← Chapters

အခန်း ၂၉၅

Vol. 29 Ch. 295

အခန်း ၂၉၅

Vol. 29 Ch. 295

Chapter 295

~

အခန်း ၂၉၅ : ယန်ကျီဝမ်... " လီလီ.. ကိုယ်တို့ ကလေး နောက်တစ်ယောက်လောက် ထပ်ယူရအောင်.."

~

​" ဟင့်အင်း.. မရဘူး.. ငါ့မြေး ပန့်ကန့် ထောင်ထဲ သွားလို့ မဖြစ်ဘူး.. "

​ကျားကျန်းရှီက ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားသည် ။

​သူမ မလိုလားသော်လည်း နောက်ဆုံးတွင်တော့ လမ်းဖယ်ပေးလိုက်ရ၏ ။

​ထို့နောက် ဒေါ်လေးဝမ်က ကျားမိသားစုအိမ်ထဲသို့ ဝင်သွားပြီး ပန့်ကန့်တို့ သုံးယောက်ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည် ။

​ပန့်ကန့်က မကောင်းမှု ကျူးလွန်ထားသူဖြစ်၍ စိတ်ထဲတွင် ကြောက်ရွံ့နေခဲ့သည် ။

​ယခုလို လူအများကြီးက သူ့ကို ဝိုင်းကြည့်နေကြသောအခါ ပို၍ပင် စိုးရိမ်ထိတ်လန့်လာ၏ ။

​ထို့ကြောင့် သူက ဘာမှပင် မစဥ်းစားတော့ဘဲ ချက်ချင်း ပြောချလိုက်သည် ။

​" ကြက်ကို ကျွန်တော် ခိုးတာ မဟုတ်ဘူး.. ကျွန်တော် ကြက်မခိုးဘူး.. "

​" ....... "

​လူတိုင်း ဆွံ့အသွားကြလေသည် ။

​ချင်ဟွိုင်ရု စိုးရိမ်လွန်းသဖြင့် ချွေးစေးများပင် ပြန်လာခဲ့၏ ။

​တခြားသူများက ဘာမှပင် မမေးရသေးဘဲ သူဘာသာ ဝန်ခံလိုက်သလို ဖြစ်နေလေသည် ။

​တကယ်ကို တုံးအလွန်းလှသည် ။

​ရွှီတာမော့က အခြားကိစ္စများကို ဂရုမစိုက်ပေ ။ သူက ပြုံးစိစိဖြင့်...

​" ပန့်ကန့်.. ငါတို့က ဘာမှတောင် မမေးရသေးဘူးလေ.. ကြက်ကိစ္စ မေးမယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိနေရတာလဲ.. "

​" ကျွန်တော်.. ကျွန်တော် ခုနက အိမ်ထဲကနေ ကြားလိုက်ရလို့ပါ.. "

​ပန့်ကန့်တွင်လည်း ဉာဏ်နီဉာဏ်နက်လေးတော့ ရှိသေး၍ အကြောင်းပြချက်ကို အမြန်စဥ်းစားပြီး ပြောလိုက်သည် ။

​" သြော်.. ဟုတ်လား.. "

​ရွှီတာမော့က ဟုတ်သည် မဟုတ်သည်ကို မဝေဖန်တော့ဘဲ ရှောင်တန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး...

​" ရှောင်တန်.. မင်း အမှန်အတိုင်းပြော.. ကြက်ကို မင်းအကို ခိုးလာတာ မဟုတ်လား.. "

​" သမီး မသိဘူး.. သမီး ဘာမှ မသိဘူး.. "

​ရှောင်တန်က အတင်း ခေါင်းခါပြသည် ။

​သူမက ဟွိုင်ဟွားထက် အသက်နည်းနည်း ပိုကြီးပြီး အကြောင်းအရာ အချို့ကို နားလည်နေပြီ ။ သူမ၏ အကိုကို ဖော်ကောင်လုပ်၍ မဖြစ်ကြောင်း သူမ သိသည် ။ သို့မဟုတ်လျှင် နောင်တွင် စားစရာ ကောင်းကောင်းများ စားရတော့မည် မဟုတ်ချေ ။

​ရွှီတာမော့က ထိုသို့ကြားသော်လည်း လောမကြီးပေ ။

​သူက အိတ်ကပ်ထဲမှ သကြားလုံး အချို့ကို ထုတ်ယူလိုက်ပြီး ဟွိုင်ဟွားလေးအား မေးလိုက်သည် ။

