အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း ၁၂၇ မိသားစု။
လေထဲတွင် ပျံသန်းနေသော ဂျက်ကွဲသည် ရိုအန်၏ လက်ထဲမှ သူ့ကို ချိန်ရွယ်ထားသော သေနတ်ကို မြင်လိုက်ရချိန်တွင် မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလိုက်လေသည်။
"ခွေးမသား..."
ဆဲရေးတိုင်းထွာသည့် စကားလုံးများ ဆုံးခန်းတိုင်အောင် ထွက်ပေါ်မလာမီမှာပင် ရိုအန်က ပြုံးရွှင်သော မျက်နှာထားဖြင့် ဂလော့ခ် ၁၈ သေနတ်၏ မောင်းခလုတ်ကို ဆွဲလိုက်ချေသည်။
"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း..."
သေနတ်ပြောင်းဝမှ ၉ မီလီမီတာ ကျည်ဆန် ၄ တောင့်မှာ မျက်စိတစ်မှိတ်အတွင်း လွင့်စဉ်ထွက်သွားခဲ့၏။ ထိုအထဲမှ ကျည် ၃ တောင့်မှာ ဂျက်ကွဲ၏ ဘယ်ညာ ခြေသလုံးများနှင့် ဘယ်ဘက်လက်မောင်းကို အလွန် တိကျသေချာစွာ ထိမှန်သွားခဲ့ပေသည်။
ကျန်ရှိနေသော ကျည်တစ်တောင့်မှာမူ ဂျက်ကွဲ တစ်ယောက် အလန့်တကြားဖြင့် ခန္ဓာကိုယ်ကို အလိုအလျောက် စောင်းငဲ့ရှောင်တိမ်းလိုက်မိသဖြင့် ညာဘက် ပေါင်ရင်းကို မတော်တဆ ထိမှန်သွားခဲ့လေသည်။
"ဘုန်း..."
လွယ်အိတ်ကို လွယ်ထားသော ဂျက်ကွဲမှာ လေထဲမှနေ၍ အောက်ခြေသို့ ပြုတ်ကျသွားခြင်း မရှိဘဲ မျက်နှာချင်းဆိုင်ရှိ ခေါင်မိုးပေါ်သို့ အောင်မြင်စွာ ခုန်ကူးနိုင်ခဲ့ချေသည်။ သို့သော် ဂျက်ကွဲသည် မတ်တပ်ရပ်လျက် ကျဆင်းသွားခြင်း မဟုတ်ဘဲ မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားခြင်း ဖြစ်ပေသည်။ ထို့အပြင် မျက်နှာနှင့် မြေကြီး အရင်ဆုံး မိတ်ဆက်သွားခြင်းလည်း ဖြစ်လေသည်။
ထိုအချိန်မှာပင် ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်ကျိန်ဆဲသံများပါ ပူးတွဲ ထွက်ပေါ်လာခဲ့၏။
"သောက်ကျိုးနည်း..."
ခြေလက် သုံးဖက်စလုံးမှ ဒဏ်ရာများ၏ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဂျက်ကွဲ၏ မျက်နှာကြွက်သားများ တွန့်လိမ်သွားပြီး လေအေးတစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိပေသည်။
သို့သော် ဂျက်ကွဲသည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံများ ရှိထားသူ ဖြစ်ရာ ဤမျှလောက် သေနတ်ဒဏ်ရာကို သည်းခံနိုင်စွမ်း ရှိနေဆဲပင် ဖြစ်ချေသည်။ မြေပြင်ပေါ်သို့ ကျဆင်းသွားသည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် ဒဏ်ရာ မရရှိထားသော ညာဘက်လက်ဖြင့် မလှမ်းမကမ်းရှိ လွယ်အိတ်ဆီသို့ လှမ်းယူလိုက်လေသည်။
ထိုလွယ်အိတ်ထဲတွင် ပစ္စတိုနှင့် ရိုင်ဖယ်သေနတ်သာမက ကြိုတင် ပြင်ဆင်ထားသော လက်ပစ်ဗုံးနှင့် မီးခိုးဗုံး အစရှိသည့် လက်နက်များ ပါဝင်နေပေသည်။
"မလှုပ်နဲ့..."
