အခန်း ၂၉၁
Vol. 29 Ch. 291
Chapter 291
~
အခန်း ၂၉၁ : ပွင့်ပွင့်လင်းလင်း ရှင်းကြခြင်း
~
" သွားတွေ့တာပေါ့.. "
ရှာကျူးက အသံတိတ်နေသော ချင်ဟွိုင်ရုကို ကြည့်ကာ ပြောလိုက်သည် ။
" သွားမယ် ညီမချင်.. ငါ အခုပဲ မင်းကို စက်ရုံမှူးယန်ဆီ ခေါ်သွားမယ်.. သူတို့ လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတာ ငါ မယုံဘူး.. "
ချင်ဟွိုင်ရုက မှင်သက်စွာဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည် ။
ထို့နောက် သူတို့နှစ်ယောက်သည် စက်ရုံမှူးယန်၏ ရုံးခန်းသို့ ထွက်လာခဲ့ကြ၏ ။
သို့သော် နောက်ဆုံးတွင်တော့ လူကိုပင် မတွေ့လိုက်ရဘဲ အတွင်းရေးမှူးချောင်း၏ ပြန်လွှတ်ခြင်းကို ခံလိုက်ရသည် ။
ယခုတော့ ချင်ဟွိုင်ရု ကောင်းကောင်း သဘောပေါက်သွားလေပြီ ။ သူမ ပစ်မှတ်ထား ခံနေရခြင်းပင် ။
သို့သော် သူမက လူရာမဝင်သည့် သာမန်လူတစ်ယောက်သာဖြစ်ရာ မည်သူက သူမကို ပစ်မှတ်ထားမည်နည်း ။
ယီကျုံးဟိုင်မှလွဲ၍ အခြားသူ မရှိနိုင် ။
သူ ခေါင်းဆောင်များကို မည်သို့ ဖျောင်းဖျလိုက်သည်ကို မသိရသော်လည်း အမှန်တရားကတော့ သူမ အလုပ်ရုံသို့ ပြန်လည်ပြောင်းရွှေ့ခံလိုက်ရလေပြီ ။
သူမ၏ မိသားစုကို ယီကျုံးဟိုင်က တစ်ဖန် ပြန်လည် ထိန်းချုပ်တော့မည်ကို တွေးမိသည်နှင့် ချင်ဟွိုင်ရု၏ မျက်နှာက ဖြူလျော့သွား၏ ။
သူမ၏ ရင်ထဲတွင်လည်း နာကြည်းမှုများ ပြည့်နှက်နေသည် ။
သူမ ဤဘဝတွင် ကြွေးလာဆပ်ရသည်အထိ အရင်ဘဝက မည်သည့် မကောင်းမှုများ လုပ်ခဲ့မိသနည်း ။
မြို့ပေါ်သို့ အိမ်ထောင်ကျလာစဥ်က သူမ ဇိမ်ကျရတော့မည်ဟု ထင်မှတ်ခဲ့သည် ။
သို့သော် ရောက်လာပြီးမှသာ သူမ နွားတစ်ကောင်လို အလုပ်လုပ်ရရန် ရောက်လာခြင်းဖြစ်ကြောင်း သိခဲ့ရ၏ ။
ဤဘဝက တောရွာကလောက်ပင် မကောင်းချေ ။
သို့သော် သည်းခံနေလျှင် အဆင်ပြေသွားမည်ဟု တွေးခဲ့သည် ။ ကျားကျန်းရှီလည်း တစ်နေ့ ထွက်သွားရမည်သာဖြစ်၍ နေ့ရက်များ ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ခဲ့၏ ။
သို့သော် ယခုတော့ သူမ၏ ခင်ပွန်း ကျားဒုံရွှီက သူ့အမေထက်ပင် စော၍ ထွက်သွားခဲ့လေပြီ ။
ကျားဒုံရွှီ ထွက်သွားပြီးနောက် ကျားကျန်းရှီက ပို၍ပင် ဆိုးရွားလာသည် ။
သူမသည် မီးတွင်းထဲမှပင် မထွက်ရသေးဘဲ အလုပ်ထွက်လုပ်ရန် နှင်ထုတ်ခံခဲ့ရ၏ ။
ကလေးများအတွက် သူမ သည်းခံရမည်ဟုသာ တွေးခဲ့သည် ။
စားဖိုဆောင်သို့ ရောက်လာပြီးနောက် ရှာကျူး၏ စောင့်ရှောက်မှုများကြောင့် သူမအတွက် ကောင်းမွန်သော နေ့ရက်များ ရောက်လာတော့မည်ဟု ထင်မှတ်ခဲ့မိသည် ။
