အခန်း ၂၈၉
Vol. 29 Ch. 289
Chapter 289
~
အခန်း ၂၈၉ : ဟာသတစ်ခု ဖြစ်သွားခြင်း
~
ယွီလီက တမင်ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း ရှာကျူးက သူမကို အံ့အားသင့်စွာ ကြည့်နေလေသည် ။
" မင်း ဘယ်လို သိတာလဲ.. "
ဤတစ်ကြိမ်တွင်တော့ ယွီလီ ဆွံ့အသွားသည် ။ သူမက မယုံနိုင်ဟန်ဖြင့် ..
" နင် တကယ်ပဲ မျက်မမြင်ချိန်းတွေ့တော့ မလို့လား.. မဖြစ်နိုင်တာ.. နင့်ရဲ့ တောင်းဆိုချက်တွေနဲ့ဆိုရင် ဒီနားတစ်ဝိုက်က ဘယ်အောင်သွယ်တော်က နင့်အလုပ်ကို လက်ခံရဲမှာလဲ.. "
သူ၏ တောင်းဆိုချက်များက မိန်းမရှာနေသည်နှင့် မတူဘဲ ဆုတောင်းပြည့်ရန် မျှော်လင့်နေသည်နှင့် ပိုတူနေ၏ ။
နှစ်ကြိမ်သုံးကြိမ်ခန့် အဆင်မပြေ ဖြစ်ပြီးနောက် ဤလမ်းကြားတစ်ဝိုက်ရှိ အောင်သွယ်တော်များက ရှာကျူးကို မိန်းမ မိတ်ဆက်ပေးရန် ဆန္ဒမရှိကြတော့ချေ ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရှာကျူး မည်သည့်အတွက်ကြောင့် ဤမျှ ငြိမ်သက်နေခဲ့ရသနည်း ။
အရင်နှစ်များကဆိုလျှင် သူသည် တစ်နှစ်ကို အနည်းဆုံး မျက်မမြင်ချိန်းတွေ့ပွဲ လေးငါးခါခန့် လုပ်လေ့ရှိသည် ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ့ကို မိတ်ဆက်ပေးလိုသူ တစ်ဦးတစ်ယောက်မှ မရှိတော့သောကြောင့်ပင် ။
ထို့ကြောင့် ရှာကျူး၏ တုံ့ပြန်မှုကို မြင်သောအခါ ယွီလီ ဤမျှ အံ့အားသင့်သွားရခြင်း ဖြစ်သည် ။
" မင်း အပူပါလို့လား.. "
ရှာကျူးက သူမကို ပြန်ပက်လိုက်ပြီး ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အိမ်ပြန်သွားလေသည် ။
သူသည် ပုံမှန်အားဖြင့် ယွီလီနှင့် မကြာခဏ စကားများလေ့ရှိသည် ။ အလွန်အကျွံ မဖြစ်သရွေ့ ယန်ကျီဝမ်က ဝင်မပါတတ်ပေ ။
ယွီလီ သူ့ကို မည်သည့်အတွက်ကြောင့် ဤမျှ မုန်းတီးနေရသည်ကို သူ ကောင်းကောင်း သိ၏ ။ အရင်က ဖြစ်ခဲ့သော မော်ရှောင်ဖန်း ကိစ္စကြောင့်ပင် ။
သို့သော် အဆင်မပြေသည်က အဆင်မပြေသည်သာ ဖြစ်၏ ။ ဤကိစ္စအတွက် သူ့ကို အပြစ်တင်၍ မရနိုင်ချေ ။
ထို့အပြင် ယခုဆိုလျှင် မော်ရှောင်ဖန်း အိမ်ထောင်ကျနေပြီ ဖြစ်ရာ သူ့ကို အငြိုးထားနေရန် လိုပါသေး၏လော ။
" ဟမ့်.. ဒီကောင် အဆင်မပြေဖြစ်မှာ သေချာတယ် .... "
ယွီလီက မကျေမနပ်ဖြင့် ပြောလိုက်သည် ။
ဘေးတွင်ရှိနေသော ယန်ကျီဝမ်က အကူအညီမဲ့စွာ ခေါင်းခါလိုက်၏ ။ သို့သော် သူလည်း ဘာမှ ဝင်မပြောရဲ ။ သူ့မိန်းမ ပျော်နေသရွေ့ သူမ သဘောအတိုင်းသာ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည် ။