ဂျက်ကွဲ၏ လက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် ရိုအန်မှာ မိုနာ နေထိုင်ရာ အဆောက်အအုံ၏ ခေါင်မိုးအစွန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ရိုအန်သည် ခဏမျှပင် တွန့်ဆုတ်မနေဘဲ ဂျက်ကွဲနှင့် လွယ်အိတ် ကြားရှိ မြေပြင်ဆီသို့ သေနတ် တစ်ချက် ပစ်ခတ်လိုက်လေသည်။
"ဒိုင်း..."
ကျည်ဆန် ထိမှန်မှုကြောင့် လွင့်စင်လာသော ကွန်ကရစ် အစအနများ မျက်နှာပေါ်သို့ လာစင်သွားသည်ကို ခံစားလိုက်ရသောအခါ ဂျက်ကွဲ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားချေသည်။ ထို့နောက် မျက်နှာထား မှောင်မည်းစွာဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင် ခေါင်မိုးပေါ်ရှိ ရိုအန်ထံသို့ အကြည့်များ ပို့လွှတ်လိုက်ပေသည်။
"မင်းရဲ့ လက်ကို အခုချက်ချင်း ပြန်ရုပ်လိုက်စမ်း... မစ္စတာ ဂျက်ကွဲ..."
ဂျက်ကွဲ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ရိုအန် လုံးဝ မမြင်သည့်အလား လျစ်လျူရှုထားလိုက်၏။ ထို့နောက် လက်ထဲရှိ ဂလော့ခ် ၁၈ သေနတ်ကို ချိန်ရွယ်ထားရင်း နွေးထွေးသော အပြုံးဖြင့် စကားဆိုလိုက်လေသည်။
"မင်းရဲ့ လက်က နောက်ထပ် နည်းနည်းလေး ရှေ့တိုးလာတာနဲ့... မင်းကို ဘုရားသခင်ဆီ အရောက်ပို့ပေးလိုက်မယ်..."
ရိုအန်၏ အပြုံးမှာ နေရောင်ခြည်ကဲ့သို့ တောက်ပနေသော်လည်း စကားလုံးများကမူ အလွန်တရာ အေးစက် ရက်စက်လွန်းလှပေသည်။
ရိုအန်၏ ချောမောသော မျက်နှာကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် ဂျက်ကွဲက သူ၏ လက်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ချေသည်။
"တော်တယ်..."
ရိုအန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်မှာပင် မျက်နှာချင်းဆိုင်ရှိ ဂျက်ကွဲက အလျင်အမြန် စကားစလာခဲ့၏။ ဂျက်ကွဲ၏ မျက်နှာထားမှာ အလွန်တရာ လေးနက်နေပြီး အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်ပေသည်။
"အက်ဖ်ဘီအိုင် စုံထောက်... မင်းရဲ့ နာမည်ကို သိချင်တယ်..."
မိမိကို ဤမျှ မြန်မြန်ဆန်ဆန် ရှာတွေ့သွားရသည့် အကြောင်းရင်းကို ဂျက်ကွဲ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ထို့အပြင် ရိုအန်၏ လျင်မြန်လှသော အမြန်နှုန်းကိုလည်း အလွန်တရာ အံ့အားသင့် မှင်သက်နေခဲ့ချေသည်။ ဂျက်ကွဲ မိုနာ၏ တိုက်ခန်းမှ ထွက်ခွာလာချိန်တွင် ရိုအန်၏ ရှက်ဗလက် ကားကြီးမှာ အဆောက်အအုံ အောက်ခြေသို့ ယခုလေးတင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းကို ဂျက်ကွဲ အသေအချာ မှတ်မိနေသေးပေသည်။
"လျှောက်ပြီး မလှုပ်ရှားပါနဲ့... မစ္စတာ ဂျက်ကွဲ..."
