← Chapters

အခန်း ၂၉၃

Vol. 29 Ch. 293

အခန်း ၂၉၃

Vol. 29 Ch. 293

Chapter 293

~

အခန်း ၂၉၃ : ကြက်ခိုးခံရခြင်း

~

​ ရွှီတာမော့ ခြံဝန်းထဲသို့ ပြန်ရောက်လာခဲ့သည် ။

​ " အို.. ရှောင်ရှီတိုး.. လက်ဝှေ့ကျင့်နေတာလား.. "

​ ရွှီတာမော့က စက်ဘီးကို တွန်းရင်း ရှောင်ရှီတိုးကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည် ။

​ " ဦးလေးတာမော့.. "

​ ရှောင်ရှီထိုက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည် ။

​ ရွှီတာမော့က ပုံမှန်အားဖြင့် သူ့အပေါ် အလွန်ကောင်းပြီး အရသာရှိသော မုန့်များကို မကြာခဏ ဝယ်လာပေးတတ်သည် ။ ကလေးဆိုသည်မှာ ထိုသို့ပင် ။ မည်သူက သူ့အပေါ် ကောင်းသည်ကို သိပေသည် ။ ရှာကျူးနှင့်တော့ တခြားစီ ။ ရှာကျူးက တွေ့တိုင်း သူ့ကို စနောက်တတ်သဖြင့် ရှာကျူးကိုဆိုလျှင် သူ မျက်နှာသာ ပေးမည် မဟုတ်ချေ ။

​ " ရှောင်ရှီတိုးက လိမ္မာလိုက်တာ.. လာခဲ့.. ဦးလေးတာမော့ သကြားလုံးကျွေးမယ်.. "

​ ရွှီတာမော့က ရှောင်ရှီတိုးကို လက်ယပ်ခေါ်လိုက်သည် ။ ရှီတိုးက လိမ္မာစွာဖြင့် သူ့လက်ထဲမှ သကြားလုံးကို လှမ်းယူလိုက်ပြီး...

​ " ကျေးဇူးတင်ပါတယ် ဦးလေးတာမော့.. "

​ " လိမ္မာတယ်.. သွားကစားတော့.. "

​ ထို့နောက် ရွှီတာမော့ အိမ်ပြန်လာခဲ့သည် ။

​ အိမ်ပြန်ရောက်ရောက်ချင်း သူက အိမ်ပေါက်ဝရှိ ကြက်ခြင်းကို အမှတ်တမဲ့ လှမ်းကြည့်လိုက်သည် ။ ထို့နောက် သူ လန့်သွား၏ ။ အထဲတွင် မူလက ကြက်နှစ်ကောင် ရှိပေသည် ။ သူ နယ်ဆင်းပြီး ရွာသားများကို ရုပ်ရှင်သွားပြစဉ်က ရွာသားများက ကျေးဇူးဆပ်သည့်အနေဖြင့် ပေးလိုက်သော လက်ဆောင်ဖြစ်သည် ။ ယခုတော့ တစ်ကောင်တည်းသာ ကျန်တော့သည် ။

​ သူက စက်ဘီးကို ကပျာကယာ ရပ်လိုက်ပြီး အိမ်ထဲသို့ ဝင်ကာ အော်မေးလိုက်သည် ။

​ " ရှောင်အဲ.. အိမ်က ကြက်တစ်ကောင် ဘယ်လိုလုပ် ပျောက်သွားတာလဲ.. "

​ လိုရှောင်အဲ ချက်စားလိုက်သည်ဟု သူ ထင်လိုက်မိသည် ။ သို့သော် လိုရှောင်အဲက ထမင်းဟင်း မချက်တတ်သဖြင့် ထိုသို့ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း သူ တွေးမိလိုက်၏ ။

​ သူနှင့် လိုရှောင်အဲတို့သည် ၁၉၆၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် လက်ထပ်စာချုပ် ချုပ်ခဲ့ကြခြင်း ဖြစ်သည် ။ ထိုစဉ်က စားသောက်ဆိုင်တွင် မင်္ဂလာဆောင်ခဲ့ပြီး ယန်မိသားစု တစ်စုလုံးကိုလည်း ဖိတ်ကြားခဲ့သေးသည် ။ မူရင်းဇာတ်လမ်းထဲကအတိုင်းပင် သူတို့နှစ်ဦး လက်ထပ်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း လိုရှောင်အဲ၏ ဗိုက်လေးမှာ ဘာလှုပ်ရှားမှုမှ မရှိသေးချေ ။