သူမသာ မုန့်လုပ်ကျွမ်းကျင်သွားပါက နောင်အနာဂတ်တွင် ဘဝက ပို၍ ကောင်းမွန်လာမည်မှာ သေချာလှ၏ ။
သို့သော် ကောင်းမွန်သော အချိန်များက ကြာရှည်မခံခဲ့ပေ ။ အချိန်သိပ်မကြာလိုက်ဘဲ သူမ အလုပ်ရုံသို့ ပြန်လည်ပြောင်းရွှေ့ရမည်ဟူသော အကြောင်းကြားစာကို လက်ခံရရှိခဲ့သည် ။
သူမ မည်သည့် အပြစ်များ ကျူးလွန်ခဲ့မိသနည်း ။
ဤဘဝတွင် မည်သည့်အတွက်ကြောင့် ဤမျှများပြားသော ဒုက္ခများကို ခံစားနေရသနည်း ။
ချင်ဟွိုင်ရု၏ မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်သောအခါ ရှာကျူးက နှစ်သိမ့်ပေးလိုက်သည် ။
" ညီမချင်... ကိစ္စမရှိပါဘူး.. အလုပ်ရုံကို ပြောင်းရတာလည်း ဘာမှမဖြစ်ပါဘူး.. ဘာပဲဖြစ်ဖြစ် ပထမဦးလေး ရှိနေတာပဲ.. သူ မင်းကို စောင့်ရှောက်ပေးမှာပါ.. "
' ဒီ ငတုံး... ငါ ကန်တင်းကို ပြောင်းလာတာက သူ့ကို ရှောင်ချင်လို့ပါဆို.. '
ချင်ဟွိုင်ရုက အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်သည် ။ အရာအားလုံးက ပြီးသွားပြီဖြစ်၍ သူမ ဘာမှ ဆက်မပြောချင်တော့ပေ ။
" ငါ အဆင်ပြေပါတယ်.. ကျူးဇီ..နင့် အလုပ်ပြန်လုပ်တော့လေ.. အလုပ်ရုံကို ငါ့ဟာငါပဲ သွားလိုက်မယ်.. "
ထိုသို့ပြောပြီးနောက် ချင်ဟွိုင်ရုက အထီးကျန်စွာ ထွက်သွားလေသည် ။
...
ချင်ဟွိုင်ရု ပထမအလုပ်ရုံသို့ ရောက်သည်နှင့် တံခါးဝတွင် ယီကျုံးဟိုင် စောင့်နေသည်ကို မြင်လိုက်ရသည် ။
" ပထမဦးလေး.. "
ချင်ဟွိုင်ရုက ခံစားချက်မဲ့သော လေသံဖြင့် ခေါ်လိုက်သည် ။
" မင်း ရောက်လာပြီလား.. "
ယီကျုံးဟိုင်က ပြုံးလိုက်ပြီး...
" အလုပ်ရုံကို လာတာ ပိုကောင်းတယ်လို့ ငါ မင်းကို အစကတည်းက ပြောခဲ့တယ်လေ.. စက်ရုံမှူးယန်နဲ့လည်း ငါ စကားပြောထားပြီးပြီ.. မင်း အလုပ်ရုံကို ရောက်လာရင် ဒုံရွှီရဲ့ လုပ်သက်ကို ဆက်ခံခွင့်ရမယ်.. လစာကလည်း အရင်အတိုင်း ၂၇ ယွမ် ၅ မော့ရမှာပဲ.. "
သူ၏စကားများက ချင်ဟွိုင်ရု အလုပ်ရုံသို့ ပြောင်းရွှေ့ရခြင်းမှာ သူ၏ လက်ချက်ဖြစ်ကြောင်း သွယ်ဝိုက်၍ ဝန်ခံနေခြင်းပင် ။
" လာ.. ငါ မင်းကို ဌာနမှူးကောဆီ အခုပဲ ခေါ်သွားပေးမယ်.. နောက်ဆို မင်းက ငါ့ရဲ့ တပည့်ဖြစ်သွားပြီ.. ငါ မင်းကို ကောင်းကောင်း သင်ပေးမှာပါ.. "
ကောင်းကောင်း ဟူသော စကားလုံးကို သူက အထူးတလည် အလေးပေး၍ ပြောလိုက်သည် ။
မသိသောသူများသာ ကြားပါက သူက ချင်ဟွိုင်ရုအပေါ် တကယ် စေတနာထားနေသည်ဟုပင် ထင်မှတ်သွားကြမည် ။
" ဒါကို အလျင်လိုစရာ မလိုပါဘူး.. "
ချင်ဟွိုင်ရုက ခေါင်းခါလိုက်ပြီး ယီကျုံးဟိုင်ကို စိုက်ကြည့်ကာ ...
