အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း ၁၃၀ လွှတ်တော်အမတ် မာတေး။
အပိုစကားများ မဆိုတော့ဘဲ သြဂတ်စ်က ရိုအန်၏ ပခုံးကို အားပါပါ တစ်ချက် ပုတ်လိုက်လေသည်။
"ဘဏ် ၆ ခုက ပေးတဲ့ ကျေးဇူးတင်ငွေ ၆ သိန်း အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကောင့်ထဲ ရောက်နေပြီ... အဲဒီအထဲက ၄ သိန်းကို ခဏနေရင် မင်းဆီ လွှဲပေးလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ရိုအန်၏ မျက်နှာထက်၌ အပြုံးပန်းများ ချက်ချင်း ပွင့်လန်းသွားပြီး အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်ချေသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
"ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက မင်း ရသင့်ရထိုက်တာပါ..."
သြဂတ်စ်က လက်ယမ်းပြလိုက်၏။ ယခင် ကွင်းဆက် ဘဏ်ဓားပြတိုက်မှုတွင် ရိုအန်က အပင်ပန်းခံ အလုပ်လုပ်ခဲ့ရဆုံး ဖြစ်သည့်အတွက် အများဆုံး ရထိုက်သည်မှာ သဘာဝပင် ဖြစ်ပေသည်။
သြဂတ်စ် ဆက်လက် စကားဆိုရန် ဟန်ပြင်လိုက်ချိန်မှာပင် သြဂတ်စ်၏ အိတ်ကပ်ထဲရှိ ဖုန်းက ရုတ်တရက် မြည်လာခဲ့လေသည်။ ဖုန်းခေါ်ဆိုသူမှာ ဗီရိုနီးစ် ပင် ဖြစ်ပေသည်။
ဗီရိုနီးစ်၏ စကားသံများက ယခင်အတိုင်း တိကျပြတ်သားနေဆဲ ဖြစ်ပြီး တိုက်ရိုက်ပင် အမိန့်ပေးလာချေသည်။
"ရိုအန်ကို ငါ့ရုံးခန်းထဲ လာခဲ့ဖို့ ပြောလိုက်..."
"ဟုတ်ကဲ့ပါ ဌာနခွဲမှူး..."
ရိုအန် သတင်းရသည်နှင့် တစ်ပြိုင်နက် ဗီရိုနီးစ်၏ ရုံးခန်းဆီသို့ ချက်ချင်း ထွက်ခွာသွားခဲ့လေသည်။
"ထိုင်ပါ..."
ရုံးခန်းအတွင်း၌ ဗီရိုနီးစ်က လက်ထဲရှိ လက်မှတ်ထိုးသည့် ဘောပင်ကို ဘေးသို့ ပစ်ချလိုက်၏။ အချိုးအစားကျနလှသော ခန္ဓာကိုယ်ကို ကုလားထိုင်နောက်မှီသို့ မှီချလိုက်ပြီး ရိုအန်ကို ကြည့်ကာ လေသံအေးအေးဖြင့် စကားဆိုလိုက်ပေသည်။
"ခုလေးတင် သတင်းရတယ်... ဒီနေ့ ညနေလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို အထူးကိုယ်စားလှယ် ဌာနမှူး ကော့ဘတ် အပြင် နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေထဲက တစ်ယောက် ဖြစ်တဲ့ လွှတ်တော်အမတ် မာတေး ပါ တက်ရောက်လာလိမ့်မယ်..."
လွှတ်တော်အမတ် မာတေးဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် ရိုအန်၏ မျက်နှာထက်၌ နားမလည်နိုင်မှုများ အပြည့် နေရာယူသွားချေသည်။
"သူက ဘယ်သူလဲ..."
ထိုအခြေအနေကို မြင်သောအခါ ဗီရိုနီးစ်က မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်လေသည်။
"မင်း သူ့ကို မသိဘူးလား..."
"မသိပါဘူး..."
