အခန်း ၂၉၀
Vol. 29 Ch. 290
Chapter 290
~
အခန်း ၂၉၀ : နားမကြားသော အဘွားကြီး လှုပ်ရှားလာခြင်း...
~
ညအချိန်....
ယီကျုံးဟိုင်က အပေါ်ဝတ်အင်္ကျီကို ခြုံလိုက်ပြီး အိမ်အပြင်ထွက်ကာ နောက်ဘက် ခြံဝင်းဆီသို့ လျှောက်သွားသည် ။
ချင်ဟွိုင်ရုက သူ့လက်အောက်မှ ရုန်းထွက်သွားခြင်းကြောင့် သူ့အတွက် ကြီးမားသော အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်စေခဲ့၏ ။ သူ၏ အိုစာမင်းစာ ကိစ္စအတွက် သေချာရေရာမှု မရှိသရွေ့ သူ မည်သို့မှ အေးချမ်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ပေ ။
ဒီနေ့ မျက်မမြင် ချိန်းတွေ့မှုအပေါ်တွင်လည်း သူ အစကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့ချေ ။ သို့သော် အရာရာတိုင်းတွင် တိုက်ဆိုင်မှုဆိုတာ ရှိနိုင်သေးသည် မဟုတ်ပါလော ။ အကယ်၍များ အဆင်ပြေသွားခဲ့လျှင် ဆိုသော တွေးထင်ချက်လေးတော့ ရှိခဲ့သည် ။
အဆင်မပြေခဲ့လျှင်ပင် သူ့တွင် အခြား နည်းလမ်း ရှိနေသေးသည် ။ ထိုနည်းလမ်းကတော့ နောက်ဘက်ခြံဝင်းထဲက နားမကြားသောအဘွားကြီး ပင် ။
သူ အဘွားကြီး၏ အိမ်တံခါးဝသို့ ရောက်လာသည် ။ ပထမဆုံးအနေဖြင့် ဘေးပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်၏ ။ လူမရှိကြောင်း သေချာမှသာ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည် ။
" ဘယ်သူတုန်း.. "
မကြာမီ အထဲမှ အဘွားကြီး၏ အသံ ထွက်ပေါ်လာသည် ။
" ကျွန်တော်ပါ.. ယီကျုံးဟိုင်ပါ.. "
ခဏအကြာတွင် တံခါးပွင့်လာ၏ ။
အဘွားကြီးက အနည်းငယ် အပြစ်တင်သည့် လေသံဖြင့် ...
" ကျုံးဟိုင်.. ဒီလောက် မိုးချုပ်နေပြီကို ဘာလာလုပ်တာတုန်း.. ဒီအဘွားကြီး အိပ်တော့မလို့ လုပ်နေတာ.. "
သို့သော်လည်း နောက်ဆုံးတွင်တော့ သူမက ကိုယ်ကို ကိုင်းကာ ဖယ်ပေးလိုက်ပြီး ယီကျုံးဟိုင်ကို အထဲသို့ ဝင်ခွင့်ပြုလိုက်သည် ။
ယီကျုံးဟိုင် အထဲသို့ ဝင်လာပြီးနောက် တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်၏ ။
သူ၏ လျှို့ဝှက်ချက်များကို အဘွားကြီးက အကုန်သိထားပြီးဖြစ်၍ သူက လှည့်ပတ်မနေတော့ဘဲ တည့်တည့်ပင် ပြောလိုက်သည် ။
" အဘွား.. ကျွန်တော် အိုစာမင်းစာ ကိစ္စအတွက် ရောက်လာတာပါ.. "
အဘွားကြီးက အံ့သြသွားခြင်း မရှိဘဲ တည်ငြိမ်စွာပင် ...
" သေချာသွားပြီပေါ့.. "
ယီကျုံးဟိုင်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည် ။
အဘွားကြီးက ရယ်လိုက်ပြီး ...