" ပထမဦးလေး.. ရှင် ဘာလို့ ကျွန်မကို အလုပ်ရုံကို လာစေချင်ရတာလဲ ဆိုတာကို ပြောပြလို့ ရမလား.. "
ချင်ဟွိုင်ရု ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု ထင်မထားသဖြင့် ယီကျုံးဟိုင် အနည်းငယ် မှင်သက်သွားသည် ။
' ဒါက ပွင့်ပွင့်လင်းလင်း ရှင်းကြတော့မလို့လား.. '
သို့သော် ချင်ဟွိုင်ရုက သူ၏ လက်အောက်သို့ ရောက်လာပြီဖြစ်၍ ပြဿနာ ရှာနိုင်မည်မဟုတ်ဟု တွေးလိုက်သည် ။
ထို့ကြောင့် သူ ပြန်ဖြေလိုက်၏ ။
" ဟွိုင်ရု.. မင်းလည်း သိတဲ့အတိုင်းပဲ ငါနဲ့ မင်းရဲ့ ပထမအဒေါ်မှာ ဒီတစ်သက် သားသမီးဆိုတာ မရှိခဲ့ဘူး.. နောင် အသက်ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးလေ.. "
" ဒါဆို ရှင့်ကိုရော ပထမအဒေါ်ကိုပါ ကျွန်မကို ပြုစုစောင့်ရှောက်စေချင်တဲ့ သဘောလား.. "
ချင်ဟွိုင်ရုက မျက်မှောင်ကြုတ်လိုက်ပြီး...
" ဒီကိစ္စသာဆိုရင် ရှင် ကျွန်မကို တိုက်ရိုက် ပြောလို့ရတာပဲလေ.. ရှင်က ဒုံရွှီရဲ့ ဆရာဆိုတော့ ရှင့်ကို အသက်ကြီးလာတဲ့အထိ စောင့်ရှောက်ပေးရမှာက ကျွန်မတို့ရဲ့ တာဝန်ပဲ.. "
တကယ်တမ်းတွင် ထိုစကားများက ယဥ်ကျေးမှုအရ ပြောခြင်းသာ ။
သူမတွင် တခြားသော ရည်ရွယ်ချက်များ ရှိနေ၏ ။
သူမ မျက်စိကျနေသည်က ယီကျုံးဟိုင်၏ ဓနအင်အားပင် ။
ယီကျုံးဟိုင်နှင့် ပထမအဒေါ်တို့တွင် သားသမီး မရှိချေ ။
သူမကသာ သူတို့ကို ပြုစုစောင့်ရှောက်ပေးရမည် ဆိုပါက အလကား လုပ်မပေးနိုင်ပေ ။
ထို့ကြောင့် ယီကျုံးဟိုင်က ပိုက်ဆံ ထုတ်ပေးရမည် ဖြစ်သည် ။
ထို့အပြင် သူတို့ သေဆုံးသွားပါက သူတို့၏ ပိုက်ဆံများနှင့် အိမ်ကလည်း သူမ၏ မိသားစုပိုင် ဖြစ်လာပေလိမ့်မည် ။
ထို့ကြောင့် ယီကျုံးဟိုင်ကသာ နှုတ်မှ ဖွင့်ဟလာပါက သူမ သေချာပေါက် သဘောတူမည် ဖြစ်သည် ။
ယီကျုံးဟိုင် ကိုယ်တိုင် ဝန်မခံပါက သူ သူမကို အဘယ်ကြောင့် ပစ်မှတ်ထားနေရသည်ကို ယခုတိုင် သူမ နားလည်နိုင်မည် မဟုတ်ချေ ။