ရိုအန်က ခေါင်းကို ဆက်တိုက် ယမ်းပြလိုက်၏။ ရိုအန် အနေဖြင့် နယူးယောက်၏ နိုင်ငံရေးကို သိပ်ပြီး အာရုံမစိုက်မိသလို ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ အကြောင်းကိုလည်း ကောင်းကောင်း နားမလည်ပေ။
ထိုစကားကို ကြားသောအခါ ဗီရိုနီးစ်က ခေါင်းငုံ့ကာ အတန်ကြာ စဉ်းစားခန်း ဝင်သွားချေသည်။ ဤကဲ့သို့သော ကိစ္စသေးသေးလေးများတွင် ရိုအန် အနေဖြင့် ဗီရိုနီးစ်ကို လိမ်လည်မည် မဟုတ်ကြောင်း ဗီရိုနီးစ် ကောင်းကောင်း သိထားသဖြင့် ရိုအန် တကယ်ပင် လွှတ်တော်အမတ် မာတေးကို မသိခြင်း ဖြစ်ကြောင်း သေချာသွားလေသည်။
ထိုသို့ဆိုလျှင် လွှတ်တော်အမတ် မာတေးက ဘာကြောင့် ဤသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာရသနည်း ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာပေသည်။ လွှတ်တော်အမတ် မာတေးမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ယှဉ်ပြိုင်နေသူ ဖြစ်ပြီး အက်ဖ်ဘီအိုင် အဖွဲ့သားများမှာမူ ဥပဒေစိုးမိုးရေး အဖွဲ့အစည်း ဖြစ်လေသည်။
နှစ်ဖက်စလုံးမှာ ရန်သူ အုပ်စုများဟု မဆိုသာသော်လည်း ဆက်ဆံရေး အရမ်းကောင်းမွန်နေသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။
လွှတ်တော်အမတ် မာတေး၏ ရွေးကောက်ပွဲ ကြွေးကြော်သံမှာ နယူးယောက်၏ ရာဇဝတ်မှုနှုန်းကို လျှော့ချရန် ဖြစ်ကြောင်း သတိရသွားချိန်တွင် ဗီရိုနီးစ်၏ မျက်ခုံးများ တစ်ချက် ပင့်တက်သွားပြီး ခေါင်းထဲ၌ အတွေးပေါင်းများစွာ ကူးလူးယှက်သန်းလာခဲ့ပေသည်။
ဗီရိုနီးစ်၏ လွှတ်တော်အမတ် မာတေးနှင့် ပတ်သက်သည့် ရှင်းပြချက်ကို နားထောင်ရင်း ရိုအန်၏ မျက်ခွံများ တစ်ချက် တွန့်ကွေးသွားကာ ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားချေသည်။
"ဌာနခွဲမှူး..."
ရိုအန်က အလျင်အမြန် ခေါင်းမော့ကာ စကားဆိုလိုက်၏။
"အရင် ကွင်းဆက် လူသတ်မှုတုန်းက ကျွန်တော် မတော်တဆ ရုပ်မြင်သံကြားထဲ ပါသွားဖူးတယ်... လွှတ်တော်အမတ် မာတေး က အဲဒီတုန်းကတည်းက ကျွန်တော့်ကို သိသွားတာ ဖြစ်ရမယ်..."
ရိုအန် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့ ဝင်ရောက်ပြီးနောက်ပိုင်း မထင်မှတ်ဘဲ ရာခိုင်နှုန်းပြည့် အမှုဖော်ထုတ်နိုင်မှု နှုန်းထားကို ရရှိထားခဲ့သည်ကို ပြန်လည် တွေးတောမိသွားလေသည်။ လွှတ်တော်အမတ် မာတေး အနေဖြင့် ရိုအန်ကို သဘောကျ နှစ်သက်၍ ဖြစ်နိုင်သော်လည်း အမှန်တကယ်တွင်မူ ရိုအန်ကို အသုံးချချင်သည့် ရည်ရွယ်ချက်က ပိုများနေနိုင်ကြောင်း ရိုအန် ခံစားမိလိုက်ပေသည်။
"ဟင်..."