ဂျက်ကွဲ၏ မေးခွန်းကို ကြားသောအခါ ရိုအန်က မျက်မှောင်တစ်ချက် ပင့်လိုက်၏။ တစ်ဖက်လူမှာ စကားပြောဆိုခြင်းဖြင့် သူ၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားနေပြီး ဤနေရာမှ ထွက်ပြေး လွတ်မြောက်ရန် နည်းလမ်းရှာနေခြင်း ဖြစ်ကြောင်း အလွန် ထင်ရှားလှလေသည်။ ဤကဲ့သို့သော လှည့်ကွက်မျိုးကို ရိုအန် အလွန် ရင်းနှီး ကျွမ်းဝင်နေပြီး ဖြစ်ချေသည်။
ထို့ကြောင့် ဂျက်ကွဲ၏ မေးခွန်းကို ဖြေဆိုရန် ရိုအန် လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့ဘဲ အမိန့်ပေးသည့် လေသံဖြင့် တိုက်ရိုက် ပြောဆိုလိုက်ပေသည်။
"အခု... ဂျက်ကွဲ... မင်းရဲ့ ဘယ်ဘက်ကို ဖြည်းဖြည်းချင်း ရွှေ့သွားလိုက်... လွယ်အိတ်နဲ့ ဝေးနိုင်သမျှ ဝေးဝေးကို သွား... သင့်တော်တဲ့ နေရာကို ရောက်ရင် ခြေကားယား လက်ကားယား လုပ်ပြီး မြေကြီးပေါ်မှာ မှောက်လျက် အနေအထားနဲ့ နေစမ်း..."
'သောက်ကျိုးနည်း...'
ထိုစကားကို ကြားသောအခါ ဂျက်ကွဲ၏ စိတ်ထဲတွင် အပြင်းအထန် ကျိန်ဆဲလိုက်မိလေသည်။
'မျက်နှာချင်းဆိုင်က ကောင်လေးက ဒီလောက် ငယ်ရွယ်ပုံ ပေါက်နေတာတောင်... ဘာလို့ ဒီလောက်တောင် အတွေ့အကြုံ ရင့်ကျက်နေရတာလဲ...'
ယခုအချိန်တွင် ဂျက်ကွဲ၏ ခြေလက်များမှာ သေနတ်ဒဏ်ရာ ရရှိထားပြီ ဖြစ်၏။ တကယ်လို့သာ ခြေကားယား လက်ကားယားဖြင့် မြေကြီးပေါ်တွင် မှောက်လျက် အနေအထား နေလိုက်ရပါက သူသည် သတ်ကွင်းထဲ ရောက်နေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့ အကူအညီမဲ့ သွားတော့မည် ဖြစ်ချေသည်။
လေအေးတစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဂျက်ကွဲ စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် လက်ပ်တော့ ကွန်ပျူတာကို ပိုက်ထားသော မိုနာ တစ်ယောက် အမောတကောဖြင့် လှေကားထဲမှ ထွက်ပေါ်လာခဲ့လေသည်။
"ရိုအန်... မင်း အဆင်ပြေရဲ့လား..."
မိုနာ ခေါင်မိုးပေါ်သို့ ရောက်ရှိလာပြီး ရိုအန်၏ နာမည်ကို အော်ဟစ်လိုက်သည်ကို မြင်သောအခါ ဂျက်ကွဲ၏ မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး မျှော်လင့်ချက် ရောင်ခြည်များဖြင့် ရိုအန်ထံသို့ လှမ်းကြည့်လိုက်ပေသည်။
'ဒီ သေနတ်ကိုင်ထားတဲ့ ကောင်လေးသာ အသံကြားလို့ နောက်လှည့်ကြည့်လိုက်မယ် ဆိုရင်... ငါ့အတွက် အခွင့်အရေး ရပြီ...'
"ငါ ဘာမှမဖြစ်ဘူး... လေစီ့ဆီကို အရင် ဖုန်းဆက်လိုက်... ပြီးရင် လူနာတင်ယာဉ်ပါ တစ်ခါတည်း ခေါ်လိုက်..."
မိုနာ၏ အသံကို ကြားသော်လည်း ရိုအန်သည် ဂျက်ကွဲထံမှ အကြည့်ကို လုံးဝ မခွာခဲ့ဘဲ နောက်လှည့်မကြည့်ခဲ့ချေ။ နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး ဖြည်းညင်းစွာ စကားဆိုလိုက်လေသည်။
"လေစီ့ကို ဘေးက တိုက်ခေါင်မိုးပေါ် တက်လာခဲ့ဖို့ ပြောလိုက်... ဒေါ်လာ တစ်သန်းတန် လူကြီးမင်းကို ငါ ဖမ်းထားလိုက်ပြီ လို့..."
