← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉ ကျွန်တော့်အိမ်က တော်တော်လေး ကျယ်တယ်

နောက်တစ်နေ့ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့။

"မင်္ဂလာနံနက်ခင်းပါ မိုနာ..."

နံနက်စာထုတ်ကို ဆွဲကာ ရိုအန်က တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့လေသည်။ ရုံးခန်းဆောင် အတွင်း၌ စားပွဲပေါ် မှောက်အိပ်နေသော လေစီမှလွဲ၍ သူမ၏ နေရာတွင် ထိုင်ကာ ကီးဘုတ်ကို ရိုက်နှိပ်နေသော မိုနာကိုပါ ရိုအန် မြင်တွေ့လိုက်ရပေသည်။

မနေ့က ကိစ္စများ ပြီးဆုံးသွားပြီးနောက် လေစီမှာ ဂျက်ကွဲကို စောင့်ကြည့်ရန် ဆေးရုံသို့ ညဆိုင်း သွားရောက်ခဲ့ရပြီး ရိုအန်ကမူ ရှက်ဗလက် ကားကြီးကို မောင်းနှင်ကာ အိမ်ပြန် အိပ်ခဲ့ခြင်း ဖြစ်ချေသည်။

"မင်္ဂလာနံနက်ခင်းပါ ရိုအန်..."

မိမိ၏ အလုပ်စားပွဲတွင် ထိုင်ချလိုက်ပြီးနောက် ရိုအန်က နံနက်စာကို တစ်ကိုက် ကိုက်စားလိုက်၏။ ထို့နောက် ခေါင်းကို တစ်ချက် စောင်းကာ နားမလည်နိုင်စွာဖြင့် စကားဆိုလိုက်လေသည်။

"မိုနာ... ဒီနေ့ ဘာလို့ ဒီလောက် စောစော ရောက်နေရတာလဲ..."

ပုံမှန် အခြေအနေ အရ ဆိုလျှင် မိုနာသည် သြဂတ်စ်နှင့် အတူ အချိန်ကိုက် ရုံးတက်လေ့ ရှိပေသည်။

"တကယ်တော့ ငါ မနေ့ညကတည်းက ရောက်နေတာ..."

ရိုအန်၏ စကားကို ကြားသောအခါ မိုနာက ခေါင်းယမ်းပြလိုက်၏။ မနေ့က ကိစ္စများ ပြီးဆုံးသွားပြီးနောက် အတန်ကြာ တွေဝေနေခဲ့ပြီး နောက်ဆုံးတွင် အခန်းထဲရှိ ပစ္စည်းများ အားလုံးကို ရှင်းလင်းပြီးမှသာ ပြန်လည် နေထိုင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောပြလေသည်။

ထို့ကြောင့် မိုနာသည် မနေ့ညကတည်းက ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံသို့ ကားမောင်း လာခဲ့ပြီး အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆောင် အတွင်း၌ တစ်ညတာ ဖြတ်သန်းခဲ့ခြင်း ဖြစ်ပေသည်။

ထိုအကြောင်း ပြောပြီးသည်နှင့် မိုနာက ဆက်လက်၍ မေးမြန်းလိုက်ချေသည်။

"ရိုအန်... နင့်ရဲ့ တိုက်ခန်းကို ပြင်ဆင်ပေးခဲ့တဲ့ အိမ်အလှဆင် ကုမ္ပဏီကို ငါ့ဆီ မိတ်ဆက်ပေးလို့ ရမလား..."

မိုနာ ဝယ်ယူထားသော တိုက်ခန်းငယ်လေးမှာ ယခင်ကတည်းက အလှဆင်ပြီးသား ဖြစ်ကာ အထုပ်ဆွဲ၍ အသင့် နေထိုင်နိုင်သော အမျိုးအစား ဖြစ်လေသည်။ ယခုတစ်ကြိမ် ဂျက်ကွဲ၏ ကိစ္စကြောင့် မိုနာ အနေဖြင့် တိုက်ခန်းကို အသစ်ပြန်လည် ပြင်ဆင်ရန် စိတ်ကူးရသွားခဲ့ခြင်း ဖြစ်ပေသည်။

"ပြဿနာ မရှိပါဘူး..."

