အခန်း ၂၉၄
Vol. 29 Ch. 294
Chapter 294
~
အခန်း ၂၉၄ : ကလေးတွေက လိမ်မပြောတက်ဘူး
~
" နေဦး.. "
ယီကျုံးဟိုင်က ရုတ်တရက် ဝင်ပြောလိုက်သည် ။
ရှာကျူးက သူ၏အိုစာမင်းစာ ကြည့်ပေးမည့်သူ ဖြစ်၍ သူ ကာကွယ်ပေးရမည် ။
သူက ရှာကျူးကို ကြည့်ပြီး မေးလိုက်သည် ။
" ကျူးဇီ.. မင်းအမှန်တိုင်းပြောစမ်း.. ရွှီတာမော့ကို လက်စားချေချင်လို့ သူ့အိမ်က ကြက်ကို ခိုးခဲ့တာမလား... "
ရှာကျူးကလည်း တကယ်မတုံးချေ ။ ယီကျုံးဟိုင်က သူ့ကို ကူညီချင်နေမှန်း နားလည်လိုက်သည် ။
ထို့ကြောင့် သူခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏ ။
" ဟုတ်တယ်.. လွန်ခဲ့တဲ့ ရက်ပိုင်းက သူ ကျွန်တော့်ရှေ့လာပြီး ကြွားနေတာ.. ကြည့်မရလို့ လက်စားချေဖို့ လုပ်မိတာပါ.. "
ယီကျုံးဟိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ငတုံးများကို ပြောလိုက်သည် ။
" ဒါဆို ကိစ္စက ရှင်းသွားပြီ.. ဘယ်လိုပဲဖြစ်ဖြစ် ကျူးဇီက အရင်မှားတာဆိုတော့ ရွှီတာမော့ကို တစ်ယွမ် လျော်ခိုင်းလိုက်မယ်.. ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့... "
" ကျွန်တော် သဘောတူတယ်.. "
ရှာကျူးက ခေါင်းညိတ် ထောက်ခံလိုက်သည် ။
တစ်ယွမ်ဆိုသည်က သူ့အတွက်တော့ အသေးအဖွဲ ငွေလေးသာ ။
ထို့အပြင် သူက ညီမချင်ကို အကူအညီကြီး ပေးခဲ့သည်ဖြစ်ရာ နောက်ပိုင်းတွင် ညီမချင်က သူ့ကို သေချာပေါက် ကျေးဇူးဆပ်မည်မှာ သေချာသည် ။
မဟုတ်လျှင် ကြက်ခိုးသူဆိုသည့် နာမည်ဆိုးကို ခံယူမည် မဟုတ်ချေ ။
" ကျုပ် သဘောမတူဘူး.. "
ရွှီတာမော့က ....
" ကျုပ်အိမ်က ကြက်မကြီးက ဥ ဥဖို့ ချန်ထားတာ.. အနည်းဆုံး ငါးယွမ်တော့ ရမှဖြစ်မယ်... "
ရှာကျူးက ရယ်လိုက်ပြီး...
"ဟားဟား... မင်းအိမ်ကိစ္စက ဥ ဥဖို့ ပြဿနာကို တကယ် စဥ်းစားသင့်တာ.. "
"ဟား.. ဟား.. ဟား.."
ခြံဝင်းထဲမှ လူများက အဓိပ္ပါယ်ကို နားလည်ကြ၍ ဝိုင်းရယ်ကြတော့သည် ။
ယွီလီက ဆက်ကြည့်မနေနိုင်တော့ဘဲ...
" ရှာကျူး.. နင်က လူပျိုသိုးကြီး ဖြစ်နေပြီးတော့ သူများတွေကို လှောင်ရဲသေးတယ်ပေါ့.. ဒီနှစ်ကုန်ရင် နင်လည်း အသက် ၃၀ ပြည့်ပြီ.. နင့်ကိုယ်နင်သာ အရင် စိတ်ပူလိုက်စမ်းပါ... "
ရှာကျူး မျက်နှာမည်းမှောင်သွားသည် ။
" ယွီလီ.. ဘယ်နေရာဖြစ်ဖြစ် မင်းက ဘာလို့ ပါနေရတာတုန်း.. ဒါက မင်းနဲ့ ဘာဆိုင်လို့တုန်း .."