​ ထို့ကြောင့် သူမအား ဥမဥသော ကြက်မဟု လူတွေက ကွယ်ရာတွင် ပြောဆိုနေကြသည် ။ ထို့အပြင် ပွဲတော်ရက်များတွင် ရွှီမိသားစုအိမ်သို့ ပြန်သွားသည့်အခါတိုင်း ရွှီတာမော့၏ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကိုလည်း မကြာခဏ ခံရတတ်ပေသည် ။ ဤသည်က လိုရှောင်အဲကို အလွန်ပင် စိတ်ဆင်းရဲစေခဲ့၏ ။

​ လိုရှောင်အဲက အော်သံကိုကြားလျှင် အိမ်ထဲမှ ထွက်လာသည် ။ သူမက ခေါင်းခါလိုက်ပြီး...

​ " ကျမ မသိဘူးလေ.. ဒီနေ့ ညနေပိုင်း ခေါင်းနည်းနည်း ကိုက်နေလို့ တစ်ရေးလောက် အိပ်ပျော်သွားတာ.. နေ့လယ်တုန်းကတော့ ရှိနေသေးတယ်.. "

​ "ချီးပဲ.. ခြံထဲမှာ သူခိုးရှိနေပြီ.. "

​ ရွှီတာမော့က ဒေါသတကြီး ကျိန်ဆဲလိုက်သည် ။ ရုတ်တရက် မွှေးပျံ့သော အနံ့တစ်ခု ရလာသဖြင့်...

​ " ရှောင်အဲ.. မင်း ဘာအနံ့ရလဲ.. "

​ လိုရှောင်အဲက သေချာ ရှူကြည့်လိုက်ပြီး...

​ " ကြက်သားဟင်း အနံ့ပဲ.. အလယ်ခြံဝန်းထဲက လာနေသလိုပဲ.. "

​ " တောက်.. ကြက်ခိုးသွားတာတောင် မကဘူး.. ဒီလောက်တောင် ရောင့်တက်ရဲတယ်ပေါ့.. "

​ ရွှီတာမော့ ချက်ချင်းပင် ဒေါသထွက်သွားပြီး အိမ်ထဲဝင်ကာ မီးညှပ်ကို ဆွဲယူပြီး အပြင်သို့ ထွက်သွားတော့သည် ။

​ " တာမော့.. အရမ်းမလုပ်နဲ့လေ.. "

​ လိုရှောင်အဲက ထိုအခြေအနေကို မြင်လျှင် ရွှီတာမော့ ရမ်းကားမည်ကို စိုးရိမ်သဖြင့် ကပျာကယာ နောက်မှ လိုက်သွားသည် ။ သူမ၏ စိတ်ထဲတွင် သူမတို့ မိသားစု၌ စားစရာ မရှားပါးသဖြင့် အခိုးခံရလျှင်လည်း ခံရပါစေတော့ဟုသာ တွေးမိသည် ။ ပြဿနာရှာရင်း လူထိခိုက်သွားလျှင် မကောင်း ။

​ အနံ့ခံရင်း ရွှီတာမော့သည် ရှာကျူးအိမ်သို့ ရောက်လာခဲ့၏ ။ အိမ်ထဲ ဝင်ဝင်ချင်းပင် ရွှီတာမော့က အော်ဆဲလိုက်သည် ။

​ " ကောင်းတယ်.. ရှာကျူး.. ခွေးမသား...မင်းက ငါ့အိမ်က ကြက်ကို ခိုးရဲတယ်ပေါ့.. မင်းတော့ သေဖို့သာ ပြင်ထားတော့.. "

​ လိုရှောင်အဲ ချက်ချင်း ဝင်လာပြီး ဒယ်အိုးထဲမှ ကြက်သားကို မြင်သွားသည် ။ သူမက အပြစ်တင်လိုက်၏ ။

​ " ရှာကျူး.. ကြက်တစ်ကောင်က သိပ်ဈေးကြီးတာလည်း မဟုတ်ဘဲနဲ့ ခိုးတဲ့အထိ လုပ်ရသလား.. "

​ " ဟုတ်တယ်.. ဒါက ကြက်မကွ.. ငါတို့က ဥဥဖို့ ချန်ထားတာကို.. "

​ ရွှီတာမော့က ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​ ထိုစကားကို ကြားလျှင် ရှာကျူးက သရော်လိုက်ပြီး...