ဤကိစ္စ သေးသေးလေး အတွက် ရိုအန်က လက်ယမ်းပြကာ ချက်ချင်း သဘောတူလိုက်၏။ ထို့နောက် ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်လေသည်။

"မိုနာ... ဒီညလည်း ရုံးခန်းဆောင်ထဲမှာပဲ အနားယူမှာလား... တကယ်တော့ ငါ့အိမ်က တော်တော်လေး ကျယ်တယ်နော်..."

ရိုအန်၏ စကားကို ကြားသောအခါ မိုနာက ပြန်လည် ဖြေကြားခြင်း မပြုဘဲ မျက်စောင်းသာ တစ်ချက် ထိုးလိုက်ချေသည်။

မကြာမီမှာပင် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပေသည်။

သြဂတ်စ် မှာမူ ယခင်အတိုင်းပင် အမှတ် ငါး အဖွဲ့၏ တံခါးပေါက်သို့ အချိန်ကိုက် ဝင်ရောက်လာခဲ့လေသည်။ ယခင်နေ့များ နည်းတူ သြဂတ်စ်က ယနေ့အတွက် တာဝန် အစီအစဉ်များကို အကျဉ်းချုံး ပြောပြပြီးနောက် စုံထောက်များ အားလုံး အလုပ် စတင် လုပ်ကိုင်ကြချေသည်။

ယနေ့ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ထံသို့ မည်သည့် အမှုအခင်းမျှ ရောက်ရှိမလာခဲ့ချေ။ စုံထောက်များ၏ ယနေ့ အလုပ်တာဝန်မှာ ယာဉ်တိုက်မှုနှင့် ဗုံးပေါက်ကွဲမှု တို့၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို ကိုင်တွယ် ဖြေရှင်းရန်သာ ဖြစ်ပေသည်။

မည်သည့် နိုင်ငံတွင်မဆို အမှုဖော်ထုတ်ခြင်းမှာ လူသတ်သမားကို ဖမ်းမိရုံဖြင့် ပြီးဆုံးသွားခြင်း မဟုတ်ပေ။ နောက်ဆက်တွဲ အနေဖြင့် အမှုအခင်း အစီရင်ခံစာများ ရေးသားခြင်း တရားရုံး တရားသူကြီးများကို ဆက်သွယ်ခြင်း စစ်ဆေးမေးမြန်းမည့် နေ့ရက် သတ်မှတ်ခြင်း ရှေ့နေရုံးကို ဆက်သွယ်ခြင်း အကျဉ်းထောင်ကို ဆက်သွယ်ခြင်း သက်သေခံ ပစ္စည်းများကို စီမံခန့်ခွဲခြင်း အစရှိသည့် လုပ်စရာ အလုပ်များ တစ်ပုံတစ်ပင် ကျန်ရှိနေသေးလေသည်။

နယူးယောက် ရဲတပ်ဖွဲ့နှင့် နှိုင်းယှဉ်လျှင် အက်ဖ်ဘီအိုင် ၏ လုပ်ငန်းစဉ် စိစစ်မှု အမြန်နှုန်းမှာ ပိုမို မြန်ဆန်ပြီး လုပ်ဆောင်ရသည့် အဆင့်များကလည်း များစွာ ရိုးရှင်းလှပေသည်။ သို့သော် လုပ်ငန်းစဉ်နှင့် စာရွက်စာတမ်း အားလုံးကို ပေါင်းစုလိုက်ပါက အနည်းငယ်မျှတော့ မဟုတ်တော့ချေ။

အကယ်၍ အမှုတစ်ခု ဖြေရှင်းခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို အဆင့် ၁၀ ဆင့် ခွဲခြားလိုက်ပါက သဲလွန်စ ရှာဖွေခြင်းနှင့် တရားခံကို ဖမ်းဆီးခြင်းမှာ ပထမဆုံး အဆင့် ၄ ဆင့် အနေဖြင့်သာ သတ်မှတ်နိုင်ပေသည်။ ထို အဆင့် ၄ ဆင့်မှာ အခက်ခဲဆုံး ဖြစ်သော်လည်း နောက်ဆက်တွဲ အဆင့် ၆ ဆင့်မှာမူ လူကို အညှဉ်းပန်းဆုံး အဆင့်များ ဖြစ်လေသည်။

