ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြောင်းလဲမှု…
Vol. 107 Ch. 1465
ဟင်္သာငှက်မှာ စတုတ္ထအကြိမ်နိုးထခြင်းကို ဖြတ်သန်းနေသည့်အခိုက်တွင် သည်မြေကြီးစမ်းသပ်မှုတစ်ခုလုံးရှိ မီးအားလုံးသည် အဘက်ဘက်ကနေ စတင် စုဝေးကုန်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုမီးများသည် ဟင်္သာငှက်၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းသည်။
ကိုးရောင်စုံမီးကြာပွင့်၏ အစိတ်အပိုင်းများက ဟင်္သာငှက်၏ပတ်လည်တွင် ကိုးရောင်စုံချပ်ဝတ်တစ်ခုအဖြစ် ဖြစ်ပေါ်သည်။ ထို့နောက် မီးပင်လယ် ရောက်ရှိလာ၏။ ယင်းအခိုက်တွင် မီးအားလုံးမှာ ဟင်္သာငှက်၏စုပ်ယူခြင်း ခံလိုက်ရပြီးပင်။
အဝေးမှကြည့်ပါက ၎င်းသည် ဟင်္သာငှက်တစ်ကောင်နှင့်ပင် မတူတော့၊ ထာဝရမီးစိတ်ဝိညာဉ်တစ်ခုအလား။ ၎င်း၏ကိုယ်တွင်းရှိ မီးများသည် အထည်ဒြပ်မီး၏အထွတ်အထိပ်သို့ ရောက်လာကာ သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
ဟင်္သာငှက်မီးစိတ်ဝိညာဉ်သည် တွန့်ခေါက်လာဟန်ရကာ မီးများ ဟိန်းမြည်နေလျက် ရှိ၏။ ၎င်းက နောက်ဆုံးအသွင်ပြောင်းခြင်းဖြစ်စဉ်ကို ကျော်ဖြတ်တော့မည် ဖြစ်၏။ ထိုဖြစ်စဉ်မှာ ကြာနိုင်သလို၊ တိုလည်းတိုတောင်းနိုင်၏။ သို့ပေမည့် ယင်းဖြစ်စဉ်အတွင်း အနှောက်အယှက် ပေါ်၍ မရပေ။ နှောက်ယှက်ခြင်း ခံလိုက်ရသည်နှင့် တစ်သက်တစ်ခါသာ ရနိုင်မည့် ဟင်္သာငှက်လေးကြိမ်မြောက်နိုးထမည့် အခွင့်အရေးမှာ ကွယ်ပျောက်သွားကာ နောက်ထပ် အခွင့်အရေးလုံးဝ ရှိတော့မည် မဟုတ်ပါ။
ယင်းအခိုက်အတန့်သည် ဝမ်လင်းအတွက် အလွန်တရာ အရေးကြီးလှ၏။
သို့သော်ငြားလည်း ဤအခိုက်အတန့်တွင် ဝမ်လင်း ကြိုခန့်မှန်းနိုင်ခြင်း မရှိသော တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာချေသည်။
ကျင့်ကြံသူတစ်သောင်းနီးပါးသည် မြေကြီးစမ်းသပ်မှုအမွှေးတိုင်ကို စိုက်ကြည့်နေလျက် ရှိ၏။ သို့သော် အနည်းငယ်ကသာ သည်မဟာအင်ပါယာဂြိုဟ်ပတ်လည်ရှိ သံလိုက်မြူများအတွင်း ပြောင်းလဲမှု ဖြစ်နေသည်ကို သတိပြုမိကြသည်။ ထိုသံလိုက်အားမှာ မြူကို လှည့်ပတ်စေနေပြီး ခပ်အုပ်အုပ်အသံများ ထွက်ပေါ်စေလျက် တုန်ဟည်းသံများကို မြူများအတွင်းမှ ကြားရလေသည်။
မဟာအင်ပါယာဂြိုဟ်မှာ အချောင်းသဏ္ဌာန်နှင့် တူ၏။ ပုံမှန်ဆို ၎င်းဂြိုဟ်၏ လှည့်လည်မှုကို ထောက်လှမ်းမိနိုင်ရန် ခက်ခဲလွန်းသည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ဂြိုဟ်တစ်ခုလုံးသည် တုန်ဟည်းလျက် ကောင်းကင်မှာ အရောင်များ ပြောင်းလဲသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် မြေပြင်ထု လှုပ်ခါနေပြီး ကောင်းကင် တုန်ယင်နေသည်ဟု ခံစားမိကြရ၏။
မဟာအင်ပါယာဂြိုဟ်သည် ဖြည်းဖြည်းချင်း စတင်လှည့်လည်နေချေပြီ။