​" ဟွိုင်ဟွားလေး.. ဦးလေး တာမော့ကို အမှန်အတိုင်း ပြောပြပါလား.. ကြက်ကို သမီးအကို ယူလာတာ မဟုတ်လား.. သမီးသာ အမှန်အတိုင်း ပြောရင် ဦးလေး တာမော့က သမီးကို သကြားလုံး ကျွေးမယ်.. "

​" တကယ်လားဟင်.. "

​ဟွိုင်ဟွားလေးက တံတွေးမြိုချလိုက်ပြီး သူမ၏ မျက်လုံးများတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည် ။

​ကျားမိသားစုတွင် ကောင်းပေ့ညွန့်ပေ့ဆိုသည့် အရာအားလုံးကို ကျားကျန်းရှီနှင့် ပန့်ကန့်တို့သာ စားရသည် ။

​သူမက ယခုနှစ်ဆိုလျှင် သုံးနှစ်ကျော်လာပြီ ဖြစ်သော်လည်း သကြားလုံး တစ်ခါမှ မစားခဲ့ဖူးချေ ။

​ထို့နောက် ဟွိုင်ဟွားလေးက ရိုးသားစွာပင် ပြောလိုက်သည် ။

​" ကြက် ဘယ်ကရောက်လာလဲဆိုတာ သမီး မသိဘူး.. သမီးသိတာက အကိုက သမီးကို ကြက်ကင် သွားစားရအောင်ဆိုပြီး ခေါ်သွားတာပဲ.. ကြက်ကင်က အရမ်းမွှေးတာပဲ.. "

​သူမ၏ အဖြေက မြန်ဆန်လွန်းလှသဖြင့် ချင်ဟွိုင်ရု ဝင်တားရန် ပြင်လိုက်ချိန်တွင် သူမက ပြော၍ ပြီးသွားလေပြီ ။

​ယခုတော့ အမှန်တရားက ပေါ်လွင်သွားပြီဖြစ်၍ ချင်ဟွိုင်ရု၏ မျက်နှာ ပြာနှမ်းသွားလေတော့သည် ။

​သို့သော်လည်း ပန့်ကန့်က သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက် ။ အဖမ်းခံလို့ မဖြစ် ။ ရာဇဝတ်မှု မှတ်တမ်း အတင်ခံလိုက်ရပါက အနာဂါတ်အား ထိခိုက်နိုင်သည် ။

​သူမက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည် ။

​ထို့နောက် ရွှီတာမော့အား ကြည့်ကာ ဒူးထောက်ချလိုက်ပြီး...

​" တာမော့.. နင့်ကို ငါ တောင်းပန်ပါတယ်.. နင် ပိုက်ဆံ ဘယ်လောက် လိုချင်လဲ ငါ အကုန် လျော်ပေးပါ့မယ်.. ဒါပေမဲ့ ပန့်ကန့်က ငယ်ပါသေးတယ်.. သူ့ကိုတော့ ရဲစခန်း မပို့ပါနဲ့..."

​ရွှီတာမော့က စကားပြောရန် ပြင်လိုက်စဥ် လိုရှောင်အဲ က မခံစားနိုင်တော့ဘဲ ဝင်ပြောလိုက်သည် ။

​" တာမော့.. ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့လား.. ကြက်တစ်ကောင်တည်းပါပဲ.. ပိုက်ဆံ အများကြီး တန်တာမှ မဟုတ်တာ.. "

​ရွှီတာမော့၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၏ ။

​ဤမိန်းမက တကယ်ကို အသုံးအဖြုန်း ကြီးလွန်းသည် ။

​' ကြက်တစ်ကောင်တည်း ဟုတ်လား..'

သူ ဂရုစိုက်နေသည်မှာ ဤကြက်တစ်ကောင်အတွက် မဟုတ်သော်လည်း လိုရှောင်အဲက ထိုသို့ ဝင်ပြောလိုက်သောအခါ သူ ပို၍ပင် ဂရုစိုက်ရတော့မည် ။

​သို့သော်လည်း သူက အခြေအနေကို အရမ်းကြီး တင်းကျပ်မနေတော့ချေ ။

​သူက တည်ငြိမ်စွာဖြင့်...