ယွီလီက ခါးထောက်ပြီး ...
" နင့်ပါးစပ်က အပုပ်နံ့ထွက်နေတာကို ကြည့်မရလို့.. ဘာလဲ.. နင်ကသာ သူများကို ပြောခွင့်ရှိပြီး သူများက နင့်ကို မပြောရဘူးပေါ့... "
" မင်း......"
ရှာကျူး အလွန်ဒေါသထွက်သွားသော်လည်း ယွီလီ၏ ဘေးတွင် ရပ်နေသော ယန်ကျီဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသကို ပြန်မျိုချလိုက်သည် ။
" အားလုံး တိတ်ကြတော့.. "
ယီကျုံးဟိုင်က လက်ကာပြ၍ တားလိုက်ပြီး...
" တစ်ယွမ်ကတော့ နည်းလွန်းပါတယ်.. ဒီလိုလုပ်.. ဒီကိစ္စကို ငါပဲ ဆုံးဖြတ်ပေးလိုက်မယ်.. ကျူးဇီ မင်း ရွှီတာမော့ကို နှစ်ယွမ် လျော်ပေးလိုက်.. ဒါဆိုရင် ဒီကိစ္စ ပြီးပြီ.. "
" မရဘူး.. ငါးယွမ်မရရင် ဒီကိစ္စ မပြီးဘူး .."
" မင်း ဘာလို့ ဓားပြမတိုက်တာတုန်း.. "
ရွှီတာမော့နှင့် ရှာကျူးတို့ ထပ်မံ ငြင်းခုံကြပြန်သည် ။
" ဘာတွေ ငြင်းနေကြတာတုန်း.. ငြင်းစရာ ဘာရှိလို့တုန်း.."
ထိုစဥ် စိတ်မရှည်တော့သည့် အသံတစ်သံ ထွက်ပေါ်လာ၏ ။
လူအများက လှမ်းကြည့်လိုက်သောအခါ ယန်ကျီဝမ် ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည် ။
ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့် ...
" ဒီကိစ္စက ဖြေရှင်းရ ခက်နေလို့လား.. ရဲစခန်းကို တစ်ခါတည်း သွားတိုင်လိုက်ရင် ရပြီလေ.. ဒီကြက်က တန်ဖိုး မနည်းဘူး.. အမှုသွားဖွင့်လိုက်ရင် ခန့်မှန်းခြေ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တော့ အချုပ်ထဲ ရောက်သွားလိမ့်မယ်.. "
ထိုစကားကို ကြားလျှင် ရှာကျူး၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည် ။
တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အလွန် မုန်းတီးသွား၏ ။
ကိစ္စပြတ်တော့မည်ကို ဤယန်လောင်အာက ရုတ်တရက် ထလာပြီး ပြဿနာ ရှာနေသည် ။
တကယ်ကို မုန်းစရာကောင်းလှ၏ ။
ရွှီတာမော့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး...
' ဟုတ်တာပဲ.. '
' ငါ ရဲသွားတိုင်လို့ ရတာပဲ.. '
' သူတို့နဲ့ ဘာလို့ အချိန်ကုန်ခံပြီး စကားများနေရမှာလဲ.. '
' ရဲသာ သွားတိုင်လိုက်ရင် ငါ ရှာကျူးကို ဘယ်လောက်လျော်ခိုင်းခိုင်း ရှာကျူးက လျော်ရမှာပဲ.. '
ယန်ကျီဝမ်သာ သူ၏ အတွေးကို သိလိုက်လျှင် သေချာပေါက် ဆွံ့အသွားပေလိမ့်မည် ။ ဤကောင်က ဦးနှောက်ထဲတွင် လျော်ကြေးရရန်သာ စဥ်းစားနေ၏ ။
သူနှင့် ရှာကျူးက ရန်ဘက်များ ဖြစ်ကြရာ သူ့ကို အချုပ်ထဲ ပို့ရန် မစဥ်းစားတက်ဘူးလော ။
ယီကျုံးဟိုင် မျက်နှာပျက်သွားသည် ။
" ပေါက်ကရတွေ.. ခြံထဲက ကိစ္စကို ခြံထဲမှာပဲ ရှင်းရမယ်.. ရဲဘော်တွေကို သွားဒုက္ခပေးနေစရာ မလိုဘူး.. "
" မှန်တယ်.. "
လျှိုဟိုင်ကျုံးက ခေါင်းညိတ် ထောက်ခံလိုက်သည် ။
ဤအချက်တွင် သူနှင့် ယီကျုံးဟိုင်၏ အတွေးက တူညီနေသည် ။
တတိယဦးလေးယန်ဖူကွေ့ တစ်ယောက်သာ ရေနွေးကြမ်းကို အေးအေးလူလူ သောက်နေပြီး သူ့ကိစ္စ မဟုတ်သလို နေ နေ၏ ။
ယန်ကျီဝမ်က ပြုံးစိစိဖြင့် ....