သတိမပြုမိနိုင်လောက်သော လှည့်လည်မှုမှသည် ၎င်းသည် မြန်သထက်မြန်မြန် လှည့်ပတ်လာ၏။ တဖြည်းဖြည်းဖြင့် သည်ဂြိုဟ်၏ လှည့်ပတ်မှုသည် သံလိုက်အိမ်မြှောင်တစ်ခုပေါ်ရှိ ညွှန်တံတစ်ချောင်း တဝီဝီလှည့်ပတ်ခြင်းနှင့် တူလာလေသည်။
ထိုပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာကို ချက်ခြင်း ပြောင်းလဲစေသည်။ အရှင်စစ်မို၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ပြည့်နှက်လာကာ သူသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်သည်။
ဆရာသခင်ယွင်လောကမူ သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်နေဆဲပင်။ ထိုစဉ် သူမ၏ညာလက်သည် သွေးအလိမ်းလိမ်း ဖြစ်သည့်အထိ ပေါက်ကွဲထွက်သွားသည်။ သူမ၏ခန္ဓာကိုယ်လည်း နောက်သို့ လွင့်ထွက်သွားသည်။ သူမ၏မျက်နှာမှာ ဖြူရောသွားကာ သွေးအပြည့် အန်ထုတ်လိုက်ရသည်။
“မဟာအင်ပါယာဂြိုဟ် ကသောင်းကနင်းဖြစ်တဲ့အချိန်၊ ကပ်ဘေးတစ်ခုဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းအပေါ် သက်ဆင်းလာလိမ့်အံ့…” ဆရာသခင်ယွင်လောသည် ထိတ်လန့်တကြား နောက်ဆုတ်နေရင်း တုန်ရီနေမိ၏။
ခုချိန်၌ သူမ၏ရှေ့ဖြစ်ဉာဏ်မှာ အရေးတကြီးအချိန် ရောက်နေခဲ့ပြီး ဖြစ်ကာ သူမသည် အမှန်တရားတစ်ခုကို ကြိုမြင်ခါနီးပေတော့မည်။ ထိုစဉ် သူမ၏ညာလက်က ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်လေ၏။
သို့ပေမည့် သူမ၏ညာလက် အက်ကွဲသွားသည့်အခိုက်၌ သူမ၏ရှေ့ဖြစ်ဉာဏ်မှာ နှောက်ယှက်ခံလိုက်ရချိန်တွင် သူမက ဝိုးတဝါးပုံရိပ်တစ်ခုကို တွေ့မြင်သည်။
ထိုပုံရိပ်အတွင်း၌ ပုတီးစေ့တစ်လုံး ဝန်းရံထားသော ပုံရိပ်တစ်ခု ရှိလေသည်။ ထိုသူ၏ နောက်တွင် သံလိုက်အိမ်မြှောက်ညွှန်တံတစ်ခုလည်း ရှိ၏။ ၎င်းမှာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း ဖြစ်နေသလို သွေးရောင်လှမ်းနေပြီး မရေမတွက်နိုင်သော အလောင်းများကိုပါ မြင်ရနိုင်သည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် သွေးနှင့် စွန်းထင်းနေချေသည်။
သူမသည် တာအိုသခင်မြောင်ယင်၏ အသွေးအသားတို့ ပျက်စီးနေခြင်း၊ မူလစိတ်ဝိညာဉ်ပါ ဖျက်စီးခံရသည်ကို မြင်၏။ သူမသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အမျိုးမျိုးသော တတိယအဆင့်ကျင့်ကြံသူများသည် ကြောက်မက်ဖွယ် သေဆုံးနေရသည့်အဖြစ်ကိုလည်း မြင်သည်။
သူမသည် ချိပ်ပိတ်နယ်မြေအစီအရင် ပျက်စီးခြင်း ဆိုက်ရောက်နေပုံကိုလည်း မြင်၏။
သူမသည် ခပ်ဝါးဝါးပုံရိပ်တစ်ခုက သူမထံသို့ လက်ဝါးဖြင့် ဝေ့ယမ်းခြင်း ခံရသည်ကိုလည်း မြင်သည်။ သူမ၏ခန္ဓာကိုယ်မှာ နာကျင်မှုနှင့် ပြည့်နှက်လျက် အမှုန်အမွှားအဖြစ်သို့ ရောက်ကာ သူမ၏မူလစိတ်ဝိညာဉ်ပါ သေဆုံးသွားခဲ့ရသည်။ သူမ၏မူလစိတ်ဝိညာဉ် ဖျက်စီးခံလိုက်ရသည့်အခိုက်အတန့်တွင် သူမသည် နာကျင်စွာအော်ဟစ်ခဲ့ရသေးသည်။