" ဟင်းဟင်း...ကျူးဇီက အကောင်းဆုံး လူပါလို့ ငါ အစကတည်းက ပြောခဲ့သားပဲ.. အဲ့ဒီတုန်းက မင်းက ကျားမိသားစုကိုပဲ ရွေးချယ်ခဲ့တာလေ.. အခုတော့ ကြည့်စမ်း.. လူရော ငွေရော အကုန်ဆုံးရှုံးသွားပြီ.. "
အရင်တည်းက ယီကျုံးဟိုင်၏ အိုစာမင်းစာအတွက် ရှာကျူးကို ရွေးချယ်ရန် အဘွားကြီးက တိုက်တွန်းခဲ့ဖူးသည် ။ သို့သော် ယီကျုံးဟိုင်က ကျားဒုံရွှီကိုသာ မျက်စိကျခဲ့ပြီး သူကသာ မိဘအပေါ် သိတတ်ကာ စကားနားထောင်မည်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်၏ ။
ကျားဒုံရွှီက မဆိုးလှပေ ။ လူရိုးလူကောင်း တစ်ယောက်ဟု ဆိုနိုင်သော်လည်း သူ၏ အိမ်တွင် မိခင်အိုကြီး တစ်ယောက် ရှိနေသေးသည် ။
ထို ကျားကျန်းရှီ ဆိုသည်ကလည်း ပေါင်းသင်းရ လွယ်ကူသောသူမျိုး မဟုတ်ချေ ။
သို့တိုင် ယီကျုံးဟိုင်က မည်သည့်အတွက်ကြောင့် ကျားဒုံရွှီကိုသာ အတင်းအကြပ် ရွေးချယ်ခဲ့သနည်း ။
အခုတော့ အခြေအနေက လွန်သွားလေပြီ ။ အချိန်တွေ ငွေတွေ အများကြီး အကုန်အကျခံခဲ့ရပြီးမှ အခုတော့ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားခဲ့ရသည် ။
ကျားဒုံရွှီ အကြောင်းကို ပြောရလျှင် ယီကျုံးဟိုင် သက်ပြင်းအသာ ချလိုက်မိ၏ ။
အဘွားကြီးက ဆက်ပြောသည် ။
" ကျူးဇီက လူကောင်းလေး တစ်ယောက်ပါ.. မင်းကသာ သူ့ကို သေချာ ပြောပြမယ်ဆိုရင် သူ သေချာပေါက် သဘောတူမှာ.. "
ယီကျုံးဟိုင်က စိတ်ညစ်ဟန်ဖြင့် ...
" ကျွန်တော် နားလည်ပါတယ်.. ဒါပေမဲ့ သူက အနာဂတ်မှာ မိန်းမ ယူရဦးမယ်လေ.. သူ့မိန်းမက သဘောမတူမှာကို ကျွန်တော် စိုးရိမ်နေတာ.. "
အဘွားကြီးက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည် ။
" အဲ့ဒါကြောင့် မင်းက သူ့ကို ဝက်တစ်ကောင်နဲ့ မိတ်ဆက်ပေးလိုက်တာပေါ့လေ.. "
ယီကျုံးဟိုင်၏ အိုမင်းနေသော မျက်နှာကြီးက နီရဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ...