မကြာမီတွင် ယန်ဖူကွေ့ ထွက်လာသည် ။ သားအဖနှစ်ယောက် ဟောက်ဟိုင်သို့ ငါးမျှားရန် အတူတူ ထွက်သွားကြသည် ။
ညနေပိုင်း သူတို့ ပြန်ရောက်လာသောအခါ အလယ်ခြံဝင်းထဲမှ ရန်ဖြစ်သံများကို ကြားလိုက်ရ၏ ။ ယန်ကျီဝမ်ကတော့ သိပ်ဂရုမစိုက်ပေ ။ ကျားကျန်းရှီ ပြဿနာ ရှာနေပြန်ပြီဟုသာ သူ ထင်လိုက်သည် ။
သို့သော် ယန်ဖူကွေ့က ရန်ရွေ့ဟွားကို လှမ်းမေးလိုက်သည် ။
" မိန်းမ.. အလယ်ခြံဝင်းထဲမှာ ဘာတွေ ဖြစ်နေပြန်တာလဲ.. "
ဤခေတ်တွင် ဖျော်ဖြေရေး အစီအစဥ်များ မရှိသဖြင့် လူတိုင်းက အတင်းအဖျင်း နားထောင်ရသည်ကို သဘောကျကြသည် ။ ယောကျ်ား မိန်းမ လူကြီး လူငယ် မရွေး အားလုံး အတူတူပင် ။
" အဖေ.. ကျွန်တော် သိတယ်.. "
ယန်ဖူကွေ့၏ လက်ဖက်ခြောက်ဖြင့် ဖျော်ထားသော ရေနွေးကြမ်းကို သောက်နေသည့် ယန်ကျီဖန့်က ကြားဖြတ် ပြောလိုက်သည် ။
" ရှာကျူးနဲ့ ယီကျုံးဟိုင်တို့ ရန်ဖြစ်နေကြတာ.. "
ထိုစကားကို ကြားလျှင် ယန်ကျီဝမ် အနည်းငယ် အံ့သြသွား၏ ။
' ရှာကျူးက ယီကျုံးဟိုင် စကားကို အမြဲ နားထောင်တတ်တာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ရန်ဖြစ်ရတာလဲ.. '
ယန်ဖူကွေ့ စိတ်ဝင်စားသွားပြီး ...
" ဘာတွေ ဖြစ်ကြတာလဲ.. တတိယသား. ..သေချာ ပြောပြစမ်းပါဟ... "
ပြောပြီးသည်နှင့် သူက စားပွဲတွင် ဝင်ထိုင်လိုက်သည် ။ ယန်ကျီဖန့်က သူ့အဖေအတွက် ရေနွေးကြမ်း အမြန်ငဲ့ပေးလိုက်၏ ။
ယန်ဖူကွေ့က ထိုအခါမှ ကျေနပ်သွားပြီး ...
" မင်း အသိတရား ရှိသားပဲ.. ဒီတစ်ခါတော့ ငါ့လက်ဖက်ခြောက်တွေကို ဖြုန်းတီးပစ်တဲ့ အတွက် မင်းကို အပြစ်မတင်တော့ဘူး.. "
" ဟီးဟီး.. "
ယန်ကျီဖန့်က ရယ်ကျဲကျဲ လုပ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောသည် ။
" ယီကျုံးဟိုင်က ရှာကျူးအတွက် မိန်းမ မိတ်ဆက်ပေးတဲ့ ကိစ္စကြောင့်လေ.. "
ရန်ရွေ့ဟွားက ရယ်မောရင်း ဝင်ပြောသည် ။
" ပြောရမယ်ဆိုရင် ယီကျုံးဟိုင်ကလည်း တကယ်လွန်တာပဲ.. ရှာကျူးကို အဲ့လို မိန်းမမျိုး သွားမိတ်ဆက်ပေးရတယ်လို့.. ဒီလိုဆိုတော့လည်း ဘယ်လိုလုပ် ရန်မဖြစ်ဘဲ နေမှာလဲ.. ရှာကျူး အပြောအရဆိုရင် အဲ့ဒီမိန်းမက ကျူးပါကျဲရဲ့ ဒုတိယအဒေါ် နဲ့တောင် တူနေတယ်တဲ့လေ.. "
" ဟားဟားဟားးး..."
ထိုစကားကို ကြားသည်နှင့် တစ်မိသားစုလုံး မပြုံးနိုင်ဘဲ ဝါးလုံးကွဲ ရယ်ချလိုက်ကြသည် ။
" အမေကလည်းဗျာ.. ဘာလို့ ကျွန်တော် ပြောမယ့်စကားကို လုပြောလိုက်ရတာလဲ.. "
ယန်ကျီဖန့်က ညည်းတွားလိုက်သည် ။ သူက ပြောပြရန် စကားလုံးများ စီနေတုန်းဖြစ်၏ ။
ယန်ဖူကွေ့က ပို၍ သိချင်စိတ် ပြင်းပြသွားပြီး ..