သူမ၏ နာကျင်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်ကာ သူမ သေဆုံးတော့မည့်အခိုက်အတန့်တွင် ထိုခပ်ဝါးဝါးပုံရိပ်က လှည့်လာပြီး သူမကို ကြည့်လိုက်သည့်ပုံပင်။ ထိုအကြည့်မှာ သူမအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။
ဆရာသခင်ယွင်လောသည် ထပ်မံ၍ သွေးအန်လိုက်ရပြီး နောက်သို့ ပေရာချီ ဆုတ်သည်။ သူမသည် ခုလိုမျိုး ကြောက်လန့်ရမှုကို အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။
တာအိုသခင်မြောင်ယင်ကလည်း ခုန်ထွက်လိုက်၏။ သူ့အောက်ရှိ တိမ်စိုင်ထုမှာ ကွယ်ပျောက်သွားလေသည်။ သူသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူ၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားတော့သည်။
သူသာမက တာအိုသခင်အိပ်မက်ပြာ၏မျက်လုံးမှာလည်း ကျဉ်းမြောင်းသွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့သမီးအား အပြာရောင်အလင်းဖြင့် လွှမ်းခြုံစေသည်။ သူ့အကြည့်က ဗရမ်းဗတာဖြစ်နေသော ကောင်းကင်ထက်သို့ မြဲမြံစွာ ကျရောက်နေ၏။
ထိုအခိုက်အတန့်၌ ကောင်းကင်သည် မြူများ၊ အဆုံးမဲ့သံလိုက်အားတို့ဖြင့် ပြည့်နှက်နေသည်။ ထိုဂြိုဟ်ပတ်လည်ရှိ သံလိုက်မြူသည် ရုတ်တရက် သက်ဆင်းလာချေသည်။
ဟင်္သာငှက်အဘိုးအို၏အမူအရာသည် အတော်လေးကို အလေးအနက် ဖြစ်နေကာ သူသည် အပေါ်သို့ ငြိမ်သက်စွ မော့ကြည့်နေသည်။
တစ်ချိန်လုံးမျက်လုံးမှိတ်ထားသော ကင်းလိပ်ချောပေါ်ရှိ အဘိုးအိုသည်ပင် ရုတ်တရက် အထိတ်တလန့် မျက်လုံးဖွင့်လာသည်။
သူတို့ပင် ထိုသို့ တုန့်ပြန်နေသည်ဆိုပါက ကျန်သည့် ကျင့်ကြံသူတစ်သောင်းဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ သူတို့အားလုံးသည် စိတ်ထဲ၌ ကြောက်လန့်မှုဖြင့် ပြည့်နှက်ကာ လူစုခွဲကြသည်။ သူတို့က မြေကြီးထု တုန်ခါမှုကို ခံစားမိသည်။ မဟာအင်ပါယာဂြိုဟ် မြန်ဆန်စွာ လှည့်ပတ်နေသည်ကိုလည်း ခံစားမိသည်။ ထို့အတွက်ကြောင့် သူတို့ကပါ ၎င်းဂြိုဟ်နှင့်အတူ လှည့်ပတ်နေလေ၏။
သည်ဧရိယာပေါ်တွင် ဧရာမလိပ်ကြီးလည်း ရှိနေသေး၏။ ၎င်းက ခေါင်းမော့ကာ စူးစူးရှရှ အော်မြည်လိုက်သည်။
ပိုမိုများပြားသော သံလိုက်အားများသည် ကောင်းကင်ထက်တွင် ပေါ်လာ၏။ ထိုမြူသည် ကောင်းကင်ထက်၌ ဝဲကတော့တစ်ခုအသွင် ဖြစ်စေသည်။ ထို့နောက် လူတိုင်း၏ရှေ့တွင်ပင် ယင်းမြူဝဲကတော့က သည်ဧရိယာပေါ်ရှိ ဧရာမလိပ်ကြီးထံသို့ သက်ဆင်းကျလာသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက ဆောက်တည်ရာမရ ပြန့်ကြဲကုန်၏။ သူတို့၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ပြည့်နှက်နေသည်။