​" ချင်ဟွိုင်ရု.. ပန့်ကန့်ကို ငါ ခွင့်လွှတ်ပေးစေချင်ရင်လည်း ရတယ်.. ဒါပေမဲ့ နင် ငါ့ကို ဆယ်ယွမ် လျော်ပေးရမယ်.. "

​" ဘာ.. ရွှီတာမော့ နင်က တကယ့် ခွေးတိရိစ္ဆာန်ပဲ.. အဲ့ဒီအစား နင် ဓားပြသွားတိုက်ပါလား.. "

​ကျားကျန်းရှီက ထိုသို့ကြားသည်နှင့် ချက်ချင်းပင် ဆဲဆိုတော့သည် ။

​သူမအိမ်မှ ပိုက်ဆံများသည် သူမ၏ ပိုက်ဆံများသာဖြစ်သည် ။ ရွှီတာမော့က ပိုက်ဆံတောင်းနေခြင်းမှာ သူမ၏ အသက်ကို တောင်းနေခြင်းနှင့် အတူတူပင် ။

​ရွှီတာမော့က လောမကြီးဘဲ ပြုံးစိစိဖြင့်...

​" မလျော်ချင်လည်း ရပါတယ်.. အဲ့ဒါဆိုရင်တော့ ပန့်ကန့် အဖမ်းခံရတာကိုသာ ထိုင်ကြည့်နေလိုက်တော့.. "

​" ပါးစပ်ပိတ်ထားစမ်း ရွှီတာမော့.. မင်က လူရော ဟုတ်သေးရဲ့လား.. "

​ရှာကျူးက သည်းမခံနိုင်တော့ဘဲ ထွက်လာကာ ရွံရှာဟန်ဖြင့် ....

​" ညီမချင်က မုဆိုးမ ... သူ တစ်ယောက်တည်းနဲ့ တစ်မိသားစုလုံးကို ရှာကျွေးနေရတာလေ.. အဲ့ဒါကို မင်းက အဲ့လောက် အများကြီး တောင်းရက်တယ်ပေါ့.. "

​ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ မျက်နှာမည်းမှောင်သွား၏ ။

​သူမက မုဆိုးမဖြစ်သည်မှာ မှန်သော်လည်း လူအများကြီးရှေ့တွင် ဤသို့ ထုတ်ပြောစရာ လိုသလော ။

​ရွှီတာမော့က သူ့အား အထင်သေးစွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်...

​" မင်းက သူတို့ကို သနားနေတယ်ဆိုရင်လည်း သူ့ကိုယ်စား မင်း ပိုက်ဆံ ထုတ်ပေးလိုက်ပေါ့.. "

​ရှာကျူး ဆွံ့အသွားပြီးနောက် ချင်ဟွိုင်ရုကို ကြည့်လိုက်သည် ။

​သူချစ်ရသော အမျိုးသမီးရှေ့တွင် မျက်နှာမပျက်ချင်သဖြင့် ရှာကျူးက ခပ်တည်တည်ဖြင့်...

​" ပေးမယ်ဟေ့ ပေးမယ်.. ဆယ်ယွမ်လေးများ.. "

​ထိုသို့ပြောပြီးနောက် ရှာကျူးက သူ၏ အိတ်ကပ်ထဲတွင် အတော်ကြာအောင် စမ်းသပ်ရှာဖွေလိုက်ပြီးနောက် ပိုက်ဆံတစ်ထပ်ကို ထုတ်ယူလိုက်သည် ။ ထိုအထဲတွင် တစ်ယွမ်တန်များလည်း ပါသလို တစ်မော့၊ တစ်ဖန်တန်များလည်း ပါဝင်ကာ မနည်း ဆယ်ယွမ်ပြည့်အောင် စုလိုက်ရ၏ ။

​ရွှီတာမော့က ထိုပိုက်ဆံများကို ရွံရှာဟန်ဖြင့် လှမ်းယူကာ ရေတွက်ကြည့်ပြီးနောက် သေချာ သိမ်းဆည်းလိုက်သည် ။

​နောက်ဆုံးတွင် သူက ချင်ဟွိုင်ရုအား သတိပေးလိုက်၏ ။

​" ချင်ဟွိုင်ရု.. စကားပုံတောင် ရှိတယ်လေ.. ငယ်ငယ်က အပ်ခိုးရင် ကြီးလာရင် ရွှေခိုးတတ်တယ်တဲ့.. နင့်အိမ်က ပန့်ကန့်ကို သေချာ ဆုံးမသင့်နေပြီ.. "

​" ရှောင်အဲ.. ကိုယ်တို့ ပြန်ရအောင်.. "

​ပြောပြီးသည်နှင့် သူက လိုရှောင်အဲကို ခေါ်ကာ အိမ်သို့ ပြန်သွားသည် ။

​ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာထက်တွင် ခါးသီးမှုများ ပြည့်နှက်သွား၏ ။