မည်သည့် နိုင်ငံတွင်မဆို လုပ်ငန်းစဉ် ဆိုသည့် အရာမှာ အတူတူပင် ဖြစ်ချေသည်။ အချိန်ဆွဲပြီး အလွန်တရာ ရှုပ်ထွေးလှပေသည်။

သို့သော် ထိုနောက်ဆက်တွဲ အလုပ်များတွင် ရိုအန် တစ်ယောက် အများအားဖြင့် ပါဝင်လေ့ မရှိချေ။ ရိုအန် သည် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့ ဝင်ရောက်လာပြီး ပထမဆုံး အမှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း အမှုအခင်း အစီရင်ခံစာ ကဲ့သို့သော အရာများကို အမှတ် ငါး အဖွဲ့မှ အချိန်အားသူ မည်သည့် စုံထောက်ကမဆို ရိုအန် ကို ကူညီ ရေးသားပေးခဲ့ကြခြင်း ဖြစ်လေသည်။

ထိုအထဲတွင် မိုနာ က ရိုအန် အတွက် အများဆုံး ကူညီ ရေးသားပေးခဲ့ပေသည်။

အဖွဲ့ခေါင်းဆောင် ဖြစ်သူ သြဂတ်စ် သည် အမှုပြီးဆုံးသွားပြီးနောက်ပိုင်း အချိန်အများစုတွင် အမှုဖော်ထုတ်စဉ်က သုံးစွဲခဲ့သော ရန်ပုံငွေ အသုံးစရိတ်များကို စီမံခန့်ခွဲခြင်းနှင့် အမှုအခင်း မှတ်တမ်းများကို ကိုင်တွယ်ကာ မော်ကွန်းတိုက်သို့ ပို့ဆောင်ခြင်း တို့ကို တာဝန်ယူရချေသည်။

လေစီ နှင့် ရက်ဒ် တို့မှာမူ အမှုပြီးဆုံးချိန် အများစုတွင် တရားခံများကို စောင့်ကြည့် ထိန်းသိမ်းခြင်းနှင့် အကျဉ်းထောင်သို့ ဆက်သွယ်ခြင်းများကို ပိုမို တာဝန်ယူ လုပ်ဆောင်ရလေသည်။

ဝီလျံ အပါအဝင် နည်းပညာ ကျွမ်းကျင်သူများ ကမူ တရားရုံး တရားသူကြီးများကို ဆက်သွယ်ခြင်း တရားခံများ အတွက် ရှေ့နေ ငှားရမ်းပေးခြင်း တရားခွင် ကြားနာမည့် အချိန် သတ်မှတ်ခြင်း ရှေ့နေရုံးကို ဆက်သွယ်ခြင်းနှင့် သက်သေခံ ပစ္စည်းများကို စီမံခန့်ခွဲခြင်း စသည့် အလုပ်များကို တာဝန်ယူကြရပေသည်။

ယခုကဲ့သို့ အလုပ်တာဝန် ခွဲဝေမှုနှင့် ပတ်သက်၍ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ထဲတွင် မည်သူကမျှ မကျေနပ်ကြောင်း ပြောဆိုခြင်း မရှိခဲ့ချေ။ အကြောင်းရင်းမှာလည်း အလွန် ရိုးရှင်းလှပေသည်။ ၎င်းမှာ ရိုအန် သည် သူတို့ကို ဦးဆောင်ကာ အကြိမ်တိုင်း အမှုများကို အောင်မြင်စွာ ဖော်ထုတ်နိုင်သောကြောင့်ပင် ဖြစ်လေသည်။

ရိုအန် မရောက်လာခင်က အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ မကြာမီကမှ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အမှုဖော်ထုတ်နိုင်မှု နှုန်းထားမှာ ပြောဖို့ပင် မကောင်းအောင် ဆိုးရွားလွန်းလှပေသည်။ စုံထောက်များ အားလုံး အခြေခံ လစာကိုသာ ရရှိကြပြီး ဆုကြေးငွေ ဆိုသည်ကို မျက်လုံးဖြင့်ပင် မမြင်ဖူးခဲ့ကြချေ။