" ဘယ်လိုမျိုးမို့လို့ အဲ့လို ပြောရတာလဲ.. "
သူ့အမေ ထပ်လုပြောမည်ကို စိုးရိမ်သဖြင့် ယန်ကျီဖန့်က အမြန် ပြောလိုက်သည် ။
" ဒီတစ်ခေါက် ရှာကျူးရဲ့ မျက်မမြင်ချိန်းတွေ့ပွဲကို ယီကျုံးဟိုင်က စီစဥ်ပေးတာ.. သူ မိတ်ဆက်ပေးတဲ့သူက တခြားသူတော့ မဟုတ်ဘူး.. ကျွန်တော်တို့ အလုပ်ရုံက လျှိုရှန်းနန် ဆိုတဲ့ မိန်းမ အလုပ်သမားပဲ.. "
" ဒါက ကောင်းတဲ့ ကိစ္စပဲ မဟုတ်ဘူးလား.. "
ယန်ဖူကွေ့က နားမလည်ဟန်ဖြင့် ..
" မိန်းကလေးဘက်က အလုပ်ရှိတယ်ဆိုရင် သူနဲ့ ရှာကျူးသာ အဆင်ပြေသွားရင် မိသားစုမှာ ဝင်ငွေရှာနိုင်တဲ့သူ နှစ်ယောက် ဖြစ်သွားမှာလေ.. ဒါက အရမ်း ကောင်းတဲ့ ကိစ္စပဲ.. "
" အဖေ တွေးနေတာ လွဲနေပြီ.. "
ဤတစ်ကြိမ် ဝင်ပြောသူမှာ ယန်ကျီဝမ် ဖြစ်သည် ။ သူက ရယ်ချင်စိတ်ကို အောင့်ထားရင်း ...
" အဲ့ဒီ လျှိုရှန်းနန်ဆိုတာကို ကျွန်တော် သိတယ်.. သူ့ ခန္ဓာကိုယ်က ယောကျ်ားတစ်ယောက်ထက်တောင် ဗလကြီးသေးတယ် .. အဓိက အချက်က သူရဲ့ ရုပ်ကလည်း တော်တော်ကြမ်းတယ်.. အရပ်ရှည်ရှည် သန်သန်မာမာကြီး..... "
သူ အလုပ်ရုံသို့ သွားလေ့လာစဥ် ထို လျှိုရှန်းနန်ကို မြင်ခဲ့ဖူးသည် ။
ရှာကျူး၏ နှိုင်းယှဥ်ချက် ကျူးပါကျဲ၏ ဒုတိယအဒေါ်နှင့် တကယ်တူကြောင်း ဝန်ခံရမည်ပင် ။ ထိုစကားက လုံးဝ ပုံကြီးချဲ့ထားခြင်း မဟုတ်ချေ ။ လျှိုရှန်းနန်၏ ခန္ဓာကိုယ် အချိုးအစားအရဆိုလျှင် ရှာကျူးပင် သူမကို ရန်ဖြစ်၍ နိုင်မည် မဟုတ်ပေ ။
ရှာကျူးက လှပသော မိန်းကလေးများကိုသာ သဘောကျသူ ဖြစ်ရာ ယီကျုံးဟိုင်က ဤသို့သော မိန်းမမျိုးကို မိတ်ဆက်ပေးလျှင် ရန်မဖြစ်ဘဲ နေပါမည်လော ။
" သြော်.. ဒါဆိုရင်တော့ ယီကျုံးဟိုင် လုပ်တာ နည်းနည်း လွန်သွားပြီ.. "
ယန်ဖူကွေ့က မည်သို့ မှတ်ချက်ချရမည်ကိုပင် မသိတော့ချေ ။
ယန်ကျီဖန့်က ယန်ကျီဝမ်ကို မကျေနပ်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြန်သည် ။ သို့သော် သူ ဘာမှ မပြောရဲ ။ သူ့အစ်ကိုနှစ်ကို ကြောက်ပေသည် ။
ယွီလီက ယန်ကျီဝမ်ကို ပြုံးကာ ပြောလိုက်သည် ။
" ရှင် မသိလိုက်ဘူး.. ရှာကျူးက အဲ့ဒီ လျှိုရှန်းနန်ကို မြင်လိုက်တဲ့ အချိန်မှာ သူ့မျက်နှာကြီး ချက်ချင်း မည်းမှောင်သွားတာပဲ.. ဒါပေမဲ့ မျက်နှာပျက်မှာ စိုးလို့ သူက အတင်း အောင့်အီးထားရတာ.. အဲ့ဒီအချိန်က သူ့မျက်နှာ အမူအရာကြီးက တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်.. ဟားဟား.. "
ရှာကျူး အရှက်ကွဲသည်ကို မြင်လိုက်ရသဖြင့် ယွီလီ မည်မျှ ပျော်ရွှင်နေမည်ကို တွေးကြည့်၍ ရနိုင်ပေသည် ။
ယန်ကျီဝမ်က နှမြောတသဟန်ဖြင့် ..