ရိုအန်၏ စကားကို ကြားလိုက်ရချိန်တွင် ဗီရိုနီးစ် တစ်ယောက် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် အသိဝင်လာခဲ့ချေသည်။ ဗီရိုနီးစ် ကိုယ်တိုင် ထိုအချက်ကို လျစ်လျူရှုမိသွားခြင်း ပင်။
အကယ်၍ အမှန်တကယ်သာ ထိုသို့ ဖြစ်နေမည် ဆိုပါက လွှတ်တော်အမတ် မာတေးသည် ရိုအန်က မှင်တံကို အသုံးပြု၍ ကွင်းဆက် လူသတ်သမားကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကိုပါ တွေ့မြင်ခဲ့ရမည်မှာ သေချာလေသည်။
လွှတ်တော်အမတ် မာတေး၏ ရွေးကောက်ပွဲ ကြွေးကြော်သံကို ထပ်မံ ချိတ်ဆက် တွေးတောကြည့်လိုက်ချိန်တွင် ဗီရိုနီးစ် အနေဖြင့်လည်း ရိုအန်နှင့် ထပ်တူကျသည့် အတွေးမျိုးကို ချက်ချင်း ရရှိသွားခဲ့ပေသည်။
၎င်းမှာ လွှတ်တော်အမတ် မာတေးသည် ဤအခွင့်အရေးကို အသုံးချကာ ရိုအန်နှင့် မိတ်ဖွဲ့ချင်နေပြီး နောက်ဆုံးတွင် ရိုအန် မှတစ်ဆင့် မိမိ၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နည်းလမ်းရှာဖွေနေခြင်း ဖြစ်နိုင်ခြေ အလွန်များပြားလှချေသည်။
တတ်နိုင်မည် မဟုတ်ပေ။ ဤကာလအတွင်း ရိုအန်၏ စွမ်းဆောင်ရည်များမှာ စောင့်ကြည့်နေသူများ၏ မျက်စိထဲတွင် အလွန်တရာ ထင်ပေါ်လွန်းနေခဲ့လေသည်။ ရိုအန်သည် အက်ဖ်ဘီအိုင် မှ စုံထောက် တစ်ဦး ဖြစ်သော်ငြား အလွန်တရာ ငယ်ရွယ်လွန်းလှပေသည်။ နိုင်ငံရေးလောကတွင် ကျင်လည်ကျက်စားနေသော မြေခွေးအိုကြီးများ အနေဖြင့် ရိုအန် ကဲ့သို့သော လူမျိုးများကို အလွန်တရာ သဘောကျလေ့ ရှိကြချေသည်။
ထိုအချက်များကို စဉ်းစားမိသွားပြီးနောက် ဗီရိုနီးစ်က ပြတ်ပြတ်သားသားပင် လေသံကို နှိမ့်ချကာ စကားဆိုလိုက်၏။
"ရိုအန်... ဒီနေ့ ညနေလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို မင်း သွားစရာ မလိုတော့ဘူး..."
ရိုအန်က ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဌာနခွဲမှူး..."