ထိုစကားကို ကြားသောအခါ မိုနာ၏ မျက်ဝန်းများ ချက်ချင်း အရောင်လက်သွားပြီး မိုဘိုင်းဖုန်းကို ထုတ်ယူကာ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ပေသည်။
"အိုကေ..."
"သောက်ကျိုးနည်း..."
ဂျက်ကွဲမှာမူ ဒေါသတကြီးဖြင့် စကားဆိုလိုက်ချေသည်။
အချိန်အနည်းငယ် နောက်ဆုတ်ရလျှင် တိုက်ခန်း အဆောက်အအုံ၏ အောက်ထပ်တွင် ဖြစ်လေသည်။
လေစီက ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သော ဆံပင်တိုတို လူဖြူ အမျိုးသမီး ရဲအရာရှိလေး တစ်ဦး၏ ခါးသွယ်သွယ်လေးကို ဖက်ထားပြီး နားနားကပ်ကာ တိုးတိတ်စွာ စကားပြောနေခဲ့ပေသည်။ ထို အမျိုးသမီး ရဲအရာရှိမှာ နယူးယောက် ရဲတပ်ဖွဲ့မှ ရဲမှူး ရှာလီဇ် ပင် ဖြစ်ချေ။
မလှမ်းမကမ်းတွင် လုံခြုံရေး ယူပေးကာ ဤနယ်မြေကို ပိတ်ဆို့ထားပြီး လမ်းသွားလမ်းလာများကို အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် တားဆီးနေကြသော ကင်းလှည့် ရဲအရာရှိများမှာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မျက်နှာများ မည်းမှောင်သွားကြလေသည်။
လေစီ တစ်ယောက် အချိန်အခါသင့်ပြီဟု ယူဆကာ နှုတ်ခမ်းကို သပ်လိုက်ပြီး ယနေ့ ရုံးဆင်းချိန်တွင် ရဲမှူး ရှာလီဇ်ကို သူမ၏ အိမ်သို့ ရုပ်ရှင်ကောင်းကောင်း သွားကြည့်ရန် ဖိတ်ခေါ်မည့် အချိန်လေးမှာပင် ဖြစ်ပေသည်။
အက်ဖ်ဘီအိုင် ၏ မီးခိုးပြာရောင် အပေါ်ထပ် အင်္ကျီများကို ဝတ်ဆင်ထားသော လူလတ်ပိုင်း လူဖြူ အမျိုးသား နှစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ ထိုသူနှစ်ဦးက နယူးယောက် ကင်းလှည့် ရဲအရာရှိများကို တိုးတိတ်သော အသံဖြင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ပိတ်ဆို့ထားသော မျဉ်းတားကို ဖြတ်ကျော်ကာ တိုက်ခန်း အဆောက်အအုံ၏ ဝင်ပေါက်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့ကြလေသည်။
ထိုသူ နှစ်ဦး၏ မျက်နှာကို မြင်လိုက်ရသောအခါ လေစီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားချေသည်။ ထို့နောက် အလျင်အမြန် သေနတ်ကို ဆွဲထုတ်ကာ သူတို့ နှစ်ဦး၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် စကားဆိုလိုက်ပေသည်။
"တောင်းပန်ပါတယ် လူကြီးမင်းတို့... ဒီနေရာကို ဝင်ခွင့်မပြုပါဘူး..."
လေစီက သေနတ်ထုတ်ကာ တားဆီးလိုက်သည်ကို မြင်သောအခါ ရှေ့မှ ဦးဆောင်လာသော လူလတ်ပိုင်း လူဖြူ အမျိုးသားက လေစီ့ထံ လက်ကမ်းပေးလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ စကားဆိုလာလေသည်။
"မင်္ဂလာပါ... ကျွန်တော့် နာမည်က တယ်ရီ ပါ... အက်ဖ်ဘီအိုင် အကြမ်းဖက်သမား စိစစ်ရေး ဗဟိုဌာန ကပါ..."