" လျှိုရှန်းနန်က ရုပ်ရည်ပိုင်းမှာ နည်းနည်းလေး အားနည်းတာ မှန်ပေမဲ့ အိမ်ထောင်ဖက် ရှာတယ်ဆိုတာ ဘဝကို အတူတူ ဖြတ်သန်းဖို့လေ.. အဲ့ဒီ ကောင်မလေး အကြောင်းကို သူ့အိမ်နီးချင်းတွေဆီကနေ ကျွန်တော် စုံစမ်းပြီးပါပြီ.. သူက အိမ်ထောင်မှု နိုင်နင်းတဲ့ မိန်းကလေးပါ.. "
အဘွားကြီးက မျက်လုံးကို အပေါ်သို့ လှန်ပြလိုက်သည် ။ ထိုသို့ဆိုလျှင် မင်းဘာလို့ အဲ့လိုလူမျိုးကို မရှာခဲ့တာလဲ ဟု သူမ ပြောချင်စိတ် ပေါက်သွားသော်လည်း စဥ်းစားကြည့်ပြီးနောက် မျိုသိပ်ထားလိုက်၏ ။
သူမက ဆက်ပြောလိုက်သည် ။
" ငါပြောတာကို နားထောင်.. ကျားဒုံရွှီလိုပဲ ကျူးဇီကိုလည်း ခေါင်းကိုင်ဖခင် အဖြစ် အသိအမှတ်ပြုခိုင်းလိုက်တာ ပိုကောင်းမယ်.. ဒီလို အဆင့်အတန်းမျိုး ရှိနေရင် နောက်ပိုင်း သူ မိန်းမရသွားရင်တောင် မင်းကို ပစ်ထားမှာ မဟုတ်ဘူး.. ဒါပေမဲ့ အရေးကြီးဆုံး အချက်က မင်းက ကျူးဇီ အပေါ်မှာ တကယ် စေတနာထားဖို့ လိုတယ်.. ဥပမာအနေနဲ့ သူ မင်္ဂလာဆောင်တဲ့ အချိန်ကျရင် လက်ပတ်နာရီ၊ စက်ဘီး၊ အပ်ချုပ်စက် နဲ့ ရေဒီယို လိုမျိုး ပစ္စည်းတွေ စီစဥ်ပေးတာမျိုးပေါ့.. "
သူမက ယီကျုံးဟိုင်ကို စေတနာဖြင့် ပြောနေခြင်းပင် ။
ပုံမှန်ဆိုလျှင် ယီကျုံးဟိုင်က သူ ရှာကျူးအပေါ် မည်မျှ ကောင်းမွန်ကြောင်းကို ပါးစပ်ကသာ အမြဲ ပြောနေတတ်သော်လည်း တကယ်တမ်း လက်တွေ့ လုပ်ဆောင်မှုမျိုးတော့ မရှိခဲ့ပေ ။ အလွန်ဆုံး ရှိလှ ပါးစပ်ကနေ စကားနှစ်ခွန်းလောက် ပြောပေးရုံသာ ဖြစ်၏ ။
အရင်တုန်းက ယီကျုံးဟိုင်၏ အိုစာမင်းစာကို တာဝန်ယူမည့်သူမှာ ကျားဒုံရွှီ ဖြစ်နေသောကြောင့် သူမက မျက်စိတစ်ဖက် မှိတ်ကာ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ယခု ယီကျုံးဟိုင်က ရှာကျူးကို သူ၏ အိုစာမင်းစာအတွက် တာဝန်ယူစေချင်နေလေပြီ ။ ထို့ကြောင့် အချို့သော စကားများကိုတော့ သူမ ပြောရတော့မည် ။
မည်သည့် အရာကိုမှ ပေးဆပ်လိုခြင်း မရှိဘဲနဲ့ သူတစ်ပါးကို ကိုယ့်အတွက် အိုစာမင်းစာ ပြုစုစေချင်၍ မရပေ ။ ဤသို့သော လုပ်ရပ်မျိုးကို ဘယ်သူမှ လက်ခံမည် မဟုတ်ချေ ။
" အဲ့ဒါတွေကို ကျွန်တော် နားလည်ပါတယ်.. "
ယီကျုံးဟိုင်က ခေါင်းညိတ် လက်ခံလိုက်ပြီးနောက် ချက်ချင်းပင် စိတ်ညစ်ဟန်ဖြင့် ...