" ဒါကို ဒုက္ခပေးတယ်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ.. ဒီခြံထဲမှာ သူခိုးပေါ်လာတာက ကိစ္စကြီးပဲ.. ဒါက ရဲစခန်းရဲ့ တာဝန်ပဲလေ.. နောက်ပြီး ရှာကျူးက အရင်ကလည်း ပြစ်မှုကျူးလွန်ဖူးတာ.. သူက ဒေါသကြောင့် လက်စားချေတာလား တမင်သက်သက် လုပ်တာလား ဘယ်သူ သိနိုင်မှာလဲ.."
" ယန်လောင်အာ မင်း...... "
ရှာကျူးက ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲလာသည် ။
အရင်တစ်ခေါက် သူ ယန်မိသားစု၏ ဘီးကို ခိုးခဲ့စဥ်က နောက်ဆုံးတွင် ဟဲယွီဆွေက ယန်ကျီဝမ်ကို သွားမတောင်းပန်ပေးခဲ့လျှင် သူ အချုပ်ထဲ ရောက်သွားလောက်ပေပြီ ။
ဤသည်က သူ၏ အရှက်ရစရာ ကိစ္စဖြစ်ပြီး ယခုလို ထုတ်ပြောခံရချိန်တွင် သူ နေရခက်သွား၏ ။
" မင်းက ဘာဖြစ်လို့တုန်း .."
ယန်ကျီဝမ်က အထင်သေးစွာ ပြောလိုက်သည် ။
" ငါ ပြောတာများ မှားသွားလို့လား.. "
ရှာကျူးက နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး အမှန်တရားကို ထုတ်ပြောချင်စိတ် ပေါက်သွားသည် ။
သို့သော် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သနားစရာကောင်းသော ချင်ဟွိုင်ရု၏ အကြည့်ကို မြင်လိုက်ရ၍ သူ ထပ်ပြီး သည်းခံလိုက်ပြန်သည် ။
" ပြောစရာ စကားမရှိတော့ဘူးမလား.. ဒါဆိုလည်း ရဲစခန်းကိုသာ ပို့လိုက်ကြတာပေါ့.. "
ရှာကျူး စကားမပြောသည်ကို မြင်လျှင် ယန်ကျီဝမ်က ရွှီတာမော့နှင့် ယန်ကျီဖန့်ကို မျက်ရိပ်ပြလိုက်သည် ။
သူတို့နှစ်ယောက် ချက်ချင်းပင် မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်ကြသည် ။
" ဟီးဟီး.."
" ဦးလေးသုံး.. ဦးလေးတာမော့.. ခဏ နေကြပါဦး.. ကြက်ကို ဦးလေးကျူး ခိုးတာ မဟုတ်ဘူး ..."
ထိုနှစ်ယောက် လက်ပါတော့မည့် အချိန်တွင် ကလေးအသံလေး တစ်သံ ထွက်ပေါ်လာ၏ ။
လူအများ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှောင်ရှီတိုး ဖြစ်နေကြောင်း တွေ့လိုက်ရသည် ။
ယန်ကျီဝမ် ၏ နဖူးတွင် အနက်ရောင် အကြောင်းသုံးကြောင်း ပေါ်လာပြီး ....