" ဟူး.. ဒီလိုမှန်းသိရင် အဖေနဲ့ ငါးမျှား မထွက်ခဲ့ပါဘူး.. တကယ့် ပြဇာတ်ကောင်း တစ်ပုဒ်ကို လွတ်သွားရပြီ.. "
ယန်ဖူကွေ့က ဂရုမစိုက်ဟန်ဖြင့် ..
" အခု နားထောင်ရတာလည်း အတူတူပါပဲ.. ပြဇာတ်ကြည့်ရတာက ပိုက်ဆံရှာရတာလောက် ဘယ် အရေးကြီးပါ့မလဲ.. "
..
အလယ်ခြံဝင်း ...
ယခုအချိန်တွင် ချင်ဟွိုင်ရုက ရှာကျူးနှင့် ယီကျုံးဟိုင်တို့ ရန်ဖြစ်နေသည်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်များက နားရွက်ထိအောင် ပြုံးဖြီးနေလေပြီ ။
သူမသည် လွန်ခဲ့သော နှစ်ရက်ခန့်က ရှာကျူး မျက်မမြင်ချိန်းတွေ့ပွဲ လုပ်မည်ဟု ကြားကတည်းက ဤကိစ္စကို မည်သို့ ဖျက်ဆီးရမည်ကို စဥ်းစားနေခဲ့ခြင်း ဖြစ်သည် ။
အကြံတစ်ခု ရသွားပြီးနောက် ယီကျုံးဟိုင် မိတ်ဆက်ပေးမည့်သူကို မြင်လိုက်ရသောအခါ သူမ တွေးထားသော အကြံအစည်များ သုံးရန်ပင် မလိုတော့ကြောင်း ချက်ချင်း သိလိုက်၏ ။ ထိုမျှ ထွားကြိုင်းပြီး ယောကျ်ားတစ်ယောက်နှင့် တူနေသော မိန်းမမျိုးကို သူမ ဝင်မနှောင့်ယှက်လျှင်ပင် ရှာကျူး သဘောကျမည် မဟုတ်ပေ ။
မျှော်လင့်ထားသည့်အတိုင်းပင် မျက်နှာပျက်မည်ကို စိုးရိမ်၍ ရှာကျူးက ချိန်းတွေ့ပွဲ အစအဆုံး ပြီးအောင်သာ သည်းခံနေခဲ့သည် ။ လျှိုရှန်းနန် ပြန်သွားသည်နှင့် ရှာကျူး ဒေါသပေါက်ကွဲတော့၏ ။
ယီကျုံးဟိုင်ကို ဖမ်းဆွဲကာ ကျိန်းမောင်းတော့သည် ။
" ပထမဦးလေး.. ခင်ဗျား လုပ်ရပ်က သိပ်လွန်လွန်းတယ်.. ခင်ဗျား ကျုပ်ကို မိန်းမ ရှာမပေးချင်ရင်တောင် နေပါ.. ဘာလို့ ဒီလို မိန်းမမျိုးကို ခေါ်လာပြီး ကျုပ်ကို စော်ကားရတာလဲ.... "
ရှာကျူးက လည်ပင်းကြောများ ထောင်ကာ ယီကျုံးဟိုင်ကို စိုက်ကြည့်နေသည် ။ ယနေ့ကိစ္စကြောင့် သူ အတော်လေး ဒေါသထွက်နေကြောင်း သိသာလှ၏ ။
ယနေ့ကိစ္စကြောင့် သူ ဟာသတစ်ခု ဖြစ်သွားရချေပြီ ။ နောင်တွင် အပြင်ထွက်၍ လူလုံးပြရန်ပင် ရှက်စရာ ကောင်းလှသည် ။ ယီကျုံးဟိုင်အပေါ် အနည်းငယ် ရိုသေလေးစားမှု ရှိနေသေး၍သာ ။ မဟုတ်လျှင် သူ လက်ပါမိလောက်ပေမည် ။
ယီကျုံးဟိုင်က စေတနာဖြင့် ဖြောင်းဖျလိုက်သည် ။
" အေးပါ ကျူးဇီရာ.. မင်း အဲ့လိုတော့ မပြောပါနဲ့.. လျှိုရှန်းနန် ရုပ်ရည်က နည်းနည်းတော့... အင်း.. ဆိုးပေမဲ့ သူ့ရဲ့ အခြေအနေက ကောင်းတယ်လေ.... သူက အဆင့်နှစ် ဖစ်တာသမား.. တစ်လကို ထောက်ပံ့ကြေးနဲ့ဆို ယွမ် လေးဆယ်တောင် ရတယ်.. သူ့ ရုပ်ကို မကြည့်နဲ့.. သူက အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်လာမယ့်သူပါကွာ... "
" အိမ်ထောင်ရှင်မကောင်း ဟုတ်လား.. သွားစမ်းပါဗျာ.. "
ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး ..