သတင်းစာရှင်းလင်းပွဲ ကဲ့သို့သော အရာများကို ရိုအန် မူလကတည်းက တက်ရောက်လိုခြင်း မရှိချေ။ အကြောင်းရင်းမှာ ယခင်က ရှင်းပြခဲ့ဖူးသည့်အတိုင်း ရိုအန် အနေဖြင့် နာမည်ကြီးချင်စိတ် လုံးဝ မရှိဘဲ တိတ်တဆိတ် အမှုဖော်ထုတ်ကာ ငွေရှာပြီး အသံတိတ် ကြီးပွားချင်သောကြောင့် ပင်။
အက်ဖ်ဘီအိုင် စုံထောက် တစ်ယောက် အလွန်အမင်း နာမည်ကြီးလာပါက နယူးယောက်ရှိ ကြည့်ရှုသူနှုန်း များပြားစေရန် အသက်ကိုပင် ပဓာန မထားတတ်ကြသော သရဖူမဲ့ ဘုရင်များ ဟု တင်စားခေါ်ဝေါ်ကြသည့် သတင်းထောက်များ၏ အချိန်ပြည့် စောင့်ကြည့်ခြင်းကို ခံရမည်မှာ အသေအချာပင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ရိုအန်၏ နောက်ပိုင်း အမှုဖော်ထုတ်မှု လုပ်ငန်းစဉ်များတွင် မသိမသာ ဝင်ရောက်လာမည့် အခက်အခဲပေါင်း များစွာ တိုးလာမည်မှာ အမှန်ပင် ဖြစ်ပေသည်။ မိမိကိုယ်ကို ဒုက္ခရှာသည့် ဤကဲ့သို့သော ကိစ္စမျိုးကို ရိုအန် လုံးဝ လုပ်ဆောင်မည် မဟုတ်ချေ။
သို့သော် အက်ဖ်ဘီအိုင် ဌာနတွင်း ဂုဏ်ပြုချီးမြှင့်ပွဲ သို့မဟုတ် ဆုချီးမြှင့်သည့် အခမ်းအနားများ ဆိုလျှင်တော့ ရိုအန် သေချာပေါက် တက်ရောက်မည် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ထိုပွဲများတွင် ဆုကြေးငွေ သို့မဟုတ် ဂုဏ်ထူးဆောင် တံဆိပ်များ ရရှိနိုင်သောကြောင့် ပင်။
အခြားတစ်ဖက်တွင် ဗီရိုနီးစ် အနေဖြင့် လွှတ်တော်အမတ် မာတေး အကြောင်းကို နောက်ကြောင်းပြန် စုံစမ်းရန် ဆုံးဖြတ်လိုက်ချေသည်။ ထို့နောက် ခေါင်းကို အနည်းငယ် စောင်းကာ စဉ်းစားလိုက်ပြီး ဘေးနားရှိ ဖိုင်တွဲအပုံထဲမှ အပြာရောင် ဖိုင်တွဲတစ်ခုကို ဆွဲထုတ်ကာ ရိုအန်ထံ ကမ်းပေးရင်း လေသံအေးအေးဖြင့် စကားဆိုလိုက်၏။
"ဒါနဲ့... ဒါက ဂျက်ကွဲ အတွက် ဒေါ်လာ တစ်သန်း ဆုကြေးငွေပဲ..."
ဆုကြေးငွေ အကြောင်းကို ပြောလိုက်ချိန်တွင် ရိုအန်ကို ကြည့်နေသော ဗီရိုနီးစ်၏ မျက်ဝန်းများထဲ၌ ကျေနပ်အားရမှုများ အပြည့် နေရာယူနေပေသည်။ ဆုကြေးငွေများကို စီအိုင်အေ ဘက်မှ မနေ့က ညနေပိုင်းတွင် အကောင့်ထဲသို့ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သော်လည်း မနေ့ညမှာပင် ဂျက်ကွဲကို ရိုအန် ဖမ်းဆီးနိုင်ခဲ့လေသည်။
ဤသတင်းကို ကြားပြီးနောက် စီအိုင်အေ အဖွဲ့သားများ၏ စိမ်းဖန့်သွားမည့် မျက်နှာများကို တွေးမိသွားချိန်တွင် ဗီရိုနီးစ်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ချေသည်။ သို့သော် ထိုအပြုံးကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်၏။ လက်အောက်ငယ်သားများ ရှေ့တွင် ဗီရိုနီးစ် အနေဖြင့် မိမိ၏ အထက်အရာရှိ အသွင်အပြင်ကို အမြဲတမ်း ဂရုတစိုက် ထိန်းသိမ်းထားလေ့ ရှိပေသည်။
"ကျေးဇူးတင်ပါတယ် ဌာနခွဲမှူး..."