"ဟုတ်လို့လား..."
ထိုစကားကို ကြားသောအခါ လေစီ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။
"ဒါပေမဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ကတော့ ရှင်တို့ ဖောက်ခွဲရေး ပစ္စည်း နှိမ်နင်းရေး ဌာန ကလို့ ပြောခဲ့ဖူးပါတယ်..."
ယခု ဤနေရာတွင် ပေါ်လာသော လူနှစ်ဦးမှာ ယခင်က ရိုအန်၏ လက်ထဲမှ တရားခံကို လုယူရန် ကြိုးစားခဲ့သော စီအိုင်အေ အထူးအေးဂျင့် နှစ်ဦးပင် ဖြစ်လေသည်။ ထိုကိစ္စ ဖြစ်ပွားပြီးနောက် ရိုအန်က အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ လူများကို ထိုအကြောင်း ပြောပြခဲ့ပြီး ထိုသူနှစ်ဦး၏ ရုပ်ရည် သွင်ပြင်ကိုပါ အကြမ်းဖျင်း ဖော်ပြခဲ့ဖူးချေသည်။ စီအိုင်အေ နှင့် ရန်ငြိုး ရှိခဲ့ဖူးပြီး ထောက်လှမ်းရေး ဌာနမှ ဆင်းသက်လာသော လေစီ အနေဖြင့် ထိုသူနှစ်ဦး၏ ရုပ်ရည်ကို သေချာပေါက် မှတ်သားထားခဲ့မည်သာ ဖြစ်ပေသည်။
လေစီ၏ စကားကို ကြားသောအခါ တယ်ရီ၏ မျက်ခုံးများ တစ်ချက် တွန့်ကွေးသွားပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။
မကြာမီက မဒမ် ဟယ်လွိုက်စ် နှင့် သူမ၏ လက်အောက်ငယ်သားများ သည် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမေးမြန်းရေး အခန်းထဲတွင် ဒေမွန်တီ ကို စစ်ဆေးစဉ်က ဆေးဝါး တစ်မျိုးကို အသုံးပြုကာ စကားလုံး တစ်လုံးကို အောင်မြင်စွာ ရရှိခဲ့ကြလေသည်။ ထိုစကားလုံးမှာ မိသားစု ပင် ဖြစ်ချေသည်။
ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် မဒမ် ဟယ်လွိုက်စ် မှာ ချက်ချင်း သဘောပေါက်သွားခဲ့ပြီး သူမ၏ လက်အောက်ငယ်သားများကို မိုနာ၏ အိမ်သို့ အလျင်အမြန် စေလွှတ်ခဲ့ပေသည်။ ဂျက်ကွဲကို ရှာတွေ့ပါက အကောင်းဆုံး ဖြစ်ပြီး အကယ်၍ မတွေ့ရှိခဲ့လျှင်ပင် မိုနာကို ခေါ်ဆောင်သွားကာ စီအိုင်အေ က ယာယီ ထိန်းသိမ်းထားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် အက်ဖ်ဘီအိုင် ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမည်ကို မဒမ် ဟယ်လွိုက်စ် ကောင်းကောင်း သိရှိထားချေ။ သို့သော် ဂျက်ကွဲကိုသာ ဖမ်းမမိပါက နောင်တစ်ချိန်တွင် သူမ အနေဖြင့် စီအိုင်အေ အတွင်း၌ ဆက်လက် ရပ်တည်နိုင်မည်လား ဆိုသည်မှာပင် မသေချာတော့ပေ။ ထို့ကြောင့် အက်ဖ်ဘီအိုင် ၏ မကျေနပ်မှု ဆိုသည်က သူမအတွက် လုံးဝ အရေးမပါလှချေ။ မိုနာ မသေသရွေ့ ကြီးမားသော ပြဿနာ ပေါ်ပေါက်လာမည် မဟုတ်ပေ။ ဤသည်မှာ စီအိုင်အေ တို့၏ စံသတ်မှတ်ချက် အတွေးအခေါ်ပင် ဖြစ်လေသည်။