" သူ့ မျက်နှာကြီးနဲ့ဆိုရင် ညအိပ်နေရင်းတောင် လန့်နိုးလာနိုင်တယ်.. ပြီးတော့ သူ့ခန္ဓာကိုယ်ကြီး.. ကျုပ်တောင် သူ့ကို ရန်ဖြစ်နိုင်ပါ့မလား မသိဘူး.. ကျုပ်နဲ့ သူနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. "
ယီကျုံးဟိုင် ခေါင်းခါလိုက်ပြီး ..
" ကျူးဇီ.... မင်းက တကယ်ကို ငယ်လွန်းပါသေးတယ်.. မိန်းမရှာတယ်ဆိုတာ အဓိကက အိမ်ထောင်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ပဲလေ.. ရုပ်လှတာက ဘာလုပ်ရမှာလဲ.. ထမင်းစားလို့ ရတာမှ မဟုတ်တာ.. "
" ခင်ဗျားကို ဆက်မပြောချင်တော့ဘူး.. နောက်ဆို ကျုပ်ကိစ္စတွေကို ခင်ဗျား ပူပန်ပေးစရာ မလိုတော့ဘူး.. ဟမ့်.. "
တစ်နေခင်းလုံး စိတ်ပင်ပန်းထားရသဖြင့် ရှာကျူးက စကားဆုံးသည်နှင့် ဒေါသတကြီး အိမ်ပြန်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့သည် ။
ပထမအဒေါ်က အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်၏ ။
မိန်းကလေး၏ ရုပ်ရည်က အနည်းငယ်သာ ဆိုးသည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤမျှလောက် ဆိုးရွားနေမည်ဟု မျှော်လင့်မထားခဲ့ပေ ။ လျှိုရှန်းနန်ကို ပထမဆုံး မြင်လိုက်ရချိန်က သူမသည် ယောကျ်ားတစ်ယောက်ဟုပင် ထင်မှတ်ခဲ့သည် ။
သို့သော် သူမ၏ ခင်ပွန်းက ဤသို့သော လူမျိုးကို ကျူးဇီအား မိတ်ဆက်ပေးရက်သည် ။ ဤသည်က အမုန်းခံရန် သက်သက် မဟုတ်ပါလော ။ သို့သော် သူမမှာ အိမ်တွင် အာဏာမရှိသဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့သည် ။
ယီကျုံးဟိုင်က ဂရုမစိုက်ပေ ။
အစကတည်းက သူသည် စမ်းကြည့်မည့် သဘောဖြင့်သာ လုပ်ခဲ့ခြင်း ဖြစ်သည် ။ အဆင်ပြေလျှင် အကောင်းဆုံးဖြစ်ပြီး အဆင်မပြေလျှင်လည်း ထားလိုက်ရုံသာ ။ အဓိက အကြောင်းရင်းမှာ လျှိုရှန်းနန်က သူ အိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်မည်ဟု ကတိပေးထားသောကြောင့်သာ ဖြစ်သည် ။ ထိုသို့သာ မဟုတ်လျှင် သူ ရှာကျူးနှင့် မိတ်ဆက်ပေးမည် မဟုတ်ချေ ။
ယခုတော့ ဤကိစ္စ ပျက်သွားသဖြင့် နောက်ထပ် နည်းလမ်းသစ်တစ်ခုကို စဥ်းစားရပေတော့မည် ။
ရှာကျူး ဒေါသထွက်နေသေးသည့် ကိစ္စအတွက်ကတော့ ကိစ္စမရှိ ။ ရှာကျူး၏ ယခင် စရိုက်များအရ နောက်ရက်အနည်းငယ် ကြာလျှင် တောင်းပန်လိုက်ပါက အဆင်ပြေသွားမည်သာ ။