုက်ပြီးနောက် မိုနာ က ဖုန်းကို မချလိုက်ဘဲ လက်ပ်တော့ ကွန်ပျူတာကို ပွေ့ချီကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပေသည်။ ထို့နောက် ခန္ဓာကိုယ်ကို လှည့်ကာ လှေကားရှိရာ ဘက်သို့ အသံမထွက်စေဘဲ ဖြည်းညင်းစွာ ဆုတ်ခွာသွားခဲ့လေသည်။

ဖုန်းထဲမှ မိုနာ က ဓာတ်လှေကား ထဲမှ အခုလေးတင် ထွက်လာကြောင်း ပြောသံကို ကြားလိုက်ရသောအခါ ရိုအန် နှင့် လေစီ တို့၏ မျက်နှာထားများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြ၏။ သူတို့ နှစ်ဦးစလုံး မိုနာ ၏ တိုက်ခန်းသို့ ရောက်ဖူးကြသဖြင့် ဂျက်ကွဲ လှုပ်ရှားရန် အသင့်တော်ဆုံး နေရာ ၂ ခုသာ ရှိကြောင်း အလားတူ ကောက်ချက်ချမိသွားကြပေသည်။

ထို့အပြင် ရိုအန် သည် မိုနာ ၏ တိုက်ခန်း အဆောက်အအုံသို့ သွားရောက်ခဲ့စဉ်က လူသတ်သမား တစ်ဦး၏ ရှုထောင့်မှနေ၍ ကြိုတင် တွက်ချက်မှုများ ပြုလုပ်ခဲ့ဖူးချေသည်။ အကယ်၍ ထိုနေရာတွင် ပိတ်မိသွားပါက မည်သည့် လမ်းကြောင်းမှ ထွက်ပြေးလျှင် အခြားသူများ သတိမထားမိဘဲ ဘေးကင်း ချောမွေ့စွာ လွတ်မြောက်နိုင်မည် ဆိုသည်ကိုပါ ခွဲခြမ်းစိတ်ဖြာခဲ့ဖူးလေသည်။ ၎င်းမှာ စုံထောက် တစ်ယောက်၏ အလုပ်အကိုင် ရောဂါဟုပင် ဆိုရမည် ဖြစ်ပေသည်။

သို့သော် မိုနာ က ဖုန်းမချဘဲ စကား ဆက်မပြောသည်ကို ကြားလိုက်ရပြီး ဖုန်းထဲမှလည်း မည်သည့် ထူးခြားသော အသံမျှ ထွက်ပေါ်မလာသဖြင့် ရိုအန် နှင့် လေစီ တို့ အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြ၏။ မိုနာ တစ်ယောက် လှေကားဆီသို့ တိတ်တဆိတ် ဆုတ်ခွာသွားပြီ ဆိုသည်ကို သူတို့ နှစ်ဦးစလုံး ရိပ်မိသွားကြလေသည်။

လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသော ရှက်ဗလက် ကားကြီးမှာ လမ်းဆုံ တစ်ခုကို အောင်မြင်စွာ ထပ်မံ ချိုးကွေ့သွားနိုင်ခဲ့သဖြင့် ရိုအန် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့ပေသည်။ နောက်ထပ် မီးပွိုင့် ၂ ခုကိုသာ ဖြတ်ကျော်လိုက်ပါက မိုနာ နေထိုင်သော အဆောက်အအုံဆီသို့ ရောက်ရှိတော့မည် ဖြစ်ချေသည်။

မလှမ်းမကမ်းတွင် ရှိနေသော အထပ်မြင့် အဆောက်အအုံကြီးကို မြင်လိုက်ရသောအခါ လေစီ က လျှာကို ထုတ်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်နှာပေါ်ရှိ တင်းမာမှုများ အနည်းငယ် လျော့ကျသွားခဲ့လေသည်။

"ရိုအန်... သြဂတ်စ် ဆီကို ဆက်သွယ်လိုက်ရမလား..."

လေစီ က မိုဘိုင်းဖုန်း၏ မိုက်ခရိုဖုန်းကို လက်ဖြင့် အုပ်ထားလိုက်ပြီး ရိုအန့် ဘက်သို့ လှည့်ကာ တိုးတိတ်သော အသံဖြင့် မေးမြန်းလိုက်၏။

"သေချာတာပေါ့... အထူးစစ်ဆင်ရေး တပ်ဖွဲ့ ဆီကိုပါ တစ်ခါတည်း အကြောင်းကြားလိုက်..."