ဟင်္သာငှက်အဘိုးအိုနှင့် တခြားမွန်းစတားအိုကြီးများကသာ မလှုပ်မယှက်ဖြင့် ကျဆင်းလာသော သံလိုက်ဝဲကတော့ကို စူးစိုက်ကြည့်နေကြသည်။
ထိုသံလိုက်ဝဲကတော့သည် ရုတ်တရက် သက်ဆင်းလာခြင်းသာ။ ၎င်းသည် ဧရာမလိပ်ကြီးကို တိုက်ခိုက်ခြင်းမဟုတ်၊ သို့သော် ယင်းလိပ်၏ ကျောပေါ်ရှိ မြေကြီးအမွှေးတိုင်ထံသို့ ရည်ရွယ်ခြင်း ဖြစ်သည်။ ဖျပ်ခနဲပင် ထိုဝဲကတော့သည် မြေကြီးအမွှေးတိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
ဟင်္သာငှက်အဘိုးအို၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နှက်ကာ သူသည် အလိုလို ပင့်သက်ရှိုက်မိသွားသည်။
“ဒါက…” အရှင်စစ်မို၏အမူအရာမှာ အထိတ်တလန့် ဖြစ်ဟန် ပေါ်နေသည်။ သူက မြေကြီးစမ်းသပ်မှုအမွှေးတိုင်အတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို မခံမှန်းနိုင်ဘဲ ဖြစ်ရ၏။
ဆရာသခင်ယွင်လောအတွက်မူ ထိုသံလိုက်မြူဝဲကတော့က မြေကြီးစမ်းသပ်မှုအတွင်း ဝင်ရောက်သွားချိန်၌ သူမ၏မျက်လုံးထဲရှိ ကြောက်လန့်မှုက ပို၍ အားကောင်းလာတော့သည်။
“ဖြစ်နိုင်တာက…ဒီဝိုးတဝါးပုံရိပ်ဟာ သူပဲ ဖြစ်နေမလား…”
တာအိုသခင်မြောင်ယင်သည် မြေကြီးအမွှေးတိုင်ကို စိုက်ကြည့်နေ၏။ သူ့စိတ်မှာ တုန်ယင်နေမိသည်။ သူက စိတ်ထဲကနေ အော်ပြောမိလိုက်သည်။ “ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၊ ဒါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ စွမ်းအားပဲ…”
မြေကြီးစမ်းသပ်မှုအတွင်းမှာမူ ဝမ်လင်းသည် သူ၏ သိမ်မွေ့ဆန်းကြယ်မီးသို့ အသွင်ပြောင်းခြင်းဖြစ်စဉ်၏ အရေးကြီးဆုံးအခိုက်အတန့်သို့ ရောက်နေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် မူလစွမ်းအင်များနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဝမ်လင်း၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူက မြန်ဆန်စွာလှည့်ပတ်သည့်အတွက်ကြောင့် မြေကြီးစမ်းသပ်မှုနေရာ၏တုန်ခါမှုကို ခံစားမိလိုက်သည်။ သို့ပေမည့် ထိုစမ်းသပ်မှုအတွင်း၌ သူ ရောက်နေသဖြင့် ထိုလှည့်ပတ်မှုကို မှန်၊မမှန် ဆုံးဖြတ်နိုင်ဖို့ သူ့အတွက် ခက်ခဲ၏။
ဤအခိုက်အတန့်တွင် မြေကြီးစမ်းသပ်မှုအတွင်းမှ ကောင်းကင်သည် မြူများဖြင့် အစားထိုးခြင်း ခံလိုက်ရပေပြီ။ ထိုမြူများအတွင်း၌ အားကောင်းသောသံလိုက်အားတစ်ခု ပါဝင်နေသည်။ ယင်းမြူများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီးနောက် ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်းက မရှောင်နိုင်တော့ပေ။ အတိုင်းမသိသံလိုက်အားများသည် သူ့ခန္ဓာကိုယ်ထဲ တရကြမ်း တိုးဝင်လာပြီး ကောင်းကင်ဘုံပုတီးစေ့အတွင်းသို့ ဦးတည်သည်။ ထိုပုတီးစေ့က သူ့ရင်ဘက်ပေါ်တွင် ပေါ်လာပြီး သံလိုက်အားကို ဆက်တိုက်ဝါးမြိုနေသော မုန်တိုင်းတစ်ခုအလား ထင်ရသည်။