​ " ဥဥဖို့ ဟုတ်လား.. မဆိုးပါဘူး.. မင်းတို့လည်း ဥဥဖို့ ကိစ္စကို သေချာပေါက် စဉ်းစားသင့်နေပြီပဲ.. "

​ " ရှာကျူး ရှင်.. "

​ လိုရှောင်အဲ ကြားလိုက်သည်နှင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည် ။ ဤသည်မှာ သူမ၏ အားနည်းချက်ကို ထိထိမိမိ အထိုးခံလိုက်ရခြင်းပင် ။ ရှာကျူး၏ ပါးစပ်က ဆိုးရွားလှသည်ဟု နာမည်ကြီးပေသည် ။ စကားပြောလိုက်သည်နှင့် လူတစ်ယောက်၏ နာကျင်ရဆုံးနေရာကို တည့်တည့် ထိုးနှက်တတ်၏ ။

​ " ခွေးမသား.. ငါ့မိန်းမကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့.. ငါ မင်းကို သတ်ပစ်မယ်.. "

​ ရွှီတာမော့ ဒေါသပေါက်ကွဲသွားပြီး မီးညှပ်ကို ကိုင်ကာ ရှာကျူးထံသို့ ပြေးထိုးလိုက်သည် ။ ယန်ကျီဝမ်၏ အကာအကွယ် ရှိနေခြင်းကြောင့်ဖြစ်မည် ။ ရှာကျူးက ဤနှစ်များအတွင်း သူ့ကို မထိရဲခဲ့ပေ ။ ထို့ကြောင့် ရွှီတာမော့ ယခင်ကလောက် မကြောက်ရွံ့တော့ချေ ။ မိမိဇနီး အနိုင်ကျင့်ခံရသည်ကို မြင်လျှင် ချက်ချင်းပင် လက်ပါရန် ဝန်မလေးတော့ပေ ။

​ ရှာကျူးက မအချေ ။ သူ ချက်ချင်း ရှောင်ထွက်သွားပြီး...

​ " ဟေ့.. ရွှီတာမော့.. မင်း အရမ်းမလုပ်နဲ့နော်.. မဟုတ်ရင် ငါ ပြန်ချမှာ.. "

​ " လာချလေ.. "

​ ရွှီတာမော့က မျက်နှာကြီး နီရဲကာ အော်ဟစ် စိန်ခေါ်နေသည် ။

​ " ဘာတွေ ဆူညံနေတာလဲ.. မမောကြဘူးလား.. "

​ ထိုစဉ် လျှိုဟိုင်ကျုံးက ဆူညံသံကို ကြားသဖြင့် ဝင်လာခဲ့သည် ။ ရွှီတာမော့၏ ပုံစံကို မြင်လျှင် သူက မကျေမနပ်ဖြင့်...

​ " တာမော့.. ဘာလုပ်နေတာလဲ.. "

​ ရွှီတာမော့က မီးညှပ်ကို ချလိုက်ပြီး ...

​ " ဒုတိယဦးလေး.. ရောက်လာတာ အတော်ပဲ.. ရှာကျူးက ကျွန်တော်တို့အိမ်က ကြက်ကို ခိုးသွားတယ်.. ဒီခြံထဲမှာ သူခိုးပေါ်နေပြီ.. ဦးလေးက ဒီခြံဝန်းကို ကြီးကြပ်ရတဲ့ ဦးလေးတစ်ယောက်အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးရမယ်.. "

​ လျှိုဟိုင်ကျုံး ကြားသည်နှင့် ရှာကျူးကို ကြည့်လိုက်ပြီး...

​ " ရှာကျူး.. မင်း တကယ်ပဲ ရွှီတာမော့အိမ်က ကြက်ကို ခိုးတာလား.. "

​ " ကျွန်တော် မခိုးဘူး.. "

​ ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး...

​ " ကျွန်တော်က စားဖိုမှူးတစ်ယောက်လေ.. စားစရာသောက်စရာမှ မရှားတာ.. ကျွန်တော်က ဘာကိစ္စ ခိုးရမှာလဲ.. "

​ လျှိုဟိုင်ကျုံးက ရွှီတာမော့ကို ပြန်ကြည့်လိုက်သည် ။

​ ရွှီတာမော့က ဒယ်အိုးထဲရှိ ကြက်သားကို လက်ညှိုးထိုးပြကာ...