ယခင်က သူ ကျားဒုံရွှီကို ထိန်းချုပ်ထားခဲ့ခြင်းမှာ ကျေးဇူးတင်ခံရစေရန်နှင့် ကျားဒုံရွှီက သူ့ကို ပြန်လည် ပြုစုစောင့်ရှောက်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည် ။
ယခု ကျားဒုံရွှီ မရှိတော့သော်လည်း ယီကျုံးဟိုင်က သူမ၏ မိသားစုကို ပစ်မှတ်ထားနေဆဲပင် ။
ယခုတော့ သူမ ယွမ်တစ်ရာ ဆုံးရှုံးသွားရလေပြီ ။
ထိုငွေများက ရှာကျူး ထုတ်ပေးလိုက်ခြင်းဖြစ်ပြီး သူမ၏ ငွေမဟုတ်ဟု ပြောမည်လော ။
ဟာသပင် ။ ရှာကျူး၏ ငွေက သူမ၏ ငွေသာ ဖြစ်သည် ။
သို့သော် ယီကျုံးဟိုင်က ခေါင်းခါပြလိုက်သည် ။
' ဟင်.. '
ချင်ဟွိုင်ရု၏ မျက်မှောင်က ပို၍ တွန့်ကွေးသွားသည် ။
' ငါ ခန့်မှန်းတာ မှားသွားလို့လား.. '
ယီကျုံးဟိုင်က ဆက်ပြောသည် ။
" တိတိကျကျ ပြောရရင် မင်းနဲ့ ကျူးဇီကို ငါ့ကို အတူတူ ပြုစုစောင့်ရှောက်စေချင်တာ.. "
ချင်ဟွိုင်ရု အံ့အားသင့်သွားသည် ။
ရှာကျူးနှင့် သူမကို အတူတူ ပြုစုစောင့်ရှောက်စေချင်သည်လော ။
" ပထမဦးလေး.. ရှင် ပြောတဲ့ သဘောကို ကျွန်မ နားမလည်ဘူး.. "
" ငါ ဆိုလိုတာက.. မင်းနဲ့ ကျူးဇီကို လက်ထပ်ပေးပြီး ငါ့ကို အတူတူ ပြုစုစောင့်ရှောက်ဖို့ ပြောတာပါ.. "
ချင်ဟွိုင်ရုက ငြင်းဆန်ရန် ဟန်ပြင်လိုက်သည်ကို မြင်လျှင် ယီကျုံးဟိုင်က လက်ဝှေ့ယမ်းကာ တားလိုက်ပြီး...
" အလောတကြီး မငြင်းပါနဲ့အုံး.. ငါ ပြောတာကို အရင်ဆုံး ဆုံးအောင် နားထောင်ပါ.. "
" မင်းသာ သဘောတူမယ်ဆိုရင် ငါ ကွယ်လွန်သွားတဲ့အခါ ကျန်ခဲ့တဲ့ ပိုက်ဆံတွေနဲ့ အိမ်ကို မင်းတို့ ကျား မိသားစုကို ပေးခဲ့မယ်.. "
" ပြီးတော့ နောက်ဘက်ခြံဝင်းထဲက အဘွားကြီးလည်း နောက်ထပ် နှစ်နည်းနည်းပဲ အသက်ရှင်ရတော့မှာ.. သူ ထွက်သွားရင်လည်း သူ့အိမ်ကို ကျူးဇီကို ချန်ထားရစ်ခဲ့မှာ သေချာတယ်.. "
ချင်ဟွိုင်ရု သဘောပေါက်သွားသည် ။
တစ်နည်းအားဖြင့် သူမနှင့် ရှာကျူးတို့ လက်ထပ်စာချုပ် ချုပ်လိုက်ရုံဖြင့်..