ရိုအန် က ခေါင်းညိတ်လိုက်ပြီး မိမိ၏ မိုဘိုင်းဖုန်းကို အလျင်အမြန် ထုတ်ယူကာ လေစီ့ ထံသို့ ကမ်းပေးလိုက်ပေသည်။

ထိုအချိန်မှာပင် လေစီ ၏ မိုဘိုင်းဖုန်း ထဲမှ သေနတ် ပစ်ခတ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ချေသည်။ သေနတ်သံ ၃ ချက် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရိုအန် ၏ မျက်ဝန်းအိမ်များ ချက်ချင်း ကျုံ့ဝင်သွားလေသည်။

အရှေ့ဘက် လမ်းဆုံ အနီးတွင် နယူးယောက် ရဲတပ်ဖွဲ့မှ ကင်းလှည့် ရဲအရာရှိ ၂ ဦး အနားယူကာ ဟမ်ဘာဂါ စားနေကြသည်ကို မြင်လိုက်ရ၏။ ထိုမြင်ကွင်းကို မြင်သောအခါ ရိုအန် ၏ မျက်ဝန်းများ အရောင်လက်သွားပေသည်။ ထို့နောက် ရှက်ဗလက် ကားကြီးမှာ အရှေ့ရှိ မီးနီကို လုံးဝ ဂရုမစိုက်တော့ဘဲ ရှေ့သို့ မောင်းနှင်နေသော အမှိုက်သိမ်း ကားကြီး ၂ စီး၏ ကြားရှိ ကွက်လပ်ထဲမှနေ၍ အတင်း ထိုးဖောက် ဝင်ရောက်သွားခဲ့လေသည်။

"ခွေးမသား..."

"အသက်မရှင်ချင်တော့ဘူးလားကွ..."

"ဘုရားရေ..."

လမ်းဆုံပေါ်ရှိ အမှိုက်သိမ်းကား ယာဉ်မောင်း ၂ ဦးမှာ ဒေါသတကြီး အော်ဟစ် ဆဲဆိုလိုက်ကြ၏။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လမ်းသွားလမ်းလာများနှင့် အခြား ယာဉ်မောင်းများမှာလည်း ပါးစပ်ကို အုပ်ကာ အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်ကြပေသည်။

နယူးယောက် ရဲတပ်ဖွဲ့မှ ကင်းလှည့် ရဲအရာရှိ ၂ ဦးကလည်း ထိုအခြေအနေကို မြင်သောအခါ အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြလေသည်။ ထို့နောက် လက်ထဲရှိ စားလက်စ ဟမ်ဘာဂါကို လွှင့်ပစ်လိုက်ပြီး ကားပေါ်တက်ကာ ချက်ချင်း နောက်ယောင်ခံ လိုက်လာခဲ့ကြချေသည်။

"ရှေ့က ရှက်ဗလက် ကား... အခုချက်ချင်း လမ်းဘေး ကပ်ရပ်စမ်း..."

"သောက်ကျိုးနည်း..."

ဖုန်းထဲမှ သေနတ်သံကြောင့် လန့်သွားသလား သို့မဟုတ် ရှက်ဗလက် ကားကြီး အမှိုက်ကား ၂ စီးကြား ညပ်တော့မည့် အခြေအနေကြောင့် လန့်သွားသလား မသေချာသော်လည်း လေစီ ၏ မျက်နှာလေးမှာ သွေးဆုတ်ဖြူရော်သွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်ပေသည်။

သို့သော် ယခုအချိန်မှာ အရေးပေါ် အခြေအနေ ဖြစ်နေသဖြင့် သူတို့ ၂ ဦးစလုံး နယူးယောက် ရဲတပ်ဖွဲ့ကို လုံးဝ ဂရုစိုက်မနေနိုင်တော့ချေ။ ရိုအန် က ရှက်ဗလက် ကားကြီးကို ထိန်းချုပ်ကာ တိုက်ခန်း အဆောက်အအုံ ဘက်သို့ ဆက်လက်၍ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားလေသည်။ လေစီ ကလည်း မိုဘိုင်းဖုန်းကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်၏။

"မိုနာ... နင်..."

"ငါ ဘာမှ မဖြစ်ဘူး..."