​ " ဒုတိယဦးလေး.. သက်သေတွေက ဒီမှာ အထင်အရှား ရှိနေတာပဲကို ဘာပြောစရာ လိုသေးလို့လဲ.. "

​ " အင်း.. ခြံထဲမှာ သူခိုးပေါ်တာက ကိစ္စကြီးပဲ.. သေချာပေါက် ပြင်းပြင်းထန်ထန် အရေးယူရမယ်.. တာမော့.. မင်း ခြံထဲကလူတွေကို သွားအကြောင်းကြားလိုက်.. ခြံဝန်း အစည်းအဝေး ခေါ်မယ်.. "

​ " ရတယ်.. ကျွန်တော် အခုပဲ သွားလိုက်မယ်.. "

​ အချိန်အတန်ကြာပြီးနောက် ခြံထဲရှိလူများအားလုံး အလယ်ခြံဝန်းထဲသို့ စုရုံးရောက်ရှိလာကြသည် ။

​ ဦးလေးသုံးယောက်က ရှစ်ယောက်ထိုင်စားပွဲတွင် ထိုင်နေကြပြီး စားပွဲပေါ်တွင် ကြွေခွက်သုံးခွက် တင်ထားလေသည် ။

​ လူစုံသလောက် ရှိသွားသည်ကို မြင်လျှင် လျှိုဟိုင်ကျုံးက မတ်တတ်ရပ်လိုက်ပြီး...

​ " အဟမ်းအဟမ်...အားလုံး တိတ်တိတ်နေကြပါဦး.. "

​ လူအားလုံး တိတ်ဆိတ်သွားပြီးနောက်မှသာ လျှိုဟိုင်ကျုံးက ပြောလိုက်သည် ။

​ " အခုလို ခြံဝန်း အစည်းအဝေး ခေါ်ရတဲ့အကြောင်းရင်းကတော့ ခြံထဲမှာ သူခိုးပေါ်လာလို့ပါပဲ.. ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စမို့လို့ သေချာပေါက် ပြင်းပြင်းထန်ထန် အရေးယူရပါမယ်.. "

​ ခြံထဲရှိ အိမ်နီးချင်းများက သူခိုးပေါ်သည်ဟူသော သတင်းကို ကြားလျှင် ပြင်းပြင်းထန်ထန် အရေးယူရန် ဝိုင်းဝန်း အကြံပြုကြတော့သည် ။

​ လူအုပ်ထဲတွင် ရှိနေသော ချင်ဟွိုင်ရု၏ မျက်နှာက အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံပေါ်သည် ။

​ ညစာစားချိန်တွင် သူမ၏ ကလေးသုံးယောက်လုံး စားချင်စိတ် မရှိဖြစ်နေကြသည် ။ အတင်း အကျပ် မေးလိုက်မှသာ ကိစ္စ၏ အမှန်တရားကို သူမ သိလိုက်ရ၏ ။ ရှာကျူး ပြန်ရောက်လာစဉ်က သူမကို ပြောခဲ့သည့် စကားများနှင့် ဆက်စပ်တွေးကြည့်လိုက်သောအခါ ရှာကျူး တစ်ခုခု သိနေပြီဆိုသည်ကို သူမ ချက်ချင်း ရိပ်မိသွားသည် ။

​ ထို့ကြောင့် သူမလည်း ရှာကျူးနှင့် သွားရောက်၍ စကား ညှိထားခဲ့သည် ။ ထိုသို့ လုပ်ထားသော်လည်း သူမ အနည်းငယ် စိုးရိမ်နေဆဲပင် ။

​ လူအများ၏ ထောက်ခံအားပေးမှုကို လျှိုဟိုင်ကျုံး အလွန်ပင် ကျေနပ်သွားသည် ။ သူ့အကြည့်များက ရှာကျူးထံသို့ ရောက်သွားပြီး တင်းမာသော လေသံဖြင့် ...

​ " ရှာကျူး.. မင်း အလယ်ကို ထွက်လာခဲ့စမ်း.. "

​ " မလာဘူး.. ကျုပ် ဒီမှာပဲ နေမယ်.. "

​ ရှာကျူးက ရင်ဘတ်ပေါ် လက်ပိုက်ကာ မူလနေရာတွင်ပင် ရပ်နေပြီး လျှိုဟိုင်ကျုံးကို လုံးဝ ဂရုမစိုက်ချေ ။ ဤသည်က လျှိုဟိုင်ကျုံးကို ဒေါသထွက်စေသည် ။ ခဏနေလျှင် သူ့ကို သေချာပေါက် ပညာပေးရမည်ဟု စိတ်ထဲမှ တေးထားလိုက်၏ ။

​ ထို့နောက် အလယ်တွင် ရပ်နေသော ရွှီတာမော့ လင်မယားကို ကြည့်လိုက်ပြီး...