သို့သော် ရိုအန် ရောက်ရှိလာပြီးနောက်ပိုင်း အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ အမှုဖော်ထုတ်နိုင်မှု နှုန်းထားမှာ ဒုံးပျံ တစ်စင်းပမာ တဟုန်ထိုး တက်လာခဲ့လေသည်။ လစာမှာ ထိုမျှသာ ဖြစ်နေသေးသော်လည်း ဆုကြေးငွေများမှာ ချက်ချင်း မြင့်တက်လာခဲ့၏။ ထို့အပြင် အမှုဖော်ထုတ် ပြီးစီးတိုင်း ကျေးဇူးတင် ငွေများကို အမြဲတမ်း ရရှိနေခဲ့ပေသည်။

ထိုငွေများ ဘယ်က လာသနည်း ဆိုသည်နှင့် သူတို့၏ နေထိုင်မှု ဘဝ အဆင့်အတန်း ဘာကြောင့် တိုးတက်လာရသနည်း ဆိုသည်ကို အမှတ် ငါး အဖွဲ့မှ စုံထောက်များ အားလုံး၏ စိတ်ထဲတွင် ရေရေရာရာ ရှင်းလင်းစွာ သိရှိထားကြချေသည်။

ထို့ကြောင့် ယခုအချိန်တွင် အမှတ် ငါး အဖွဲ့မှ စုံထောက်များ အားလုံး စာရွက်စာတမ်းများ ရေးသားသူက ရေးသားကာ ဖုန်းဆက်သူက ဆက်နေချိန်တွင် ရိုအန် တစ်ယောက် အလုပ်စားပွဲ၌ ထိုင်လျက် ကွန်ပျူတာ မျက်နှာပြင်ကို ကြောင်တောင်တောင် ကြည့်နေခြင်းမှာ အပြင်ပန်းတွင် အနည်းငယ် ကွာဟနေသလို ထင်ရပေသည်။ သို့သော် ရုံးခန်းဆောင် အတွင်း၌ မည်သူကမျှ ပြစ်တင် ဝေဖန်ခြင်း မရှိသလို ကွယ်ရာတွင်လည်း အတင်းပြောခြင်း မရှိခဲ့ချေ။

အမှတ် ငါး အဖွဲ့မှ စုံထောက်များ၏ စိတ်ထဲမှ အတွေးများကို ရိုအန် မသိရှိခဲ့ပေ။ ယခုအချိန်တွင် ရိုအန် သည် မျက်စိရှေ့ရှိ မျက်နှာပြင်ကို စစ်ဆေး ကြည့်ရှုနေခြင်း ဖြစ်လေသည်။ မနေ့က အတွေ့အကြုံများ အတွက် စနစ်မှ သူ့ကို ပေးအပ်သော အကဲဖြတ်ချက်မှာ အကောင်းဆုံး အဆင့် ဖြစ်လေသည်။ ထွက်ပေါ်လာသော ဆုလာဘ်များမှာလည်း ရိုအန် မျှော်လင့်ထားသည့် အတိုင်း ဆေးရည် ၃ ပုလင်းပင် ဖြစ်ချေသည်။

၎င်းတို့မှာ ခွန်အားတိုး ဆေးရည် တစ်ပုလင်း အားအင်တိုး ဆေးရည် တစ်ပုလင်း နှင့် လျင်မြန်မှု ဆေးရည် တစ်ပုလင်း တို့ ဖြစ်ပေသည်။ အားလုံးမှာ ရိုအန် အကြိုက်တွေ့သော ဆေးရည်များချည်းသာ ဖြစ်လေသည်။

သွေးတိတ်ဆေးရည် နှင့် အဆိပ်ဖြေ ဆေးရည် တို့သည် အရေးကြီးသော အချိန်များတွင် မိမိ အသက်ကို ကယ်တင်ပေးနိုင်ကြောင်း ရိုအန် သဘောပေါက် နားလည်ထားပြီး ဖြစ်၏။ သို့သော် ထိခိုက် ဒဏ်ရာ ရရှိခြင်းမှာ မည်သို့မျှ ကောင်းသော အရာ မဟုတ်ချေ။