ရိုအန် ကမူ ဗီရိုနီးစ် မျက်နှာပေါ်ရှိ အပြုံးကို သတိမထားမိခဲ့ချေ။ ယခုအချိန်တွင် ရိုအန်၏ အာရုံစိုက်မှု အားလုံးမှာ လက်ထဲရှိ ဖိုင်တွဲပေါ်သို့သာ ကျရောက်နေလေသည်။ စောစောက သြဂတ်စ် ထံမှ ကျေးဇူးတင်ငွေ ၄ သိန်း ရရှိခဲ့ပြီး ယခု ဤနေရာတွင် ၁၀ သိန်း ထပ်မံ ရရှိခဲ့ပြန်ပေသည်။
ယနေ့ ရုံးဆင်းလျှင် ဝေါလ်စထရိ ဘက်သို့ သွားရောက် လည်ပတ်ရန် ရိုအန် ဆုံးဖြတ်လိုက်၏။ ယခုအချိန်မှာ ၂၀၀၅ ခုနှစ် ဖြစ်လေသည်။ ဤအချိန်ကာလတွင် အက်ပဲလ်၊ ဂူဂဲလ် အစရှိသော ကုမ္ပဏီများ၏ စတော့ရှယ်ယာ စျေးနှုန်းများမှာ သိပ်မမြင့်သေးကြောင်း ရိုအန် ခန့်မှန်းမိပေသည်။
ထို့အပြင် လွှတ်တော်အမတ် မာတေး အကြောင်းကိုလည်း စုံစမ်းရမည် ဖြစ်ချေ။ အနည်းဆုံးတော့ လွှတ်တော်အမတ် မာတေး၏ ရည်ရွယ်ချက် အစစ်အမှန်ကို သေချာပေါက် သိရှိထားရန် လိုအပ်ပေသည်။
ညနေပိုင်း သတင်းစာရှင်းလင်းပွဲ မစတင်မီ ၁၀ မိနစ်အလို နောက်ဘက် အနားယူခန်း အတွင်း၌ ဖြစ်လေသည်။
"မင်္ဂလာပါ ဌာနခွဲမှူး..."
ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး တင်းမာသော မျက်နှာထားနှင့် ခေါင်းတုံးပြောင် လူဖြူ အဘိုးအို တစ်ဦးက ဗီရိုနီးစ် အနီးသို့ လျှောက်လှမ်းလာကာ ပြုံး၍ လက်ကမ်းပေးလာချေသည်။
"ကျွန်တော်က ဇမ် မာတေး ပါ..."
"မင်္ဂလာပါ လွှတ်တော်အမတ် မာတေး..."
လက်ကမ်းပေးကာ လွှတ်တော်အမတ် မာတေးနှင့် နှုတ်ဆက်လိုက်ပြီးနောက် ဗီရိုနီးစ်က ကိုယ်ကို လှည့်ကာ ဗီရိုနီးစ်၏ ဘေးနားရှိ ထိပ်ပြောင်ပြောင်နှင့် လူကြီးကို မိတ်ဆက်ပေးလိုက်လေသည်။
"သူက ကျွန်မတို့ အက်ဖ်ဘီအိုင် ရဲ့ အထူးကိုယ်စားလှယ် ဌာနမှူး ပါ..."
"မင်္ဂလာပါ လွှတ်တော်အမတ်..."
ဆံပင်ပါးနေသော ဌာနမှူး ကော့ဘတ် က လက်ကမ်းပေးကာ လွှတ်တော်အမတ် မာတေးနှင့် နှုတ်ဆက်လိုက်၏။ လူသုံးဦး အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် လွှတ်တော်အမတ် မာတေး က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို စတင် အကဲခတ် ကြည့်ရှုလိုက်ပေသည်။
ယခင်တစ်ကြိမ် ရုပ်မြင်သံကြားထဲတွင် ရိုအန်က မှင်တံကို အသုံးပြု၍ ကွင်းဆက် လူသတ်သမားကို သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရချိန်မှ စတင်ကာ လွှတ်တော်အမတ် မာတေး အနေဖြင့် ရိုအန်၏ နာမည်ကို မှတ်မိနေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုအချိန်က လက်ထဲတွင် အလုပ်များ ရုတ်တရက် ပေါ်လာခဲ့သဖြင့် ရိုအန်ကို ခေတ္တခဏ မေ့ထားလိုက်ချေ။ လွှတ်တော်အမတ် မာတေး၏ မှတ်စုစာအုပ်ထဲတွင် ရိုအန် ဂရင်းဝုဒ် ဟူသော နာမည်ကို ထပ်မံ တွေ့ရှိရချိန်၌ စုံစမ်းကြည့်လိုက်ရာ ဘရိုဆန် တစ်ယောက် အက်ဖ်ဘီအိုင် ဌာနချုပ်မှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်ကြောင်းနှင့် ဘရိုဆန် မဖြေရှင်းနိုင်ခဲ့သော အမှုကို ရိုအန်က ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိသွားခဲ့ပေသည်။