ထိုပုတီးစေ့က တလက်လက် ဖြစ်နေ၏။ ၎င်း လင်းလက်သွားတိုင်း ပိုများပြားသော သံလိုက်အားများကို စုပ်ယူသည်။
အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ ဝမ်လင်းက သူ့ခန္ဓာကိုယ်မှာ မြည်ဟည်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က သံလိုက်အားကို စုပ်ယူနေစဉ် ၎င်းသည် သူ့စိတ်ဝိညာဉ်အတွင်းသို့ အားတစ်ခု ထုတ်လွှတ်ပေးကာ သူ၏စိတ်အတွင်း၌ ပုံရိပ်များ တဖျပ်ဖျပ် ဖြစ်ပေါ်လာစေသည်။
ထိုပုံရိပ်များအားလုံးထဲ၌ တူညီသောအရာတစ်ခု ပါဝင်ချေ၏။ ၎င်းမှာ ဧရာမသံလိုက်အိမ်မြှောင်တစ်ခု ဖြစ်သည်။
ထိုသံလိုက်အိမ်မြှောင်သည် အလွန်တရာ ကြီးမားလှ၏။ ဟင်းလင်းပြင်နှင့်ပင် နှိုင်းသာလောက်၏။ ထိုသံလိုက်အိမ်မြှောက်ပေါ်တွင် ဖြည်းဖြည်းချင်း လှည့်နေသော ညွှန်တံတစ်ခု ရှိသည်။ ယင်းညွှန်တံထံမှ အလင်းတစ်ခုလင်းလက်ကာ မည်သည့်နေရာသို့ ဦးတည်သွားမှန်း မသိရပေ။
ယင်းသံလိုက်အိမ်မြှောင်၏ ဗဟိုချက်တွင်မူ ဧရာမပုတီးစေ့အိမ်တစ်ခု ရှိလို့နေသည်။ ထိုအစေ့မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပင် ဖြစ်နေ၏။
ထိုပုံရိပ်များ ဝမ်လင်း၏စိတ်ထဲ၌ ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာ လူတိုင်း၏စိတ်ကို တုန်လှုပ်စေသော ပုံရိပ်ယောင်တစ်ခုသည် ဒီမဟာအင်ပါယာဂြိုဟ်၏ ပတ်လည်တွင် ပေါ်ထွက်လာသည်။
မဟာအင်ပါယာဂြိုဟ်၏ အပြင်ဘက်တွင်မူ အလင်းများ တဖျပ်ဖျပ် ဖြစ်နေကာ ဧရာမသံလိုက်အိမ်မြှောင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသံလိုက်အိမ်မြှောင် ပုံရိပ်ယောင် ပေါ်လာသည့်နောက်တွင် မဟာအင်ပါယာဂြိုဟ်မှာ ညွှန်တံတစ်ခုအလား အလည်တည့်တည့်တွင် ရှိနေချေ၏။
သည်အခိုက်အတန့်၌ မဟာအင်ပါယာဂြိုဟ်သည် သံလိုက်ညွှန်တံတစ်ခုအလား မြန်ဆန်စွာ လှည့်လည်နေပေပြီ။
ယင်းသံလိုက်အိမ်မြှောင်၏ ဗဟိုချက်တွင် ခပ်ရေးရေးပုတီးစေ့တစ်ခု ရှိနေ၏။ ထိုအစေ့သည် ဝေဝါးလွန်းပြီး အတွင်းရှိ ဝိုးတဝါးပုံရိပ်တစ်ခုကိုလည်း မြင်ရနိုင်သည်။ ထိုပုံရိပ်မှာ ဝမ်လင်း ဖြစ်နေ၏။
သံလိုက်ညွှန်တံအသွင် မဟာအင်ပါယာဂြိုဟ်သည် ရုတ်တရက် တုန်ရီသွားပြီး လှည့်ပတ်နေခြင်းကို ရပ်တန့်သည်။ ၎င်းက အနောက်တောင်ဘက်သို့ ညွှန်ပြနေလေ၏။
၎င်းက လှည့်ပတ်နေရာမှ ရပ်တန့်သွားချိန်တွင် မဟာအင်ပါယာဂြိုဟ်ထံမှ တစ္ဆေအလင်းတန်းတစ်ခု လင်းလက်လာကာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အနောက်တောင်ဘက်သို့ ထိုးထွက်သွားသည်။