" ဒါပေမဲ့ အစတုန်းက ဒုံရွှီကို မွေးစားသား အဖြစ် အသိအမှတ် ပြုထားတာဆိုတော့....... "
တစ်ကြိမ် လုပ်ခဲ့ပြီးဖြစ်၍ ယခု နောက်တစ်ကြိမ် ထပ်လုပ်ရမည် ဆိုလျှင် သူ့အတွက် အနည်းငယ် မျက်နှာပူစရာ ဖြစ်နေသည် ။
သူက မျက်နှာ အပျက်မခံချင်ဆုံးသူ ဖြစ်ပြီး ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ကြိမ်ထက် ပို၍ မလုပ်ချင်တော့ချေ ။
အဘွားကြီးက ခေါင်းခါလိုက်ပြီး ...
" ဒါဆို မင်း သဘောက ဘယ်လိုလဲ ဆိုတာ ပြောစမ်းပါ.. "
ယီကျုံးဟိုင် ခဏတာ တိတ်ဆိတ်သွားပြီးမှ ...
" အရင်က ကျွန်တော် ချင်ဟွိုင်ရုကို မျက်စိကျခဲ့တာ.. သူနဲ့ ကျူးဇီကို လက်ထပ်ပေးချင်ခဲ့တာ........ "
အဘွားကြီးက မကျေမနပ်ဖြင့် ...
" ကျုံးဟိုင်.. မင်း ဒီလိုလုပ်တာတော့ မကောင်းဘူးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ကျူးဇီအတွက် မုဆိုးမ တစ်ယောက်ကိုတော့ ရှာမပေးသင့်ဘူး... "
" အဘွားက သူ့အကြောင်းကို မသိလို့ပါ.. သူကိုယ်တိုင်က သူများမယားအပေါ် စိတ်ဝင်စားနေတာလေ.. ကျွန်တော်က သူတို့ ဖြစ်မြောက်အောင် ကူညီပေးတဲ့ သဘောပါ.. "
ယီကျုံးဟိုင်က သူ၏ ကိုယ်ပိုင် အယူအဆကိုသာ ဖက်တွယ်ထားပြီး သူ၏ အတွေးကိုသာ အခိုင်အမာ ဆုပ်ကိုင်ထားသည် ။
" ...."
ဤတစ်ကြိမ်တွင်တော့ အဘွားကြီး စကားမပြောတော့ချေ ။
အိုစာမင်းစာ ကိစ္စက ယီကျုံးဟိုင်အတွက် စွဲလမ်းနေသော ကိစ္စတစ်ခု ဖြစ်ကြောင်း သူမ သိထားသည် ။
သူ၏ အိုစာမင်းစာ အတွက်နှင့် သူ ဘာမဆို လုပ်ရဲသည်မှာ အဆန်းတော့ မဟုတ် ။
ထို့အပြင် ယီကျုံးဟိုင် ပြောသည့်အတိုင်း ရှာကျူးက ချင်ဟွိုင်ရုအပေါ် တကယ် စိတ်ဝင်စားနေသည်မှာ မှန်ကန်ပြီး ခြံဝင်းတစ်ခုလုံးရှိ လူတိုင်းက သိထားကြသည် ။
အချိန်အတော်ကြာပြီးနောက် အဘွားကြီးက သက်ပြင်းချလိုက်ပြီး....