ထို့ကြောင့် မိမိကိုယ်ကို ထိခိုက် ဒဏ်ရာ မရရှိစေရန် မည်သို့ ပြုလုပ်ရမည်နည်း ဆိုသည်ကို တွေးတောမိလေသည်။ အဖြေမှာ အရေပြားထူခြင်း တိုက်ခိုက်မှု စွမ်းအား မြင့်မားခြင်းနှင့် တုံ့ပြန်မှု မြန်ဆန်ခြင်း တို့ပင် ဖြစ်ချေသည်။ ထိုအချက်များကို လုပ်ဆောင်နိုင်ရန် အတွက် ခွန်အားတိုး ဆေးရည် အားအင်တိုး ဆေးရည် နှင့် လျင်မြန်မှု ဆေးရည် တို့၏ ထောက်ပံ့မှု လိုအပ်သည်မှာ သဘာဝပင် ဖြစ်ပေသည်။

ထိုအရာများကို တွေးမိပြီးနောက် ရိုအန် ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ အနည်းငယ် ကွေးတက်သွားကာ မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင် တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ အကြောင်းမှာ ခွန်အားတိုး ဆေးရည်သည် အခြားသော ကဏ္ဍများတွင်လည်း မမျှော်လင့်ထားသော ထောက်ပံ့မှုများ ရှိနေသောကြောင့် ဖြစ်ချေသည်။

"ရိုအန်... ဒီကို ခဏလာခဲ့ဦး..."

ရိုအန် တစ်ယောက် ခေါင်းငုံ့ကာ စနစ်ထဲရှိ ညကြည့် ဆေးရည်ကို ကြည့်ရင်း ယနေ့ညတွင် တစ်ပုလင်း စမ်းသောက်ကြည့်ကာ မိမိအား မည်သည့် စွမ်းရည်များ တိုးမြှင့်ပေးနိုင်မည်ကို စဉ်းစားနေချိန်မှာပင် သြဂတ်စ် ၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

အသံလာရာ ဘက်သို့ ခေါင်းမော့ ကြည့်လိုက်သောအခါ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ အစည်းအဝေး ခန်းမ တံခါးဝတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူဖြူ အဘိုးအို တစ်ဦးကို ခေါ်ဆောင်လာသည့် သြဂတ်စ် က သူ့ကို လက်ယမ်းပြကာ အချက်ပြနေသည်ကို မြင်တွေ့လိုက်ရပေသည်။

သူတို့ သုံးဦး အစည်းအဝေး ခန်းမ အတွင်းသို့ ဝင်ရောက်ကာ ထိုင်ခုံ အသီးသီးတွင် နေရာယူလိုက်ပြီးနောက် သြဂတ်စ် က လက်မြှောက်ကာ မိတ်ဆက်ပေးလိုက်လေသည်။

"ရိုအန်... ဒီလူကြီးမင်း က ရှေ့နေ နီကိုလာ တဲ့..."

ရိုအန် ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာများ ပေါ်ထွက်လာသော်လည်း အပြုံးဖြင့် လက်ကမ်းပေးလိုက်ချေသည်။

"မင်္ဂလာပါ ရှေ့နေကြီး နီကိုလာ... ကျွန်တော့် နာမည်က ရိုအန် ဂရင်းဝုဒ် ပါ... ရိုအန် လို့ပဲ ခေါ်ပါ..."

"မင်္ဂလာပါ စုံထောက် ရိုအန်..."

လူဖြူ ရှေ့နေ အဘိုးအိုက ပြုံးရွှင်စွာဖြင့် ရိုအန် နှင့် လက်ဆွဲ နှုတ်ဆက်လိုက်၏။ ထို့နောက် သူ၏ ဘေးနားရှိ သားရေအိတ် ထဲမှ ဖိုင်တွဲ တစ်ခုကို ဆွဲထုတ်ရင်း အပြုံးဖြင့် စကားဆိုလာလေသည်။

"ကျွန်တော်က အရင်တစ်လောက ဓားပြတိုက် ခံခဲ့ရတဲ့ ဘဏ် ၆ ခုရဲ့ ကိုယ်စားလှယ် ရှေ့နေပါ... ဒီနေ့ ဒီကို လာတာက မင်းနဲ့ စာချုပ် တစ်စောင် လာချုပ်ဖို့ပါ..."