​သူမက မည်သို့ မဆုံးမချင်ဘဲ နေပါမည်နည်း ။

​သို့သော်လည်း သူမက အိမ်တွင် ပြောရေးဆိုခွင့် မရှိ ။

​ပန့်ကန့်ကို ကျားကျန်းရှီက အလိုလိုက်လွန်းသဖြင့် အကျင့်ပျက်နေခြင်း ဖြစ်သည် ။

​ဥပမာအားဖြင့် ဆိုရသော် ပုံမှန်အချိန်များတွင် ပန့်ကန့်က ရှာကျူး၏ အိမ်ထဲသို့ ဝင်ကာ ပစ္စည်းများကို မကြာခဏ ယူတတ်သည် ။

​ရှာကျူးက သူမ၏ မျက်နှာကို ထောက်ထား၍သာ ဘာမှ မပြောဘဲ နေခြင်းပင် ။

​ပြဿနာ ပြီးဆုံးသွားသဖြင့် ခြံဝင်းအစည်းအဝေးကိုလည်း ရပ်နားလိုက်ပြီး လူတိုင်း ကိုယ့်အိမ်ကိုယ် ပြန်သွားကြလေသည် ။

​ယွီလီက ရှောင်ရှီတိုးကို ခေါ်ကာ အိမ်သို့ ပြန်ရောက်လာပြီးနောက် တည်ကြည်စွာဖြင့် ဆုံးမလိုက်သည် ။

​" ရှီတိုး.. နောက်ဆို ဒီလိုကိစ္စမျိုး ကြုံလာရင် ဖေဖေနဲ့ မေမေ့ကိုပဲ တိုးတိုးလေး လာပြောရမယ်.. ကိုယ့်ဘာသာ ထုတ်မပြောရဘူး.. "

​" ဘာဖြစ်လို့လဲဟင်.. "

​ရှောင်ရှီတိုးက နားမလည်ဟန်ဖြင့်..

​" မေမေတို့က သားကို ရိုးသားတဲ့ ကလေးတစ်ယောက် ဖြစ်ရမယ်လို့ အမြဲ ဆုံးမထားတာ မဟုတ်ဘူးလား.. "

​"ဖူး.. "

​ဘေးတွင် ရှိနေသော ယန်ကျီဝမ်က ရယ်သံထွက်သွားသည် ။

​ယွီလီက မျက်စောင်းတစ်ချက် ထိုးလိုက်လျှင် ယန်ကျီဝမ် ခပ်တည်တည် ပြန်ဖြစ်သွား၏ ။

​ယန်ဖူကွေ့က ရယ်ကာ...

​"ဟားဟား.. ရိုးသားတာကတော့ မမှားပါဘူး.. ဒါပေမဲ့ မင်းက အဲ့ဒီလို တိုက်ရိုက်ကြီး ထုတ်ပြောလိုက်ရင်တော့ လူတွေကို စော်ကားသလို ဖြစ်သွားတာပေါ့ကွ.. "

​" နားမလည်ပါဘူး.. "

​ရှောင်ရှီတိုးက အနည်းငယ် တွေဝေသွားပြီး ဆက်ပြောသည် ။

​" ဒါပေမဲ့ သားက လူတွေကို စော်ကားမိမှာ မကြောက်ပါဘူး.. ပန့်ကန့်က သားကို ဘယ်နိုင်ပါ့မလဲ.. "

​ယန်မိသားစုဝင် အားလုံး ..." ....... "

​ရှောင်ရှီတိုး ပြောသည်မှာလည်း အမှန်ပင် ။

​သူက အသက် ငါးနှစ်သာ ရှိသေးသော်လည်း အရပ်အမောင်းမှာ ခုနစ်နှစ်၊ ရှစ်နှစ် အရွယ် ကလေးများနှင့် တူနေပြီ ။

​ထို့အပြင် သူက သိုင်းပညာကိုလည်း လေ့ကျင့်ထားသဖြင့် ပန့်ကန့်က အသက်ဆယ့်နှစ်နှစ် ရှိနေပြီဆိုသော်လည်း ရှောင်ရှီတိုး၏ ပြိုင်ဘက် မဟုတ်ချေ ။

​ရှောင်ရှီတိုး၏ ပုံစံကို ကြည့်ပြီးနောက် ယန်ဖူကွေ့က အကူအညီမဲ့စွာဖြင့် ယန်ကျီဝမ်အား ပြောလိုက်သည် ။

​" ဒုတိယသား.. ကိုးလပိုင်းရောက်ရင် ရှောင်ရှီတိုးကို ကျောင်းပို့လိုက်ပါလား.. "

​ရလဒ်ကောင်းများ ရလာရန် မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ အသိဉာဏ်လေး ပွင့်လင်းလာမည် ဖြစ်သည် ။

​" သားလည်း ကောင်းမယ်ထင်တယ်.. "

​ယန်ကျီဝမ်က ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​ရှီတိုး လန့်သွားပြီး ခေါင်းကို အတင်းရမ်းကာ...