" ဒါဆိုလည်း မင်း ဒီတစ်ခေါက် ငါ့ဆီကို လာရှာတာ ဘာအတွက်လဲ ဆိုတာ ပြောပါဦး.. "
သူမ၏ အသက်အရွယ် အရ နောက်ထပ် နှစ်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည် ။
သူမက ရှာကျူးကို မြေးတစ်ယောက်လို သဘောထားသော်လည်း ထမင်းစားဖို့တော့ လိုအပ်သေးသည် ။
ယီမိသားစု၏ စောင့်ရှောက်မှုသာ မရှိတော့လျှင် သူမ၏ နေ့ရက်များက အလွန် ခက်ခဲသွားနိုင်သည် ။
သူမက အသက်ကြီးနေပြီဖြစ်ပြီး ငါးမျိုးခံစားခွင့် ရရှိထားသူ တစ်ဦးသာ ဖြစ်ရာ ငတ်မသေနိုင်ဘူး ဆိုသော်လည်း ကောင်းကောင်းမွန်မွန် စားသောက်ချင်လျှင်တော့ ယီကျုံးဟိုင်ကိုသာ အားကိုးနေရဦးမည် ။
ယီကျုံးဟိုင်က သူမအား ပြုစုစောင့်ရှောက်နေခြင်းမှာ တစ်ဖက်တွင် နာမည်ကောင်း ရလိုခြင်းကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ သူမ၏ အဆက်အသွယ်များကို မျက်စိကျနေခြင်းကြောင့်ပင် ။
ယခုလို ညဘက်ကြီး ရောက်လာခြင်းက သေချာပေါက် အကူအညီ တောင်းစရာ ရှိနေ၍သာ ။
ယီကျုံးဟိုင်ကလည်း ဖုံးကွယ်မနေတော့ဘဲ အမှန်အတိုင်း ပြောလိုက်သည် ။
" ချင်ဟွိုင်ရုကို ကန်တင်းကနေ အလုပ်ရုံဆီ ပြန်ပြောင်းပေးဖို့ လူရှာပေးဖို့ အဘွားကို အကူအညီ တောင်းချင်လို့ပါ.. "
'ထင်တဲ့အတိုင်းပဲ..'
အဘွားကြီး ချက်ချင်း နားလည်သွား၏ ။
နောက်ဆုံးတော့လည်း သူမ၏ အဆက်အသွယ်လေးများကို အသုံးချဖို့ မျက်စိကျလာခဲ့ပြန်ပြီ ။
သို့သော် သူမကိုယ်တိုင်လည်း နောက်ထပ် နှစ်အနည်းငယ်မျှသာ အသက်ရှင်နိုင်တော့မည် ဖြစ်ရာ နောင်တွင် ထိုအရာများကို အသုံးပြုနိုင်တော့မည် မဟုတ်ဟု တွေးလိုက်မိသည် ။
ထို့ကြောင့် သူမ သဘောတူလိုက်၏ ။
" သိပြီ.. မနက်ဖြန် မနက်ကျရင် ငါ့ကို ကျောပိုးပြီး အပြင် တစ်ခေါက်လောက် သွားပို့ပေး.. "
ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင် အလွန် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ...
" ဟုတ်ကဲ့.. မနက်ဖြန် မနက်စာ စားပြီးတာနဲ့ အဘွားကို လာကြိုပါ့မယ်.. "
အဖြေရသွားပြီးနောက် ယီကျုံးဟိုင် ကျေနပ်စွာဖြင့် ပြန်သွားလေသည် ။
...
နောက်တစ်နေ့ မနက်တွင်....