တစ်ဖက်လူ၏ ကိုယ်ရေးအချက်အလက်ကို ကြားသောအခါ ရိုအန် ၏ မျက်ခုံးများ ချက်ချင်း ပင့်တက်သွားခဲ့ပေသည်။

တစ်ဖက်လူ ကမ်းပေးလာသော ဖိုင်တွဲကို ငုံ့ကြည့်လိုက်ရာ သူ တွေးထားသည့် အတိုင်းပင် ဗီရိုနီးစ် ယခင်က ပြောပြခဲ့ဖူးသော ဘဏ် ၆ ခုက သူ့ကို လုံခြုံရေး အကြံပေး အဖြစ် ငှားရမ်းမည့် စာချုပ်ပင် ဖြစ်နေချေသည်။ ထိုစာချုပ်၏ အလယ်တွင် လုံခြုံရေး အကြံပေး အလုပ်အတွက် ဘဏ်တစ်ဘဏ်လျှင် တစ်လ ဒေါ်လာ ၂,၀၀၀ ပေးမည် ဖြစ်ကြောင်း အထင်အရှား ရေးသားထားလေသည်။

ဘဏ် ၆ ခု ပေါင်းလိုက်ပါက တစ်လလျှင် ဒေါ်လာ ၁၂,၀၀၀ ပင် ဖြစ်ပေသည်။ သေချာပေါက် ဤငွေများကို အလကား ရရှိမည်တော့ မဟုတ်ချေ။ ရိုအန် အနေဖြင့် ထိုဘဏ် ၆ ခု၏ လုံခြုံရေး အတွက် နောက်ဆက်တွဲ တိုးတက်မှု အကြံပြုချက်များ ပေးခြင်းနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ခြင်း တို့ကို လုပ်ဆောင်ပေးရမည် ဖြစ်လေသည်။ သို့သော် ရိုအန် ၏ မျက်ဝန်းများမှာ မျက်စိတစ်မှိတ် အတွင်း အရောင်လက်သွားခဲ့ချေသည်။

အကြောင်းမှာ အကြီးတန်း စုံထောက် အဖြစ် ရာထူးတိုးပြီးနောက်ပိုင်း ရိုအန် ၏ တစ်လ လစာမှာ ဒေါ်လာ ၃,၀၀၀ သာ ရှိသောကြောင့် ဖြစ်ပေသည်။

စာချုပ်ကို သေသေချာချာ စစ်ဆေး ကြည့်ရှုလိုက်ပြီး ပြဿနာ တစ်စုံတစ်ရာ မတွေ့ရသဖြင့် ရိုအန် က မိမိ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်လေသည်။ ရှေ့နေ နီကိုလာ အစည်းအဝေး ခန်းမ အတွင်းမှ ထွက်ခွာသွားပြီးနောက် ရိုအန် က ဘေးနားရှိ သြဂတ်စ် ထံသို့ အကြည့်ရွှေ့လိုက်ချေသည်။

ဗီရိုနီးစ် ပြောခဲ့ဖူးသော စကားကို ရိုအန် မှတ်မိနေသေးပေသည်။ ဘဏ်များက ကျေးဇူးတင်ငွေ ပေးချေမည့် အချိန် ရောက်မှသာ သူနှင့် ဤစာချုပ်ကို လာရောက် ချုပ်ဆိုမည် ဖြစ်ကြောင်း ပြောခဲ့ဖူးလေသည်။ ယခုအခါ စာချုပ်မှာ သူ၏ မျက်စိရှေ့တွင် ရောက်ရှိနေပြီ ဖြစ်ရာ ဘဏ်၏ ကျေးဇူးတင်ငွေ ဆိုသည်ကလည်း မဝေးတော့ပြီ ဖြစ်ကြောင်း တွေးတောမိလိုက်၏။

ရိုအန် ၏ အကြည့်ကို မြင်သောအခါ သြဂတ်စ် လည်း သဘောပေါက်စွာဖြင့် သွားပေါ်အောင် ပြုံးလိုက်လေတော့သည်။

All Chapters