ဤသည်ကပင် လွှတ်တော်အမတ် မာတေးကို ရိုအန်အပေါ် ပိုမို စိတ်ဝင်စားသွားစေခဲ့လေသည်။
မနေ့က ဤနေရာတွင် သတင်းစာရှင်းလင်းပွဲ လုပ်မည်ဟူသော သတင်းကို ရရှိပြီးနောက် လွှတ်တော်အမတ် မာတေး က ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီး မိမိ၏ အစီအစဉ် တစ်ခုကို ဖျက်သိမ်းကာ ဤသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ချေသည်။
လွှတ်တော်အမတ် မာတေး၏ လက်အောက်ငယ်သားများ စုဆောင်းထားသော အချက်အလက်များ အရ မကြာသေးမီက ဖြစ်ပွားခဲ့သော အမှုများတွင် ရိုအန် ဂရင်းဝုဒ် ကသာ အဓိက ဦးဆောင် ဖြေရှင်းခဲ့သူ ဖြစ်ကြောင်း ပြသနေပေသည်။ ဤအခြေအနေမျိုးတွင် ရိုအန် အနေဖြင့် ဤသတင်းစာရှင်းလင်းပွဲသို့ သေချာပေါက် တက်ရောက်လာမည်ဟု လွှတ်တော်အမတ် မာတေး ယုံကြည်ထားခဲ့လေသည်။
ရိုအန် နှင့် လူချင်းတွေ့ဆုံ စကားပြောကြည့်ပြီး ရိုအန်မှာ မည်သို့သော လူမျိုးဖြစ်ကြောင်း အကဲခတ်ကာ နောက်ပိုင်း အစီအစဉ်များကို ဆုံးဖြတ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
'ဒါပေမဲ့... ရိုအန်က ဘယ်ရောက်နေတာလဲ...'
ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် လွှတ်တော်အမတ် မာတေး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ မျက်နှာထက်၌ နားမလည်နိုင်မှုများ ပေါ်ထွက်လာခဲ့ချေသည်။ လွှတ်တော်အမတ် မာတေး၏ မျက်နှာအမူအရာနှင့် လှုပ်ရှားမှုများကို မျက်လုံးထောင့်မှ မြင်တွေ့လိုက်ရသော ဗီရိုနီးစ် ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပေသည်။
သို့သော် ယခုအချိန်မှာ ထိုကိစ္စကို အာရုံနောက်နေရမည့် အချိန် မဟုတ်ချေ။ သတင်းစာရှင်းလင်းပွဲ စတင်ရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်သဖြင့် ဗီရိုနီးစ် က လေကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မတ်တပ်ရပ်ကာ ကင်မရာများရှေ့သို့ လျှောက်လှမ်းသွားလေသည်။
မျက်စိရှေ့ရှိ မှန်ဘီလူး အကြီးအသေး ပေါင်းများစွာကို ရင်ဆိုင်နေရသော်လည်း ဗီရိုနီးစ်၏ မျက်နှာထားမှာ ယခင်အတိုင်း အလွန်တရာ အေးစက်နေဆဲပင် ဖြစ်၏။
"သတင်းထောက် မိတ်ဆွေများ... အခုပဲ သတင်းစာ ရှင်းလင်းပွဲကို စတင်ပါတော့မယ်..."
ထိုအချိန်မှာပင် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆောင် အတွင်း၌ ရိုအန် သည် မိုနာ ကူညီ ရှာဖွေပေးထားသော လွှတ်တော်အမတ် မာတေး၏ အချက်အလက်များကို ကြည့်ရှုရင်း မေးထောက်ကာ အတန်ကြာ စဉ်းစားခန်း ဝင်နေခဲ့လေတော့သည်။