ယီကျုံးဟိုင်က အဘွားကြီးကို ကျောပိုးကာ ခြံဝင်းထဲမှ ထွက်ခွာသွားသည် ။
သူတို့နှစ်ယောက် ဘယ်ကိုသွားကြမှန်း မည်သူမှ မသိကြချေ ။
မွန်းတည့်ချိန်သို့ ရောက်သောအခါ ကန်တင်း၏ တာဝန်ခံ ဝမ်က အကြောင်းကြားစာ တစ်စောင်ကို လက်ခံရရှိခဲ့သည် ။ ထိုအကြောင်းကြားစာက ချင်ဟွိုင်ရုအား အလုပ်ရုံဆီသို့ ပြောင်းရွှေ့လိုက်သည် ဟူ၍ပင် ။
ချင်ဟွိုင်ရုက မီးဖိုချောင် အကူတစ်ယောက်သာ ဖြစ်၍ တာဝန်ခံဝမ်က သိပ်ပြီး ဂရုမစိုက်ပေ ။
အကြောင်းကြားစာကို ရရှိပြီးနောက် သူက နောက်ဘက် မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည် ။
" ချင်ဟွိုင်ရု.. ဒီကို ခဏလောက် လာခဲ့ပါဦး.. "
တာဝန်ခံဝမ်က ချင်ဟွိုင်ရုကို တွေ့သောအခါ သူမအား လက်ယပ်ခေါ်လိုက်၏ ။
" ဟုတ်ကဲ့.. လာပါပြီ.. "
ချင်ဟွိုင်ရုက ခေါင်းဆောင်ကို မလွန်ဆန်ရဲသဖြင့် လက်ထဲရှိ အလုပ်များကို ကမန်းကတမ်း ချထားခဲ့ကာ လျှောက်သွားလိုက်သည် ။
ရှာကျူးက သူ၏ ညီမချင် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် လိုက်လာသည် ။
" ဖက်တီးဝမ်.. ညီမချင်ကို ခေါ်တာ ဘာကိစ္စ ရှိလို့လဲ ဆိုတာ ပြောပါဦး.. "
ရှာကျူးက တာဝန်ခံဝမ်ကို လုံးဝ အလေးမထားဘဲ ခပ်တည်တည်ဖြင့် မေးလိုက်သည် ။
ချင်ဟွိုင်ရုက ရှာကျူးကို လှမ်းဆွဲလိုက်သော်လည်း ရှာကျူးက ဂရုမစိုက်ပေ ။
တာဝန်ခံဝမ်က သူ့ကို အဖက်လုပ်ရန် ပျင်းရိနေသဖြင့် ချင်ဟွိုင်ရုကိုသာ တည့်တည့်ကြည့်ကာ ...
" ချင်ဟွိုင်ရု.. မင်းကို အလုပ်ရုံဆီ ပြောင်းလိုက်ပြီ.. အခု ချက်ချင်း သွားပြီး သတင်းပို့လိုက်တော့.. "
" ရှင်.. "
ချင်ဟွိုင်ရု ကြောင်အသွားပြီးနောက် ချက်ချင်းပင် လန့်သွား၏ ။
သူမက ရှုပ်ထွေးဟန်ဖြင့် ...
" ဆရာဝမ်... ကျွန်မ လျှောက်လွှာ တင်မထားဘူးလေ.... ဒါက ဘယ်လို......... "
ရှာကျူး ဒေါသထွက်သွားပြီး. ...
" ဖက်တီးဝမ်... ညီမချင်က ခင်ဗျားကို ဘာမှ မစော်ကားဖူးဘူးနော်.. ကိစ္စရှိရင် ကျုပ်ဆီကို လာခဲ့.. မိန်းမ တစ်ယောက်ကို အနိုင်ကျင့်နေတာ ဘာသဘောလဲ ပြောစမ်း.. "
ရှာကျူး၏ အော်ဟစ်သံကြောင့် အခြားသူများ ရောက်လာကြသည် ။
လူတိုင်းက သူတို့ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြ၏ ။
တာဝန်ခံဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ...
" ရှာကျူး.. မင်း ငါ့ကို လာအော်မနေနဲ့.. ဒါ အထက်က လူကြီးတွေရဲ့ သဘောပဲ.. မင်းမှာ အရည်အချင်းရှိရင် ခေါင်းဆောင်တွေဆီ သွားပြော.. "
ထို့နောက် သူက ချင်ဟွိုင်ရုဘက် လှည့်ကာ ...
" ချင်ဟွိုင်ရု.. ငါ အကြောင်းကြားစာကို လာပေးပြီးပြီ.. မင်း နားမလည်တာ ရှိသေးရင် ခေါင်းဆောင်တွေဆီ ကိုယ်တိုင် သွားမေးလိုက်တော့.. "
ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်သွားလေသည် ။