တယ်ရီ တို့ နှစ်ဦး ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းကို လေစီ အနေဖြင့် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ရုံဖြင့် အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့ပေသည်။ ဤသူနှစ်ဦးမှာ မဒမ် ဟယ်လွိုက်စ် ၏ လက်အောက်ငယ်သားများ ဖြစ်ကြောင်း ရိုအန် က ပြောခဲ့ဖူးလေသည်။ မဒမ် ဟယ်လွိုက်စ် ၏ ပစ်မှတ်မှာ ဂျက်ကွဲ ဖြစ်ပြီး ဂျက်ကွဲ၏ ပစ်မှတ်မှာ မိုနာ ဖြစ်ချေသည်။ ထို့အပြင် မိုနာ ကလည်း ဤတိုက်ခန်း အဆောက်အအုံ အတွင်း၌ နေထိုင်သူ ဖြစ်ပေသည်။ ထို့ကြောင့် တယ်ရီ တို့ နှစ်ဦး၏ ပစ်မှတ်မှာ မိုနာ မဟုတ်ဘူးဟု ပြောလာပါက သေအောင် ရိုက်သတ်လျှင်ပင် လေစီ ယုံကြည်မည် မဟုတ်ချေ။
ထို့ကြောင့် တယ်ရီ တစ်ယောက် ချောင်းတစ်ချက် ဟန့်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်ကို မြင်သောအခါ လေစီ က ခဏမျှပင် တွန့်ဆုတ်မနေဘဲ သေနတ်ကို တည့်တည့် ချိန်ရွယ်လိုက်လေသည်။
"စီအိုင်အေ က လူကြီးမင်း နှစ်ယောက်... ကျွန်မ ပြောပြီးပြီနော်... ဒီနေရာကို ဝင်ခွင့်မပြုဘူး လို့..."
ထိုစကားကို ကြားသောအခါ တယ်ရီ၏ မျက်နှာထား ချက်ချင်း မှောင်မည်းသွားချေသည်။ သို့သော် သူ စကားပြောရန် ပြင်လိုက်ချိန်မှာပင် လေစီ၏ မိုဘိုင်းဖုန်းက ရုတ်တရက် မြည်လာခဲ့လေသည်။
"တီ... တီ..."
လေစီ မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်သည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် တယ်ရီ က ခေါင်းစောင်းကာ ဘေးနားရှိ အသင်းဖော်ကို မျက်စိဖြင့် အချက်ပြလိုက်၏။ အသင်းဖော် ဖြစ်သူကလည်း ခဏမျှပင် တွန့်ဆုတ်မနေဘဲ လေစီ့ ဘေးမှနေ၍ အလျင်အမြန် ကွေ့ရှောင်ကာ တိုက်ခန်း အဆောက်အအုံ အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့လေသည်။
"သောက်ကျိုးနည်း..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လေစီ၏ မျက်နှာပေါ်တွင် ဒေါသအမျက်များ ထွက်ပေါ်လာခဲ့ချေသည်။ သို့သော် တယ်ရီ က သူမ၏ ရှေ့တွင် ချက်ချင်း ပိတ်ရပ်လိုက်ပြီး ပြုံး၍ စကားဆိုလာပေသည်။
"စိတ်မဆိုးပါနဲ့ စုံထောက် လေစီ... ကျွန်တော် ဘယ်မှ မသွားပါဘူး... ခင်ဗျား ဖုန်းကို အရင် ကိုင်လိုက်ပါဦး... အရေးကြီး သတင်းတွေ ဖြစ်နေမှာပေါ့..."
'တကယ်ပဲ စီအိုင်အေ တွေရဲ့ လုပ်ဟန် အတိုင်းပဲ...'
ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူမှာ မိုနာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ လေစီ က တယ်ရီ ကို အေးစက်စက် အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ဖုန်းကို အလျင်အမြန် ကိုင်လိုက်လေသည်။
"ကျွန်မပါ... လေစီ..."
နောက်တစ်စက္ကန့်တွင် ဖုန်းထဲမှ မိုနာ၏ စကားသံကို ကြားလိုက်ရပြီးနောက် လေစီ တစ်ယောက် အစပိုင်းတွင် ကြောင်အမ်းသွားခဲ့ချေသည်။ ထို့နောက် သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာခဲ့လေတော့သည်။