ယီကျုံးဟိုင်၏ အိမ်ဖြစ်စေ၊ အဘွားကြီး၏ အိမ်ဖြစ်စေ၊ ရှာကျူး၏ အိမ်ဖြစ်စေ နောက်ဆုံးတွင် သူမတို့ မိသားစုပိုင် ဖြစ်လာတော့မည် ။
ယီကျုံးဟိုင်က ဆက်ပြောသည် ။
" ပြီးတော့ ကျားကျန်းရှီကလည်း အစားပဲ မက်ပြီး အလုပ်မလုပ်ချင်ဘူးလေ.. မင်း မုဆိုးမ တစ်ယောက်တည်း မိသားစုကို ရှာကျွေးဖို့ဆိုတာ မလွယ်ဘူး.. ဒါပေမဲ့ ရှာကျူးနဲ့ ငါ့ရဲ့ အကူအညီပါမယ်ဆိုရင် မင်းတို့ မိသားစုရဲ့ အခြေအနေက အများကြီး ပိုသက်သာသွားမယ် မဟုတ်ဘူးလား.. "
ချင်ဟွိုင်ရုက အနည်းငယ် မလိုလားသေးချေ ။
သူမ အိမ်လိုချင်သည်မှာ မှန်သည် ။ နောင်တွင် ပန့်ကန့် ကြီးလာလျှင် မိန်းမယူရန်အတွက် တစ်ခန်းတည်း အတူတူ ကျပ်သိပ်နေ၍ မရနိုင်ပေ ။ သို့သော် ယီကျုံးဟိုင် ပေးသော ကမ်းလှမ်းချက်က မလုံလောက်သေး ။
ရှာကျူးက ယခုလည်း သူမ၏ မိသားစုကို ကျွေးမွေးနေသည်သာဖြစ်ရာ လက်ထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ မထူးမခြားနားပင် ။
သူမ၏ စွမ်းရည်ဖြင့် ရှာကျူးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ကြောင်း သူမ ယုံကြည်ထားသည် ။
ယီကျုံးဟိုင် ပြောသော အိမ်ဆိုသည်မှာလည်း ယခု ယီကျုံးဟိုင်က အသက် ငါးဆယ်ဝန်းကျင်သာ ရှိသေး၏ ။ အချိန်အတော်ကြာ စောင့်ရဦးမည် ။
မည်သို့ပင် ဆိုစေကာမူ တန်ကြေးက နည်းလွန်းနေသည် ။
ချင်ဟွိုင်ရုက လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်ကို လိုချင်နေ၏ ။
ယီကျုံးဟိုင်သည်လည်း သူမ၏ အတွေးများကို ရိပ်မိပုံရကာ...
" ထပ်တိုး ကမ်းလှမ်းချက် တစ်ခု ထပ်ပေးမယ်.. တစ်လကို မင်းတို့ မိသားစုအတွက် ဆယ်ယွမ် ထပ်ပေးမယ် ဘယ်လိုလဲ.. "
ချင်ဟွိုင်ရု၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည် ။
ငွေကသာလျှင် အစစ်အမှန်ဆုံး အရာပင် ။
" သဘောတူတယ်.. ဒါပေမဲ့ ကျွန်မမှာ တခြား စည်းကမ်းချက်တွေ ရှိသေးတယ်.. "
ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားသော်လည်း သူ၏ အိုမင်းလာချိန်ကို စောင့်ရှောက်မည့်သူ ရရှိရေးအတွက် သည်းခံလိုက်ရသည် ။
" အရမ်းကြီး လွန်ကျူးမနေဘူးဆိုရင် ငါ အကုန်လုံး သဘောတူတယ်.. "
ချင်ဟွိုင်ရုက ခဏစဥ်းစားလိုက်ပြီး...
" ပထမအချက်က.. ကျွန်မ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ရှာကျူးနဲ့ လက်ထပ်စာချုပ် မလုပ်နိုင်သေးဘူး.. "
" ဒါက ပြဿနာ မရှိပါဘူး.. "
ယီကျုံးဟိုင်က တိုက်ရိုက်ပင် ခေါင်းညိတ် သဘောတူလိုက်သည် ။ ဤကိစ္စအတွက် ထပ်ပြောစရာ မလိုတော့ချေ ။
သူ ရှိနေသရွေ့ ရှာကျူး အိမ်ထောင်ပြုရန် ဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်ပေ ။ ယခင်က ရှာကျူး မျက်မမြင်ချိန်းတွေ့မှု အကြိမ်ကြိမ် လုပ်ခဲ့ပြီး နှစ်သက်သူအချို့ ရှိခဲ့သော်လည်း အဘယ်ကြောင့် နောက်ဆုံးတွင် အဆင်မပြေဖြစ်ခဲ့ရသနည်း ။
ဤသည်မှာ သူ၏ လက်ချက်ပင် ။ ထိုမိန်းကလေးများ ပြန်ထွက်လာသည်နှင့် ရှာကျူး၏ မကောင်းကြောင်းကို လိုက်ပြောကာ ပွဲပျက်အောင် ဖျက်ခဲ့သည် ။