​" သား မသွားဘူး.. သား နေ့တိုင်း အိမ်စာတွေ မလုပ်ချင်ဘူး.. "

​သူက ဦးလေးနှင့် အဒေါ်လေးတို့ နေ့တိုင်း အိမ်စာလုပ်နေကြသည်ကို မြင်တိုင်း ခေါင်းကိုက်ချင်လာ၏ ။

​အိမ်စာလုပ်ရသည်က သိုင်းကျင့်ရသည်ထက် ပိုခက်သည်ဟု သူ ထင်သည် ။ စာအုပ်ထဲမှ စာလုံးများကို ကြည့်ရသည်မှာ နတ်စာများကို ဖတ်နေရသကဲ့သို့ပင် ။

​ယန်ကျီဝမ်က သက်ပြင်းချကာ ...

​' ဒီကောင်လေးက ငါ့နဲ့ နည်းနည်း မတူဘူး ... '

​သိုင်းကျင့်ရန်လောက်သာ သူ သိသည် ။

​ရှေးခေတ်ကာလတွင်သာ ဆိုလျှင် သူ့သားက ထိပ်သီးသိုင်းသမား တစ်ယောက် ဖြစ်လာနိုင်ပေမည် ။

​ထိုအကြောင်းကို စဥ်းစားမိပြီးနောက် ယန်ကျီဝမ်က ယွီလီအား ကြည့်ကာ လေးနက်စွာဖြင့် ....

​" လီလီ.. ကိုယ်တို့တွေ ငယ်တုန်း ကလေး နောက်တစ်ယောက်လောက် ထပ်ယူရအောင်.. "

​ယွီလီက သူ ဆိုလိုသည်ကို နားလည်လေသည် ။ ဒီစကားကို အရင်ကလည်း သူ ပြောဖူး၏ ။

​ထို့ကြောင့် သူမက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည် ။

​သို့သော်လည်း နောက်ထပ် ကလေးယူမည့် ကိစ္စနှင့် ပတ်သက်၍မူ သူမတွင် ကန့်ကွက်စရာ မရှိပေ ။

​ ယခုအချိန်တွင် သူမနှင့် ယန်ကျီဝမ်တို့၌ ရှောင်ရှီတိုး တစ်ယောက်တည်းသာ ရှိသေးသည် ။

​အရင်က သူမ ပြောဖူးသော်လည်း ယန်ကျီဝမ်က လောစရာ မလိုသေးကြောင်းသာ ပြောခဲ့၏ ။

​သို့သော်လည်း ဤစကားကို ယောက္ခမများရှေ့တွင် ပြောနေသဖြင့် သူမ မည်သို့ မျက်နှာပြရဲမည်နည်း ။

​ရန်ရွေ့ဟွားက အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ...

​" ဒုတိယသား ပြောတာ မှန်တယ်.. သမီးတို့ လင်မယား နှစ်ယောက် ကလေး နောက်ထပ် နည်းနည်းလောက် ထပ်ယူဖို့ အမြန်ကြိုးစားသင့်တယ်.. အသက်ကြီးလာရင် ကလေးမွေးရတာ မလွယ်တော့ဘူး.. "

​ယွီလီ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် ရဲရဲနီသွားလေတော့သည် ။

​ရှောင်ရှီတိုး တစ်ယောက်သာလျှင် လူကြီးများကို နားမလည်နိုင်သည့် မျက်နှာလေးဖြင့် ကြည့်နေ၏ ။

​သူတို့ ပြောနေသည်များကို သူ တစ်လုံးမှ နားမလည်ချေ ။

​ယန်ကျီဖန့်က ပြဿနာ ပိုကြီးသွားစေရန် ဆိုးသွမ်းစွာ ပြုံးလိုက်ပြီး ရှောင်ရှီတိုးအား ...

​" ရှီတိုး.. မင်းတော့ သွားပြီ.. မင်းရဲ့ ဖေဖေနဲ့ မေမေက မင်းအတွက် ညီလေး တစ်ယောက် ထပ်မွေးပေးတော့မယ်တဲ့.. နောက်ဆိုရင် မင်းက ဒီအိမ်မှာ အချစ်ခံရဆုံးသူ မဟုတ်တော့ဘူးကွ.. "

All Chapters