" ကောင်လေး ဘာလာရှုပ်နေတာတုန်း.. လေ့ကျင့်ခန်းတွေ လုပ်လို့ပြီးသွားပြီလား.. "
" ပြီးသွားပါပြီ.. "
ရှောင်ရှီတိုးက လေးနက်စွာ ခေါင်းညိတ်ပြသည် ။
ယွီလီက ယန်ကျီဝမ်ကို မျက်စောင်းထိုးကြည့်ကာ ...
" ရှင်က ကိုယ့်သားကိုယ် ဒီလိုပြောစရာလား.. "
ယီကျုံးဟိုင်က ဝမ်းသာသွားပြီး ပြုံး၍ ...
" အားလုံးပဲ သိကြတဲ့အတိုင်း ကလေးတွေက လိမ်မပြောတက်ဘူး.. ရှောင်ရှီတိုး မကြောက်နဲ့နော်.. အမှန်တိုင်းသာ ပြောလိုက်.. မင်းအဖေ မင်းကို မရိုက်ရဲပါဘူး ..."
ရွှီတာမော့က ရှောင်ရှီတိုးကို မကျေမနပ် ကြည့်လိုက်သည် ။
ဤကောင်လေးကို သူ အကောင်းဆုံး ဆက်ဆံပေးခဲ့သည် ။ ယခုလိုအချိန်ကျမှ ကန့်လန့်လာတိုက် နေသည် ။
လူတိုင်းက ရှောင်ရှီတိုးကို ဝိုင်းကြည့်နေကြ၏ ။
ထိုကောင်လေးကလည်း မကြောက်မရွံ့ဘဲ ...
" သား ဒီနေ့ ခြံထဲမှာ လေ့ကျင့်ခန်း လုပ်နေတုန်း ရှောင်တန် ပြန်လာပြီး ဟွိုင်ဟွားကို လာခေါ်တာ တွေ့လိုက်တယ်.. သူတို့အကို ပန့်ကန့်က ကြက်သား စားရအောင် ခေါ်ခိုင်းလိုက်တယ်လို့ ပြောတာပဲ.. "
လူတိုင်း အံ့သြမှင်သက်သွားကြသည် ။
ရှာကျူး ဆွံ့အသွား၏ ။
ချင်ဟွိုင်ရု မျက်လုံးပြူးသွားသည် ။
ရွှီတာမော့က မသိစိတ်မှ ရေရွတ်လိုက်သည် ။
" ဆိုလိုတာက ငါ့အိမ်က ကြက်ကို ရှာကျူး ခိုးတာမဟုတ်ဘဲ ပန့်ကန့်က ခိုးတာပေါ့ .."
" ပေါက်ကရတွေ.. "
ကျားကျန်းရှီက ခုန်ထွက်လာပြီး ကျယ်လောင်စွာ ဆဲဆိုတော့သည် ။
" သောက်ချီးစား ..ရွှီတာမော့ ..နင် သောက်ပေါက်က ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာတုန်း.. နင် ထပ်ပြီး လျှောက်ပြောနေရင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်.. "
ရွှီတာမော့ကို ဆဲပြီးနောက် သူမက ရှောင်ရှီတိုးကို လှမ်းကြည့်လိုက်သည် ။
" ပြီးတော့ နင် .. ခွေး..... "
ဆဲ၍ တစ်ဝက်သာ ရှိသေးချိန်တွင် ယန်ကျီဝမ်၏ မျက်နှာက ပို၍ပို၍ အေးစက်လာသည်ကို မြင်လိုက်ရသဖြင့် အရင်က ယန်ကျီဝမ် ပါးရိုက်ခဲ့သည်ကို ချက်ချင်း သတိရသွားကာ ပါးစပ်ကို အမြန်ပိတ်လိုက်ရသည် ။
ချင်ဟွိုင်ရုကလည်း သနားစရာကောင်းအောင် ဟန်ဆောင်ပြီး ရှိုက်ငင်ကာ ..
" အဟင့် ..ကျွန်မတို့အိမ်က ပန့်ကန့်က လိမ္မာတဲ့ ကလေးပါ.. သူ ဒီလိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး .."