​ " ရွှီတာမော့.. မင်းပဲ ပြောပြလိုက်.. "

​ ရွှီတာမော့က ခေါင်းညိတ်ပြီး ...

​ " ကိစ္စက ဒီလိုပါ.. လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ရွာဘက်ဆင်းပြီး ရွာသားတွေကို ရုပ်ရှင်သွားပြပေးခဲ့တယ်.. ရွာသားတွေက ကျွန်တော့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကြက်နှစ်ကောင် ပေးလိုက်လို့ ကျွန်တော် ယူလာခဲ့တယ်.. ဒီကိစ္စကို တတိယဦးလေးလည်း မြင်ပါတယ်.. "

​ " ဟုတ်တယ်.. ဒီကိစ္စ မှန်ပါတယ်.. "

​ ယန်ဖူကွေ့က ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​ ထိုစဉ်က ရွှီတာမော့ကို အိမ်သို့ ထမင်းလာစားရန် သူ ဖိတ်ခေါ်ခဲ့သေးသည် ။ သို့သော် ရွှီတာမော့က ဤကြက်များကို ဥဥရန် ချန်ထားမည်ဟု ပြောခဲ့သဖြင့် သူ ဘာမှ ဆက်မပြောဖြစ်ခဲ့ပေ ။

​ " ဒါပေမဲ့ ဒီနေ့ ကျွန်တော် အလုပ်က ပြန်လာတော့ တစ်ကောင် ပျောက်သွားတာကို တွေ့လိုက်ရတယ်.. "

​ ဒီနေရာအရောက်တွင် ရွှီတာမော့က ရှာကျူးကို လက်ညှိုးထိုးလိုက်ပြီး...

​ " တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ရှာကျူးအိမ်က ကြက်သားစွပ်ပြုတ် ချက်နေတယ်.. "

​ " ရှာကျူး ခိုးတာလား.. "

​ " သူက စားဖိုမှူးတစ်ယောက်လေ.. စားစရာသောက်စရာမှ မရှားတာကို ဘာလို့ ကြက်သွားခိုးရမှာလဲ.. "

​ " ဘယ်သူ သိမှာလဲ.. သူနဲ့ ရွှီတာမော့က အရင်ကတည်းက အဆင်မှ မပြေတာ.. လက်စားချေတာလည်း ဖြစ်နိုင်တာပဲ.. "

​ ခြံထဲရှိ အိမ်နီးချင်းများက ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးနောက် စတင် ဝေဖန်ပြောဆိုလာကြသည် ။

​ " အားလုံး တိတ်တိတ်နေကြ.. "

​ လျှိုဟိုင်ကျုံးက အော်ငေါက်လိုက်ပြီး လူအားလုံး တိတ်ဆိတ်သွားသည်ကို စောင့်လိုက်သည် ။ ထို့နောက်မှ ရှာကျူးကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏ ။

​ " ရှာကျူး.. ရွှီတာမော့အိမ်က ကြက်ကို မင်း ခိုးတာလား.. "

​ ရှာကျူး ကြားသည်နှင့် ချင်ဟွိုင်ရုကို တစ်ချက် ကြည့်လိုက်ရာ သူမက သူ့ကို အသနားခံနေသော မျက်လုံးများဖြင့် ပြန်ကြည့်လာသည် ။

​ ' ဟူး.. '

​ ရှာကျူး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ် ဝန်ခံလိုက်သည် ။

​ " ဟုတ်တယ်.. ကျုပ် ခိုးတာပါ.. "

​ " မင်း ဝန်ခံရင် ပြီးတာပါပဲ.. "

​ လျှိုဟိုင်ကျုံး ပျော်ရွှင်သွားပြီး ...

​ " မင်း ဝန်ခံမှတော့ ပြောရတာ လွယ်သွားပြီ.. ဒီလို ပစ္စည်းခိုးတာက အပြစ်ကြီးတယ်.. သေချာပေါက် ပြင်းပြင်းထန်ထန် အရေးယူရမယ်.. "

All Chapters