ထိုတစ္ဆေအလင်းက မည်သည့်အရာဖြစ်မှန်း မသိရ၊ ၎င်းသည် အံ့မခန်းအရှိန်ဖြင့် ရွှေ့လျားသွားခြင်းပင်။ ဖျပ်ခနဲရှိသေး ယင်းအလင်းတန်းက အကွာအဝေးတစ်ခုအတွင်း ဝင်ရောက်သွား၏။ ၎င်း၏လမ်းကြောင်းရှိ ကျင့်ကြံသူများ၊ သို့မဟုတ် ကျင့်ကြံခြင်းဂြိုဟ်များပင် ဖြစ်ပါစေ အရာရာသည် တိတ်တဆိတ် တစစီဖြစ်သွားလေ၏။
လျှပ်တပြတ်အတွင်းမှာ ထိုတစ္ဆေအလင်းက အနောက်တောင်အရပ်၏ အဆုံးသပ်နားသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ ချိပ်ပိတ်နယ်မြေအစီအရင် တည်ရှိနေသောနေရာပင်။ ချိပ်ပိတ်နယ်မြေအစီအရင်တည်နေရာတွင် ကျင့်ကြံသူများသည် အချိန်ပြည့် စောင့်ကြပ်နေကြ၏။ ထိုကျင့်ကြံသူများအားလုံးက သူတို့၏ အမြင်အာရုံသည် ဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်း ထိုနေရာရှိ ကျင့်ကြံသူတစ်ထောင်နီးပါး၏ ခန္ဓာကိုယ်များသည် တစစီဖြစ်သွားသည်။
ထိုတစ္ဆေအလင်းက ချိပ်ပိတ်နယ်မြေအစီအရင်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့လေ၏။ ချိပ်ပိတ်နယ်မြေအစီအရင်သည် အသက်ဝင်လာဟန်ရကာ အစီအရင်၏ ရတနာစိတ်ဝိညာဉ်များအားလုံး ထွက်ပေါ်လာသည်။ ထို့နောက် ယင်းတစ္ဆေအလင်းသည် လွင့်ပါးပျောက်ကွယ်သွားလေ၏။ ၎င်းသည် အစီအရင်ကို ထွင်းဖောက်သွားသလား သို့တည်းမဟုတ် အစီအရင်နှင့် ပေါင်းစပ်သွားသလားကိုမူ မသိရပေ။
မဟာအင်ပါယာဂြိုဟ်ပတ်လည်ရှိ ပုံရိပ်ယောင်သံလိုက်အိမ်မြှောင်သည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဂြိုဟ်လှည့်ပတ်နေခြင်းမှာ ရပ်တန့်သွားကာ အရင်လို ပုံမှန်ပြန်ဖြစ်သွား၏။ မြေကြီးစမ်းသပ်မှုအတွင်း၌ ဝမ်လင်းကိုယ်တွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည်လည်း နောက်ဆုံးလက်ကျန် သံလိုက်အားကို စုပ်ယူပြီးသွားခဲ့လေပြီ။ ထို့နောက် အတိုင်းမသိ သံလိုက်အားများသည် ထိုပုတီးစေ့ထံမှ ထိုးထွက်လာချေ၏။ ၎င်းပုတီးစေ့က ဝါးမြိုခဲ့သော သံလိုက်အား အကုန်လုံးကို ပြန်ထွေးအံ့လိုက်သည့်အလား။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဆန်ခါစစ်တစ်ခုကဲ့သို့ ဖြစ်နေကာ သူ့ထံမှ သံလိုက်အားများစွာ ပေါက်ကွဲထွက်လာသည်။ အထည်ဒြပ်ယန်မီးမှ သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်သို့ ပြောင်းလဲရာ၌ အရေးကြီးဆုံးအခိုက်အတန့်သို့ ရောက်နေသော ဟင်္သာငှက်သည် ထိုသံလိုက်အားကို အရင်းဆုံး တောင့်ခံရလေ၏။
ထိုသံလိုက်အား ဝေ့ခတ်လာသည့်အခိုက်တွင် အထည်ဒြပ်မီးအားလုံး ပျက်စီးသွားကာ သိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ပြောင်းလဲသည်။ သို့ရာတွင် ထိုသံလိုက်အားကြောင့် ထိုမီးသည် အံ့ချီးဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။
ဟင်္သာငှက်ပထမဆုံးမျိုးဆက်ဘိုးဘေး ဖြစ်သူသာ ထိုပြောင်းလဲမှုကို တွေ့မြင်ရပါက သူသည်ပင် တုန်လှုပ်မိသွားနိုင်သည်။
***