" ဟုတ်မဟုတ်ဆိုတာ သူ့ကို ခေါ်ပြီး မေးကြည့်လိုက်ရင် သိရမှာပဲ မဟုတ်ဘူးလား.. "
ရွှီတာမော့က ယခုတော့ ပြောင်းပြန် ။ အလျင်မလိုတော့ချေ ။
" ဘာလို့ ခေါ်ရမှာတုန်း.. ငါခိုးတာပါလို့ ငါ ပြောပြီးပြီလေ .."
ရှာကျူးက သူ၏ ညီမချင် ဝမ်းနည်းနေသည်ကို မကြည့်ရက်သဖြင့် ကိစ္စအားလုံးကို သူ့ခေါင်းပေါ် ဆွဲတင်လိုက်ပြန်သည် ။
" သြော်.. ရှာကျူး မင်းက သေချာလို့လား .."
ရွှီတာမော့က ပြုံးစိစိဖြင့် ...
" မင်းက မရမက မင်းခိုးတာပါလို့ ပြောနေရင်လည်း ငါက မင်းကို ရဲစခန်းကို ပို့ပေးရုံပဲ ရှိတော့တာပေါ့.. "
" ......"
ရှာကျူး ဆွံ့အသွားသည် ။
ကိစ္စက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ ယီကျုံးဟိုင်က ဆက်ပြီး ဖုံးကွယ်ပေးထား၍ မကောင်းတော့ဟု သိလိုက်သည် ။
ယခု ခြံဝင်းကြီးက သူတစ်ဦးတည်း အာဏာပြ၍ ရသည့် နေရာမဟုတ်တော့ဘဲ သူပြောတိုင်းလည်း မဖြစ်နိုင်တော့ပေ ။
ထိုစဥ် လျှိုဟိုင်ကျုံးက စကားစပြောသည် ။ သူက ချင်ဟွိုင်ရုကို ပြောလိုက်၏ ။
" ချင်ဟွိုင်ရု.. ပန့်ကန့်တို့ကို အပြင်ခေါ်ထုတ်လာခဲ့.. ဟုတ်မဟုတ်ဆိုတာ မေးကြည့်လိုက်ရင် သိရမှာပဲ .."
လူများစွာက ဝိုင်းကြည့်နေကြသဖြင့် ချင်ဟွိုင်ရု ရွေးချယ်စရာ မရှိတော့ဘဲ ပန့်ကန့်တို့ကို ခေါ်ထုတ်ရန် ပြင်လိုက်သည် ။
" နေဦး .."
ယန်ကျီဝမ်က ဝင်ပြောလိုက်သည် ။
" သူ့ကို သွားခေါ်ခိုင်းလို့ မရဘူး.. သူက ကြိုပြီး စကားသွားညှိထားရင် ဘယ်လိုလုပ်မလဲ.. "
" အဓိပ္ပါယ် ရှိတယ် .."
ရွှီတာမော့က ချက်ချင်း ထောက်ခံလိုက်ပြီး ဆက်ပြောသည် ။
" ဒေါ်လေးဝမ်.. ဒေါ်လေးပဲ ပန့်ကန့်တို့ကို သွားခေါ်ပေးပါ.. "
ဒေါ်လေးဝမ်က ခေါင်းညိတ် သဘောတူလိုက်ပြီး ကျားမိသားစု အိမ်ဘက်သို့ သွားရန် ပြင်လိုက်သည် ။
ကျားကျန်းရှီက တံခါးဝတွင် ပိတ်ရပ်လိုက်၏ ။
" ငါ့အိမ်ထဲ ဝင်လို့ မရဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အိမ်က ပန့်ကန့် ခိုးတာ မဟုတ်ဘူး .."
" ပန့်ကန့် မဟုတ်ဘူးဆိုရင် ခင်ဗျားက ဘာလို့ ပြာယာခတ်နေရတာတုန်း.. သူခိုးက လူဟစ်နေတာလား.. "
ရွှီတာမော့က နှာခေါင်းရှုံ့၍ ....
" ကျားကျန်းရှီ ခင်ဗျား ဖယ်လိုက်စမ်း.. မဖယ်ရင် ကျုပ် ရဲသွားတိုင်လိုက်မှာနော်.. ခင်ဗျား ပန့်ကန့် အချုပ်ထဲ ရောက်သွားတာကို မမြင်ချင်ဘူး မလား .."