လေစီ စကားပြော၍ မဆုံးခင်မှာပင် မိုနာ က လှေကားပေါ်တွင် ပြေးလွှားနေသော ခြေသံများနှင့် အတူ အမောတကော အသက်ရှူသံများ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့ပေသည်။

"တစ်ဖက်လူက တကယ်ပဲ ဂျက်ကွဲ ဖြစ်နေတယ်... နင်တို့ အခုချက်ချင်း အကူအညီ လှမ်းခေါ်လိုက်တော့... သူ့ဆီမှာ ပစ္စတို သေနတ် အပြင် ရိုင်ဖယ်သေနတ် ပါ ပါသေးတယ်..."

အစောပိုင်းက မိုနာ အနေဖြင့် လှေကားဝသို့ အသံမထွက်စေဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ချိန်တွင် သက်ပြင်းချခွင့်ပင် မရလိုက်ချေ။ သူမ အသစ်ဝယ်ထားသော တိုက်ခန်း၏ တံခါးမှာ အတွင်းဘက်မှနေ၍ ရုတ်တရက် ပွင့်လာခဲ့လေသည်။

ထို့နောက် မျက်နှာသေဖြင့် ရှိနေသော ဂျက်ကွဲ ၏ မျက်နှာကြီး မိုနာ ၏ မျက်စိရှေ့မှောက်တွင် ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် လက်ထဲရှိ သေနတ်ကိုပါ ချိန်ရွယ်လာခဲ့ပေသည်။

လှေကား၏ အပြင်ဘက်ဆုံး အစွန်းမှနေ၍ အောက်သို့ အပြေးအလွှား ဆင်းသွားသော မိုနာ သည် သေနတ်သံကို ကြားလိုက်ရချိန်တွင် ချွေးစေးများ ချက်ချင်း ကျဆင်းလာခဲ့၏။ ထို့နောက် ရိုအန် နှင့် လေစီ တို့ကို အလွန်တရာ ကျေးဇူးတင်မိသွားလေသည်။

အကယ်၍ သူတို့ ၂ ဦးသာ ကြိုတင် သတိမပေးခဲ့ပါက တိုက်ခန်း တံခါးကို ဖွင့်လိုက်သည့် စက္ကန့်ပိုင်း အတွင်းမှာပင် မိမိ အနေဖြင့် ကောင်းကင်ဘုံသို့ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်ကြောင်း မိုနာ ခံစားလိုက်ရပေသည်။

အခြား တစ်ဖက်တွင် ဂျက်ကွဲ သည် လှေကားဝ၌ ရပ်နေရင်း အောက်သို့ ပြေးဆင်းသွားသော မိုနာ ၏ ကျောပြင်ကို ကြည့်ကာ မျက်နှာထား မှောင်မည်း နေခဲ့ချေသည်။

ဂျက်ကွဲ ၏ မူလ အစီအစဉ် အရ ဆိုလျှင် မိုနာ တိုက်ခန်း အတွင်းသို့ ဝင်ရောက်လာသည့် အချိန်တွင် သူမကို ရိုက်နှက် မေ့မြောစေပြီးနောက် ကားနောက်ဖုံးထဲသို့ ထည့်ကာ ခေါ်ဆောင်သွားရန် ဖြစ်လေသည်။

လုပ်ငန်းစဉ် တစ်ခုလုံးမှာ အသံတိတ် လှုပ်ရှားမှု ဖြစ်ပြီး မည်သူ့ကိုမျှ သတိထားမိစေမည် မဟုတ်ချေ။ သို့သော် အခြေအနေများက သူ တွေးထားသည့် အတိုင်း ရှေ့ဆက် ဖြစ်ပေါ်မလာခဲ့ပေ။

"ကိစ္စမရှိပါဘူး..."

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ဂျက်ကွဲ က ရင်ခွင်ထဲရှိ ရိုင်ဖယ်သေနတ် ကို ပွေ့ပိုက်လိုက်၏။ မှန်ပြောင်းကို ချိန်ညှိလိုက်ပြီးနောက် သေနတ်ပြောင်းဝကို အောက်သို့ နှိမ့်ကာ လှေကားထစ်များ ကြားရှိ ကွက်လပ်ဆီသို့ ဖြည်းညင်းစွာ ချိန်ရွယ်လိုက်လေသည်။

သူသည် ယခင်က စနိုက်ပါ တပ်သား တစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ ထိုအချိန်မှာပင် တိုက်ခန်း အဆောက်အအုံ အပြင်ဘက်မှ ရဲကား ဥသြသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေတော့သည်။

All Chapters